Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 26, 2012

ချမ်းမြေ့၊ သုခ၊ ပြည့်ဝတဲ့ အိမ်ထောင်ရေး

အိမ်ထောင်ရေး မှာ ပျော်ရွှင် သာယာ စွာ အဆုံးသတ် ကြလေ သတည်း ဆိုတာ တကယ် ရှိပါသလား။ ချမ်းမြေ့ သုခ ပြည့်ဝတဲ့ အိမ်ထောင်ရေး အတွက် လျို့ဝှက် ချက် ရှိသလား ။ အိမ်ထောင်ရေး အဘိဓမ္မာ ရှိသလား။
( က ) ကျနော် မသိပါဘူး။ အဲ့အဖြေကို ဘယ် သူ မှ လည်း မသိနိုင်ကြဘူး။ ဝါးလုံးရှည်နဲ့ သိမ်းရမ်း တာပဲ လို့ ထင်ကြ၊ ပြောကြမလား မသိ။ ထင် မယ်  ဆို လည်း ထင်ပါ။ ပြောမယ် ဆိုလဲ ပြောပါ။ စာရှု သူတို့ ဝေဖန်စကားနဲ့ အထင်အမြင် ကို စာရေးတဲ့သူ ကျနော် တားလို့ မရပါဘူး။ ကျနော် ဖြေရတဲ့ အကြောင်းတွေကိုပဲ စဉ်းစားကြည့်ပါမယ်။
ယေရှုခရစ် ဟာ ဘုရားသခင်ရဲ့ ကောင်းကင် နိုင်ငံတော် လျို့ဝှက်ချက်ကို သိတယ် လို့ ဆိုတယ်။ အဲ့ လိုတောင် သိမယ်ဆိုရင် ဒီလို ကိစ္စ လျို့ဝှက်ချက် ကိုလည်း သိရလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့် သူ ဘာ လို့ အိမ်ထောင် မပြုခဲ့သလဲ။ သူ ဘာလို့ “ဘဝဆုံးတိုင် ချမ်းမြေ့ ပျော်ရွှင်မယ့် အိမ်ထောင်ရေး လျို့ဝှက် ချက်” ကြီး ကို မသိရတာလဲ။ တကယ်ပဲ မရှိလို့ တကယ် မသိတာလား။ ယေရှုဟာ သိရက်နဲ့တော့ လျို ထား မလား။ ကျနော် သူ့အပေါ် အဲ့လို မထင်ပါဘူး။

သူတော်စင်ကြီး တစ်ပါး ဖြစ်တဲ့ သူ တင် မကဘူး။ မဟာဝီရ၊ လောက်ဇူ ၊ ချောင်ဇူး တို့လည်း အိမ်ထောင်မပြု ခဲ့ကြဘူး။ ဘာဖြစ်လို့လဲ တကယ်ပဲ အဲ့ဒီ လျို့ဝှက်ချက်ကြီးက အခြား အရာ အားလုံးထက် နက်နဲခက်ခဲ နေတာလား။ ဂမ္ဘီရ ဆန် ပြီး ရှာမရ ဖွေမရ ဖြစ်နေသလား။ ဒီပညာရှိတွေ ဟာ သူတို့ ကိုယ်စီ နက်နဲတဲ့ အဆုံးစွန် အန္တိမ တရားကို ရှာဖွေ ခဲ့ကြသူတွေ ပါ။ ဒီ ချမ်းမြေ့သုခ ပြည့်စုံတဲ့ အိမ်ထောင်ရေး လျို့ဝှက်ချက် သာ တကယ် ရှိတယ် ဆိုရင် သူတို့ တွေ့ခဲ့ဖို့ ကောင်းပါတယ်။ သူတို့ဟာ ဘုရားသခင် ကို ရှုမြင်ဖို့ အထိ ကြိုးစားကောင်း ကြိုးစား နိုင်ခဲ့မယ်။ အိမ်ထောင်ရေး ကိုတော့ ကောင်းကောင်း မရှုမြင် နိုင်ခဲ့ကြဘူးရယ်။ အံ့ဖွယ် ကောင်းလေစွ။
ဆော့ခရတ္တိ ( ဆိုကရေးတီး၊ Socrates ) ကတော့ လက်ထပ်ခဲ့တယ်။ အိမ်ထောင်ပြုခဲ့တယ်။ သူ့ဘဝ တစ်ခုလုံး လည်း ကောင်းကောင်းကြီး ခံစားခဲ့ ရတယ်။ ဒါပေမယ့် သူလည်း ပျော်ရွှင် သာယာတဲ့ အိမ်ထောင်ရေး လျို့ဝှက်ချက် ကို သိခဲ့ဟန် မတူဘူး။ သူရှာတွေ့ခဲ့တာက “လက်မထပ် တာမှ ကောင်းသေးတယ်” ဆိုတာပဲ။ တကယ်တော့ ဆိုကရေးတီးဟာ လောက်ဇူတို့၊ မဟာဝီရ တို့နဲ့ တစ်ခေတ်တည်းပါ။ အိမ်ထောင် မပြု ခဲ့ကြပါဘူး ဆိုတဲ့ သူတို့တွေနဲ့သာ ဆော့ခရတ္တိဟာ- အဲ့ဒီခေတ်အတွင်း အင်တာနက် ချိတ်ဆက်၊ နော့လစ် ရှဲရင်း – လုပ်နိုင်ခဲ့ရင် တိကျတဲ့ အဖြေတော့ ထွက်လာ နိုင် ပါလိမ့်မယ် ။
