Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 18, 2018

မဟာဗျူဟာ (Strategy) Writer : ကျော်ဝင်း



မဟာဗျူဟာစီမံချက်
(STRATEGY PLANNING)

ဝေါဟာရအရွေ့

'မဟာဗျူဟာ' (Strategy) ဆိုသော ဝေါဟာရမှာ မူလအဓိပ္ပာယ်အရ စစ်ရေး အကောက်အယူ တစ်ခုကိုသာ ကိုယ်စားပြုပါသည်။ ဂရိ ဘာသာစကား Strategia မှ ဆင်းသက်လာသည်ဟု အဆိုရှိသည်။ 'စစ်တပ် တစ်တပ်ကို အမိန့်ပေး ညွှန်ကြားရသည့် အတတ်ပညာ' (The art of Commanding on army) ဟု အနက်ရသည်။ အမှန်စင်စစ်၊ လူအများစုကို ဦးဆောင်ညွှန်ကြားဖို့ လိုအပ်သည့်အခါတိုင်း မဟာဗျူဟာမြောက် စဉ်းစားချက်များ၏ အခန်းကဏ္ဍအရေးပါစမြဲ ဖြစ်ပါသည်။ သို့နှင့်တိုင် သမိုင်း၏ အစောပိုင်း ကာလများကမူ ဤကဲ့သို့သော လိုအပ်ချက်မျိုးမှာ စစ်ရေးနှင့်သာ ဆက်စပ်နေသည်က များ၍ 'မဟာဗျူဟာ' ဆိုသော ဝေါဟာရမှာ စစ်ရေးသီးသန့်သုံး ဝေါဟာရ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

စက်မှုတော်လှန်ရေး နောက်ပိုင်းသို့ရောက်သောအခါတွင်မူ စစ်ရေးသာမက စီးပွားရေး နယ်ပယ်တွင်ပါ လူအများစုကြီးကို ဦးဆောင်ဖို့ လိုလာပါသည်။ သို့နှင့်အမျှ မဟာဗျူဟာဆိုသော ဝေါဟာရ၏ သက်ရောက်ခွင့်မှာလည်း အပြန့်ကျယ်လာခဲ့သည်။ စက်မှုခေတ်၏ ထူးခြားချက်မှာ လူအများ စုပေါင်းအလုပ်လုပ် ကြရသည်ဖြစ်ရာ အဆိုပါ လူအများကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ လိုလာသည်။ ဤလိုအပ်ချက်မှနေ၍ 'စီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာ' (Managerial Strategy) ဆိုသော ဘာသာရပ်တစ်ခု ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။ ဤသည်၏ နောက်ပိုင်းတွင်မူ စစ်ရေးနှင့် စီးပွားရေးသာမက လူ့အဖွဲ့အစည်း၏ နယ်ပယ်အသီးသီးသို့ပါ မဟာဗျူဟာ လက်တံများ တဖြည်းဖြည်း ဖြန့်ကြက်လာလေတော့သည်။ သည်လိုနှင့် နောက်ဆုံး နိုင်ငံရေးနယ်ပယ်သို့ပါ ရောက်လာသည်။

