ICJ ဇာလေးတွေရမယ်နော်
ဈေးသည်တွေအတွက်တော့ အကွက်ပဲ
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label UN. Show all posts
Showing posts with label UN. Show all posts
Wednesday, December 11, 2019
Thursday, December 5, 2019
ကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ်ဘာကြောင့်အနီရောင်အဆင့်သတ်မှတ်သလဲ။ R2P နှင့် မြန်မာနိုင်ငံ
ကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ်ဘာကြောင့်အနီရောင်အဆင့်သတ်မှတ်သလဲ
R2P နှင့် မြန်မာနိုင်ငံ
-----------------------။
R2Pလို့ ခေါ်တဲ့ Responsibilities to Protect ဆိုတာ နိုင်ငံတနိုင်ငံ ရဲ့  အစိုးရ ဟာ ကိုယ့်ပြည်သူတွေကို အကာအကွယ် မပေးနိုင်ဘူးဆိုရင် နိုင်ငံတကာ ဒါမှမဟုတ် ကုလသမဂ္ဂ လုံခြုံရေး တပ်တွေက ၀င်ရောက် တာဝန်ယူပေးခြင်းကို R2P လို့ ခေါ်ပါတယ်။
R2P ကို အဆင့် (၃) ဆင့် ခွဲထားပါတယ်။
၁။ အ၀ါရောင် ၊ စိုးရိမ်ရ၊ စိတ်ပူရတဲ့ နိုင်ငံ။( ရာဇ၀တ်မှု)
၂။ လိမ္မော်ရောင်၊ အကြမ်းဖက်မှု၊ မုဒိန်းမှု၊ နေအိမ် မီးရှို့ မှု၊ မိမိဒေသ အတွင်း လုံခြုံစွာ နေထိုင်လို့မရအောင် ဖန်တီးမှု ၊ (လူသားဆန့်ကျင်မှု)
၃။ အနီရောင်။ လူမျိုးတုံး သတ်ဖြတ်မှု၊ မုဒိန်းမှု၊ မီးရှို့ မှု တို့ ပါဝင်ပါတယ်။ (လူမျိုးတုံး သတ်ဖြတ်မှု)
မြန်မာနိုင်ငံကို အနီရောင် အဆင့် သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် အချက်အလက် ရှာဖွေ ရေးတွေ ဆောင်ရွက်ရမယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး နှင့် ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒ ရေးရာ အရှိက ပြောခဲ့တာဖြစ်ပါတယ်။
အကြောင်းကြောင့် အကျိုး ဖြစ်လာခြင်း။
၁၉ ၈၈ ခုနှစ် လူထု အုံကြွမှု ကြီးအတွင်း နှိမ်နှင်းမှုမှတ်တွေအရ လည်းကောင်း။
ပြည်တွင်းစစ်ပွဲတွေကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးကြရပြီး ထိုင်းနယ်စပ် တလျောက် UN ရဲ့  စောင့်ရှောင့်မှုကို ခံယူခဲ့ရတဲ့ မြန်မာ နိုင်ငံသားတွေဟာ သန်း နဲ့ချီ ရှိခဲ့တဲ့ UN ရဲ့  မှတ်တမ်းတွေအရလည်းကောင်း၊
ကချင်ပြည်နယ်။ ရှမ်းပြည်နယ်များအတွင်း စစ်ပွဲတွေကြောင့် တရုတ်နယ်စပ် နှင့် လုံခြုံရေး အရပ်တွေကို နေရပ်စွန့်ခွာ ပြေးနေဆဲ ဖြစ်တဲ့ အခြေအနေ တွေအရ လည်းကောင်း။
ရခိုင်ပြည်နယ် အတွင်း မြန်မာလုံခြုံရေး တပ်စခန်း တွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့မှုကို နှိမ်နင်းစဉ်အတွင်း ဘင်္ဂလားဒေ့ရ် နိုင်ငံ ထဲသို့ ထွက်ပြေး သွားကြတဲ့ ဘင်္ဂလီ ၆ သိန်းကျော် တို့ ရဲ့ အခြေအနေ အရ လည်းကောင်း။
အထက်ပါ အခြေအနေ အရပ်ရပ်တွေကြောင့် R2P အနီရောင်အဆင့် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
၁၉ ၉ ၃ ခုနှစ် အတွင်းက မြန်မာနိုင်ငံနဲ့ အလားတူ ဖြစ်ရပ်မျိုး တွေ ကြောင့် ကုလသမဂ္ဂလုံခြုံရေး တပ်ဖွဲ့တွေ ဟာ ယူဂိုဆလပ်ဗီးယား၊ ဒါဖိုး နှင့် လစ်ဗျား နိုင်ငံတွေကို R2P ကို အကြောင်းပြပြီး အရေးယူခဲ့ကြပါတယ်။
အချုပ်အခြာ အာဏာ ပိုင်။
အချုပ်အခြာ အာဏာ ဆိုတာ နိုင်ငံတကာ ကွန်ဗန်းရှင်း ပုဒ်မ (၁) မှာတော့
နိုင်ငံ ဆိုသည်မှာ နယ်မြေ ရှိရမယ်။ လူထုရှိရမယ်။ အစိုးရ ရှိရမယ်။ နိုင်ငံတကာ နှင့် ဆက်သွယ်နိုင်စွမ်း ရှိရမယ် လို့ အင်္ဂါ (၄၀) ပြဌာန်းထားပါတယ်။ ဒီ ၄ ရပ်ကို နိုင်ငံတကာက အသိအမှတ်ပြုတဲ့ အခါ အချုပ်အခြာ ပေါ်လာခဲ့ပါတယ်။
ဒီပြဌာန်းချက် မှာ လူထု ဆိုတဲ့ အချက်က အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။ လူထု ရဲ့  အချုပ်အခြာ အာဏာနှင့် လုံခြုံမှုအတွက် အစိုးရ ကိုတာဝန်ပေးတယ်။ အစိုးရက တာဝန် မယူနိုင်တဲ့အခါ နိုင်ငံတကာက ဒီလူထု ရဲ့  လုံခြုံရေး ကို တာဝန်ယူပေးရခြင်းပါပဲ။
ဒီအတွက် နိုင်ငံတကာ က အရေးယူဖို့ အတွက် အချက်အလက် ရှာဖွေရေး ကော်မရှင် ပေါ်လာပါပြီ။ ဒီ ကော်မရှင် ပေါ်ပေါက်လာရခြင်း ရဲ့ အဓိက နိုင်ငံတကာ အဆင့် ပြစ်မှု ၃ ဆင့် ဖြစ်တဲ့
၁။ ရာဇ၀တ်မှု
၂။ လူသား ဆန့်ကျင် မှု
၃။ လူမျိုး တုံး သတ်ဖြတ်မှု
ဒီအဆင့် ၃ ဆင့်အပေါ်မှာ အချက်အလက် ရှာဖွေ စုဆောင်ကြမှာဖြစ်ပါတယ်။
အနီရောင် အဆင့် သတ်မှတ်ရလိုက်ရတဲ့ အကြောင်းရင်းကို ၂ ချက် ဖေါ်ပြထားပါတယ်။
၂၀၁၁ ခုနှစ် ကချင်ပြည်နယ် တိုက်ပွဲအတွင်း နေရပ် စွန့်ခွာ ထွက်ပြေးရမှု နှင့် ၂၀၁၂ ခုနှစ်အတွင်းက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ဘင်္ဂလီ ပြသနာ ၊ ဒီ ၂ ချက် ကို အခြေခံပြီး အဓိက ရှာဖွေ စုဆောင်ရမယ်လို့ ညွှန်ကြားမှုမှာ ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ ခောတ်အဆက်ဆက်က အုပ်ချုပ်ခဲ့တဲ့ စစ်တပ် ရဲ့  ကျူးလွန်ခဲ့တဲ့ ပြစ်မှု မှတ်တမ်းတွေ ဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်။ ကချင်၊ ရှမ်း စတဲ့ တိုက်ပွဲ ဖြစ်ပွားရာ ဒေသ တွေအလိုက် အ၀ါရောင်၊ လိမ္မော်ရောင် တို့ကို အဆင့်ဆင့် သတ်မှတ်ခဲ့ကြပြီး နောက်ဆုံး အဆင့် အနီရောင်ကိုတော့ မကြာခင်ကမှ သတ်မှတ်ပြီး အချက်အလက် ရှာဖွေစုဆောင်းရေး ကော်မရှင် ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
Khant Ko(သြစီ)Ko
Friday, May 17, 2019
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေအနက် ၂ သိန်းခွဲကို ကုလအသိအမှတ်ပြုကပ်ပြားထုတ်ပေးပြီ
![]() |
| ရိုဟင်ဂျာ မိသားစုတစု |
တချိန်ကျရင် မြန်မာနိုင်ငံကို ကိုယ့်သဘောဆန္ဒအရ ပြန်ကြတဲ့အခါ ဒုက္ခသည်တွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးနိုင်ဖို့ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေ အနေနဲ့ လိုအပ်တဲ့ အချက်အလက်တွေ ရနိုင်ဖို့ ၂၀၁၈ ဇွန်လကတည်းက စာရင်းကောက်ယူတဲ့ အစီအစဉ်ကို စတင်ခဲ့ကြောင်းလည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။
