Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 29, 2013

ဒီမိုကရေစီ အင်အားစုများနှင့် တရုတ်၏ အိမ်ဦးကြမ်းပြင်ဆက်ဆံရေး



မေလ ဒုတိယ အပတ်၏ နေ့တစ်နေ့တွင် ရန်ကုန်မြို့တောင်ဥက္ကလာပရှိ ၈၈ မျိုးဆက် ကျောင်းသား များ၏ ရုံးခန်းသည် နိုင်ငံခြားသား ဧည့်သည် များဖြင့် စည်ကား နေသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်း တက်ကြွ လှုပ်ရှားသည့် တက္ကသိုလ် ကျောင်းသားများဖြစ်ပြီး လက်ရှိအချိန်တွင် လူထုထောက်ခံမှု ရရှိထားသော ၈၈ မျိုးဆက် ကျောင်းသားများ စုစည်းတည်ထောင် ထားရာ အဆိုပါ ရုံးခန်းကို မေ ၁၃ ရက်နေ့လယ် ၁ နာရီခွဲခန့်တွင် အမေရိကန် ပြည်ထောင်စု သံရုံးမှ သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်နှင့် အဖွဲ့ရောက်ရှိ လာပြီး လက်ရှိ နိုင်ငံရေး အခြေအနေများကို ၈၈ မျိုးဆက် ကျောင်းသား များနှင့် ဆွေးနွေးကြသည်။

မစ္စတာ ဒဲရစ်မစ်ချယ် ၈၈ ရုံးမှ ပြန်သွားပြီး မိနစ် အနည်းငယ် အကြာ နေ့လယ် ၂ နာရီခွဲတွင် တရုတ်ပြည်သူ သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး မစ္စတာ Yang Houlan နှင့် အဖွဲ့သည်လည်း ၈၈ မျိုးဆက် တို့၏ ရုံးခန်းဆီသို့ ရောက်ချ လာခဲ့သည်။ တရုတ်တို့သည် ယခင် အစိုးရ အဆက်ဆက်တွင် မြန်မာ့ ဒီမိုကရေစီ အင်အား စုများနှင့် ထိတွေ့ဆက်ဆံခဲ့လေ့ မရှိပေ။ သို့သော် ယခု အချိန်တွင် ၎င်းတို့၏ မူဝါဒကို ပြောင်းလိုက်ပြီ ဖြစ်သည်။

ဒီမိုကရေစီ အင်အားစုများနှင့် မဟာမိတ်ဖွဲ့ရန်အတွက် တရုတ်တို့လည်း ထက်ကြပ်မကွာ လိုက်လာပြီ ဖြစ်သည်။ ဒီမိုကရေစီ အင်အားစုများနှင့် ဆက်ဆံရာတွင် တရုတ်တို့မူ ၀ါဒမှာ ပျော့ပျောင်း ညင်သာလာ ပြီဖြစ်သည်။ “အဖြေသုညပဲ ထွက်တဲ့ စစ်အေးခေတ်က စိတ်ဓာတ်မျိုးဟာ ကြာမြင့်ခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေး အတွက် အသုံးမ၀င်တော့ဘူး” ဟု ရန်ကုန်မြို့ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာဂေါင်းက ပြောသည်။ မြန်မာနိုင်ငံနှင့် ဘက်ပေါင်းစုံ ပူးပေါင်း ဆောင်ရွက် သွားမည်ဟု တရုတ်သံရုံးက ဆိုသည်။ နယ်ပယ် ပေါင်းစုံမှ သြဇာရှိသည့် သူများနှင့်လည်း ထိတွေ့ဆက်ဆံရေးမူကိုလည်း ကျင့်သုံးမည်ဟုလည်း ၎င်းကဆိုသည်။

