Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 13, 2018

မလေးရှားရောက် မြန်မာငါးဖမ်းလှေလုပ်သားတစ်ဦး အောင်ဘာလေ ကျပ်သိန်း ၁ဝ၀ဝ ထီပေါက်.....

မလေးရှားနိုင်ငံ၊ ရေလုပ်ငန်းအတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာလူငယ်ငါးဖမ်းလှေလုပ်သားတစ်ဦးမှာ ၂၁ ကြိမ်မြောက်ထွက်ရှိသည့် မြန်မာအောင်ဘာလေထီဆုမှ ကျပ်သိန်း ၁ဝ၀ဝ ဆုကို ဆုခူးရရှိခဲ့သည်ဟု ကာယကံရှင်နှင့် ကွာလာလမ်ပူအခြေစိုက် ကပုန်းနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက မြန်မာတိုင်း(မ်)ကို ဒီဇင်ဘာ ၁၂ ရက်တွင် ပြောသည်။

"ခုချိန်မှာတော့ ကျွန်တော်အရမ်းကို ပျော်နေပါတယ်။ ထီဆုငွေတွေကို ဘယ်လိုအသုံးပြုရမယ်ဆိုတာတော့ မသိဘူး။ ဒါကြောင့် အကုန်လုံးကို အမေ့ကိုအကုန် ပေးအပ်သွားမှာပါ" ဟု ထီကံထူးသူလှေလုပ်သား မောင်ကိုကိုဖြိုးက တယ်လီဖုန်းမှတဆင့်ပြောခဲ့သည်။

မလေးရှားနိုင်ငံတွင် မည်သည့်အလုပ်အကိုင်မဆို လုပ်ကိုင်ရန်အတွက် ပွဲစားဖြင့်ချိတ်ဆက်ပြီး ၂၀၁၇ ခုနှစ်အတွင်း တရားမဝင်သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ၄င်းကပြောသည်။

မလေးရှားနိုင်ငံသို့ ရောက်ရှိပြီးနောက် ပါရပ်ပြည်နယ်၊ ဟူတန်မယ်လတန်မြို့ရှိ ငါးဖမ်းလှေတစ်ခုပေါ်သို့ ပို့ဆောင်ခြင်းခံရပြီး ရေလုပ်သားအဖြစ် လုပ်ကိုင်နေခြင်းဖြစ်သည်ဟုလည်း အသက် ၂၁ ရှိ မောင်ကိုကိုဖြိုးကဆိုသည်။

အဆိုပါငါးဖမ်းလှေပေါ်တွင် ငါးဖမ်းလုပ်သားအဖြစ် နေ့စဉ်နံနက် ၃ နာရီခန့်မှ ညပိုင်း ၈ နာရီအထိ လုပ်ကိုင်ရပြီး တစ်နေ့လုပ်အားခ မလေးရှားရင်းဂစ် ၈၀ ကျပ် (မြန်မာငွေ ၃၀ဝ၀ဝ ဝန်းကျင်) ခန့်ရရှိသည်ဟု ၄င်းကပြောသည်။

"အကြီးဆုံးအစ်မက အိမ်ထောင်ကျသွားတော့ မိသားစုမှာ ကျွန်တော်အကြီးဆုံးဖြစ်သွားတယ်။ မိဘတွေကလည်း အလုပ်မလုပ်နိုင်ဘူး။ ဒီတော့ ညီတွေ၊ ညီမတွေကို ကျောင်းထားပေးချင်တာနဲ့ ကျွန်တော်မလေးရှားကို ရရာအလုပ်လုပ်ဖို့ ထွက်လာခဲ့တာ" ဟု ထီကံထူးရှင် ကိုကိုဖြိုးက ပြောသည်။