အသက် ၁၂ နှစ်အထက် ဒုက္ခသည်တွေကို ထုတ်ပေးတဲ့ အထောက်အထား ကဒ်ပြားတွေမှာတော့ အမည်၊ မိသားစု၊ လက်ဗွေ၊ မျက်စေ့သူငယ်အိမ်မှတ်တမ်း စတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။
UNHCR ကြေညာချက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာ ရိုဟင်ဂျာ ဒုက္ခသည် ၉ သိန်းကျော် ရှိနေပြီး ဒီအထဲက ၇၄၁,၀၀၀ ဟာ ၂၀၁၇ သြဂုတ်လနောက်ပိုင်း မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
၂၀၁၇ သြဂုတ်လတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေရဲ့ နောက်ဆက်တွဲအဖြစ် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြတာပါ။
မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည် လက်ခံမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့အတွက် UNHCR ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နဲ့လည်း သီးခြားလက်မှတ်ရေးထိုး သဘောတူထားပေမယ့် လက်တွေ့ အစီအစဉ်တွေကတော့ အခုအထိ အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Friday, January 25, 2019
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမအောင်မြင်ဘူးလို့ ကုလကိုယ်စားလှယ်ပြော
![]() |
| ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့မှာ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ Photo: AFP |
အခုဆိုရင် မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေးတွေနဲ့ သွေးခွဲခံထားရပြီး၊ လူမျိုးစုတိုင်းရင်းသား တွေဆိုရင် ခွဲခြား ဆက်ဆံခံနေရကြောင်း၊ တိုင်းရင်းသားတွေဟာ ငြိမ်းချမ်းရေးအတွက် ရပ်တည်လုပ်ကိုင် နေကြပေမယ့်လဲ ဗဟိုအစိုးရနဲ့ တပ်မတော်ရဲ့ လွှမ်းမိုးချုပ်ကိုင်တာကို ခံနေရတယ်လို့ မစ္စယန်ဟီးလီ ကပြောပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ တပ်မတော်တို့ တဖွဲ့ချင်းအလိုက် အပစ်ရပ်ထားပေမယ့်၊ တိုင်းရင်းသားအချင်းချင်း စစ်ဖြစ်နေသလို၊ အရပ်သားတွေ မလုံခြုံတာ၊ မတည်ငြိမ်တာတွေ၊ တောက်လျှောက်ဖြစ်နေပြီး စိုးရိမ်စရာကောင်းတယ်လို့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်နေတဲ့အပြင်၊ အရပ်သားတွေကို အကူအညီပေးနေတဲ့ အဖွဲ့တွေကို သွားလာဆောင်ရွက်ခွင့် မပြုတာက ပိုပြီးစိုးရိမ်စရာဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ပွဲတချို့နဲ့ ကယားပြည်နယ်မှာ မြန်မာ့တပ်မတော်က အခြေစိုက်စခန်းသစ်တွေ ဆောက်နေတာကိုလဲ မစ္စယန်ဟီးလီက ထောက်ပြပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက် ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကိုပြန်ဖို့ တော်တော်နဲ့ မဖြစ်နိုင်သေးဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့ခရီးစဉ်အပြီး ဒက္ကာမြို့မှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စယန်ဟီးလီက ပြောလိုက်ပါတယ်။ မြန်မာဘက်မှာ ကျန်နေတဲ့ ရိုဟင်ဂျာတွေအားလုံး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးအောင် လုံခြုံရေး တပ်ဖွဲ့တွေက ဖိအားပေးနေတယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာ ၄ ထောင်ကျော် နေထိုင်နေတဲ့ zero line လို့ခေါ်တဲ့ နှစ်နိုင်ငံနယ်ခြားကို သွားရောက်လေ့လာခဲ့ရာမှာ၊ ရိုဟင်ဂျာတွေကြောက်လှန့်အောင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်ထောင်ဖောက်တာတွေ၊ မြန်မာနိုင်ငံသား မဟုတ်တဲ့အတွက် မြန်မာပိုင်နက်ထဲကနေထွက်သွားကြဖို့ အသံချဲ့စက်နဲ့ ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေအနေနဲ့ ဒုက္ခသည်ပြန်ပို့ရေးကိစ္စမှာ စိတ်ရှည်သည်းခံပြီး သတိထားဖို့၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့နဲ့၊ ဒုက္ခသည်တချို့ကို ဘာဆန်ချာကျွန်းပေါ် နေရာရွှေ့ပြောင်းမယ့် အစီအစဉ်ကို အလျင်စလို မလုပ်ဖို့လည်း မစ္စယန်ဟီးလီက ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
မစ္စယန်ဟီးလီဟာ၊ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာပြီး၊ လာမယ့် မတ်လ ကျရင် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်စီမှာ အစီရင်ခံစာ တင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်မရတဲ့အတွက် ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ၁၁ ရက်ကြာသွားပြီး မြန်မာနိုင်ငံက ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese
Wednesday, January 23, 2019
မစ္စယန်ဟီးလီ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ
![]() |
| ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်စလင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို တွေ့ရစဉ် / Photo - Khin Mg |
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ကိစ္စ၊ ဒုက္ခသည်ပြန်လည်လက်ခံရေးကိစ္စနဲ့ ကုလသမဂ္ဂမဟာမင်းကြီးများရုံးနဲ့ မြန်မာအစိုးရတို့ရဲ့ သဘောတူညီမှုယူထားတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံခဲ့တဲ့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
မစ္စယန်ဟီးလီက ဘင်္ဂလားဒေ့ရှ်အစိုးရ နဲ့ ကုလသမဂ္ဂမဟာမင်းကြီးများရုံးနဲ့ တွေဆုံပြီး ရိုဟင်ဂျာဒုက္ခသည်တွေအရေးကို ဆွေးနွေးသွားမယ်လို့ ပြန်လည်ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။
မြန်မာနိုင်ငံကို ပြည်ဝင်ခွင့် အပိတ်ခံထားရတဲ့ မစ္စယန်ဟီးလီဟာ အရပ်သားတွေကို ထိခိုက်မယ့် ကြမ်းတမ်းမှုတွေကို တပ်မတော်နဲ့ AA အဖွဲ့တို့ မလုပ်သင့်ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောလိုက်ပါတယ်။
ဒါ့အပြင် ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေကို လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေ သွားရောက်ခွင့်မပေးတဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်းပြင်ပြီး အားလုံးကို သွားခွင့်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။