တမန်တော် မိုဟာမက်။ သူ ကတော့ အိမ်ထောင်ပြုတာ တစ်ယောက်တည်း ကို မဟုတ်ဘူး။ ကိုးယောက်။ ကျနော် အဲ့ဒါနဲ့ ပတ်သက်လို့ စဉ်းစား ကြည့်တယ်။ “မိုဟာမက် ဘယ်လိုလုပ် ကိုးယောက် ယူပါလိမ့်။ သူ့မှာ ချမ်းသာသုခ အိမ်ထောင်ရေး နည်းစနစ် ကြီးများ ရှိသလား” ။ ကျနော် မိုဟာမက် အကြောင်းကို သိကောင်း သိမယ်- အိမ်ထောင်ရေး သုခ တည်မြဲအောင် ဘယ်လို သုခ ဆောင်သလဲ လို့တော့ ကျနော် မသိဘူး။ တွေးကြည့် လို့ ရတာက – ခင်ဗျားမှာ မိန်းမ ကိုးယောက် ရှိရင် သူတို့ကို အချင်းချင်း ရန်တိုက် ပေးခဲ့လို့ ရတယ် ဆိုတာပဲ။ ခင်ဗျား ရန်မတိုက်ပေးလဲ သူတို့ အချင်းချင်း တွတ်ထိုး ကြလိမ့်မယ်။ အဲ့အခါမှာ ခင်ဗျား ဟာ ဖာသိဖာသာ လွတ်လွတ် လပ်လပ် နေနိုင် ပါလိမ့်မယ်။ မိုဟာမက်ဟာ မယားကိုးယောက် ကြားမှာ လွတ်လွတ်လပ်လပ် နေနိုင်ဖို့ အဲ့ဒါကို စီစဉ်ခန့်ခွဲ နိုင်ခဲ့ပုံ ရတယ်။ အဲ့ဒါကြောင့်လည်း မိုဟာမက်ဒင်တွေ အကုန်လုံးကို အနည်းဆုံး မိန်းမ လေးယောက်တော့ ယူကြဖို့ တိုက်တွန်းတယ်။ သူတို့တွေ လက်ရှိမှာ တကယ်လည်း ယူခွင့် ရကြပါတယ်။ အဲ့လို လေးယောက် ဆိုရင် အချင်းချင်း တွတ်ထိုး ( ဒါမှမဟုတ် ) ရန်ဖြစ် ခိုင်းဖို့ လုံလောက်တယ် မဟုတ်လား။ ခင်ဗျားလည်း ခပ်ဝေးဝေး သွားဖို့ အချိန်ပိုရတယ်။
မယား အယူ အများဆုံး ထဲမှာ ကျနော် သိသလောက်- ခရစ်ရှန က အများဆုံးပဲ။ သူလက်ထပ်ခဲ့တဲ့ မိန်းမက တစ်သောင်း ခြောက်ထောင် ရှိတယ်။ တကယ်လို့သာ ခင်ဗျား ဟာ ခရစ်ရှန ဆိုရင် – အဲ့လောက်အရေ အတွက် ကြားမှာ ပျောက် သွားဖို့ ဘယ်လောက် လွယ်ကူ လိုက်သလဲ။ မယား တစ်သောင်းခြောက်ထောင် ထဲမှာ ဘယ်သူ က ခရစ်ရှန ဖြစ်တဲ့ ခင်ဗျား ကို ဂရုပြုပြီး ရှိနေမလဲ။ ခင်ဗျား ဘယ်သွားလဲ၊ ဘာလုပ်သလဲ စသဖြင့် ဘယ်သူ တကောက်ကောက် လိုက်ကြည့် နေမလဲ။ သူတို့တွေးမှာက သူတို့ရှေ့မှာ ပျောက်သွားရင် ခင်ဗျား ဟာ တစ်သောင်း ခြောက်ထောင်ထဲက တစ်ယောက်ယောက်ဆီမှာ ရောက်နေလိမ့်မယ်။ အဲ့ဒါပဲ တွေးဖြစ်မယ်။ အဲ့ဒီနောက်တော့ သူတို့ တစ်သောင်းခြောက်ထောင် ကြားမှာ သူတို့ဘာသာ အသံတွေ ပွက်နေမယ်။ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်မယ်။ ခရစ်ရှန ဖြစ်တဲ့ ခင်ဗျား ကတော့ တိမ်လွှာတွေ ကြားထဲက တစ်နေရာရာ သွားပြီး ဘာဝနာ ပွားများ နေပါလိမ့်မယ်။ ဘယ်သူ ခင်ဗျားကို လာနှောင့်ယှက် နိုင်မလဲ။ သူတို့ဟာ ဘယ် ဆာရီစက ဘယ်လို ပိုကောင်းသလဲ – ဘယ် ပါတိတ်အဆင်က ဘယ်လို ပိုလှသလဲ၊ ဘယ် အိုင်းရင်း ဒေါက်ဖိနပ်လေး က ပိုဈေးကြီးသလဲ စသဖြင့် ငြင်းခုန်ရင်းပဲ ကျန်ရစ်ခဲ့နိုင်တယ်။