၎င်းမှာမြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ဇာတိဖြစ်သည်။ ၄င်းအလုပ်လုပ်ကိုင်ရာ ငါးဖမ်းလှေ ကမ်းဝင်သည့်အချိန်တွင် မြန်မာထီကိုယ်စားလှယ်တစ်ဦးထံမှ ထီတစ်စောင်ကို ဝယ်ယူကမ်းစမ်းခဲ့ခြင်းလည်းဖြစ်သည်။

ထီအရောင်းကိုယ်စားလှယ်၏ ဆက်သွယ်အကူညီတောင်းမှုကြောင့် ထီကံထူးရှင်ကိုကိုဖြိုးကို ၄င်း၏အလုပ်ရှင်သူဌေးမှတဆင့် ငါးဖမ်းစက်လှေပေါ်မှ လျှို့ဝှက်စွာသွားရောက်ခေါ်ထုတ်ပေးခဲ့ရသည်ဟု ကပုန်းနာရေးကူညီမှုအသင်းဥက္ကဌ ဦးဆန်းဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"သူအလုပ်လုပ်နေတဲ့ဒေသက အမဲရောင်နယ်မြေလိုဖြစ်နေတယ်။ လူတစ်ယောက်ကိုအလွယ်သတ်ပြီး ရေထဲပစ်ချနေတဲ့နေရာ။ ဒါကြောင့်သူ့ကို သူ့မိသားစုအရေးပေါ်အခြေအနေအကြောင်းပြပြီး အမြန်ပြန်လာမှရမယ်ဆိုပြီး ခေါ်ထုတ်ခဲ့ရတယ်" ဟု ထီကံထူးရှင်အား သွားရောက်ခေါ်ထုတ်ခဲ့သူ ဦးဆန်းဝင်းက ပြောသည်။

ထီကံထူးရှင်မှာ တရားဝင်အထောက်အထားမဲ့လုပ်သားတစ်ဦးဖြစ်နေသည့်အတွက် မြန်မာသံရုံးသို့ သတင်းပို့အကူညီတောင်းခံခဲ့ပြီး သံရုံးက မလေးရှားနိုင်ငံတွင်းမှ တရားဝင်ထွက်ခွာခွင့်ရရန် မလေးရှားလူဝင်မှုကြီးကြပ်ရေးနှင့် ညှိနှိုင်းကူညီပေးခဲ့ခြင်းဖြစ်သည်။

"အခုချိန်က မလေးရှား လဝကကနေ နိုင်ငံခြားသားတွေထွက်ခွာခွင့်လက်မှတ်ထုတ်ပေးတာကို ရပ်တန့်ထားတဲ့အချိန်ဖြစ်တယ်။ ဒါပေမယ့် သံအမတ်ကြီးကကူညီပေးလို့ အမြန်ပြန်ခွင့်ရတာပါ။ ပြီးတော့ ထီကံထူးရှင်က ကလေးအရွယ်ပဲရှိနေသေးတော့ ဒီမှာကြာကြာနေရင် အဆင်မပြေနိုင်ဘူးလေ" ဟု ဦးဆန်းဝင်းက ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကြားတွင် မြန်မာငွေ သိန်း၂ဝ၀ဝ ကျော်တန်ဖိုးရှိ ထိုင်းထီဆုများ မကြာခဏကံထူးသော်လည်း ယခုတစ်ကြိမ် မလေးရှားတွင်ထီဆုကံထူးမှုသည့် ပထမဆုံးအကြိမ်နှင့် ဆုကြေးအများဆုံး ကံထူးမှုလည်း ဖြစ်သည်။

မလေးရှားနိုင်ငံရောက် သိန်း ၁ဝ၀ဝ ထီဆုကံထူးသူ မောင်ကိုကိုဖြိုးကို ကွာလာလမ်ပူအခြေစိုက် ကပုန်းနာရေးကူညီမှုအသင်းဝင်များက ဒီဇင်ဘာ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထိ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။

(မြန်မာတိုင်းမ်)
photo - ကပုန်းနာ​ရေးကူညီမှုအသင်း (မ​လေးရှား)






No comments:

Post a Comment