RFA Burmese
https://www.rfa.org/burmese
ကုလအထူးကိုယ်စားလှယ် ရခိုင်ရောက်ရှိနေချိန်နှင့်ကိုက်ပြီး မောင်တောတွင် မီးရှို့မှု ဖြစ်ပွား
![]() |
| (ဓာတ်ပုံ- မောင်တောခရိုင်မီးသတ်ဦးစီးဌာန) |
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christime Schraner Burgener ရခိုင်ပြည်နယ်သို့ ရောက်ရှိနေချိန်နှင့် ကိုက်ပြီး မောင်တောမြို့နယ်၊ ငါးခူရ ကျေးရွာအုပ်စု၊ အလယ်ရွာတွင် မီးရှို့မှု တစ်ခု ယမန်နေ့ ည ၉ နာရီကျော်က ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
ထိုသို့မီးရှို့မှုကြောင့် ဘင်္ဂလီလူမျိုး နှစ်ဦးပိုင်သည့် ဓနိမိုး၊ ၀ါးထရံကာ၊ မြေစိုက် အိမ်နှစ်လုံး မီးလောင်ဆုံးရှုံးသွားသည်ဟု သိရသည်။
ဖြစ်ပွားပုံမှာ ဇန်န၀ါရီ ၂၂ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က မောင်တောမြို့နယ်၊ ငါးခူရအုပ်စု၊ အလယ်ရွာ၊နေ ရော်ဖီ(ဘ) နူရ်အာလောင် နေအိမ်အား မသမာသူများမှ မီးရှို့ခဲ့ကြောင်း၊ ထိုသို့ မီးရှို့သဖြင့် ၎င်းအိမ်နှင့် ဘေးကပ်လျက်ရှိသော ဖော်ရိတ်၏ နေအိမ်သို့ မီးကူးစက်လောင်ကျွမ်း၍ နေအိမ်(၂)လုံး မီးလောင် ကျွမ်းခဲ့ကြောင်း၊ မီးလောင်ဆုံးရှုံးမှုတန်ဖိုး (၇၀၀၀၀) ခန့် မီးလောင်ဆုံးရှုံးကြောင်း မောင်တောခရိုင် မီးသတ် ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
![]() |
| (ဓာတ်ပုံ- မောင်တောခရိုင်မီးသတ်ဦးစီးဌာန) |
မောင်တောခရိုင် မီးသတ်တပ်ဖွဲ့မှ မီးသတ်ကားများဖြင့် ၀ိုင်းဝန်း ငြိမ်းသတ်ရာ ည ၉ နာရီ ၁၅ မိနစ် အချိန် စလောင်ခဲ့သော မီးအား ၉ နာရီ ၄၅ မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီ အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်ဟု ဆိုသည်။
မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း လူ နှင့် တိရိစ္ဆာန်များအား ထိခိုက်မှု မရှိကြောင်း၊ နေအိမ် မီးရှို့ခဲ့သူ (စုံစမ်းဆဲ)အား ငါးခူရနယ်မြေရဲစခန်းမှ ပ- ၃/၂၀၁၉ ၊ ပုဒ်မ- ၄၃၆ ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်မီးသတ် ဦးစီးဌာနသတင်းအရ သိရှိရသည်။
သိန်းဇော်(မောင်တော)
Narinjara
https://www.facebook.com/Narinjara
Thursday, January 3, 2019
လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်သစ် ငါးနိုင်ငံခန့်အပ်
![]() |
| လုံခြုံရေးကောင်စီ စည်းဝေးပွဲခမ်းမ မြင်ကွင်း။ |
ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ အင်ဒိုနီးရှားနဲ့ တောင်အဖရိကနိုင်ငံတွေလည်း ၂ နှစ်တာ အလှည့်ကျ အဖွဲ့ဝင်တွေအဖြစ် စတင် တာဝန် ထမ်းဆောင်ကြတော့မှာ ဖြစ်ပါတယ်။ အဖွဲ့ဝင်သစ် ၅ နိုင်ငံစလုံးအတွက် အဖွဲ့ဝင်ဖြစ်ကြောင်း အသိအမှတ်ပြုတဲ့ အခမ်းအနားကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပြီး လုံခြုံရေးကောင်စီ ခမ်းမရဲ့ ပြင်ပမှာ အဲဒီ ၅ နိုင်ငံရဲ့ အလံတွေကိုလည်း စိုက်ထူလိုက်ပြီ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ကုန်ဆုံးသွားတာနဲ့အတူ အရင်က အလှည့်ကျတာဝန် ထမ်းဆောင်ခဲ့ကြတဲ့ ဘိုလီးဗီးယား၊ အီသီယိုးပီးယား၊ နယ်သာလန်၊ ခါဇတ်ခ်စတန်နဲ့ ဆွီဒင်နိုင်ငံတို့ရဲ့ သက်တမ်း ကုန်ဆုံးသွားခဲ့တာပါ။
အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ လုံခြုံရေးကောင်စီဟာ ကုလသမဂ္ဂမှာ သြဇာအရှိဆုံးဌာန ဖြစ်ပါတယ်။ တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စုတို့ကတော့ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေဖြစ်ကြပြီး ဗီတိုအာဏာ သုံးခွင့်ရှိတဲ့ ၅ နိုင်ငံလည်း ဖြစ်ပါတယ်။
တခြား လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကိုတော့ ၂ နှစ်စီ၊ အလှည့်ကျ တာဝန်ထမ်းဆောင်ဖို့ ဒေသအလိုက် အချိုးအစား ညီမျှအောင် စီစဉ်ပြီး အဖွဲ့ဝင် ၁၉၃ နိုင်ငံက အထွေထွေ ညီလာခံမှာ မဲခွဲ အတည်ပြုပေးကြတာ ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီ အလှည့်ကျ အဖွဲ့ဝင် ဖြစ်ရေးအတွက် နိုင်ငံတိုင်းက လိုလားကြတာကြောင့် တိုင်းပြည်တချို့က သူတို့ကို ရွေးချယ်ဖို့ နှစ်အတန်ကြာ မဲဆွယ် စည်းရုံးတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။
VOA (မြန်မာပိုင်း)
https://burmese.voanews.com
Friday, December 7, 2018
နိုင်ငံတကာအန်ဂျီအိုများ၏ စားစရိတ်နှင့်အသုံးစရိတ်စကများက ဘင်္ဂလီဒုက္ခသည်များကို ကူညီငွေထက် များပြားနေ
နိရဉ္စရာ၊ ဒီဇင်ဘာ ၇
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရောက်ရှိနေကြသော မြန်မာမှ နေရပ်စွန့်ခွာ ဘင်္ဂလီများအတွက် အလှူငွေများအနက် အတော်များများကိုနိုင်ငံတကာ အန်ဂျီအိုများ(INGOs) စားစရိတ်နှင့် အသုံးစာရိတ်စကများအဖြစ် သုံးစွဲနေကြဟု လေ့လာသူများကပြောသည်။
အချို့ ကိစ္စရပ်များတွင်၊ ကော့ဘဇား(Cox's Bazar) ရှိ နိုင်ငံတကာအင်ဂျီအိုများ (INGOs) ၏ စားစရိတ်များနှင့် အသုံးစာရိတ်စကများသည် လူသားချင်းစာနာထောက်ထားမှုအစီအစဉ်၏ လိုအပ်ချက်ထက် ၅ ဆပိုပြီး၊ ပြဿနာမှာ နိုင်ငံတကာ အင်ဂျီအို များ (INGOs) များ၏ စားစရိတ်စားခများ၊ အသုံးစရိတ်များမှာ ပွင့်လင်းမြင်သာမှု မရှိခြင်းပင် ဖြစ်သည်ဟုဆိုသည်။
အောက်(စ်)ဖမ်း (OXFAM) ၏မိတ်ဖက်ဖြစ်သော ပင်လယ်ကမ်းခြေနှင့်ဆိုင်သောလူမှုရေး အသွင် ပြောင်းလဲခြင်းရံပုံငွေအဖွဲ့  (COAST) က ဒက္ကားမြို့ CIRDAP ညီလာခံ ခန်းမ စားပွဲဝိုင်းဆွေးနွေးပွဲတွင် ၄င်းတို့ ၏လေ့လာတွေ့ ရှိချက်များကို ဖွင့်ဟပြောဆိုခဲ့သည်။
၎င်း၏လေ့လာသုံးသပ်ချက်များသည်ဒေသခံအန်ဂျီအို ၄၂ဖွဲ့ နှင့် နိုင်ငံတကာအန်ဂျီအို ၁၉ဖွဲ့ သို့ မဟုတ် ကုလသမဂ္ဂအဖွဲ့အစည်းများအား မေးမြန်းစုံစမ်းလေ့လာချက်များအပေါ်တွင်အခြေခံ၍ပြုစုထားခြင်း ဖြစ်ပါသည်။