“အတိတ်က တရုတ်က စစ်အစိုးရကို ထောက်ခံခဲ့ပြီး ကျွန်တော်တို့ ပြည်သူတွေရဲ့ သဘောထားကို လျစ်လျူရှုခဲ့တာတွေရှိတယ်။ အခုအပြောင်းအလဲမှာ ကျွန်တော်တို့ပြည်သူတွေ့ရဲ့ အခြေအနေတွေကို သိအောင်လုပ်တဲ့ သူတို့မူဝါဒ သဘောထားပြောင်းလဲ လာတယ်လို့ ထင်တယ်။ ဒါကရှင်းပါတယ်။ မြန်မာပြည်သူတွေရဲ့ သဘောထားတွေကို လျစ်လျူရှုလို့မရဘူးဆိုတာ သူတို့သိလာတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမြအေးကပြောသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု များကြောင့် နိုင်ငံတွင် ပိုမိုအရေး ပါသည့် ဒီမိုကရေစီအင်အား စုများနှင့် ထိတွေ့ဆက်ဆံရေးကို တရုတ်တို ဘက်မှ အင်တိုက်အားတိုက် ပြုလုပ်လာကြောင်း မြန်မာ့ဒီမိုကရေစီအင်အားစုများကပြောသည်။ “စစ်အစိုးရလက်ထက်မှာရော အစိုးရအဆက်ဆက်လက်ထက်မှာရော အစိုးရချင်းဆက်ဆံရေးပဲပေါ့။ သူတို့(တရုတ်) ကျင့်သုံးတဲ့ မူကအဲဒါပဲလေ။ အခုကျတော့ ပြည်သူဗဟိုပြုတဲ့ ဒီမိုကရေစီခေတ်ကို တကယ်တမ်းပြောင်းတော့မယ်ဆိုတော့ သူတို့နိုင်ငံတကာဆက်ဆံရေးမှာလည်း မြန်မာနိုင်ငံအပေါ်ပြောင်းလဲဆက်ဆံရမယ်ဆိုတာ သိမြင်လာတာပေါ့” ဟု NDF ခေါင်းဆောင်ဦးခင်မောင်ဆွေက မြန်မာ ဒီမိုကရေစီ အင်အားစုများ အပေါ်ပြောင်းလဲ လာသည့် တရုတ်၏ သဘောထားကို ဧပြီလအတွင်း 7Day နှင့် တွေ့ဆုံမေးမြန်းချိန်ကပြောကြားထားသည်။

မြန်မာ၏နိုင်ငံရေးပြုပြင် ပြောင်းလဲမှုကို အမေရိကန်ပြည်ထောင်စုနှင့် အနောက်ကမ္ဘာတို့က လက်ကမ်းကြိုနေချိန်တွင် မြန်မာနိုင်ငံတွင် တရုတ်တို့၏ အရေးပါမှုမှာ လျော့ကျလာဖွယ်ရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူများ သုံးသပ်နေကြချိန်ဖြစ်သည်။ တရုတ်တို့က အဆိုပါအချက်ကို သတိထားကိုင်တွယ်လာပြီး မြန်မာနိုင်ငံတွင် ၎င်း၏အရေးပါဆဲ အခန်းကဏ္ဍကို မပျောက်ပျက်ရန် ခြေလှမ်းကျဲကျဲဖြင့် လှုပ်ရှားနေကြောင်း မြန်မာ့နိုင်ငံရေးသမားများကပြောသည်။ ဘေဂျင်းသည် ပြုပြင်ပြောင်းလဲရေးများကို မြန်မြန်ဆန်ဆန်လုပ်ခဲ့သည်။

မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဆက်ဆံရေးတွင် သဘောထား တင်းမာသည်ဟု ဝေဖန်ခံခဲ့ရသော သံအမတ်ဟောင်း ကိုပြန်ခေါ်သည်။ ယခင်က သံအမတ်ဟောင်းကို မြန်မာနိုင်ငံ အပေါ် တရုတ်မူဝါဒရေးရာနှင့် ပတ်သက်လျှင် သဘောထား တင်းမာသူအဖြစ် ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်စဉ် အမည်ဆိုးဖြင့် ကျော်ကြားသည်ဟု ဆိုကြသည်။ ၎င်း၏နေရာတွင် အစားဝင် လာခဲ့သော သံအမတ်သစ် မစ္စတာ Yang Houla မှာ သဘောထားပျော့ပျောင်းပြီး အေးအေးဆေးဆေး ရှိသည်ဟု သံတမန် အသိုင်းအ၀န်းက ဆိုသည်။