ပြီးတော့ .. ကျနော်တို့ ဗုဒ္ဓ ဂေါတမ။ သူလည်း လက်ထပ်ထိမ်းမြား ခဲ့ပါတယ်။ ဒါပေမယ့် သူလည်း ထွက်လာခဲ့တယ်။ သူ့မှာ ယသော်ဓရာ ဆိုတဲ့ လှပတဲ့ ချောမောတဲ့ ၊ ( ချစ်မေတ္တာလည်း ရှိ၊ ရှေးကံ ရေစက် ဆိုတာ လည်း ရှိ၊ ဘဝပေါင်းများစွာ ပါရမီ ဖြည့်တင်းခဲ့သူ လည်း ဟုတ် တဲ့ ) ယသော်ဓရာ မင်းသမီး ရှိနေပါတယ်။ ဒါနဲ့တောင် သူ ထွက်လာခဲ့တယ်။ နောက် ဆယ့်နှစ်နှစ်ကြာ ဘုရားအဖြစ် ရောက်တော်မူမှ ပြန်ရောက် လာခဲ့တာ ဖြစ်ပါတယ်။ ဒါတောင် ဒီလို ပြန်လာခဲ့တာဟာ တရား ဟောကြားဖို့ အတွက်ပဲ။ အိမ်ထောင်ရေးနဲ့ လားလားမှ မဆိုင်တော့ဘူး ရယ်။
တကယ် စင်စစ်က တရား ဘာဝနာ သိမြင်ပြီးသူ တွေဟာ ဘယ်နေရာမှာ ဘာ ဖြစ်နေနေ အေးမြ ချမ်းသာမှု သုခ အစစ်ကို ရရှိနေကြတယ်။ တရား သိမြင်သူ ဘယ်သူမှ အိမ်ထောင် ပြန် ပြုကြတယ် လို့တော့ ကျနော် မကြားဖူးဘူး။
ကျနော် ဒီလို ပစ်ပစ်ခါခါ ပြောနေရတာ ကို အဆိုး မြင်နေတယ် လို့ ထင်ကောင်း ထင်မယ်။ တကယ်က ခင်ဗျားတို့ ကျနော်တို့ သိချင်ကြတဲ့ မေးခွန်းမှာ ချမ်းမြေ့တဲ့ သုခ ကို အိမ်ထောင်ရေး နဲ့ တွဲဖက် ထားလို့ ဒီလိုဖြေရတာပဲ။ “တကယ်တမ်း အိမ်ထောင်ရေးကို ချမ်းမြေ့သုခ ပြည့်ဝဖို့ လုပ်တဲ့ အလုပ်တစ်ခုလိုလို ထင်နေမယ် ဆိုရင် အဲ့ဒီအထင်ဟာ မမှန်နိုင်ဘူး” လို့ ကျနော် ပြောနေတာပဲ ဖြစ်ပါတယ်။ စင်စစ် ချမ်းမြေ့တဲ့ သုခကို အိမ်ထောင်ရေးနဲ့ မတွဲဖက် ထားသင့်ဘူး။ အိမ်ထောင်ရေး ဟာ ချမ်းမြေ့တဲ့ သုခကို ရသွားဖို့ လမ်းကြောင်း မဟုတ်ဘူး။ အိမ်ထောင် ပြုတာဟာ ပျော်ရွှင်ချင်လို့ မဟုတ်ပါဘူး။
( ခ ) ခင်ဗျားက ပျော်ရွှင် ချမ်းမြေ့ချင်တာ သက်သက်နဲ့ ဆိုရင်တော့ အိမ်ထောင် မပြု လိုက်ပါနဲ့ လို့ ပြောချင်တယ် ။ အဲ့ဒီ လိုချင်စိတ် ၊ ချမ်းမြေ့ချင်စိတ် ရှိနေသမျှ ခင်ဗျား အိမ်ထောင်ရေး ဟာ ခင်ဗျား လိုချင်သလို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုရင် အိမ်ထောင်ပြု၊ လက်ထပ် ထိမ်းမြား တယ် ဆိုတာဟာ စင်စစ် ခင်ဗျားရဲ့ ကိုယ်တွင်း သဘာဝကို ဆန့်ကျင်နေတာ ဖြစ်လို့။ ဒီလို ပြောတော့ – ကျနော့ကို ဝိုင်းဆဲ နိုင်ပါတယ်။ ဒါပေမယ့် ဆက်ရှင်းပါမယ်။
တစ်ယောက် နဲ့ တစ်ယောက် ချစ်ကြိုက် ကြပြီး လက်ထပ် ကြဖို့ တိုက်တိုက် တွန်းတွန်း ရှိနေကြတဲ့ ချစ်သူ နှစ်ယောက် ဆိုပါစို့။ သူတို့ လက်ထပ် ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် “လက်ထပ် ရအောင်ကွာ၊ လက်ထပ်ပါရစေ” စသဖြင့် ပြောကြ တာတွေမှာ သေသေချာချာ ကြည့်ကြည့်ပါ။ ကိုယ်ကိုယ်တိုင်ရော အဲ့လို ပြောခဲ့ဖူးသလား။ အပြောခံရဖူးသလား။ သူတို့ ခင်ဗျားတို့ ရဲ့ စိတ်သန္တာန်ကို သေသေချာချာ ကြည့်ကြည့်ပါ။ စင်စစ် ခင်ဗျားတို့ ကျနော်တို့ဟာ မိမိ တို့ ချစ်တာကို မိမိ တစ်ဦးတည်းပိုင် အဖြစ် သိသိ မှတ်မှတ် ခိုင်မာ သွားချင်တာဟာ ပိုလွန်ကဲ နေကြောင်း တွေ့ရ ပါလိမ့်မယ်။ ကျနော် တို့ ပြောတဲ့ အချစ် ဆိုတာကို တရားဝင် လုပ်ထားချင်တယ်။ ဘာဖြစ်လို့လဲ။ အများသိအောင် တစ်ဦးတည်းပိုင် လုပ်ချင်တယ်။ ဘာ အကြောင်း ကြောင့် ပါလဲ။ ခေတ်စကားနဲ့ ပြောရင် ကျနော်တို့ ချစ်တာကို စာချုပ် စာတမ်းနဲ့ မှတ်ပုံတင် ချင်တယ်။ အဲ့အတွက် လည်း ဥပဒေကြောင်း အရ နှစ်ဦး သဘောတူ လက်မှတ်ထိုး ကြလေ သတည်း- ဆိုတာ ပေါ်ပေါက် လာပါတယ်။ ငါတို့နှစ်ယောက်က တရားဝင် ဖြစ်တယ်-ဘယ်သူမှ ခွဲလို့ မရတော့ဘူး လို့ ပျော်ပျော်ရွှင်ရွှင် မာန်ဝင့် ချင်တယ်။ ဒါပေမယ့် မေးကြည့် ချင်ပါတယ်။ အချစ်ကို တရားဥပဒေ နဲ့ စီရင်လို့ ရပါသလား။ အချစ်ကို တရားဥပဒေ ဘောင် အတွင်းက ခွဲခြမ်း စိတ်ဖြာ နိုင်သလား။ ဒါရိုးရှင်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်း စကား အောက်မှာ လက်ထပ် ထိမ်းမြားခြင်း၊ အိမ်ထောင်ပြု လိုက်ခြင်း ဟာ အရုပ်ဆိုးတဲ့ ပြယုဂ် ဖြစ်သွား လောက်တယ် မဟုတ်လား။
လက်ထပ် ထိမ်းမြား ဖို့ ကြံစည် ကြိုးစား ကြတာတွေ ရဲ့ နောက် အကြောင်း တစ်ခုက ကြောက်ရွံ့စိတ် ကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီ ကြောက်ရွံ့စိတ် ကြောင့် ခင်ဗျားဟာ ခင်ဗျား တန်ဖိုးထားတဲ့ ချစ်ခြင်းမေတ္တာကို မှတ်ပုံတင်ဖို့ ကြိုးစားတယ်။ ဘာလို့ဆို အနာဂတ် အကြောင်း ၊ မနက်ဖြန် အကြောင်းတွေကို ခင်ဗျား မျှော်တွေး နေလို့ပါ။ ခင်ဗျားတို့ ကျနော် တို့ တွေဟာ အတိတ် အကြောင်း၊ အနာဂတ် အကြောင်း အမြဲလိုလို တွေးတော နေမိတတ်ကြတယ်။ ဘယ်လောက် တွေးမိသလဲ ဆိုရင် ကိုယ့်ပစ္စုပ္ပန်ကို ကိုယ် ဖျက်ချ ၊ ဖယ်ချ ထားမိတဲ့ အထိပဲ။ စင်စစ် အခု ပစ္စုပ္ပန်ကပဲ တကယ် ရှိနေတာ ၊ တကယ် နေထိုင် နေရတာ ဖြစ်ပါတယ်။ အတိတ်ဟာ သေဆုံးသွားပြီ ဖြစ်တဲ့ ကာလပါ၊ အနာဂတ်ဟာ အချိန်မရွေး သေပိုင်ခွင့်၊ သေနိုင်စွမ်း ရှိတဲ့ ဖြစ်နိုင်ချေ အရာ တစ်ခုသာ ဖြစ်ပါတယ်။
တကယ် အသိအမြင် ကြွယ်ဝသူ ဟာ ဘယ်တော့မှ နောက်ပြန် ကြည့်မှာ မဟုတ်ဘူး။ အတိတ် အကြောင်း တွေ အတွက် စိတ် အနှောင့် အယှက် အဖြစ်ခံမှာ မဟုတ်ဘူး။ ပြီးသွားပြီး ဖြစ်တဲ့ အရာဟာ ထာဝရ ပြီးဆုံး သွားပြီးသား။ အလားတူ အနာဂတ် ကိုလည်း သူတွေးပူ နေမှာ မဟုတ်ဘူး။ မဖြစ်သေးတဲ့ အရာဟာ ဖြစ်ကို ဖြစ်မလာသေးဘူး ။ သူ သိထားမှာက – ဘယ်အချိန် ဘာဖြစ်လာလာ ၊ သူ့မှာ တာဝန်ယူ နိုင်စွမ်း ရင်ဆိုင် နိုင်စွမ်း ရှိတယ် ဆိုတာပဲ။ အဲ့ဒီ အတွက် သူ ကြိုတွေးပူ နေစရာ ဘာ အကြောင်း ရှိဦးမလဲ။ မေးခွန်း တစ်ခု၊ ပြဿနာ တစ်ရပ်ဖြင့် မပေါ်ပေါက် လာသေးဘဲနဲ့ အရန်သင့် ရယ်ဒီမိတ် အဖြေ တွေကို ကျနော်တို့ ဘာလို့ စုဆောင်း ထားချင် ရတာလဲ။ ခင်ဗျား စုဆောင်းထားတဲ့ ရယ်ဒီမိတ် အဖြေတွေဟာ တကယ် ကြုံဆုံလာ တဲ့အခါ အသုံးမဝင်တာ များပါတယ်။ ဘာလို့ဆို ဘဝဟာ အမြဲ ပြောင်းလဲနေပြီး အံ့အားသင့် စရာတွေ ထွက်ထွက် လာတတ်လို့ပဲ။ ခန့်မှန်းထားသလို ပုံသေ ဘယ်တော့မှ မဖြစ်လာနိုင်ဘူး ။ ( ဒီစကားဟာ လူတွေရဲ့ မြော်မြင်နိုင်စွမ်းကို ပယ်ချတာ မဟုတ်ပါဘူး။ ပိုလွန်ကဲပြီး သုံးနေတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။)