နိုင်ငံရေးနယ်ပယ်တွင်လည်း မဟာဗျူဟာ၏ ရည်မှန်းချက်မှာ အခြားသော နယ်ပယ်များအတိုင်းပင် ဖြစ်ပါသည်။ လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်း အများစု သို့မဟုတ် မိမိသက်ဆိုင်ရာ ပါတီအဖွဲ့အစည်း၏ အဖွဲ့ဝင် အများစုကို အခိုင်အမာ ပန်းတိုင်တစ်ရပ်ဆီသို့ ဦးတည်ပြီး ခေါင်းဆောင်မှု ပေးဖို့ပင် ဖြစ်သည်။ ပြောရလျှင် မည်သို့သော စဉ်းစားချက်မျိုးပင် ဖြစ်စေ၊ အခိုင်အမာ ရည်မှန်းချက် ပန်းတိုင်တစ်ရပ်သို့ ဦးတည်စေပြီး ဤရည်မှန်းချက်အတိုင်း အသေအချာ အကောင်အထည်ဖော်ဖို့ စနစ်တကျ ကြိုတင်ပြင်ဆင် နိုင်မည်ဆိုလျှင် ဤသို့သော စဉ်းစားချက်မျိုးကို 'မဟာဗျူဟာစီမံချက် (Strategic Planning) ဟု ခေါ်နိုင်သည်သာ ဖြစ်ပါသည်။ သမိုင်းအဆက်ဆက်၊ စံပြုလောက်သော မဟာဗျူဟာ စီမံချက်သည်ကား လွန်ခဲ့သော နှစ်ပေါင်း ၂၀ဝ၀ ကျော်က တရုတ်ပညာရှငကြီဧး 'ဆွန်ဇူး' ရေးသားပြုစုခဲ့သည့် 'စစ်ပွဲ၏ အနုပညာ' (The Art of War) ကျမ်းပင် ဖြစ်သည်။ မဟာဗျူဟာနှင့် ပတ်သက်ပါက ဤကျမ်းမှာ ယနေ့ထက်တိုင် ဩဇာအကြီးဆုံး စာအုပ်ဟု ဆိုနိုင်ပါလိမ့်မည်။ အာရှဒေသမှ ဘိဇနက်သမားများ၊ နိုင်ငံရေးသမားများ အတွက်ဆိုလျှင် မဖြစ်မနေ ဖတ်ကိုဖတ်ရမည့် လက်စွဲကျမ်းဟူ၍ပင် အဆိုရှိသည်။

မဟာဗျူဟာနှင့် နည်းဗျူဟာ

ဆိုခဲ့ပြီးသည့်အတိုင်း မူလဝေါဟာရမှာ နယ်ပယ်သီးသီးသို့ အပြန့်ကျယ်လာသည်နှင့် အရေးကြီးသော တွဲဘက်ဝေါဟာရ တစ်ခု ရှေ့ရောက်လာသည်။ 'နည်းဗျူဟာ' (Tactics) ဖြစ်ပါသည်။ ဤဝေါဟာရ မှာလည်း တန့်နေရပ်နေသော အသေမဟုတ်၊ ရွေ့နေသော ဝေါဟာရအရှင် ဖြစ်သည်။ မဟာဗျူဟာလိုပင် နည်းဗျူဟာတွင်လည်း ဝေါဟာရအရွေ့ ရှိသည်။

၁၈ ရာစုလောက်အထိ စစ်တပ်ကြီးးများတွင် များသောအားဖြင့် တစ်ခုတည်းသော တိုက်ခိုက်ရေး အဖွဲ့သာ ရှိကြသည်က များသည်။ သို့နှင့်အမျှ စစ်တပ်ကြီး တစ်ခုလုံးကို တာဝန်ခံရသော တပ်မှူးသည်ပင် တိုက်ပွဲတိုင်းအတွက် ဗျူဟာမှူး ဖြစ်သလို စစ်ပွဲကြီး တစ်ခုလုံးအတွက် ဗျူဟာမှူးလည်း ဖြစ်တော့သည်။ သို့နှင့်တိုင် ၁၈ ရာစုနှောင်းပိုင်း စစ်တပ်များတွင်မူ တစ်ခုမကသော တိုက်ခိုက်ရေးတပ်ဖွဲ့တွေ ရှိလာသည်။ တပ်ဖွဲ့တိုင်းသည်လည်း တိုက်ပွဲတစ်ခုချင်းအတွက် သူ့အတိုင်းအတာနှင့်သူ လွတ်လွတ်လပ်လပ် စစ်ဆင်၊ စစ်တက် လုပ်နိုင်သည်။ ဤတွင် စစ်ပွဲကြီး တစ်ခုလုံးအတွက် ဗျူဟာ (မဟာဗျူဟာ) နှင့် တိုက်ပွဲ တစ်ခုချင်းအတွက် ဗျူဟာ (နည်းဗျူဟာ) ကြား ခြားနားချက်ကို သဘောပေါက်ဖို့ အရေးကြီးလာတော့သည်။