စားပွဲဝိုင်းဆွေးနွေးပွဲတွင်တက်ရောက်သူများကတာဝန်ရှိသူများအနေနှင့်ရံပုံငွေများကို ဒေသခံအန်ဂျီအို များထံတိုက်ရိုက်လက်ခံရရှိစေရန်တောင်းဆိုကြပြီး၊နိုင်ငံတကာအန်ဂျီအိုများမှတဆင့်ပေးချေနေခြင်းများကို ကန့် ကွက် ကြသည်။ သို့ မှသာလျှင်လူသားချင်းစာနာထောက်ထားမှုများကိုတုန့် ပြန်ရာတွင် အခြား ကုန်ကျစားရိတ်များကိုလျှော့ချနိုင်မည့်အပြင်၊ ကုလသမဂ္ဂအဖွဲ့ များနှင့်၂၀၁၆ခုနှစ်တွင် လက်မှတ် ရေးထိုးထားသော ဂရန်းဘာဂင် (Grand Bargain) ကတိကဝတ်များနှင့်လည်းကိုက်ညီမည် ဖြစ်သည်ဟု ထောက်ပြပြောဆိုကြသည်။
ပင်လယ်ကမ်းခြေနှင့်ဆိုင်သောလူမှုရေး အသွင် ပြောင်းလဲခြင်းရံပုံငွေအဖွဲ့ COAST ၏ (ပညာရေးနှင့် အစားအစာလုံခြုံစိတ်ချရရေး) လက်ထောက်ညွှန်ကြားရေးမှူး Mujibul Haque Munir က အစိုးရ၊ နိုင်ငံတကာ အန်ဂျီအိုများ (INGOs) ၊ ကုလသမဂ္ဂအဖွဲ့ များ၏ အထင်အရှားရှိနေသည့် မြင့်မားလွန်းလှသည့် ကုန်ကျစာရိတ်များ အကြောင်းကို သူ၏ စာတန်းတွင် ပြုစု တင်သွင်းခဲ့သည်။
ကော့ဘဇားရှိ နိုင်ငံတကာအင်ဂျီအိုများ (INGOs) များတွင် မှတ်ပုံတင်ထားသူ/ မှတ်ပုံမတင်ထားသူ စုစုပေါင်း နိုင်ငံခြားသား ၃၀၀၀ နီးပါးလုပ်ကိုင်နေကြသည်။ နိုင်ငံခြားသား အကူအညီ ပေး ရေးလုပ်သားများ အနေဖြင့် ပျှမ်းမျှတစ်နေ့လျှင် တာကာ ၂၅၀၀၀ (မြန်မာကျပ် ၁၅၀၀၀၀) ကို ပုံမှန်လစာ အဖြစ် ရရှိနေကြပြီး ၎င်းအပြင် နေ့ တွက်စား ရိတ်အဖြစ်ရရှိကြသည်ဟု ဆိုသည်။ ၎င်းဝန်ထမ်းများအတွက် စုစုပေါင်း တနေ့ လျှင် တာကာ ၂ ကုဋေ အသုံးပြုနေကြသည်။
ယင်းကုန်ကျစားရိတ်သည် ဒေသခံ အင်ဂျီအိုများ၏ စားရိတ်စားကများထက်၅ဆပိုများနေကြောင်း Munir က သည်ဒေးလီးစတား (The Daily Star) ကိုပြောပါသည်။
ဤလေ့လာတွေ့ ရှိချက်သည်၊ ကော့ဘဇား (Cox's Bazar) တွင် လွန်ခဲ့သည့် တနှစ်က ၊ဝန်ထမ်းလေး ၃ - ၄ ယောက်နှင့်လာရောက်လုပ်ကိုင်နေသောနိုင်ငံတကာအင်ဂျီအို(INGO) ၏လုပ်ဆောင်ချက်များ၊ အခြေအနေ များအပေါ်တွင်အခြေခံထားပါသည်။
တွက်ချက်မှု တခုတွင်၊တခုသောနိုင်ငံတကာအင်ဂျီအို(INGO) သည်၊၄င်းအကောင်အထည်ဖေါ်ရမည့် လုပ်ငန်းတွင်၁၈ ရာခိုင်နှန်းသာသုံးစွဲပြီး၊ ၄င်းအင်ဂျီအို (INGO) ၏ စားရိတ်စားကများ နှင့်အသုံးစာရိတ် များအတွက် ၈၂ ရာခိုင်နှုန်းသုံးစွဲခဲ့ကြောင်းသိရှိရသည်။
ဤကဲ့သို့  သော ဖြစ်စဉ်၊ဖြစ်ရပ်များသည်၊ထိုဒေသရှိ နိုင်ငံတကာအန်ဂျီအိုများ (INGOs) အများ အားဖြင့်အတူတူပင်ဖြစ် ကြပါသည်။
နိုင်ငံတကာအင်ဂျီအိုများ(INGOs) ၏ စုစုပေါင်းရံပုံငွေတောင်းခံခြင်းသည် တာကာ ၅.၅၅ ကုဋေ ဖြစ်ပါသည် ဟု အမည်မဖေါ်လိုသူက သည်ဒေးလီးစတား (The Daily Star) ကိုပြောသည်။
ယခုနှစ်ဇန်နဝါရီလမှစ၍၊အလှူရှင်များထံမှအမေရိကန်ဒေါ်လာ ၆၈၂ သန်းရရှိ ခဲ့ ပြီး ၊ဘင်္ဂလီမိသားစု တစ်စု အတွက်ဒေါ်လာ ၃၂၈၄ နှင့်ညီမျှပါသည်။ နိုင်ငံတကာအင်ဂျီအိုများ (INGO) များ၊ကုလသမဂ္ဂအဖွဲ့  အစည်းများ၏ စီမံကိန်း များ၏ ၇၅ ရာခိုင်နှုန်းမှာ ဒေသခံအင်ဂျီအိုများ ၊ အမျိုးသား အင်ဂျီအိုများမှ အ ကောင် အထည်ဖေါ်ဆောင်ရွက်ကြသည်ဟုလေ့လာတွေ့ ရှိချက်များကဆိုပါသည်။
နိုင်ငံတကာအင်ဂျီအိုများ (INGOs) သည်၎င်းတို့ ၏ ငွေ အမြောက်အများကိုသယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများတွင်လည်းသုံးစွဲလျှက်ရှိဟုဆိုသည်။
အစီရင်ခံစာများတွင်ဖေါ်ပြပါရှိခဲ့သည့်အတိုင်း၊နေ့ စဉ်နှင့်အမျှ ကော့ဘဇား (Cox's Bazar) မှ ဘင်္ဂါလီစခန်းများသို့ ကားစီးရေ ၅၄၅ စီး မှ ၅၇၅ စီး လုပ်ရှားသွားလာမှုများရှိခဲ့ရာ ငွေကုန်ကြေးကျများသည် သာမက၊ ဒေသခံကလေးများနှင့် လူငယ်လေးများကိုပါကျောင်းထွက်စေခဲ့သည့်အကြောင်းတရပ် လည်းဖြစ်ပါသည်။
ဖေါ်ပြပါ နိုင်ငံတကာအင်ဂျီအိုများ (INGOs) ၏ စားရိတ်စားကများ၊အသုံးစာရိတ်များလျှော့ချရန်ချာတာဖေါ်ချိန်း (C4C) ကိုလက်ခံဆောင်ရွက်ရန်သဘောတူညီကြပါသည်။ ယင်းတို့ ၏သဘော ထားမှာ လူသားချင်းစာနာထောက်ထားမှုများကိုတုန့် ပြန်ရာတွင်၊၄င်းတို့ ၏နိုင်ငံသားများ ပိုမိုပါဝင် စေပြီး၊ဒေသခံများဦးဆောင်သောလူသားချင်းစာနာထောက်ထားမှု စံနစ်သို့ ပြောင်းလဲရန်ဖြစ်ပါသည်။
၎င်းအပြင်၊နိုင်ငံတကာအင်ဂျီအိုများ (INGOs) ၊ကုလသမဂ္ဂအဖွဲ့ အစည်းများသည်၎င်းတို့ လက်မှတ် ရေးထိုး ထားသော ဂရန်းဘာဂင်(GB) သဘောတူညီချက်အရ၊ ရံပုံငွေ ပွင့်လင်းမြင်သာမှု နှင့်အခြား ကုန်ကျ စားရိတ်များကိုလျှော့ချနိုင်ရေးအတွက်ဒေသခံအင်ဂျီအိုများ၊ဒေသခံအစိုးရအဖွဲ့ အစည်းများ နှင့်ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ရန် နည်းလမ်းများကိုစဉ်ဆက်မပြတ်ရှာဖွေနေကြရပါသည်။
မည်သို့ ပင်ဆိုစေကာမူ၊ နိုင်ငံတကာအင်ဂျီအိုများ (INGOs) သည် ချာတာဖေါ်ချိန်း (C4C) နှင့် ဂရန်းဘာဂင် (GB) ကိုလိုက်နာခြင်းမရှိဘဲ၊ ဒေသခံ အင်ဂျီအိုများအဆိုအရ၊ နိုင်ငံတကာအင်ဂျီအိုများ (INGOs)သည် ဒေသခံအင်ဂျီအိုများအားပေးရန်ရှိသော ရံပုံငွေများကိုပေးချေရန်ပျက်ကွက်ကြပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Nahida Sobhan က နေရပ်စွန့် ခွါ ဘင်္ဂါလီများသည် ၊မိမိတို့ သဘောဆန္ဒအရ၊ဘေးကင်းလုံခြုံစိတ်ချစွာ၊နေရပ်ပြန်ရေးသည်၊ကျွန်ပ်တို့ အစိုးရ၏ ပန်းတိုင်ပင်ဖြစ်ပါသည်ဟု ၄င်း၏မိန့် ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ပါသည်။
လူသားချင်းစာနာထောက်ထားမှုများကိုတုန့် ပြန်ရာတွင်ဒေသခံအင်ဂျီအိုများနှင့်ပူးပေါင်းညှိနှိုင်းဆောင် ရွက်ကြရန်အထူးပင်လိုအပ်ပါကြောင်း ၄င်းကပြောပါသည်။
ဒေသခံအင်ဂျီအိုများရေးရာဗျူရို ၏ ညွှန်ကြားရေးမှူးချုပ် KM Abdus Salam က၊ ဤလေ့လာတွေ့ ရှိ ချက်သည်၊မည်မျှ မှန်ကန်ကြောင်း၊မေးခွန်းထုတ်ခဲ့သလို၊ COAST ၏ ကြိုးပမ်းမှုကိုလည်းချီးကျူးခဲ့ပါ
သည်။
၎င်းကပင်၊ယခုကဲသို့ လေ့လာသောလုပ်ငန်းစဉ်သည်၊ကျွမ်းကျင်အတတ်ပညာရှင်များနှင့် မိတ်ဆွေ သဘော၊ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရမှာဖြစ်ပြီး၊တဘက်သားကိုမထိခိုက်စေဘဲ ၊အနှုတ်လက္ခဏာ
