Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 10, 2019

မုဒိမ်းကောင်ဇာတ်ရုပ်ကို စင်ပေါ်မှာ လက်တွေ့ သရုပ်ဆောင်ခိုင်းတာ...


သက်ငယ်မုဒိမ်းမှုတွေ၊ မုဒိမ်းမှုတွေနဲ့ ပတ်သက်လို့ အသိပညာပေးတာတွေကို ကာလတစ်ခုကြာ လုပ်လာခဲ့တဲ့သူ တစ်ယောက်အနေနဲ့တော့၊ မုဒိမ်းကောင်ဇာတ်ရုပ်ကို စင်ပေါ်မှာ လက်တွေ့ သရုပ်ဆောင်ခိုင်းပြီး လူသိများအောင် လုပ်တဲ့ကိစ္စကို ဘယ်လိုနည်းနဲ့မှ လက်ခံပေး၊ အနုပညာလို့ သဘောထားပေး၊ Marketing လို့ မြင်ပေးလို့ မရပါဘူး။

ရုပ်ရှင်အကြောင်းတော့ သိပ်နားမလည်ပေမဲ့ ဒီလိုဇာတ်ကောင်စရိုက်မျိုး ဆိုတာ လူရွေးပွဲ လုပ်ရလောက်တဲ့အထိ မလိုဘူးလို့ ထင်တယ်။ ကိုယ်ရိုက်တဲ့ကား ကိုယ်သဘောကျတဲ့ သရုပ်ဆောင် သုံးပေါ့။ လိုအပ်လို့ သရုပ်ဆောင် စစ်ဆေးမယ်ဆိုလည်း ကိုယ့်ဟာကိုယ် ကြည့်လိုက်ပေါ့။ ခုလိုမျိုးထိ Public ချပြစရာ မလိုဘူးလို့ ထင်တယ်။

အခုတော့ စင်ပေါ်မှာ ကျင့်ပြကြတယ်။ (Edited - Facebook video တွေမှာ ကြည့်ရသလောက် မြင်မိတာတော့) အကျင့်ခံရသူ မိန်းကလေးအဖြစ် သရုပ်ဆောင်မယ့် မင်းသမီးကလည်း အောက်မှာ ရယ်မောနေတယ်။ ပရိသတ်ကလည်း တ၀ါးဝါး တဟားဟားနဲ့။ ကွန်မန့်တွေ ၀င်ဖတ်ကြည့်တော့လည်း အများစုက သင်ဇာ့ကို ဘာလုပ်ရတော့မယ်၊ ညာလုပ်ရတော့မယ်ဆိုပြီး ၀င်နောက်နေကြတာသာ များတယ်။

ကျွန်တော့်အမြင်အရတော့ မုဒိမ်းဆိုတာကို လူငယ်တွေနဲ့ ယဉ်ပါးအောင် လုပ်လိုက်သလိုပဲ။ အင်မတန် ရွံမုန်းစရာ လုပ်ရပ်တစ်ခုကို ပေါ့ပေါ့ပါးပါး မြင်သွားအောင် Desensitize လုပ်လိုက်တဲ့ သဘောပေါ့။ တစ်ခါက ဇာတ်ကားတစ်ခုမှာ မင်းသားကနေ မင်းသမီးကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး မုဒိမ်းကျင့်ချင်စရာကြီးကွာ လို့ ပြောလိုက်တာကို ဟာသသဖွယ် ပြထားတာနဲ့ သိပ်မကွာဘူး။ ကိုယ့်နိုင်ငံရဲ့ ပညာရေးအဆင့်အတန်း၊ အနုပညာ အဆင့်အတန်းနဲ့ ပတ်သက်လို့ ထပ်စိတ်ပျက်ရတဲ့ အခိုက်အတန့်လည်း ဖြစ်တယ်။

ပြောရရင် ဒါရိုက်တာဖြစ်သူဟာ ဟိုးအရင်ကတည်းက သာမန်ချစ်ကွဲညား ဇာတ်ကားတွေကနေ ဖောက်ထွက်နိုင်တဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် ကျွန်တော်တို့ အားပေးခဲ့ရသူပါ။ ဘယ်ဇာတ်ကားကိုမဆို စိတ်ဝင်စားအောင် လုပ်တတ်သူလည်း ဖြစ်ပါတယ်။ ခု မုဒိမ်းကောင် နေရာက သရုပ်ဆောင်ဖို့ လူရွေးပွဲလုပ်တာကလည်း သူ့ဟာသူ ဘယ်လိုပဲ အကြောင်းပြနေပါစေ၊ တစ်နည်းအားဖြင့်တော့ ဇာတ်ကားကို လူစိတ်ဝင်စားအောင် လုပ်တာပါပဲ။ တခြားဇာတ်ကားတွေမှာ လုပ်ခဲ့တာတွေထက် ဒီတစ်ခါကတော့ သူ တစ်သက်လုံး တည်ဆောက်လာခဲ့တဲ့ အဆင့်အတန်းတစ်ခုကို ဆွဲချသွားခဲ့တယ်လို့ တစ်ဦးတည်းအမြင်အရ ယူဆမိပါတယ်။ စိတ်လည်း မကောင်း ဖြစ်ရတယ်။