ဒါနဲ့များ ခင်ဗျားတို့ ကျနော်တို့က အနာဂတ်အတွက် ကြိုတင် ပြင်ဆင် နိုင်လောက်အောင် တော်နေ၊ တတ်နေ၊ ကျွမ်းကျင် လိမ္မာနေ ကြတယ် လို့ မိမိ ကိုယ်ကို ထင်နေကြပါသေးတယ်။ ဆိုပါတော့ – အခု ခင်ဗျား မိန်းကလေး တစ်ယောက်ကို ချစ်တယ်။ ခင်ဗျား ယောက်ျားလေး တစ်ယောက်ကို ချစ်တယ်။ အနာဂတ်မှာ ဘာဖြစ်မလဲ။ ခင်ဗျား တွေးတော့မယ်။ ခင်ဗျား ကိုယ်စား ကျနော် တွေးကြည့်ပါမယ်။
မနက်ဖြန်မှာ အဲ့ မိန်းကလေးဟာ အခြားတစ်ယောက်ကို ချစ်သွားနိုင်တယ်။ အခု ခင်ဗျားကိုတောင် သူ ချစ်နိုင် သေးရင် နောက်တစ်နေ့မှာ အခြား တစ်ယောက် ကို သူ ဘာလို့ မချစ်နိုင်ရမှာလဲ။ အနာဂတ် တစ်ချိန်ချိန်မှာ ဒီမိန်းကလေးဟာ ဘယ်ယောက်ျားလေးကိုမှ မချစ်ဘဲလဲ နေသွားနိုင်တယ်။ ဒါပေမယ့် ခင်ဗျား ရင်ထဲမှာတော့- အဲ့ မိန်းကလေးဟာ ခင်ဗျား တစ်ယောက်ကိုပဲ အမြဲ၊ ထာဝရ၊ သေတပန်၊ သက်တဆုံး၊ ဘဝ ဆက်တိုင်း ဆက်တိုင်း ( ခင်ဗျား မှတ်သိ ခံစား ဖူးသမျှ ကဗျာ၊ ဝတ္ထု၊ ရုပ်ရှင်တွေ ထဲက စကားလုံးတွေ ရှိသေးရင် ဒီနေရာမှာ ဆက်ထည့်သွား ) ခင်ဗျားကိုပဲ ချစ်မြဲ ချစ်စေ ချင်နေတယ်။ အဲ့ဒီ မိန်းကလေး ရဲ့ အချစ်ကို ခင်ဗျား အရမ်း သေချာ ချင် နေတယ်။ “အခု သူ ငါ့ကို ချစ်နေတယ်။ သူဟာ အဲ့လိုပဲ ရှေ့ဆက်ပြီး အခြားတစ်ယောက် ကို ချစ်သွားနိုင် သေးတယ်” လို့ ခင်ဗျား ဘာလို့ မတွေးကြည့် ရဲရ တာလဲ။ အဲ့တော့ ခင်ဗျားရဲ့ မနက်ဖြန် တွေ အတွက် သေချာစေဖို့ ၊ စိတ်ချရဖို့ ခင်ဗျား တစ်ခုခု လုပ်ရ တော့မယ်။ သူ အခြားတစ်ယောက်ကို မပြောင်းလဲသွားစေဖို့ ခင်ဗျား တစ်ခုခုနဲ့ တားဆီး ရတော့မယ်။ အဲ့လိုနဲ့ ခင်ဗျားဟာ အဲ့မိန်းကလေးရဲ့ မနက်ဖြန် တွေကိုပါ စွဲယူပြီး တစ်ခုခုနဲ့ အသုံးချ ပစ်လိုက်တယ်။ အဲ့တစ်ခုခုဟာ ခင်ဗျား လူသိရှင်ကြား အိမ်ထောင်ပြု လိုက်တာပဲ ဖြစ်ပါတယ်။
အဲ့လို လုပ်လိုက်တဲ့ အတွက် ခင်ဗျား အနည်းဆုံး စိတ်ချ နေ နိုင်တာက သူ ခင်ဗျားကို မချစ်တော့ဘူး ဆိုရင်တောင် သူ့ခန္ဓာကိုယ် ကိုတော့ ခင်ဗျား ပိုင်ဆိုင် နိုင်နေသေးတယ်။ သူ့စိတ်က အခြား ရောက်နေရင်တောင် ခင်ဗျား အိမ်ကိုတော့ သူ ပြန်ရောက် လာရဦးမယ်။ ခင်ဗျား ဘေးမှာ သူရှိနေရ ဦးမယ်။ တကယ်တမ်းက – သူ့စိတ်ကိုတော့ ခင်ဗျား တားလို့ ရမှာ မဟုတ်ဘူး။ လက်ထပ်စာချုပ်တွေ ၊ ဥပဒေတွေက လူတစ်ယောက်ရဲ့ စိတ်ကို ဘယ်လိုနည်းနဲ့ တားနိုင်ခဲ့တယ်လို့ ခင်ဗျား ကြားဖူးသလဲ။ ဥပဒေဟာ ရုပ်ပိုင်းဆိုင်ရာ အရှုပ်အထွေး ကိုပဲ ဖန်တီးနိုင်တယ်။ ထိန်းချုပ် ကန့်သတ် နိုင်မယ်။ စီရင်ချက် ချနိုင်မယ်။ ရုပ်ပိုင်း ဆိုင်ရာ တွေရဲ့ အလွန်ကိုတော့ ဘယ်လိုမှ ထိန်းချုပ် မထား နိုင်ဘူးရယ်။ အဲ့လိုနဲ့ ခင်ဗျားရဲ့ အမျိုးသမီးဟာ ဥပဒေရဲ့ ပြင်ပမှာ သူ့ရဲ့ စိတ်ကို ကျက်စားနိုင် နေပေမယ့် ဥပဒေ ဆိုတာရဲ့ စည်းဘောင် ထဲမှာတော့ ခင်ဗျား နံဘေးမှာ ထိုင်နေရ ပါလိမ့်မယ်။ ခင်ဗျား အဲ့လို ဖြစ်ချင်တာ ဟုတ်ပါသလား။