သဘောမသက်ရောက်စေဘို့ ပြောပါသည်။ နိုင်ငံတကာနှင့်ဒေသခံအင်ဂျီအိုများအကြား၊ရင်ဆိုင်နေကြ ရသော၊ ပြည်တွင်း၌ဖြစ်သော ပြဿနာကို ဝါသနာစရိုက်တူ၊အကြိုက်တူသော၊အကျိုးသက် ရောက်စေ သော၊မိသားစုသဘော၊ရင်ဆိုင်ဖြေရှင်းကြရန်ကိုကျွန်ပ်အနေနဲ့ အားလုံးကိုအနူးအညွတ်တောင်းဆိုလို ပါသည်ဟုပြောပါသည်။
ကျွန်ပ်တို့ ၏နိုင်ငံသားများ၊ဒေသခံအန်ဂျီအိုများသည်ဘင်္ဂလီများအရေးကိုတုန့် ပြန်စီမံဆောင်ရွက်နိုင်ရန်ကျွမ်းကျင်မှုနှင့် စွမ်းရည်ပါရှိကြောင်း၎င်းကပြောပါသည်။
အန်ဂျီအိုများသည်လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ထက်မပိုစေဘဲ၊ ဘင်္ဂလာဒေ့ရှ် အစိုးရ၏ နေရပ်ရင်းပြန်ပို့ ရေးဆုံးဖြတ်ချက်များကိုမဆန့် ကျင်ကြရန် ၄င်းကတိုက်တွန်းပါသည်။
ကျွန်ပ်တို့ သည်လူသားချင်းစာနာထောက်ထားမှု များကိုတုန့် ပြန်ရာတွင်ပါဝင်သူအားလုံး ကို လေးစား စွာဆက်ဆံသင့်ကြောင်း၊ ကျွန်ပ်တို့ ၏ ရှေ့ ဆက်လျှောက်လှမ်းရမည့်ခြေလှမ်းနှင့်၊ ဖွံ့ဖြိုးမှုများကိုဆောင် ရွက်ရာတွင် နူးညံ့သိမ်မွေ့ စွာပူးပေါင်းဆောင်ရွက်ရမည်ဟုကုလသမဂ္ဂ ဌာနေညှိုနှိုင်းရေးမှူး Mia Seppo ကပြောပါသည်။
ကျွန်ပ်တို့ သည် ဒုက္ခသည်များ၏အခြေအနေပိုမိုကောင်းမွန်လာစေရန်နှင့်၎င်းတို့ နိုင်ငံသို့  ပြန်နိုင်ရန် မြန်မာနိုင်ငံအစိုးရနှင့် လုပ်ကိုင်ဆောင်ရွက်ရပါမည်ဟု UNHCR ၏ ဌာနေကိုယ်စားလှယ် Papa Kysma Sylla ကပြောပါသည်။
ကျွန်ပ်တို့ သည်ဂရန်းဘာဂင်(GB) သဘောတူညီချက်ကိုအားလုံးလက်ခံကြပြီး၊ ဒေသတွင်း ပြဿနာ အဖြစ်လက်ခံဖြေရှင်းကြရန် Concern Worldwide ၏ ဌာနေညွှန်ကြားရေးမှူး AKM Musha ကပြောပါ သည်။
ဤလုပ်ငန်းစဉ်တွင်အလှူရှင်များသည်အဓိကအခန်းကဏ္ဍကပါဝင်ပြီး ၊ နိုင်ငံတကာအင်ဂျီအိုများ (INGOs) သို့ မဟုတ် ကုလသမဂ္ဂအဖွဲ့ အစည်း များမဟုတ်ပါကြောင်း၊ ကျွန်ပ်တို့ သည် ၄င်းတို့ အချင်းချင်း ပူးပေါင်းဆောင်ရွက်လာနိုင်အောင်မည်ကဲ့သို့ လက်တွေ့ စီစဉ်ဆောင်ရွက်ပေးသင့်သည်ကို တိုင်ပင် ဆွေးနွေးကြရန်လိုအပ်ပါသည်ဟု Musha ကပြောပါ သည်။
၎င်းစားပွဲဝိုင်းဆွေးနွေးပွဲကို နိုင်ငံတော်အဓိကအတွင်းဝန်ဟောင်းနှင့် PKSF ၏ ဦးဆောင်ညွှန်ကြားရေး မှူး Abdul Karim ကသဘာပတိအဖြစ်ဆောင်ရွက်ပြီး၊အောက်(စ်)ဖမ်း (OXFAM) အင်တာနေရှင်နယ်မှ Anita Kattakuzhy ၊ ကော့ဘဇား (Cox's Bazar) လူထုအခြေပြုအဖွဲ့ အစည်း၊ ဒေသခံအင်ဂျီအို များဖေါ်ရမ် (CCNF) မှ Abu Morshed Chowdhury တို့ မှလည်းအခြားသူများနှင့်အတူပါဝင်၊တိုင်ပင် ဆွေးနွေးကြပါသည်။
"INGOs Spending on Rohingyas_Translated version _CKK_5.12.2018"
ချစ်ကိုကိုဘာသာပြန်သည်။
Narinjara
https://www.facebook.com/Narinjara
Thursday, November 15, 2018
မြန်မာ့အရေး မဲခွဲဆုံးဖြတ်မယ့် ကုလအစည်းအဝေး
![]() |
| ၂ဝ၁၈ နိုဝင်ဘာလ ၂ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး ကျင်းပစဉ်။ |
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး၊ ခွဲခြားဆက်ဆံမှုတွေအဆုံးသတ်ဖို့နဲ့ နိုင်ငံသားဖြစ်ခွင့်ပေးရေး တိုက်တွန်းထားတဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူကြမ်းကို ဒီကနေ့ ကြာသပတေးနေ့မှာ နောက်ဆုံးအဆင့် မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးအကဲခတ်တွေကတော့ မြန်မာဘက်က ရှုံးနိမ့်နိုင်တယ်လို့ သုံးသပ်နေကြတာပါ။ နိုဝင်ဘာလ ၁၃ ရက်နေ့က ဒီဆုံးဖြတ်ချက်မူကြမ်းအပေါ် အကြိုမဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၁၁၁ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေမဲ ၆၅ မဲနဲ့ အတည်ပြုခဲ့ပါတယ်။
အကြိုမဲခွဲဆုံးဖြတ်မှုမှာ တရုတ်နိုင်ငံက ထောက်ခံမဲပေးခဲ့တာကို တွေ့ရပြီး ဂျပန်၊ အမေရိကန်၊ သြစတြေးလျနဲ့ ကနေဒါအပါအဝင် ဥရောပနိုင်ငံအတော်များများက ကြားနေမဲပေးခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ တတိယကော်မတီအစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေအပြင် သေဒဏ်ပယ်ဖျက်တဲ့ အဆိုပြုချက်မူကြမ်းနဲ့ ကြေးစားစစ်သားအသုံးပြုမှု အဆိုပြုချက်မူကြမ်းတွေလည်း မဲခွဲဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာကိုယ်စားလှယ်သံမှူးကြီး ဦးရဲမင်းသိန်းကတော့... ဒီသုံးချက်စလုံးကို ကန့်ကွက်ကြောင်း အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံအပေါ် အဆိုပြုချက်တွေမှာ ဘက်လိုက်ပြီး တဘက်သတ် တင်ပြချက်တွေ ပါဝင်နေတဲ့အတွက် ၃ ချက်စလုံးကို ကန့်ကွက်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ကန့်ကွက်မဲ ပေးခဲ့တာဖြစ်ပါတယ်။ အမှတ် ၅၆ အဆိုပြုချက်မူကြမ်းကို မြန်မာနိုင်ငံက ကန့်ကွက်တဲ့အကြောင်း အစည်းအဝေးမှတ်တမ်း တင်လိုပါတယ်”
ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ တချို့နိုင်ငံတွေရဲ့ ကြိုးကိုင်ချယ်လှယ်တာကို ခံနေရတယ် လို့လည်း မြန်မာသံမှူးကြီး ဦးရဲမင်းသိန်းက ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အဆိုပြုချက် မူကြမ်းမှာ ထည့်သွင်းထားတဲ့ အချက် ၃ ချက်မှာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါဝင်နေပြီး၊ သမာသမတ်ကျမှုနဲ့ တရားမျှတမှုလည်း မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကို ဝင်ရောက် စွက်ဖက်ရာရောက်သလို၊ အဆိုပြုချက် မူကြမ်းတိုင်းမှာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ထောက်ခံမှုကို လည်း မတွေ့ခဲ့ရပါဘူး”
အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦးမင်းလွင်ဦးကတော့… ကုလသမဂ္ဂရဲ့ အဆိုပြုချက်တိုင်းမှာ အရေးယူဆောင်ရွက်ချက် မပါတဲ့အတွက် ထိရောက်မှုတော့ မရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်။