သံအမတ် သစ်သည် မြန်မာ့ဒီမိုကရေစီ၏ ပြယုဂ်တစ်ခု အဖြစ် နိုင်ငံတကာက လက်ခံထားသော ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ အရောက်သွားကာ နိုဗယ်ဆုရှင်ကို တွေ့ဆုံသည်။ ထိုမျှမကသေး။ ၂၀၀၈ ခုနှစ်ရွေးကောက်ပွဲဝင် ဒီမိုကရေစီအင်အားစုများဖြစ်သော အမျိုးသားဒီမိုကရေစီအင်အားစု (NDF) အပါအ၀င် တိုင်းရင်းသားပါတီများနှင့်လည်း မကြာခဏတွေ့ဆုံခဲ့သည်။ မြန်မာ့ဒီမိုကရေစီအင်အားစုများကို ထိတွေ့ဆက်ဆံရာတွင် မြန်မာ့မြေပေါ်မှာသာမက ၎င်းတို့ နိုင်ငံသို့ခေါ်ယူကာ နှစ်ဖက်အကြားဆွေးနွေးမှုများ တရုတ်တို့ဘက်က သိသိသာသာပိုလာခဲ့သည်။ တစ်ပါတီအာဏာစနစ်သာ ကြီးစိုးရာ၊ ဒီမိုကရေစီလှုပ်ရှားမှုများကို ထိန်းချုပ်ကန့်သတ်ထားရာ တရုတ်နိုင်ငံဆီသို့ မြန်မာဒီမိုကရေစီအင်အားစုများကိုခေါ်ယူကာ လေ့လာရေးခရီးများ၊ တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံပွဲများကိုလည်း အကြိမ်ကြိမ်ပြုလုပ်လာခဲ့သည်။

အဆိုပါ တွေ့ဆုံမှုများကို တရုတ်နိုင်ငံတွင် သုံးစွဲရန် ပိတ်ပင်ထားသော Facebook ကဲ့သို့သော လူမှုကွန်ရက်များတွင်တင်ကာ ရန်ကုန်အခြေစိုက်တရုတ်သံရုံးက မြန်မာပြည်သူများထံချပြလာသည်။ ရန်ကုန်အခြေစိုက် တရုတ်သံရုံး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မြန်မာ့ဒီမိုကရေစီ အင်အားစုများက နေရာယူလာကြသည်။ ပြုံးရယ်နေသည့် ၈၈ မျိုးဆက်ကျောင်းသားများနှင့် တရုတ်သံအမတ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သံအမတ်၊ NLD ခေါင်းဆောင်များနှင့် တရုတ်သံအမတ်၊ NDF ခေါင်းဆောင်များနှင့် တရုတ်သံအမတ်စသည့် မြန်မာ့အတိုက်အခံအင်အားစုများနှင့် တရုတ်သံအမတ်တို့၏ ပုံများသည် တရုတ်သံရုံး၏ Facebook စာမျက်နှာပေါ်တွင် ပြုံးပြုံးကြီး ပေါ်လာပြန်သည်။

