Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 9, 2012

မာမီနိုင်

by Mar Ga Luelinon Saturday, 8 December 2012 at 09:23 ·" ဟဲ့  ဘယ်က ပြန်လာတာလဲ ၊ လဖက်ရည်ဆိုင်က ပြန်လာတာလား ၊ ထိုင် ထိုင်  ဆိုင်ဖွင့်လိုက်ဦးမယ် ၊ အခုတလော အလုပ်မကောင်းပါဘူးဟယ် ၊ သိတယ် မဟုတ်လား ဒီမှာက အခြောက်မ တွေပေါလာပြီလေ။အလှပြင်ဆိုင်တွေလဲ မှိုလိုပေါက်လာပြီ ၊ အမလေး အရင်ကလား ၊ အရင်တုန်းက ဒီမြို့လေးမှာ အလှပြင်ဆိုင်လို့တောင် သတ်သတ်မှတ်မှတ်မရှိပါဘူး ၊ အခုမှ အခုမှ ။ ဒီကို ဘယ်လိုရောက်လာလဲ ဟုတ်လား ၊မာမီနိုင်က ဒီမြို့ခံမဟုတ်ဘူးလေ ၊ မြောက်ဦးဘက်ကလာတာ ၊အင်း ဟုတ်တယ် ဟုတ်တယ် ၊ ရှေးဟောင်းမြို့တော် မြောက်ဦးလေ ၊ အမ်မလေး ဘုရားစေတီဆိုတာ ပေါမှပေါ ။ မဟုတ်ဘူး မဟုတ်ဘူး အဲ့တုန်းကမိန်းမလျှာမဟုတ်ဘူး ၊ မိန်းမရှိတယ် ၊ မိန်းမရှိယုံတင်မကဘူး ၊ ကလေးနှစ်ယောက်တောင် ရှိတယ် ၊နှစ်ယောက်စလုံးက ယောင်္ကျားလေးတွေ ၊ မနှစ်က ၁ ပါတ်လောက် ဆိုင်ပိတ်ထားတာလေ ၊ အဲ့ဒါမြောက်ဦးကိုပြန်တာ ။ သားနှစ်ယောက်ကို ရှင်ပြုပေးခဲ့သေး တယ်၊ ပြီးတော့ မိန်းမကို အိမ်ဝယ်ပေးခဲ့တယ်လေ ။ ဒီပုံစံ နဲ့ ပြန်လို့ ရမလား မိန်းမက သတ်မှာပေါ့ ၊ သူတို့မသိဘူးလေ ။ရန်ကုန်မှာ အလုပ်လုပ်နေတယ်လို့ ပြောထားတာ ၊ ဘယ်ရိပ်မိပါ့မလဲ ၊ မာမီနိုင်က မိန်းမလျှာ အစစ်မှ မဟုတ်တာ ၊ နင်တောင် ငါပြောမှ သိတာပဲ မဟုတ်လား ။အခုလဲ ဒီတစ်မြို့လုံးက ငါ့ကို မိန်းမလျှာ လို့ပဲထင်နေကြတာလေ ၊ ဟင်ဟင်း၊ ဘာကြောင့်ဒီလိုဖြစ်သွားရတာလဲ ဟုတ်လား ၊ ဇတ်လမ်းက ဒီလိုဟေ့ ။ မြောက်ဦးမှာတုန်းက ဈေးမှာ ကုန်ထမ်းတယ်လေ ၊ကူလီပေါ့ဟယ် ၊ အရမ်းပင်ပန်းတယ် ၊ သိပ်လဲ အဆင်မပြေဘူး ။ ဒါနဲ့ ရန်ကုန်မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ကခေါ်တယ်ဆိုပြီး မြောက်ဦးကထွက်လာတာ ၊ မဟုတ်ဘူး ရန်ကုန်မှာ ဘယ်သူမှ မရှိဘူး လိမ်လာတာ ၊ မလိမ်ရင်လဲ မိန်းမက လွတ်မှာမဟုတ်ဘူး ၊ သူက ငါ့ ကို သိပ်ချစ်တာ ။ ဒါနဲ့ ထွက်သာထွက်လာခဲ့ရတာ ၊ဘယ်ကို