“UN resolution တွေ ဆုံးဖြတ်တိုင်း ဆုံးဖြတ်တိုင်းမှာ စည်းနှောင်အားရှိတယ် - မရှိဘူးဆိုတာက အဓိက ကျပါတယ်။ အဲတော့ ကျနော်တို့ ၈၈ နောက်ပိုင်း ကျောင်းသားကိစ္စရပ်တွေ ဖြစ်တဲ့အခါမှာ နောက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ ၁၉၈၈ နောက်ပိုင်းတွေမှာ စစ်တပ်က ကျူးလွန်တဲ့ ထိုးစစ်တွေအပေါ် resolution တွေကတော့ ချတာပဲဗျ UN က။ ဒါပေမဲ့ စည်းနှောင်အား မရှိတဲ့အခါကျတော့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်လို့ မရတာတွေ၊ တွေ့ရတယ်။ စည်းနှောင်တဲ့ ဆုံးဖြတ်ချက်မျိုး မဟုတ်တဲ့အခါကျတော့ ဒီဥစ္စာက ထိရောက်မှု မရှိဘူး။ အဲတော့ ကျနော်တို့က ဒီဆုံးဖြတ်ချက်ကို စိုးရိမ်လားဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံ အတွက် ချတဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် စိတ်တော့ မကောင်းဘူးပေါ့ဗျာ။ ဒါပေမဲ့ စိုးရိမ်မှုတော့ မရှိဘူး”
အခုဆုံးဖြတ်ချက်မူကြမ်းကို နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တဲ့ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၊ EU ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအဆိုပြုခဲ့တာ ဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org
Friday, September 7, 2018
မြန်မာအစိုးရကို ICC တင်ဖို့ နီးစပ်လာပြီလား
![]() |
| လုံခြုံရေး တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းမှုတွေ လုပ်ခဲ့တာကြောင့် လူသိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတယ်လို့ ဆို |
မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် မဟုတ်တာကြောင့် ဒီကိစ္စကို စစ်ဆေးပိုင်ခွင့် ရှိမရှိ ဆုံးဖြတ်ပေးဖို့ ICC အမှုလိုက် ရှေ့နေချုပ်က တောင်းဆိုထားတဲ့ အပေါ် တရားသူကြီး ၃ ဦးပါ အဖွဲ့က အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ICC အဖွဲ့ဝင် နိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းအထိ နယ်စပ် ဖြတ်ကျော် ဖြစ်ပွားတဲ့ ကိစ္စ ဖြစ်တယ် ဆိုတဲ့အချက်ကို ကိုင်စွဲပြီး အခုလို ဆုံးဖြတ်လိုက်တာပါ။
ဒါ့အပြင် လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုး အဖြစ် စွပ်စွဲချက် ရှိလာရင် ICC အနေနဲ့ စစ်ဆေးပိုင်ခွင့်ကို နိုင်ငံတကာ ဥပဒေက ခွင့်ပြုထားတယ် ဆိုပြီး ICC ရဲ့ ထုတ်ပြန် ချက်ထဲ ဖော်ပြ ထားပါတယ်။
ဒီကိစ္စကို စွဲချက်တင် စစ်ဆေးနိုင်ရေးမှာ အထောက်အထား ပြည့်ပြည့်စုံစုံ ရှိမရှိ ဆိုတာကို နောက်ထပ် စစ်ဆေးဖို့ကတော့ လမ်းပွင့်သွားပြီ ဖြစ်ပါတယ်။
ICC တင်ဖို့ ဖြစ်လာတဲ့ အစ
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရဲကင်းစခန်း ၃၀ လောက်ကို အာဆာ လက်နက်ကိုင်အဖွဲ့က စီးနင်း တိုက်ခိုက်ခဲ့အပြီး တပ်မတော်က နယ်မြေ ရှင်းလင်း စစ်ဆင်ရေးတွေ လုပ်ခဲ့တဲ့အတွက် ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းကို ထွက်ပြေး ခိုလှုံခဲ့ကြတာပါ။
လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုတွေကြောင့် ရိုဟင်ဂျာတွေ ဒီလို ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်ကို "လူအမြောက်အများ အပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှု" အဖြစ် စုံစမ်းစစ်ဆေးသင့် မသင့် ပြီးခဲ့တဲ့ ဧပြီလတုန်းက ICC ရှေ့နေချုပ် Fato Bensouda က တရားသူကြီးတွေကို တင်ပြခဲ့ပါတယ်။
![]() |
| ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လူ ၇ သိန်းလောက် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်ကို လူအမြောက်အများအပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် ICC မှာ စစ်ဆေးကြားနာဖို့ အထောက်အထား တင်ပြဖို့ လိုအပ်နေသေး |
မြန်မာ အစိုးရဘက်ကတော့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံ မဟုတ်တဲ့အတွက် ICC ရဲ့ ပြောကြားချက်တွေနဲ့ ဆုံးဖြတ်ချက်ကို ဘာမှ ထည့်သွင်း စဉ်းစား လုပ်ဆောင်စရာ မလိုဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
ICC မှာ ဘယ်တုန်းကမှ စီရင်ထုံး မရှိတဲ့ နိုင်ငံတကာ သဘောတူ စာချုပ်တွေ၊ ကုလသမဂ္ဂ ပဋိညာဉ်တွေနဲ့ မညီတဲ့၊ ထင်ရာ ဆွဲပြီး ငွေအင်အား သော်လည်းကောင်း၊ တခြားအင်အား သော်လည်းကောင်း ကြီးမားတဲ့ သူတွေရဲ့ ဆွဲဆောင် စည်းရုံးမှုနဲ့ မီဒီယာတွေပေါ်မှာ တဘက်သတ် ဖော်ပြပြီး လုပ်နေတာမျိုးကို ဘယ်လိုမှ လက်ခံလို့ မရဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ICC အဖွဲ့ဝင် ဖြစ်လို့ ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံကို ICC က တရား စီရင်နိုင်သလိုမျိုး ကမ္ဘာမှာ ဘယ်နိုင်ငံကိုမှ မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာကို ဖော်ထုတ်ဖို့ မြန်မာအစိုးရက ပြီးခဲ့တဲ့ သြဂုတ်လက ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စ ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး ဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
ICJ နိုင်ငံတကာ ဂျုရီလူကြီးများ ကော်မရှင်ရဲ့ စက်တင်ဘာလ ၇ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို မြန်မာအစိုးရ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့အနေနဲ့ ဖေါ်ထုတ်နိုင်မှာ မဟုတ်ဘူးလို့ ဖေါ်ပြထားပါတယ်။
မြန်မာကို ICC တင်ဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ သဘောထား
ရိုဟင်ဂျာတွေ အလုံးလိုက် အရင်းလိုက် ဝင်လာတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက ICC က ဘင်္ဂလားဒေ့ရှ် အစိုးရကို မေးခဲ့တုန်းကတော့ ပြန်တုံ့ပြန် ခဲ့ပါတယ်။
ဒါပေမယ့် ဘယ်လို တုံ့ပြန်ခဲ့သလဲ ဆိုတာ ICC ကရော ဘင်္ဂလားဒေ့ရှ်ကပါ ထုတ်ပြောတာမျိုး မရှိဘဲ လျှို့ဝှက်ထားပါတယ်။
