Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 3, 2013

အမှောင်ခန်းထဲမှာ ကဗျာရွတ်နေတဲ့ရာဘာပင်


အဖွင့်တေးဆိုငှက်ကလေးတွေ
GSM ဖုန်းမပြောတတ်ကြဘူး
စည်းချက်လိုက်ကခုန်နေတဲ့ အကိုင်းအခက်ကလည်း
ကားတွေ မော်ဒယ်ဘယ်လောက်မြင့်မြင့် ရင်မခုန်ဘူး
ဒီတော့ ပထမဆုံးအခင်းအကျင်းက
ပြဇာတ်ဆန်ဆန် မြူးကြွလှပနေမယ်။

ကြွေခွက်ဖြူဖြူရဲ့ ရေနွေးဆူဆူထဲ
ကော်ဖီမှုန့်တွေ အနည်ထိုင်ပျော်ဝင်သွားသလို
အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေ၊ အိပ်မက်တွေ
တစ်စတစ်စ တိုးတိတ်ငြိမ်သက်သွားတယ်
ပတ်သက်ခဲ့သမျှ ထိရှမှုတွေကတော့
မီးတောင်ရဲ့နှလုံးသားထဲက ချော်ရည်တွေလို
အနက်ရှိုင်းဆုံးတစ်ထောင့်မှာ ရုန်းကြွလောင်မြိုက်နေဆဲ။

အစမ်းဆိုးခဲ့တဲ့ လက်သည်းဆိုးဆေးတစ်ဗူးအကြောင်း
သူမက ခေါင်းထဲကြာကြာထည့်မထားတတ်ဘူး
ကိုယ်က ရာဘာတစ်ပင်
တစ်ချက်လေး ခပ်နက်နက် လှီးဖြတ်ခံရရုံနဲ့
(အဲဒီအချိန်မှာ အော်သံတစ်ချက် မကြားရပေမယ့်)
တစ်သက်တာလုံး တစိမ့်စိမ့် ငိုကြွေးမဆုံးရှိတော့မယ်။       

အခန်းကျဉ်းထဲ အလွမ်းတွေပဲ တဟုန်းဟုန်းမှောင်မိုက်လို့
အနည်ထိုင်သွားတဲ့နေ့တွေရဲ့
အလင်းနဲ့လေညင်းမှာ ဘာတွေကိုရှာဖွေရဦးမလဲ
အဲဒီပြတင်းကိုလည်း မလှပ်ပါရစေနဲ့တော့
အပြင်ဘက်မှာ ကိုယ့်ရဲ့နံနက်ခင်းဟာ သေဆုံးနှင့်ပြီမို့…….။              ။

Myanmar People Magazine, November 2008မှာ ဖော်ပြခဲ့တဲ့ကဗျာဟောင်းလေးတစ်ပုဒ်ပါပဲ

No comments:

Post a Comment