သွားရမှန်းလဲ မသိ ။ သင်္ဘောက ဒီမြို့ကို တထောက်နားတော့ ၊ စိတ်ညစ်ညစ် နဲ့ အရက်ဆင်းသောက်တာ ၊အဲ့ဒီတုန်းက မာမီနိုင်က လူမိုက်ပုံစံ ပေါက်နေတာလေ ၊ဒီ့ထက်တောင် ဗလ ကောင်းသေးတယ် ၊ဆံပင်ရှည်ကိုနောက်ပြန်စည်းပြီး ၊မျက်နှာမှာ ပသိုင်းမွေ မုတ်ဆိတ်မွေးတွေနဲ့ ။ မိန်းမလျှာလုပ်ဖို့ဆိုတာ အိမ်မက်တောင် မမက်ဖူးဘူး ၊ ဒါနဲ့ဘယ်ရောက်သွားပြီလဲ ၊ အင်းအင်း သဘောင်္ာပေါ်က ဆင်းပြီးအရက်ဆင်းသောက်တာ ၊ဘေးက အရက်ဝိုင်းက အပေအတေ တွေနဲ့ ငြိကြပါလေရော ၊ ဒီကောင်တွေ က အရင်ပြသနာရှာတာပါ ၊ ရှောင်ပါသေးတယ်မရဘူး ၊ ဒီကောင်တွေက ငါ့ကိုလူမိုက်ရုပ်ပေါက်တယ်ဆိုပြီး ဖြိုချင်နေကြတာလေ ၊ အဲ့ဒါနဲ့ ချကြရော၊
ဘယ်နိုင်မလဲ ခံရတာပေါ့ ၊ သုံးယောက်တစ်ယောက် လေ ၊ ဂျက်လီလဲမဟုတ် ဂျက်ကီချမ်းလဲ မဟုတ်တော့ ပြေးရတာပေါ့ ။ ပိုက်ဆံအိတ်လဲ လမ်းမှာပျောက်သွားတယ် ၊ လူက မှုးလဲ အရမ်းမှုးနေပြီ ။

