Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 13, 2013

၎နှစ်နီးပါး တရုတ်၌ ပြည့်တန်ဆာအဖြစ် စေခိုင်းခံခဲ့ရသူ အမျိုးသမီး မြောက်ဒဂုံ၌ အမှုဖွင့်


သတင်းဘုရင်
ရန်ကုန်တိုင်းဒေကြီးမြောက်ဒဂုံမြို့နယ် အမှတ်(၁၆)ရပ်ကွက်၊ တိုးကြောင်ကလေးဘူတာ၊ မီးရထားအင်ဂျင်နီယာလိုင်းခန်းနေ မ……..သည် ၁၃-၂-၂၀၀၉ ခုနှစ်တွင် တရုတ်ပြည်သို့ လူကုန်ကူးခံရပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လကုန်ခါနီး၌ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် (ပ)၄၃၃/၂၀၁၃ လူကုန်ကူးပုဒ်မ(၂၄)ဖြင့် မြောက်ဒဂုံရဲစခန်း၌ အမှုဖွင့်ထားသည်ဟုသိရှိရသည်။

ဖြစ်စဉ်မှာ မ……သည် (၁၃-၂-၀၉)ရက်တွင် နေအိမ်မှ ပျောက်ဆုံးသွားခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၇)ရက်နေ့က မ....နှင့် လိုင်းခန်းတစ်ခုတည်းနေမချို (ခ) မတင်ရွှေ က ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်ကြောင်းသိရသဖြင့် ရပ်ကွက် ဥက္ကဌမှ မချို (ခ) မတင်ရွှေအား မ......ကိုရှာဖွေရန် အချိန်(၃) ရက်ပေးခဲ့သည်ဟုသိရသည်။

“၂၀၀၉ခုနှစ် မတ်လ (၃)ရက်နေ့ကလိုင်းခန်းတစ်ခုတည်းနေမိချိုပြုံး (ခ) စောယုလွင်ရဲ့ နေအိမ်သို့ မူဆယ်ကအမျိုးသမီး (၂)ဦးရောက်လာတယ်။ အဲဒီအမျိုးသမီး(၂)ဦးနဲ့ လိုင်းခန်းတစ်ခုထဲနေမချို (ခ) မတင်ရွှေ ကို ရ-ယ-ကရုံးကိုခေါ်ယူစစ် ဆေးမေးမြန်ခဲ့တယ်။ မတင်ရွှေကမ......ကိုထိုအမျိုးသမီး(၂)ဦးလက်ထဲသို့ထည့် လိုက်တာမှန်ကန်တယ်၊ ဒီအမျိုးသမီး ၂ဦးကလည်း ခေါ်ဆောင်သွားတာမှန်ကန်တဲ့အတွက် ဒဂုံမြို့သစ် မြောက်ပိုင်း၊အမှတ်(၁၆)ရပ်ကွက်၊ရ-ယ-က ဥက္ကဌဦးလှကျော်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်တကွ မြန်မာ့ မီးရထားရဲစခန်းမှ ဒုရဲအုပ်စိန်ဝင်းတို့ရဲ့ရှေ့မှာပဲ ၀န်ခံမူတွေ လုပ်ခဲ့ကြပါတယ်”ဟု မ.....၏ မိခင်ဒေါ်အေးဝင်း က ပြောသည်။

အဆိုပါကိစ္စကို ရ-ယ-က ဥက္ကဋ္ဌဦးလှကျော်ကနောက်နေ့ နံနက် ၃ နာရီခန့်လောက်အချိန်တွင် ဒဂုံမြောက်ပိုင်းစခန်းသို့ လွှဲစာရေးပေးခဲ့ကြောင်းသိရှိရသည်။ လွှဲစာပို့ပြီး ရ-ယ-က ရုံးသို့ ပြန်ရောက်ချိန်တွင် ရုံး၌ ထိုအမျိုးသမီး ၃ ဦးမှာမရှိတော့ကြောင်းသိရှိရသည်။ ၂၀၀၉ခုနှစ် အောက်တိုဘာ(၂၀)ရက်နေ့ ည၁၀နာရီခန့်တွင် မချို (ခ) မတင်ရွှေ မှာနေအိမ်သို့ ပြန်လည် ရောက်ရှိခဲ့သည်ဟုသိရသည်။

“ ကျွန်မကသိသိချင်းထိုအမျိုးသမီးကိုဖမ်းဆီးပေးဖို့ ဒဂုံမြောက်ပိုင်းရဲစခန်းကိုတိုင်ကြားခဲ့တယ်၊ရဲစခန်းကလာရောက် ဖမ်းဆီးသွားတယ် ၊ ဖမ်းဆီးပြီးနောက်တစ်ရက်မှာပဲ စခန်းက ပြန်လွှတ်ပေးလိုက်တယ်၊ အောက်တိုဘာ(၂၃) ရက်နေ့ ရောက်တော့ ရဲစခန်းက ပြန်လာဖမ်းသွားတယ်၊ နိုဝင်ဘာ(၁၉)ရက်နေ့ ညနေပိုင်းလောက်မှာ ပြန်လွှတ်လိုက်ပြန်ပါတယ်”ဟု မ….၏ မိခင်ဖြစ်သူ ဒေါ်အေးဝင်းက ပြောသည်။

ထိုသို့ပြန်လွှတ်ပေးလိုက်ရခြင်းမှာ ရ-ယ-က ဥက္ကဋ္ဌကြီးဦးလှကျော်မှ ပုဒ်မ ၃၆၆ ဖြင့် ဖမ်းဆီးထားသည့်အမျိုးသမီး ၃ ဦးအား မြောက်ဒဂုံရဲဝန်ထမ်းများနှင့်ပေါင်း၍ အာမခံဖြင့် လွှတ်ပေးခြင်းဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