နောက် အကြောင်း တစ်ခုရှိသေးတယ်။ အဲ့ဒါက – ခင်ဗျားဟာ ခင်ဗျား ချစ်သူ အတွက်နဲ့ ပတ်သက်လို့ ကြောက်ရွံ့စိတ် ရှိနေတာ တစ်ခုတည်း မဟုတ်ဘူး။ ခင်ဗျား ကိုယ် ခင်ဗျားလည်း ကြောက်နေလို့။ မညှာတမ်း ဝေဖန်စိစစ် ကြည့်ဖို့ လိုကောင်း လိုပါမယ်။ ခင်ဗျားဟာ အခု ဒီအမျိုးသမီး ကို ချစ်သလို၊ ရှေ့အနာဂတ်မှာ အခြား အမျိုးသမီး တစ်ယောက်ယောက် ကို ပြောင်းချစ် သွားနိုင်တယ်။ ဘယ် အမျိုးသမီးကိုမှ မချစ်တော့ဘဲလည်း နေသွားနိုင်တယ်။ ဘာလို့လဲ ဆိုတော့ အနာဂတ် ဆိုတာ ဖြစ်ချင်တာ ဖြစ်သွား နိုင်နေတဲ့ ကွင်းပြင်ကြီး တစ်ခု မို့လို့။ အဲ့တော့ ခင်ဗျားဟာ ဖြစ်ချင်တာ ဖြစ်သွားမယ့် ကိုယ့်အဖြစ် ကို မလိုချင်ဘူး။ ကျိန်းသေတဲ့ ကိုယ့် အနာဂတ် ကိုပဲ လိုချင်နေတယ်။ ဆိုလိုချင်တာက ခင်ဗျား ကိုယ်ကို ခင်ဗျား ကြောက်နေတယ် ဆိုတာပါ။
အဲ့ဒီ ကြောက်စိတ်ဟာ – ခင်ဗျား ချစ်သူက ခင်ဗျားကို ဂရုစိုက်တတ်ရင်၊ ပြုစုတတ်ရင် ပိုဆိုးတယ်။ ခင်ဗျား ဆုံးရှုံးရမှာပါ ကြောက်လာတယ်။ နောက်ပြီး ခင်ဗျား ကတိတွေ အထပ်ထပ် ပေးဖူးမယ်။ ငါမင်းကိုအမြဲ ချစ်နေမှာပါ။ ထာဝရ တန်ဖိုး ထားနေမှာပါ စသဖြင့်။ ခင်ဗျား ပေးခဲ့တဲ့ ကတိတွေ အတိုင်းသာ စိတ်ချ လက်ချ တကယ် တည်ကြည် မှာ သိနေရင် အလျင်စလို ဘာများ ခင်ဗျား လိုအပ်နေ လို့လဲ။ ဒါပေမယ့် ခင်ဗျားရဲ့ အတ္တ က ဒီကတိ တွေကို ချိုးဖောက် ပစ်လိုက်မှာ ခင်ဗျား ကြောက်တယ်။ ခင်ဗျားရဲ့ အနာဂတ်ကြီး မသေချာမှာ ကို ခင်ဗျား ကြောက်တယ်။ ဒီကတိတွေကို မချိုးဖောက် ပါဘူး ဆိုတဲ့ အကြောင်း၊ ခင်ဗျား ချစ်သူ မယုံကြည် မှာကိုလည်း ကြောက်တယ်။ အဲ့တော့ ဒီကတိတွေကို မကျိုးပေါက် ပါကြောင်း ကိုယ့်ကိုယ်ကိုယ် အာမခံချက် ပေးနိုင်ဖို့၊ ခင်ဗျား ချစ်သူ စိတ်ချလက်ချ ယုံကြည်သွားနိုင်ဖို့ ထိရောက်တဲ့ ကိစ္စ တစ်ခု ကို ခင်ဗျား ဆောင်ရွက် ရတော့တယ်။ အဲ့ဒါက အိမ်ထောင်ပြုလိုက်ခြင်းပဲ။
အမျိုးသမီး တွေ ဘက်ကနေ ကြည့်ရင်လည်း အလားတူပါပဲ။ သူတို့က ယောက်ျား တွေထက် အကြောင်း အချက် ပိုများရပါတယ်။ အိမ်ထောင်ပြုတယ် ဆိုတာဟာ သူတို့တွေ အတွက် မရှိမဖြစ် လိုအပ်နေတဲ့ ငရဲတွင်း တစ်တွင်း လိုပဲ။ အကြောင်း ကတော့ မိန်းကလေးတွေ အတွက် ပတ်ဝန်းကျင် ဆိုတာ ယောက်ျားလေး တွေ ထက် ပိုလိုအပ် နေတာကြောင့်ပဲ။ လူမှု လူ့ဘောင် အဖွဲ့အစည်းမှာ အိမ်ထောင်ကျဖူးတဲ့ မိန်းကလေး တစ်ယောက် အပေါ် အမြင်နဲ့ ၊ အိမ်ထောင်ကျဖူးတဲ့ ယောက်ျားလေး