ဒါနဲ့ ဟိုးမှာတွေ့ရတဲ့  မြို့လယ်ကောင်က နာရီစင်  ၊ ဟုတ်တယ် အဲ့နာရီစင် ကိုရောက်လာတာ ၊ မသိဘူး နာရီစင်မှန်းလဲ ၊ရောက်ချင်ရာရောက် လျှောက်လာတာ ၊ အဲ့ဒီမှာ စတွေ့တာပဲ ၊ ဟဲ့ ဘယ်သူနဲ့ရှိရမလဲ ၊မာမီခိုင် နဲ့ပေါ့ ၊ မေခိုင်လေ မေခိုင် သိတယ်မလား ၊ အဲ့ဒီတုန်းက ဒီမြို့မှာက သူတစ်ယောက်ပဲ အလှပြင်တဲ့ မိန်းမလျှာလေ ။ သူက ဘာဖြစ်လာတာလဲ ၊ ဘာလဲ ညာလဲ ပေါ့ဟယ် ၊ ဟုတ်တယ် ဟုတ်တယ် ၊ နင်ထင်တဲ့အတိုင်းပဲ ၊ ငါ့မှာက ပိုက်ဆံလဲ မရှိ အိပ်စရာလဲမရှိတော့ အဲ့ဒီည သူ့နောက်ကို ပါသွားရောပေါ့ ။ ဟဲ့ အထင်မလွဲနဲ့ ဘာဇတ်လမ်းမှ မဖြစ်ဘူး ။ ငါ က သူ့အိမ်ကိုရောက်တာနဲ့ အိပ်တာပဲ ။ အရမ်းမှုးနေပြီလေ။
မိုးလင်းတော့ မာမီခိုင် က ငါ့ကို လဖက်ရည်တိုက် ထမင်းကျွေးလုပ်တော့တာပဲ ၊ လုပ်မှာပေါ့ဟဲ့ ၊ သူငါ့ကို သဘောကျနေပြီလေ ။ အင်းအင်း ဟုတ်တယ် ၊ သူက သူသဘောကျတဲ့ အဆင်လေးတွေဆို အဲ့သလို ၊ရှောင်နော်ရှောင် ၊ နင်ပါသူ့ဇယားတွေ ထဲ ပါသွားဦးမယ် ။ အင်း  ဘယ်ရောက်သွားပြီလဲ ၊ အေး ငါ့မှာ ပိုက်ဆံမရှိတော့ ဘယ်မှ သွားလို့မရနဲ့ မာမီခိုင်အိမ်မှာ သောင်တင်နေတာပေါ့ ။ မာမီခိုင်အိမ်က အပေါ်ထပ်အောက်ထပ်လေ ။ ဟုတ်တယ် ၊အောက်ထပ်မှာ အလှပြင်ဆိုင်ဖွင့်ထားတယ် ၊ ဒါနဲ့ ငါလဲ ဘာလုပ်ရမှန်းမသိတာနဲ့ သူ့ဆိုင်မှာ ဟိုကူ ဒီကူပေါ့ ။ အဲ့ဒီမှာ ငါ စပြီး မြင်တာ ၊ ဘာကို မြင်တာလဲဆိုတော့ ၊ ဂွင်လေ ဂွင်။
အမ်မလေး မာမီခိုင်တစ်ယောက်ထဲ ရလိုက်တဲ့ပိုက်ဆံတွေ လက်ကိုမလည်ဘူး ၊ သောက်သောက်လဲ ၊တရက်ကို တသိန်းနီးနီးစီ နေ့တိုင်းနီးပါးရတယ် ။ ဒါနဲ့ ငါလဲ ဒီပညာကို သင်မယ်လို့ ဆုံးဖြတ်လိုက်တာ ။

