Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 3, 2013

အိမ်ထောင်စုတစ်စုကို အသေးစားချေးငွေ ကျပ်ငါးသိန်းအထိ တိုးပေးမည်




ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် ယခင်က မိသားစု တစ်စုလျှင် ကျပ်တစ်သိန်းသာ ချေးခဲ့ရာမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်ကာ အသေးစားချေးငွေ ပမာဏကို ကျပ်ငါးသိန်းအထိ တိုးမြှင့် ပေးမည် ဖြစ်ကြောင်း သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။ ရန်ကုန်မြို့တော် သုဝဏ္ဏရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) တွင် ပြုလုပ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား ဘဝမြှင့် တင်ရေး အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

“မိသားစု တစ်စုကို ကျပ်တစ်သိန်းနဲ့ ဘယ်လိုမှ မလုံလောက် နိုင်ဘူး။ မှန်မှန်ကန်ကန် အသုံးချမယ် ဆိုရင် ငါးသိန်းအထိ တိုးချေး ပေးမယ်။ အခုစပြီး အကောင်အထည် ဖော်နေပြီ” ဟု ဦးကျော်ဆန်းက ဆိုသည်။ မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ခြောက်သောင်းခန့်ရှိပြီး ကျေးရွာ တစ်ရွာလျှင် အိမ်ထောင်စု တစ်ရာနှုန်းဖြင့် တွက်ချက်ပါက အိမ်ထောင်စု တစ်စုကို ကျပ်ငါးသိန်းထိ တိုးချေး ပေးနိုင်ရန် ကျပ်ငွေ ဘီလီယံ ခြောက်ရာမှ သုံးထောင်အထိ လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းလိုအပ်သော ချေးငွေကို အသေးစား ငွေချေးဘဏ်များ ထူထောင်ပြီး အပ်ငွေများ လက်ခံခြင်း၊ နိုင်ငံတကာ အကူအညီများ (Aids,Grants) နှင့် အတိုးနည်း ကာလရှည် ချေးငွေများ ရရှိအောင် ကြိုးပမ်းခြင်း စသော နည်းလမ်းများကိုသုံးပြီးလိုအပ်သော ချေးငွေ ပြည့်မီအောင် ဆောင်ရွက်လျက် ရှိကြောင်း အခမ်းအနား တက်ရောက်လာသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

“လောလောဆယ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကနေ ချေးငွေ ဒေါ်လာ သန်းတစ်ရာ ရထားပါတယ်" ဟု ဦးကျော်ဆန်းက ဆိုသည်။ လက်တွေ့ အကောင် အထည်ဖော်ရာတွင် သမဝါယမ အသင်းများ များပြား ကျယ်ပြန့်လာပါက တိတိကျကျ စာရင်း စစ်ဆေး ထိန်းကျောင်း နိုင်ရန် စာရင်းစစ် များကိုလည်း စတင် လေ့ကျင့်နေပြီ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ပြည်သူများ အနေနှင့် အနာဂတ် ကာလတွင် မိမိဘာသာ အားကိုး ရပ်တည်နိုင်ရန် ချေးငွေကို သက်ဆိုင်ရာ လုပ်ငန်းတွင် မှန်ကန် ထိရောက်စွာ သုံးစွဲသင့်ကြောင်း သမ္မတ ဦးသိန်းစိန်က အကြံပြုသည်။

ယခင် အစိုးရ လက်ထက်တွင် သမဝါယမ လုပ်ငန်းများ မအောင်မြင် ရခြင်းမှာ စနစ်၏ အားနည်းချက်ကြောင့် မဟုတ်ဘဲ အကောင်အထည် ဖော်သူများ၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်း၊ ယင်းကြောင့် သမဝါယမ အသင်းသား များ၏ စိတ်ဓာတ် ပြုပြင်ပြောင်းလဲ ရေးအတွက် ဝန်ထမ်း ၃၅၀ ကို လေ့ကျင့် သင်တန်းပေးပြီး ဒေသအလိုက် သင်တန်းများ ပေးသွားမည်ဖြစ်ကြောင်း ဦးကျော်ဆန်းက ရှင်းလင်း ပြောကြားသည်။

“ပုဂ္ဂလိက ကဏ္ဍက တိုင်းပြည် စီးပွားရေးရဲ့ ပထမ မဏ္ဍိုင်ဖြစ်ပြီး သမဝါယမက ဒုတိယ မဏ္ဍိုင် ဖြစ်ပါတယ်။ နိုင်ငံတော်က တတိယ မဏ္ဍိုင်အနေနဲ့ ပါဝင်ဆောင်ရွက် နေပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။ မြန်မာနိုင်ငံ လူဦးရေ ၇၅ ရာခိုင်နှုန်းခန့် ရှိသော လယ်သမားများကို လုံလောက်သော ချေးငွေ ပေးနိုင်ရန် ချမှတ်ထားသော ဥပဒေ များမှာ ကောင်းမွန်ပြီး အကောင်အထည်ဖော်မှု အပိုင်းတွင် လည်း ကောင်းမွန်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မေလအတွင်း ပြည်ထောင်စု လွှတ်တော် ရုံးခွဲ၌ လယ်သမား ကာကွယ်ရေး ဥပဒေကြမ်း ဆွေးနွေးစဉ် ပြောကြားသည်။

မြန်မာနိုင်ငံတွင် လိုအပ်သော ကာလရှည် အတိုး နည်း ချေးငွေများကို နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး ချေးပေးနိုင်ရန် အမေရိကန်အစိုးရ အနေနှင့် ကြိုးစား သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဒဲရစ်မစ်ချယ်လ်က ကတိပြု ပြောကြားထားသည်။

No comments:

Post a Comment