အရွေးခံရသူတစ်ယောက်ကလည်း အင်တာဗျူးမှာ ဖြေတယ်။ ဆဲတဲ့သူတွေကတော့ ဆဲမှာပဲ၊ ဝေဖန်မှာပဲ၊ အားနေတာကိုးတဲ့။ သူလည်း လုပ်စရာရှိတာ ဆက်လုပ်မှာပဲတဲ့။

ခုခေတ်မှာလည်း အဲဒီ "ဝေဖန်မှုတွေကို ဂရုမစိုက်ဘူး" ဆိုတဲ့ စကားက ဆီသည်မ လက်သုတ်ပ၀ါလို ဖြစ်လာတယ်။ ဘယ်သူ့ပါးစပ်က ထွက်ထွက် အဲ့စကားလုံးပဲ။ ဝေဖန်မှုတွေဆိုတာ အမြဲ ဂရုစိုက်ရမယ် မဟုတ်ပေမဲ့ ကိုယ် တလွဲကြီး လုပ်နေလို့၊ ကိုယ့်လုပ်ရပ်ကြီးက မှားနေလို့ ၀ိုင်းထောက်ပြနေတာကိုတော့ ဂရုမစိုက်လို့ မရဘူး။ မင်းရေးတဲ့စာတွေက ဘယ်လို ဘယ်ညာ ဆိုတဲ့ ဝေဖန်သံတွေကို ဂရုမစိုက်တာ ရတယ်။ သူများရေးတဲ့စာ ခိုးချထားတာကိုတော့ ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူး လုပ်လို့ မရပါဘူး။ အဲဒါ ခေါင်းမာတာ မဟုတ်ဘူး၊ အောင်မြင်မှုအတွက် ရူးသွပ်တာလည်း မဟုတ်ဘူး။ ကျင့်ဝတ်မရှိတာသာ ဖြစ်တယ်။

သူတို့လည်း ပွဲလုပ်လို့တောင် ပြီးသွားပါပြီ။ အပြိုင်အဆိုင် များလှတဲ့ခေတ်မှာ အောင်မြင်ချင်ဇောလည်း များနေကြတာမို့ ကိုယ့်လုပ်ရပ် မှန်လား မှားလား သတိထားမိဦးမှာလည်း မဟုတ်ပါဘူး။ နာမည်ကြီးတယ်၊ ငါတို့ဇာတ်ကား လူသိများတယ်လို့တောင် တွေးနေကြဦးမယ်လည်း ထင်ပါတယ်။ ဇာတ်ကားရုံတင်ရင် မကြည့်နဲ့ ဘာနဲ့လည်း မတိုက်တွန်း၊ မလှုံ့ဆော်ချင်ပါဘူး။

သို့သော် 'မင်းသမီးကို ချစ်ရေးဆို၊ ဟိုက ပြန်မကြိုက်ရင် ကားတင်ပြေး၊ နောက်တော့ အဲ့မင်းသမီးက တဖြည်းဖြည်း မင်းသားကို ချစ်လာပြီး နှစ်ဦးသား အဆင်ပြေသွား' ဆိုပြီး အလိုမတူဘဲ အတင်းအကြပ် လုပ်တဲ့ Sexual violence တစ်ခုကို အချစ်သင်္ကေတအဖြစ် ဖော်ပြခဲ့ကြရာကနေ၊ တစ်နည်းအားဖြင့် မိန်းကလေးတစ်ယောက်ရဲ့ အပျိုစင်ဘ၀ကို ရလိုက်ရင် သူလက်ထပ်ချင်သည်ဖြစ်စေ၊ လက်မထပ်ချင်သည်ဖြစ်စေ လက်ထပ်ရတော့မှာပဲလို့ သွယ်ဝိုက် သင်ကြားပေးခဲ့ကြရာကနေ ခုလို နောက်ပုံစံတစ်မျိုးနဲ့ မုဒိမ်းကို ဟာသတစ်ခုအဖြစ် မြင်သွားအောင် စင်ပေါ်တင် ပွဲလုပ်တဲ့ အဆင့်ပါ ထပ်ဖြစ်လာခဲ့ပြီ ဆိုတာလေးကို ၀မ်းနည်းဖွယ်ရာ ဝေမျှလိုက်ရုံပါပဲ။

ဒေါက်တာ ဖြိုးသီဟ
၁၀.၉.၂၀၁၉

No comments:

Post a Comment