တရုတ်တို့ဘက်မှ မြန်မာ့ဒီမိုကရေစီအင်အားစုများ၊ မြန်မာပြည်သူများနှင့် အပြုသဘောဆောင်သည့် ဆက်ဆံရေးကောင်းအောင် ကြိုးစားနေသော်လည်း မြန်မာပြည်သူတို့၏ အမြင်တွင် တရုတ်သည် ၎င်းတို့အတွက် မနှစ်မြို့စရာ အိမ်နီးချင်းအဖြစ် မြင်နေသေးသည်မှာ အထင်အရှားပင်ဖြစ်သည်။ ဓာတ်ပုံအမှန်မဖော်ပြထားဘဲ ကျော်စွာဟုအမည်ပေးထားသော Facebook သုံးစွဲသူတစ်ဦးက တရုတ်နိုင်ငံ၏ မြန်မာပြည်တွင်းရင်းနှီးမြှုပ်နှံသော သတင်းတစ်ခု၏ အောက်တွင် “ကိုယ့်ကို နှိပ်စက်ခဲ့တဲ့ အစိုးရကို ထောက်ခံသူကို ဘယ်သူမှမေ့မှာ မဟုတ်ဘူး”ဟု တရုတ်အပေါ် ၎င်း၏ တေးမှတ်ထားသည့် သဘောထားမှတ်ချက်ပေးထားသည်။ မြန်မာသည် အခြားအိမ်နီးချင်းနိုင်ငံများထက် တရုတ်နှင့် နက်ရှိုင်းသော နှစ်နိုင်ငံဆက်ဆံရေးရရှိခဲ့သည်။ ရှိနေဆဲလည်းဖြစ်သည်။

တရုတ်သည် မြန်မာအတွက် အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် နှစ်စဉ်အမေရိကန်ဒေါ်လာသန်း ၅၀၀၀ ၀န်းကျင်ရှိသည်။ ပြီးခဲ့သည့် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် နှစ်နိုင်ငံအကြားကုန်သွယ်မှုမှာ ကန်ဒေါ်လာ သန်းပေါင်း ၅၀၅၂ ဒသမ ၃၂ ရှိခဲ့ကြောင်း မြန်မာဘက်က ထုတ်ပြန်ခဲ့သည်။ ယင်းပမာဏသည် မြန်မာနိုင်ငံ၏ နိုင်ငံတကာနှင့် ကုန်သွယ်မှုစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်း ခန့်ဖြစ်ပြီအမေရိကန်နှင့် မြန်မာအကြားကုန်သွယ်မှု၏ ၁၇ ဆခန့်ဖြစ်သည်။

သို့သော်လည်း မြန်မာပြည်သူအများစုသည် အရည်အသွေး မပြည့်ဝသော တရုတ်ထုတ်ကုန်များအပေါ် စိတ်ကုန်နေကြပြီး တရုတ်ဆီသို့ ဈေးသက်သက်သာသာဖြင့် တင်ပို့နေရသော ၎င်းတို့ နိုင်ငံ၏ သယံဇာတများအပေါ်တွင်လည်းနှမြောတသဖြစ်လျက် ရှိသည်။ မိုးမျှော်တိုက်ကြီးများ၊ ခေတ်မှီလမ်းတံတားများရှိရာ တရုတ်နိုင်ငံဆီသို့ မြန်မာ့ဒီမိုကရေစီအင် အားစုများ၊ နိုင်ငံရေးပါတီများကို ဖိတ်ခေါ်ဆွေးနွေးရာတွင်လည်း မြန်မာနိုင်ငံရေးအင်အားစုများက အမြဲလို တရုတ်ထံတောင်းဆိုသည့် အချက်ထဲတွင် အရည်အသွေးမမီသည့် တရုတ်ထုတ်ကုန် များကို စိစစ်ရေးသည်လည်း အ ပါအ၀င်ဖြစ်သည်။