တစ်ယောက် အပေါ် အမြင်ဟာ မညီမျှ ကြလို့ပါ။ အဲ့ဒီ အကြောင်းကြောင့် မိန်းကလေးတွေဟာ အိမ်ထောင်ပြု ဖို့ လို့ ဆိုရင် ယောက်ျားလေး တွေထက် ပိုပြီး အချိန်ယူ ချင့်ချိန် စဉ်းစားရတယ်။ အဲ့ဒီ အကြောင်းကြောင့်ပဲ အိမ်ထောင်ပြုဖို့ ကိုလည်း အလျင်စလို ချင့်ချိန် စဉ်းစား ကြရပြန်ပါတယ်။ ဒီလို ချင့်ချိန်ရတာဟာလည်း အထက်မှာ ပြောခဲ့သလို မိန်းကလေးဟာ သူ့အနာဂတ်အတွက် သူ ပျော်ရွှင်သာယာနိုင်ဖို့ သေချာထားချင်တယ်။ ချစ်သူ ယောင်္ကျားလေးကို သူ့အတွက် ဖြစ်စေချင်တယ်။ နောက်ပြီး သူ့ဘဝ အတွက် သူသေချာချင်တယ်။ စကားကို တစ်လုံးထဲ ချုပ်ပြီး ပြောရင် သူလည်း သူ့ရဲ့ အနာဂတ်ကို ကြောက်လို့ပဲ။ အကြောင်းကြောင်းတွေကို ပိုပြီး တွေးပူရတဲ့ အတွက် လူ့ယဉ်ကျေးမှု စနစ် အသီးသီး အရ ချင့်ချိန်ရတဲ့ အတိုင်းအတာ ကွာကောင်းကွာမယ်- ဒါပေမယ့် လက်တွေ့မှာ ယောက်ျားလေး ထက် ပိုပါတယ်။
အခြား အကြောင်းတွေ ရှိပါသေးတယ်။ ဒါပေမယ့် ပို့စ်တစ်ခု အတွက် အဲ့ဒီအကြောင်းတွေ ပြောဖို့ဟာ ရှည်လွန်းမယ် ထင်ပါတယ်။ အိမ်ထောင်ပြုခြင်း အပေါ် လူငယ် အများက ကဗျာတွေ၊ ဝတ္ထုတွေ၊ ရုပ်ရှင်တွေက နေ မှိုင်းမိထားသလို ယူဆတတ်ကြတယ်။ အများအားဖြင့် စိတ်ကူးယဉ်ကြတယ်။ အဲ့ဒီ မှိုင်းတွေ အတိုင်း လူငယ်တွေဟာ စိတ်ကူးရော ဘဝတစ်ခုလုံးပါ ယုံကြည်သက်ဝင်ပြီး ၊ ( တစ်နည်း ) ပျော်ရွှင်စွာ အဆုံးသတ်ကြလေသတည်း ကို ကြည့်ပြီး- စိတ်ကူးယဉ်၊ ထင်ရာစိုင်း ကြမယ် ဆိုရင် လွဲမှား နေမှာ ဖြစ်တယ် ဆိုတဲ့ အကြောင်း ပြောလိုရင်း ဖြစ်ပါတယ်။ အနုပညာတစ်ခုဟာ အိမ်ထောင်ရေး သုခကို စကားလုံးလှလှ တွေနဲ့ လောကနိဗ္ဗာန် ဆိုပြီး အထင်လွဲမှား အောင် ရည်ရွယ်မယ် ဆိုရင် အဲ့ဒီလို လုပ်တာဟာ ဝေါဟာရ၊ စကားလုံးတွေ၊ အနုပညာ ပစ္စည်းတွေကို ဈေးကွက်တင် ရောင်းကောင်းဖို့ပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ လူငယ်အများ ကလည်း အိမ်ထောင်ရေးဟာ လက်ထပ်စာချုပ် မဟုတ်ဘူး။ လက်မှတ် မဟုတ်ဘူး။ ဥပဒေ မဟုတ်ဘူး။ အိမ်ထောင်ရေးဟာ အချစ်လို့ သတ်မှတ်ရင်၊ အဲ့ဒီ အချစ်ဟာ ဘဝကိုပဲ ဆိုလိုပါတယ် – လို့ ဆင်ခြင်နိုင်ကာမှ တော်ကာကျ ပါလိမ့်မယ်။ လူငယ် အများစုဟာ ချစ်ခြင်း မေတ္တာကို တန်ဖိုးထားရင် – မိမိတို့ရဲ့ ဘဝနဲ့ ယှဉ်ပြီး မိမိကိုယ်ကိုယ် နားလည် ထားဖို့ လိုပါလိမ့်မယ်။
( ဂ ) တကယ်က-
“ချစ်ခြင်း မေတ္တာ”ဟာ သူ့အတိုင်း လွတ်လပ်စွာ တည်ရှိနေရာကနေ -အိမ်ထောင်ပြုပြီ-လူသိရှင်ကြား ပုဂ္ဂလိကပိုင် အဖြစ် ကူးပြောင်းပြီ- ဆိုရင် “တာဝန်ယူမှု” ဖြစ်သွားပါတယ်။ အဲ့ဒီ တာဝန်ယူမှု၊ တာဝန် ယူနိုင်စွမ်းမှာ ကဗျာတွေ၊ စကားလုံးတွေ မရှိဘူး။ လက်တွေ့တွေပဲ ရှိတယ်။ အဲ့ဒါကြောင့်လဲ အိမ်ထောင်ပြုခြင်းမှာ ဥပဒေဟာ တစ်ထောင့်တစ်နေရာက ပါဝင်နေတာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ တွက်ချက်မှု တွေပဲ ရှိတယ်။ အဲ့ဒီ တွက်ချက် ပိုင်းခြား မှုတွေကနေပဲ ခင်ဗျားဟာ ခင်ဗျားနဲ့ ခင်ဗျားချစ်သူရဲ့ စုစုပေါင်း ဘဝ နှစ်ခု ကို အပြည့်အဝ တာဝန်ယူ ရပါတယ်။