မြန်မာ စစ်ခေါင်းဆောင်တွေကို ICC တင်ဖို့ ကိစ္စမှာ ဘင်္ဂလားဒေ့ရှ်က ပါဝင် ပတ်သက်ချင်တဲ့ ပုံ မတွေ့ရဘူးလို့ ဘီဘီစီ ဘင်္ဂါလီ ဌာနမှူး ဆာဘီယာ မွတ်ဆတာဖာ က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က မြန်မာ အစိုးရနဲ့ ဆက်ဆံရေး ဆိုးဝါးသွားမှာကို မလိုလားကြောင်း၊ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယ၊ တရုတ်၊ ရုရှား စတဲ့ နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိလိုနေကြောင်း၊ ဒီနိုင်ငံ ၃ခုစလုံးဟာ မြန်မာနိုင်ငံကို ICC မတင်ချင်တဲ့အတွက် တရုတ်၊ အိန္ဒိယ တို့ရဲ့ အကြံပြုချက်အတိုင်း ဘင်္ဂလားဒေ့ရှ်က မြန်မာနဲ့ သံတမန်နည်းအတိုင်း သွားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
![]() |
| ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် ခေါင်းဆောင် ၆ ဦးကို ICC တင်နိုင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အချက်အလက် ရှာဖွေရေး အဖွဲ့ ကြိုးပမ်း |
သြဂုတ်လ ၂၇ ရက်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အချက်အလက် ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက် ခဲ့တဲ့ ကိစ္စတွေ အတွက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် က ထိပ်ပိုင်း က တာဝန် ရှိသူ ၆ ဦး ကို လူမျိုးတုံး သတ်ဖြတ်မှု နဲ့ စစ်ဆေး သင့်ကြောင်း နဲ့ အခြား ပြည်နယ်တွေက လူနည်းစု တိုင်းရင်းသားတွေ အပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ နဲ့လည်း စစ်ဆေးသင့်တယ် လို့ ဖော်ပြ ထားပါတယ်။
ရိုဟင်ဂျာ တွေ အပေါ်မှာ ကျူးလွန်တဲ့ လုပ်ရပ် တွေဟာ လုံခြုံရေး အကြောင်းပြ ရှင်းလင်းချက် တွေထက် ကို ပိုမို လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အဲဒီ လုပ်ရပ်တွေ ကြောင့် တပ်မတော် ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် ၆ ဦး ကို ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးမှာ စစ်ဆေး မှုတွေ လုပ်ဆောင် သင့်ကြောင်း ကိုလည်း ထည့်သွင်း ရေးသား ထားပါတယ်။
BBC Burmese
https://www.bbc.com/burmese
Monday, August 27, 2018
ကုလသမဂ္ဂက တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို နိုင်ငံတကာခုံရုံးတင်ဖို့တောင်းဆို
■ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC မှာ စစ်ဆေးသင့်ကြောင်း ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က သြဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
Saturday, August 18, 2018
ကိုဖီအာနန်ကွယ်လွန်မှု မြန်မာ့နိုင်ငံအတွက် ဆုံးရှုံး
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဒီကနေ့ ဆွစ်ဇာလန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ (၇) ဆက်မြောက် အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အသက် (၈၀) အရွယ် ကိုဖီအာနန်ဟာ နိုင်ငံတကာကနေ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အာရုံစိုက်နေတဲ့ အရေးတခုဖြစ်တဲ့ ရခိုင်ပြည်နယ်ပဋိပက္ခဖြေရှင်းရေး ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ဦးဆောင်သူလည်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်လည်းဖြစ်တဲ့ ကိုဖီအာနန် အခုလိုဆုံးပါးသွားတဲ့အပေါ် သူနဲ့အတူ မြန်မာ့အရေး လက်တွဲလုပ်ကိုင်ခဲ့သူတွေကတော့ ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် ရှုမြင်ကြပါတယ်။ မဆုမွန် စုစည်းတင်ပြထား ပါတယ်။
ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဟာ ၂၀၀၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်လည်း ဖြစ်ပြီး သူ့ရဲ့ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေး ဆောင်ရွက်မှုတွေကြောင့် ကမ္ဘာက လေးစားသူဖြစ်ပါတယ်။ သူ ဟာ ၂၀၁၆ စက်တင်ဘာလမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အရေး ကိုဖီ အာနန်ရဲ့ ဦးဆောင်အကြံပေးမှုတွေကို အကောင်အထည်ဖော်ရေး ဆောင်ရွက်နေသူဖြစ်တဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ အခုလို ကိုဖီအာနန်ကွယ်လွန်တဲ့ သတင်းကြားရတဲ့အပေါ် မြန်မာနိုင်ငံအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတခု အဖြစ် ရှုမြင်ပါတယ်။
“သူ့ရဲ့အကြံပြုချက်တွေဟာ ပြဿနာဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တခုလုံးရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက အကြံပြုခဲ့တာတွေဖြစ်ပါတယ်။ ဒါတွေအကုန်လုံးက။ ဆိုတော့-ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဒါတွေကို ချက်ခြင်းအကျိုးပြုနိုင်မယ်၊ ကျနော်တို့နိုင်ငံအတွက် ချက်ခြင်း အကျိုးရှိမယ့်ဟာတွေကို ကျနော်တို့နိုင်ငံမှာရှိတဲ့ လက်ရှိဥပဒေတွေနဲ့ကိုက်ညီမယ့်ဟာတွေကို ဒါတွေကို အကုန်လုံး အတတ်နိုင်ဆုံး အကောင်အထည်ဖော်ခဲ့တယ်။ ဆက်ပြီးတော့လည်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားမှာ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် …ဦးဆောင်ပေးခဲ့တဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မစ္စတာ ကိုဖီအာနန်ဆုံးတာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ စိတ်မကောင်းဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက နိုင်ငံတကာမှာ အများကြီး အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။ ကျနော်တို့ ထုံးတမ်းစဉ်လာအရဆိုရင်တော့ ကောင်းမှုပြုလုပ်ခဲ့တဲ့သူဟာ ကောင်းတဲ့အနာဂတ်ရရှိမှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ဆုမွန်ကောင်း တောင်းပေးတယ်ပေါ့နော်။ ကောင်းမွန်တဲ့ဘဝမှာ ရရှိပါစေ ဆိုပြီး”
မြန်မာနိုင်ငံ ကုလသမဂ္ဂရန်ကုန်ရုံးရဲ့ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annanနဲ့အတူ မြန်မာပြည်တွင်းက ခရီးစဉ်တိုင်း အတူလိုက်ပါခဲ့သူ ဖြစ်ပါတယ်။ ကိုဖီအာနန် အခုလို ရုတ်တရက်ဆုံးပါးသွားတဲ့သတင်းကိုကြားတော့ သူတော်တော်လေး အံ့သြသင့်စိတ်မကောင်းဖြစ်ရတာပါ။