နိုင်ငံရေးပါတီများ၊ ကွန်မြူနစ်တိုင်းပြည်ထဲရောက်လျှင် မဖြစ်မနေပြောဆိုသည့်အချက်မှာ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီး မြှုပ်နှံသည့် တရုတ်စီမံကိန်းများ အကြောင်းလည်း အပါအ၀င်ဖြစ်သည်။ တရုတ်သည် မြန်မာတွင် အဓိကရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသောနိုင်ငံဖြစ်သည်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများမှ တိုင်းပြည်တိုးတက်ရေးကို အထောက်အကူပြုမည်ဟု နိုင်ငံရေးသမားများနှင့် မြန်မာပြည်သူများက မကြာခဏထုတ်ဖော်ပြောနေသော်လည်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကို သဘောမတူကြ။ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများမှာ စစ်အစိုးရအရာရှိကြီးများနှင့် ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေးသမားများသာ အကျိုးအမြတ်ရနေပြီး ကျန်ပြည်သူအများစုမှာ စိုက်ပျိုးမြေများ သိမ်းဆည်းခံရခြင်းအပါအ၀င် လူ့အခွင့်အရေးများ ချိုးဖောက်ခံရသည်ဟု ဆိုကာဝေဖန်ခံနေရသည်။

“တရုတ်ကုမ္ပဏီတွေအနေနဲ့ အစိုးရနဲ့ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေက ပွင့်လင်းမြင်သာမှုမရှိဘူး။ နစ်နာတဲ့ပြည်သူတွေကိုလည်း ထိုက်တန်တဲ့ လျော်ကြေးတွေပေးတာမရှိခဲ့ဘူး။ အရင်တုန်းက စစ်အစိုးရနဲ့နားလည်မှုယူပြီး တစ်ဖက်သတ်ချုပ်ခဲ့တဲ့ စာချုပ်တွေကို ပြင်ဖို့လိုတယ်” ဟု တရုတ်စီမံကိန်းများအပေါ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦအေးသာအောင်က ဝေဖန်သည်။ မြန်မာပြည်သူများ၏ တရုတ်စီမံကိန်းများအပေါ် အထင်ရှားဆုံးဆန့်ကျင်မှုနှစ်ခုမှာ မြစ်ဆုံစီမံကိန်းနှင့် လက်ပံတောင်းတောင် စီမံကိန်းတို့ပင်ဖြစ်သည်။ ပြည်သူများ၏ ကန့်ကွက်မှုကြောင့် ရင်းနှီးမြှုပ်နှံငွေခန့်မှန်း အမေရိကန်ဒေါ်လာ သန်း ၃၆၀၀၀ ခန့်ရှိသည့် မြစ်ဆုံစီမံကိန်းကို သမ္မတက ခေတ္တဆိုင်းငံ့ထားခဲ့ရသည်။

အလားတူ မြန်မာနိုင်ငံအလယ်ပိုင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သည်လည်း ကန့်ကွက်ခံရကာ NLD ဒေါ်အောင်ဆန်းစုကြည် ကြားဝင်မှုကြောင့်သာ ရပ်ဆိုင်းရမည့် အရေးမှ လက်မတင်လေး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအင်အားစုများကို တရုတ်တို့ဘက်မှ ထိတွေ့ဆက်ဆံရာတွင် ၎င်းတို့စီမံကိန်းများကို လူထုကလက်ခံလာအောင် ကူညီရန်အကူအညီတောင်းလေ့ရှိကြောင်း နိုင်ငံရေးအင်အားစုများက ပြောသည်။ ရပ်ဆိုင်းခံထားရသော မြစ်ဆုံစီမံကိန်းကို ပြန်စလိုကြောင်းလည်း နိုင်ငံရေးပါတီများနှင့်တွေ့ဆုံတိုင်း တရုတ်ဘက်က စကားစသည်။ တရုတ်စီမံကိန်းများကို လက်ခံပေးရန် စည်းရုံးနေသည့်ကြားမှ တရုတ်အတွက်လွန်စွာအရေးပါသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှစ်ခုမြန်မာနိုင်ငံမှ ဖြတ်သန်းသွယ်တန်းထားသည့် စီမံကိန်းသည်လည်း ဒေသခံများ၏ ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။