ဘယ်လွယ်မလဲ ဟဲ့ ၊ မာမီခိုင် ကိုအပီပေါင်းရတာပေါ့ ၊ နင်ထင်သလိုမဟုတ်ဘူးလေ ၊ စကားနဲ့ မြောက်ပင့်ပေါင်းတာကိုပြောတာပါ ။ အေးအေး ဟုတ်တယ် ။ မာမီခိုင်လား ငါ့ကို ညုတာပေါ့ ၊ ကိုနိုင် ကိုနိုင် ဆိုပြီးချွဲလိုက် နွဲ့လိုက်နဲ့ ။ ရေလိုက် ငါးလိုက်ပေါင်းပြီး ပညာသင်ရတာပေါ့ဟယ် ။  အစပိုင်းက ကပ်စတန်မာ တွေ ဘယ်ကြည်မလဲ ၊ ယောင်္ကျားရင့်မာကြီးက အလှပြင်မယ်ဆိုတော့လေ ၊ ပြီးတော့ ဆိုင်ကို လာတာ ကအမျိုးသမီးတွေ များတယ်လေ ၊ ဒါနဲ့ငါ လဲ မုတ်ဆိတ်မွေးတွေရိတ် ၊ နှုတ်ခမ်း မွေးတွေ ရိတ် ၊ အမရယ် ညီမရယ်နဲ့ ချွဲနွဲ့ရတော့တာပေါ့ ၊ ပုဆိုးကိုလဲ မိန်းမလျှာတွေဝတ်သလို ၀တ်ပြရတယ် ၊ ဘယ်လိုပြောလိုက်တာလဲ၊ရှက်တာပေါ့ ၊ ရှက်လွန်းလို့ တခါတလေ မြောက်ဦးကို ပြန်ပြေးပြီး ကူလီပဲ ထမ်းလိုက်ချင်တယ် ၊ ဒါပေမယ့် မိန်းမနဲ့ကလေးတွေကို ပြန်မြင်မိတော့လဲ  ကြိတ်မှိတ်လုပ်ရတော့တာပေါ့ ၊ အင်းဟုတ်တယ် ၊ ပညာတွေအကုန်ရလိုက်တယ် ၊ မာမီခိုင် က လဲ ကူဖော်လှောင်ဖက် လိုနေတာလေ ၊ သူ့ ကျေးဇူးတွေ ရှိပါတယ် ၊ သိတယ်မလား သူ ကဒီမြိုကရဲ့ မကြီးစန်းလေ ၊ ဟဲ့ အမလေးလေ မကြီးစန်းကို မသိဘူးလား၊ ရန်ကုန်မြို့ရဲ့မိတ်ကပ်ဆရာမကြီးလေ ၊ အေးအေး ဟုတ်တယ် ။ မဂ္ဂဇင်းတွေမှာတောင် ပါတယ် ၊ ဟိ မာမီခိုင်က မကြီးစန်း စတိုင်ဖမ်းနေတာလေ ။ ဟိုးတစ်လလောက်က မာမီခိုင်မွေးနေ့ပွဲ လုပ်တယ်လေ ၊ ဒန်ပေါက် နဲ့ ဖာလူဒါကျွေးတယ် ၊ ဟုတ်ပ ဟုတ်ပ ။ လူတွေ လဲ ကြိတ်ကြိတ်တိုးပဲ ။ စတိတ်စင်တွေ ဘာတွေ ဆောက်ပြီး မိန်းမလျှာလေးတွေ မော်ဒယ်လျှောက်ကြသေးတယ်လေ ၊ မရောက်ဖြစ်ဘူးလား ၊ အင်း ၊ ဒီမြို့က အလှပြင်တဲ့မိန်းမလျှာတွေ အားလုံးနီးပါး သူ့ တပည့်တွေပဲ ။ အဲ့ဒီနေ့ သူ ၀တ်တဲ့ ၀တ်စုံတောင် ရန်ကုန်က မှာထားတာ ၊ သိန်းကျော်တယ် ပြောတာပဲ ။

