![စင်္ကာပူတွင် မီးခိုးမြူများကြောင့် ကျန်းမာရေးသတိပေးချက် ထုတ်ပြန်](http://www.planet.com.mm/news/newsimg/June13/singapore-dust200.jpg)
ကျွမ်းကျင်သူများက လက်ရှိ မီးခိုးမြူများသည် နောက်ထပ် ရက်ပိုင်းမျှ တည်ရှိနေနိုင်ဆဲဟု မှတ်ချက်ပြုထားသည်။ စင်္ကာပူရှိ အထင်ကရ နေရာများ၊ အလှအပ မြင်ကွင်းများသည် မြူကြောင့် အဝေးမှ ရုတ်တရက် မတွေ့မြင်နိုင်ဘဲ မှုန်ဝါးနေသည်။ ထို့အပြင် သစ်သားကို မီးလောင်ထားသည့် အနံ့မျိုးကိုလည်း စင်္ကာပူတွင် သိသိသာသာ ခံစားသိရှိနိုင်ကြောင်း မြို့ခံများက ပြောကြားခဲ့သည်။ စင်္ကာပူကဲ့သို့ပင် မလေးရှား နိုင်ငံရှိ အချို့သော အစိတ်အပိုင်းများတွင်လည်း မြူဆိုင်းနေပြီး လေထု သန့်စင်မှု အခြေအနေမှာ ကျန်းမာရေးအတွက် မသင့်တော်သော သတ်မှတ်ချက်ကို ရောက်ရှိနေကြောင်း သိရသည်။
![singapore](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-frc1/p480x480/998891_10151484035259067_1961434268_n.jpg)
တနင်္လာနေ့က စင်္ကာပူ အမျိုးသား သဘာဝ ပတ်ဝန်းကျင် အေဂျင်စီက အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားရှိ တောမီးလောင်ရာ ဒေသကို ဖြတ်သန်းလာသော လေများသည် မီးခိုးများကို မြူအဖြစ် သယ်ဆောင်လာကြောင်း ကြေညာခဲ့သည်။ စင်္ကာပူ အစိုးရသည် မြူဖြစ်ထွန်းစေသည့် မီးခိုးများကို အလျင်အမြန် ဖယ်ရှားနိုင်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်ပါရန်လည်း အင်ဒိုနီးရှား အာဏာပိုင်များကို တောင်းဆို တိုက်တွန်းထားသည်။ စင်္ကာပူ သဘာဝ ပတ်ဝန်းကျင် ဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘယ်လက်ရစ်ရှ်နန်က စိုက်ပျိုးရေးနှင့် အခြားသော လုပ်ငန်းများအတွက် သစ်တောမြေ ရှင်းလင်းရာတွင် အင်ဒိုနီးရှား၌ မီးတင်ရှို့ လောင်တိုက်သွင်းသော စနစ်ကို ကျင့်သုံးနေခြင်းအား ဝေဖန်ခဲ့သည်။
အင်ဒိုနီးရှား သစ်တောရေးရာ ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးဖြစ်သူ ဟေဒီ ဒါရိုင်ယန်တိုကမူ အဆိုပါ စနစ်ကို မိမိတို့ နိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသော စင်္ကာပူနှင့် မလေးရှား လုပ်ငန်းရှင်များလည်း ကျင့်သုံးကြောင်း တုံ့ပြန်ခဲ့သည်။ "သစ်တောတွေကို မီးရှို့ပြီး ရှင်းလင်းတဲ့ စနစ်က မြေနေရာ ရှင်းလင်းမှုအတွက် အလွယ်ဆုံးနဲ့ ဈေးအသက်သာဆုံး နည်းလမ်းပဲလေ။ ဒါကို ဒေသခံ တောင်သူလယ်သမားတွေချည်း သုံးစွဲနေတာ မဟုတ်ပါဘူး။ စင်္ကာပူနဲ့ မလေးရှားက ရေနံကုမ္ပဏီတွေလည်း အသုံးပြုနေတာပါပဲ"ဟု ဒါရိုင်ယန်တိုက ပြောကြားသွားသည်။ အင်ဒိုနီးရှား အစိုးရကမူ မိမိတို့သည် မီးသတ်ဝန်ထမ်းများကို ဖြန့်ကျက်ကာ တောမီးကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြောင်း ကြေညာထားသည်။
Source: BBC
No comments:
Post a Comment