ထို့အပြင် တရုတ်နယ်စပ်တစ်လျှောက်တပ်စွဲထားသော မြန်မာတိုင်းရင်းသားလက်နက်ကိုင်များအရေးကလည်း နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ထိလွယ်ရှလွယ်ပြဿနာများဖြစ်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည်လည်း အဆိုပါလက်နက် ကိုင်များ၏ နယ်မြေအချို့ကို ဖြတ်သန်းသွားပြီး ယင်းပိုက်လိုင်းကြောင့် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ပစ်ခတ်မှုအချို့ဖြစ်ခဲ့သည်ဟု စွပ်စွဲမှုများလည်း ထွက်ပေါ်ခဲ့သည်။

မြန်မာပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များ အရေးသည် နယ်စပ်တည်ငြိမ်ရေးအတွက် တရုတ်၏ အဓိက ပူပန်မှုဖြစ်ကြောင်း တရုတ် သံရုံးပြောရေးဆိုခွင့်ရှိသူကဆိုသည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် အတူတရုတ်တို့ကိုသာ မှီခိုအားထားခဲ့ရသော မြန်မာသည် တရုတ်လောင်းရိပ်အောက်က ထိုးထွက်သွားရန် ပြင်ဆင်နေကြောင်း နိုင်ငံရေးအကဲခတ်များကပြောသည်။ ထိုအခွင့်အခါသည် အရှေ့တောင်အာရှတွင် မဟာမိတ်သစ်ရှာနေသော အမေရိကန်အတွက် အခွင့်အလမ်းတစ်ခုအဖြစ် မိမိရရ အသုံးပြုနေကြောင်း ၎င်းတို့က ပြောသည်။

ပြီးခဲ့သည့်နှစ်က မြန်မာ့ဒီမိုကရေစီအရေး အစဉ်အဆက်အားပေးခဲ့သော အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ နာရီ ပိုင်းမျှလာသောခရီးတွင် တစ်စုံတစ်ယောက်၏ ပယောဂမပါဘဲ မြန်မာပြည်သူများက ရန်ကုန်လမ်းမများပေါ် အိုဘားမားကိုထွက်ကြိုကြသည်။ တရုတ်သမ္မတသစ် ရှီကျင်းပင်တစ်ယောက်မြန်မာပြည်ကို အလည်ရောက်လျှင် အိုဘားမား အလည်လာသလို မြန်မာပြည်သူများ ထွက်ကြိုမည်လားဆိုတာကမူ ၎င်း၏မြန်မာအပေါ်ထားရှိသည့် မူဝါဒများအပေါ်သာ မူတည်နေလိမ့်မယ်ဖြစ်သည်။

မြန်မာနိုင်ငံအကြောင်း သတင်းရေးသားရာတွင် ထင်ရှားသည့် ဆွီဒင်သတင်းစာဆရာ ဘာတေးလင့်တနာကတော့ မြန်မာသည် အင်အားကြီးသည့် နှစ်နိုင်ငံ၏ အားပြိုင်မှုအကြား ဆွဲသွင်းခံထားရပြီး နှစ်ဖက်စလုံး၏ လွှမ်းမိုးမှုခံရကာ ကိုင်ရတွယ်ရမလွယ်သည့် အခြေအနေတွင် ရောက်နေကြောင်း ၎င်း၏ဆောင်းပါးတစ်ပုဒ်တွင် သုံးသပ်ထားခဲ့သည်။ ပထ၀ီနိုင်ငံရေးအရ မဟာဗျူဟာကျလှသော တည်နေရာတွင်ရှိသည့် မြန်မာတို့အတွက် ဆယ်စုနှစ်နှင့်ချီ၍ ခေတ်နောက်ကျခဲ့သည်ကို ချန်ထားပြီး နိုင်ငံသစ်တည်ထောင်နိုင်ရန်အတွက် စူပါပါဝါများအကြား စမတ်ကျကျကစားတတ်ရန်လိုကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

ထွန်းခိုင်၊ ရန်မျိုးနိုင်

No comments:

Post a Comment