သူနဲ့ ဆိုင်ဘယ်လိုကွဲသွားတာလဲ ဟုတ်လား ၊ ပြောပြီးသားပဲလေ ၊ သူကငါ့ကို အရမ်းသဘောကျတာ ၊ ငါ ကလဲ မိန်းမလျှာနဲ့ မဖြစ်ချင်ဘူးလေ ၊ ကိုယ့်မှာမရှိလို့သာ လုပ်စားနေရတာ ၊ အင်းနောက်ဆုံးတော့သူ ငါ့ကို မကြည်တော့ဘူး ၊ သူက ငါ့ကို မိန်းမလျှာ အစစ်မဟုတ်မှန်းသိနေတာကိုး ၊ အပြင်လူတွေကိုတော့ မပြောရှာပါဘူး ၊ ငါ့မှာ စုမိဆောင်းမိတာလေးနည်းနည်းရှိတာနဲ့ ဒီဆိုင်လေးကို ခွဲဖွင့်လိုက်တာ ။အဆင်ပြေလာဆိုတော့ ၊ ဒီလိုပါပဲဟယ် ၊ အိမ်ကိုတော့ တလ နှစ်သိန်းကျော် သုံးသိန်းလောက်တော့ ပြန်ပို့နိုင်ပါတယ် ၊ အင်းဟုတ်တယ် ၊လုပ်စားရတာမလွယ်ဘူး ၊ ကိုယ်က လူပေါင်းစုံနဲ့ ဆက်ဆံနေရတာ
မဟုတ်လား ၊ ဆိုင်က ယောင်္ကျင်္ားရော မိန်းမရော လူဝင်လူထွက်တော့များတယ် ။ ဟမ်မလေး ရှိပ ရှိပ ၊ မိန်းမလျှာအစစ်ထင်ပြီး ဟိုပုတ်ဒီပုတ် ဟိုကိုင် ဒီကိုင် လုပ်တဲ့လူတွေလဲ ရှိတာပေါ့ ။ စိတ်တိုတာပေါ့ ၊ဖြစ်နိုင်ရင် မျက်နှာကိုချည်းတည်ထိုးလိုက်ချင်တာ ၊ ဒါပေမယ့် စီးပွားရေးက ရှိသေးတယ်လေ ၊ တချို့ကောင်တွေ ဆို အရက်ပုလင်းလဲ မခံနိုင်ဘူး ၊ ငါ့မှာညဖက် ခိုးသောင်ဖို့ထားတဲ့ အရက်ပုလင်း ကိုတောင်တွေ့အောင်ရှာပြီး သောက်သွားကြသေးတယ် ၊ ဟိုနေ့ကလဲ ဖိနပ်တစ်ရံ ပျောက်သွားတယ်လေ ။ မသိဘူး စကောလ် ဖိနပ်ကိုမှရွေးမသွားတာနော် ၊ဘယ်သူမသွားမှန်းကိုမသိတာ ။ တချို့ကောင်လေးတွေ ရှိသေးတယ် ၊ အဲ့ဒီခေါင်းလျှော်တဲ့စင်ပေါ်မှာ နေ့လည်နေ့ခင်းဆိုလာလာ အိပ်နေကြတာလေ ၊ ပြောမရဆိုမရနဲ့ ။ ခေါင်းလျှော်မဲ့လူလာရင် သူတို့ကို ချော့မော့ပြီးထခိုင်းရသေးတယ် ၊ ပြီးတော့ အခုတလော
စီးပွားရေးမကောင်းတော့ နောက်တစ်မြို့ကိုပြောင်းမလားတွေးနေတယ် ၊ ဟဲ့ ပြန်တော့မှာလား ရော့ရော့ ဆေးလိပ်သောက်ဦး ၊ ငါ့မှာလဲ အခြေအနေမှန် နဲ့ပေါင်းလို့ရတာ နင်တစ်ယောက်ပဲ ရှိတယ် ၊ တခြားလူတွေကို ပြောလို့ရမလား ငါ စီးပွားပျက်သွားမှာပေါ့ ။  ဒါနဲ့ နင် ရန်ကုန်ကို ပြန်တော့မလို့ဆို ၊ ငါ့ကိုလိပ်စာပေးခဲ့ဦး ၊ ငါလဲ ရောက်ရင် ရောက်ဖြစ်မှာ ။ ဟဲ့ ဒီပုံစံ ဒီအ၀တ်အစားနဲ့လာမလား ၊ နင်သိက္ခာကျမှာသိပါတယ် ၊ ကောင်လေးရဲ့ ။ အေးအေး အလုပ်ကြိုးစားပါဟယ် ၊ ငါသာ ပိုက်ဆံ ရှိရင် ဒီလိုမဖြစ်ဘူး ၊ ငါလေ နောင်ဘ၀ ဒီလိုမကြုံပါရစေနဲ့လို့ အမြဲဆုတောင်းနေပါတယ် ။ အင်းအင်း နင်ရန်ကုန်ပြန်တဲ့နေ့ ငါသင်္ဘောဆိပ်လိုက်ပို့မယ်လေ ၊ အေး အေး သွားတော့ သွားတော့ ။

ဟော  မမအိ ပါလား ၊ သူများဆိုင်ကို မရောက်တာကြာပြီနော် ၊ သိပါတယ် ဟိုကောင်မ ဆိုင်မှာ သွားပြင်နေတယ် မလား ၊ ကဲ ကောက်မှာလား ၊ ဖြောင့်မှာလား ပြော ၊ ဟင်းဟင်း လျှော့ပေးရမှာပေါ့ မမရဲ့ . . .

မာဃသစ္စာ

( ကိုယ်တွေ့အဖြစ်အပျက်လေးတစ်ခုကို အနုပညာ ဖြင့် ပေါင်းစပ်ဖွဲ့နွဲ့ပါသည် )

No comments:

Post a Comment