“ယုံတောင် မယုံနိုင်ဘူးလေ။ ယုံတောင်မယုံနိုင်ဘူး၊ တလောလေးကပဲ မြန်မာနိုင်ငံကို မစ္စတာကိုဖီအာနန်လာသွားတယ်၊ အဲဒီတုန်းကလည်း တွေ့လိုက်ရတယ်။ သူနဲ့လည်း စကားပြောလိုက်ရတယ်။ ဆိုတော့ - ဒီလောက် အချိန်တိုတိုလေးအတွင်းမှာ ခွဲခွာသွားမယ်လို့လည်းမထင်ခဲ့ဘူးပေါ့နော်။ နောက် မြန်မာနိုင်ငံအတွက်သာမကဘူး၊ ကမ္ဘာအတွက်ပါ အများကြီး သူအကျိုးဆောင်ခဲ့ပါတယ်။ နိုဗဲလ်ဆုရှင်ဖြစ်ခဲ့တယ်ဆိုတာလည်း သိရတယ်။ မြန်မာနိုင်ငံအတွက်တင်မကပါဘူး၊ ကမ္ဘာအတွက်ပါ ဆုံးရှုံးမှုကြီးပါ။ ကုလသမဂ္ဂအတွက်လည်း ဆုံးရှုံးမှုကြီးပါ။”
မြန်မာနိုင်ငံအရေး လူ့အခွင့်အရေး ငြိမ်းချမ်းရေးကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ဖူးသူ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် ကိုဖီအာနန် ကွယ်လွန်ခဲ့ရတဲ့အပေါ် ငြိမ်းချမ်းရေးအတွက် ဆုံးရှုံးမှုတခုအဖြစ် မြန်မာ့လူအခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာဦးအောင်မျိုးမင်းက ယူဆပါတယ်။
“ကိုဖီအာနန်ဆုံးသွားတဲ့သတင်းကိုကြားရတဲ့အခါမှာ ကျနော် စိတ်မကောင်းဖြစ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုလသမဂ္ဂမှာ နှစ်ကြိမ်တိုင်တိုင် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သလို ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗလ်ဆုပိုင်ရှင်လည်း ဖြစ်တယ်။ အထူးသဖြင့် ကုလသမဂ္ဂနဲ့ပတ်သက်ပြီးပြုပြင်ပြောင်းလဲရေးမှာ တကယ့်ကို အားကြိုးမာန်တက်လုပ်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ပတ်ဝန်းကျင်ကို ကျနော် ပြန်ပြီးတော့ သတိရပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂကို လူ့အခွင့်အရေးကော်မရှင်ကနေ လူ့အခွင့်အရေးကောင်စီကို ပြောင်းဖို့ တကယ့်အဓိက တွန်းတွန်းတိုက်တိုက်နဲ့ လုပ်ဆောင်ခဲ့တဲ့အထဲမှာ သူလည်း ပါပါတယ်။ သူ့ရဲ့လုပ်ဆောင်မှုက မှတ်ကျောက်တင်စရာ ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်အရေးအနေနဲ့ကတော့ ကိုဖီအာနန်ကော်မရှင်လို့တောင် လူတွေက ပြောကြပါတယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ သူ့အနေနဲ့ မြန်မာပြည်ကို မကြာခန လာရောက်ပြီး လေ့လာခဲ့တာတွေ၊ နောက်တခါ သူ့ရဲ့တင်ပြချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အစိုးရကိုယ်တိုင်က ဒါတွေကို လေးစားလိုက်နာခဲ့တာကို ကြည့်မယ်ဆိုရင် မြန်မာပြည်အရေးကိုလည်း သူ့အနေနဲ့ စိတ်ဝင်စားပြီး လုပ်ဆောင်ခဲ့တယ်။ အခုအချိန်အထိလည်း မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး သူ့အနေနဲ့ တတ်စွမ်းသမျှ နောက်ဆုံးအချိန်အထိကို ကြိုးပမ်းလုပ်ဆောင်ခဲ့တာ မြန်မာပြည်ရဲ့လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဆက်စပ်တဲ့နေရာမှာ သူပါဝင်ပါတယ်။ အဲဒီတော့ မြန်မာပြည်အရေးကို လုပ်ခဲ့တဲ့သူအတွက် မြန်မာပြည်သူတယောက်အနေနဲ့ကော၊ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂပိုမိုအင်အားကောင်းအောင် လုပ်ဆောင်ခဲ့တဲ့သူအတွက်ကို လူ့အခွင့်အရေး လှုပ်ရှားသူတဦးအနေနဲ့ ကျနော့်အနေနဲ့ ဝမ်းနည်းတဲ့အကြောင်း ပြောကြားလိုပါတယ်။”
မြန်မာပြည်အရေး ဆောင်ရွက်ခဲ့ဖူးသူ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကွယ်လွန်ခဲ့ရတဲ့အပေါ် ကချင်လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ဦးဇော်ဂျတ်ကလည်း အခုလို ကောင်းရာသုဂတိလားပါစေကြောင်း ဆုမွန်တောင်းပေးပါတယ်။
“မစ္စတာ ကိုဖီအာနန်ဆုံးပါးသွားတဲ့အခါကျနော်တို့ ပြည်သူတွေအနေနဲ့လည်း.ဆုံးရှုံးနစ်နာမှုတရပ်လို့မြင်တယ်။ ပြီးတော့ ဝမ်းနည်းလည်း ဝမ်းနည်းတာပေါ့နော်။ ပြီးတော့ ရခိုင်အရေးကိစ္စတို့၊ ကျနော်တို့ မြန်မာနိုင်ငံကိစ္စတို့ကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့တာ အများကြီးတွေ့ခဲ့ဖူးပါတယ်။ အဲဒါတွေ ကျနော်တို့ အသိအမှတ်ပြုပါတယ်။ သူ ဆုံးပါးသွားသော်လည်း ကောင်းကင်ဘုံကို လာရာလမ်းအတိုင်းပဲ ကောင်းမွန်စွာ ကျနော်တို့ ဆုတောင်းပေးနေပါတယ်။”
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဒီကနေ့စနေနေ့ မနက်အစောပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့က ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာ ဇနီး Nane နဲ့ သားသမီးတွေဖြစ်ကြတဲ့ Ama, Kojo နဲ့ Nina တို့လည်း အနားမှာ ရှိနေခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ Kofi Annan ဟာ ၁၉၉၇ ခုနှစ် ဇန္န၀ါရီလကနေ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလအထိ ကုလသမဂ္ဂရဲ့ ၇ ယောက်မြောက် အတွင်းရေးမှူးချုပ်အဖြစ်တာဝန် ထမ်းဆောင်ခဲ့သူပါ။
မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ကိုဖီအာနန် ကွယ်လွန်
![]() |
| ကမ္ဘာ့အရေးတွေသာမက မြန်မာ့အရေးလည်း ဆောင်ရွက်ပေးခဲ့ |
နိုင်ငံတကာ သံတမန်ရေးရာ စင်မြင့်မှာ လူမဲ အာဖရိကန် တယောက်အနေနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် လို အဆင့်မြင့်ရာထူး ကို ပထမဆုံး ရယူနိုင်ခဲ့တာ သူ ဖြစ်ပါတယ်။
သူဟာ အဲဒီတာဝန်ကို ၁၉၉၇ ကနေ ၂၀၀၆ အထိ တာဝန်ယူခဲ့တာပါ။
အဲဒီကာလ အတောအတွင်း အီရတ်စစ်ပွဲ ပြဿနာ၊ အိတ်ချအိုင်ဗွီ အေအိုင်ဒီအက်စ ပြဿနာ တွေ က နိုင်ငံတကာပြဿနာ တွေ အဖြစ်ရှိခဲ့ပြီး သူရဲ့ ဆောင်ရွက်မှုတွေ က အမှတ်ရစရာပါ။
မြန်မာပြည်နဲ့ပတ်သက်လို့လည်း ရခိုင်အရေး အကြံပေးကော်မရှင် မှာ ဥက္ကဌအဖြစ် တာဝန်ယူပေးခဲ့တဲ့သူ လည်းဖြစ်ပါတယ်။ဆီးရီးယား ပဋိပက္ခနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တယောက်အနေနဲ့ ငြိမ်းချမ်းရေး ရအောင် အားစိုက်အဖြေရှာပေးခဲ့သူပါ။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၈၀ နှစ် ရှိပါပြီ။
BBC Burmese
https://www.bbc.com/burmese

