ဆိုလိုတာက အိမ်ထောင်ပြုတယ် ဆိုတာ တစ်ဦးအတွက် တစ်ဦး တာဝန်ယူရဲတယ်၊ တာဝန်ယူမယ် လို့ ဆိုလို ပြလိုက်ခြင်းပဲ။ အဲ့ဒီ တာဝန် ကို ခင်ဗျားတို့ နှစ်ယောက် တကယ် ကျေပွန်ရင် ချမ်းမြေ့တဲ့ သုခ ဆိုတာ အတိုင်းအတာ တစ်ခုအထိ ပြည့်ဝ ပါလိမ့်မယ်။ ဒါပေမယ့် မျှော်လင့်ထားသလို အမြဲတမ်းတော့ ပြည့်ဝမှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုရင် လူသားတစ်ဦးဟာ လူသားတစ်ဦးကို အချိန်ပြည့် တာဝန် မယူနိုင်လို့ပဲ။
( ဃ ) အဲ့တော့ ခင်ဗျားတို့ ကျနော်တို့ ရဲ့ မေးခွန်းကို ပြန်ကောက်ပါမယ်။ ကျနော် ဖြေလိုတဲ့ အဖြေက – ခင်ဗျားတို့ ကျနော်တို့ မေးခွန်းဟာ လွဲမှားနေပါတယ်။ အိမ်ထောင်ရေးဟာ ချမ်းမြေ့မှု သုခနဲ့ ထပ်တူ မကျပါဘူး။ ချမ်းမြေ့သုခ ရဖို့ အတတ်နိုင်ဆုံး ဖေးမ တည်ဆောက်ကြတာ သက်သက်ပဲ ဖြစ်ပါတယ်။ အဲ့ဒီ အတွက် တာဝန်ယူမှု ကို အပြည့်အဝ ကျေပွန်ကြဖို့ လိုအပ်တယ်။ ဒီလို ပြောလို့ ကျနော်ဟာ ချစ်ခြင်း မေတ္တာကို ဘေးဖယ်ထားတာပဲလို့ ခင်ဗျား ထင်မလား။ စင်စစ် ကျနော် ပြောနေတာဟာ ချစ်ခြင်း မေတ္တာ အကြောင်းကိုပဲ ပြောနေတာပါ။
အိမ်ထောင်ရေး မှာ ချစ်ခြင်း မေတ္တာဟာ တာဝန်ယူမှု၊ တာဝန်ယူလိုမှု အဖြစ် အသွင်ပြောင်း သွားတယ်။ အဲ့ဒါကိုပဲ ပြောချင်တာပါ။ တာဝန်ယူမှုဟာ ချစ်ခြင်း မေတ္တာရဲ့ လက်တွေ့ကျတဲ့ အခြား မျက်နှာစာ တစ်ခုပါ။ သူပြောငါပြော ချစ်ခြင်း မေတ္တာ လုံးဝ မပါဝင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး ။ အဲ့ဒီ ချစ်ခြင်းမေတ္တာ ရဲ့ မျက်နှာစာ ထက် တာဝန်ယူမှု မျက်နှာစာ က ပိုသာလာရတယ် လို့ ပြောလိုတာ ဖြစ်ပါတယ် ။ ကျနော်တို့ရဲ့ မေးခွန်းအတွက် ကျနော် ဖြေနိုင်တာကတော့ ဒီလောက် ပါပဲ။ ပျော်ရွှင်စွာ ချမ်းသာသုခ ပြည့်စုံ ၍ နိဂုံးချုပ် ကြလေသတည်း -ဆိုတာဟာ အဲ့ဒီ တာဝန်ကို ကိုယ်စီ ( နှစ်ဦးစလုံး ) ဘယ်လောက် ကျေပွန် ကြသလဲ၊ ဘယ်လောက် ထမ်းဆောင် နိုင်ခဲ့ ကြသလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ အဲ့ဒီ အတွက် လျို့ဝှက်ချက် ဆိုတာ မရှိဘူး။ ဒါကြောင့် ခင်ဗျားတို့ ကျနော်တို့ မေးခွန်းဟာလည်း အဓိပ္ပာယ် မရှိဘူး ။ အဆုံးစွန် ဆုံး ပြောနိုင်တဲ့ တစ်ခုက နှစ်ဦးသား ဘဝ ပေါင်းစပ်ထားတဲ့ အိမ်ထောင်ရေး မှာ – တစ်ဦးဦး က လွဲမှားပြီ – တာဝန်ယူမှု ပျောက်ပျက်ပြီ – ဆိုရင်တော့ တခြားတစ်ဦးဟာ ငရဲခံရပြီ လို့သာ မှတ်ရတော့မယ်။ အဲ့ဒါပါပဲ။
……………………….
Ref : OSHO

No comments:

Post a Comment