“ ကျွန်မကို မြို့ထဲခဏသွားမယ်ဆိုပြီးခေါ်သွားတာ၊ ကားပေါ်မှာ ကျွန်မအိပ်ပျော်သွားတယ်ထင်တယ်၊ နိုးလာတော့မှ ကျွန်မမန္တလေးကိုရောက်နေမှန်းသိတယ်၊ အဲ့ဒီကနေအဆင့်ဆင့်နဲ့ ကျွန်မကိုတရုတ်ပြည် တောဘက်ကျတဲ့နေရာကိုပို့လိုက်တယ်၊ အဲ့အိမ်မှာတရုတ်အမျိုးသား နှစ်ယောက်နေထိုင်တယ်၊ နောက်တော့ သူတို့က ကျွန်မကို ပြည့်တန်ဆာအဖြစ် အတင်းအကျပ်ခိုင်းစေခဲ့တယ်”ဟု ပြည့်တန်ဆာအဖြစ်စေခိုင်းခံ မ.... က ပြောသည်။

အဆိုပါ အမျိုးသမီး၏ဖြစ်စဉ်နှင့်ပတ်သက်၍ လိုက်ပါဆောင်ရွက်ပေးခဲ့သူတစ်ဦးကယခုကဲ့သို့ ဆိုသည်။

“ မ - - - အိမ်ပြန်ရောက်တာနဲ့ မချို (ခ) မတင်ရွှေ အိမ်သွားပြီးတော့ ကျွန်မကိုအခုလိုလုပ်ခဲ့တဲ့အတွက် နစ်နာကြေးတောင်းတယ်၊ မချို(ခ)မတင်ရွှေကတောင်းပန်ပါတယ်လို့ပြောပြီးနောက်ရက်မှာမော်လမြိုင် ဘက်ကိုထွက်ပြေးသွားတာ ဖြစ်တယ်”ဟုဒဂုံမြို့သစ်(မြောက်ပိုင်း)ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီအဖွဲ့ဝင် ဦးကျော်ထင်က ပြောသည်။

တရုတ်ပြည်၌ ၄င်းအနေဖြင့် အနှိတ်စက်ခံရမှုများနှင့်ပတ်သက်၍ လူကုန်ကူးခံအမျိုးသမီးကယခုကဲ့သို့ ဆိုသည်။

“တရုတ်ပြည်မှာလေးနှစ်နီးပါးလောက်ပြည့်တန်ဆာအဖြစ် အတင်းအကျပ်စေခိုင်းတာခံခဲ့ရတယ်။ ခိုင်းတဲ့အတိုင်းမလုပ်ရင် တရုတ်အမျိုးသားနှစ်ဦးကခြေထောက်နဲ့ကန်တယ်။ ခေါင်းကိုဆွဲပြီးနံရံနဲ့ပြေးစောင့်တယ် ကျောကုန်းကိုလည်း ၀ါယာကြိုးတွေနဲ့ ရိုက်နှက်တယ်။နေ့တိုင်းထွက်ပြေးဖို့ကြံစည်နေတာ၊ အခြေအနေကမပေးဘူး၊ တစ်နေ့တရုတ်အမျိုးသား၂ယောက်မရှိတဲ့အချိန်မှာ ကျွန်မဆံပင်တွေကိုယောက်ျားလိုညှပ်တယ်၊ ပြီးတော့ယောက်ျားလေးလို ၀တ်ဆင်တယ်၊ သင်္ဘောတွေကပ်တဲ့ဆိပ်ကမ်းနားကိုသွားပြီးအိန္ဒိယအမျိုးသားတစ်ဦးကိုအကူညီတောင်းတယ်၊ သူကကျွန်မကိုဆေးလိပ်နှစ်ဘူးနဲ့ ပိုက်ဆံအနည်းငယ် ပေးလိုက် တယ် သင်္ဘောစီးဖို့၊ အဲ့ဒါနဲ့ကျွန်မသင်္ဘောနဲ့ မန္တလေးကိုရောက်သွားတယ်၊ အဲ့ဒီမှာ ကျွန်မဟိုလူ့အကူညီတောင်းဒီလူအကူအညီတောင်းပြီး ကျွန်မနေအိမ်ကို ပြန်ရောက်လာတာပါ၊ ” ဟု မ….က ပြောသည်။

အဆိုပါ လူကုန်ကူးခံအမျိုးသမီးမှာရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့သို့ ဆက်သွယ်မှု မရှိသေးကြောင်းကိုလည်းအမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ခံက ယခုကဲ့သို့ဆိုသည်။

“ ကျွန်မတို့ဆီဆက်သွယ်တာမရှိသေးပါဘူး၊ ဆက်သွယ်လာခဲ့လို့ရှိရင် ကျွန်မတို့ကလူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကိုသူတို့တတ်တဲ့အတတ်ပညာနဲ့အလုပ်အကိုင် ရှာဖွေးပေးမယ်၊ ပြီးတော့ အတတ်ပညာတစ်ခုမှ မတတ်ဘူးဆိုရင်လည်း ကျွန်မတို့ဆီမှာ အသက်မွေးဝမ်းကျောင်းပြုနိုင်မယ့် သင်တန်းတွေဖွင့်ထားပါတယ် ” ဟုရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဇော်ဂျီ (မြစ်မခ)/မြန်မာခရိုနီကယ်

No comments:

Post a Comment