ဤကိစ္စနှင့် ပတ်သက်ပြီး ၁၈ ရာစု ပါရှန်း မဟာဗျူဟာပညာရှင် 'ကားလ်ဗွန်ကလော့စ်ဝဇ်' က စစ်ပွဲ၏ သဘာဝနှင့် ပတ်သက်သော သူ၏နာမည်ကြီး ဒဿနကျမ်း 'သေနင်္ဂဗျူဟာအလုပ်နှင့် စစ်ဆင် စစ်တက်ပညာ' (Works on Warfare and Waging War) တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ (သူ့ခွဲခြားဖော်ပြချက်မှာ ယခုထက်တိုင် အခြေခိုင်ဆဲလည်း ဖြစ်၍ အရင်းအတိုင်း ဖော်ပြလိုက်ပါသည်။)

'နည်းဗျူဟာက တိုက်ပွဲတွင် လက်နက်ကိုင်တပ်ဖွဲ့များကို မည်သို့အသုံးပြုရမည် ဆိုသည်ကို သင်ကြားပေးသည်။ မဟာဗျူဟာက စစ်ပွဲကြီး တစ်ခုလုံး၏ ရည်မှန်းချက်အတွက် တိုက်ပွဲများကို မည်သို့အသုံးပြုရမည် ဆိုသည်ကို သင်ကြားပေးသည်။'

ကလော့စ်ဝဇ်၏ အလိုအရ လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ပွဲများမှာ စစ်ပွဲ၏ ရည်မှန်းချက် (တစ်နည်း-အောင်ပွဲ) အရယူရေး အတွက် နည်းနာဖြစ်သည်။ တစ်ဖန် အဆိုပါ အောင်ပွဲသည်လည်း စစ်ပွဲကြီး တစ်ခုလုံး၏ အဆုံးစွန် မဟာဗျူဟာ ရည်မှန်းချက်ပန်းတိုင် (တစ်နည်း ငြိမ်းချမ်းရေး) အရယူရေးအတွက် နည်းနာပင် ဖြစ်သည်။ မဟာဗျူဟာအဆင့်များ မြင့်သထက် မြင့်လာလေ စစ်နှင့်ဝေးလေ ငြိမ်းချမ်းရေးနှင့် နီးလေ ဖြစ်သည်။ ဤသဘောကို ရည်ရွယ်၍ 'စစ်သည် နိုင်ငံရေး၏ အဆက်ဖြစ်သည်။ သွေးထွက်သော နိုင်ငံရေးပင် ဖြစ်သည်' ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျမ်းမှာပင် ကလော့စ်ဝဇ်က ယခုလို ဆက်လက် ဖော်ပြခဲ့သေးသည်။ 'မဟာဗျူဟာ ရည်မှန်းချက်မှာ ထင်သာမြင်သာ ရှိသော အောင်ပွဲသက်သက်မျှ မဟုတ်။ အဆိုပါ အောင်ပွဲနောက် လိုက်ပါလာမည့် ငြိမ်းချမ်းရေးပင် ဖြစ်သည်' ဟူ၍ ဖြစ်ပါသည်။ မဟာဗျူဟာစီမံချက်တစ်ရပ် ချမှတ်တော့မည်ဆိုလျှင် ကလော့စ်ဝဇ် အလေးထား ဖော်ပြခဲ့သော အဆိုပါ အချက်ကို အသိရှိရှိ နှလုံးသွင်းထားဖို့ လိုပါလိမ့်မည်။ ဤသို့မဟုတ်ပါက နည်းဗျူဟာ အောင်ပွဲများတွင် ယစ်မူးပြီး မဟာဗျူဟာ ရည်မှန်းချက် ပျောက်သွားနိုင်သောကြောင့် ဖြစ်ပါသည်။

ပင်ကိုယ်သဘောအရ ဆိုရလျှင် ရင်ဆိုင်ယှဉ်ပြိုင်မှုတိုင်း (စစ်ရေး ဖြစ်စေ၊ နိုင်ငံရေး ဖြစ်စေ) တွင် အနိုင်ရလို ကြမည်သာ ဖြစ်ပါသည်။ သို့သော် ဤအနိုင်၊ ဤအောင်ပွဲ (ဥပမာ - ရွေးကောက်ပွဲ အနိုင်ရသည်မျိုး) မှာ အဆုံးစွန် မဟာဗျူဟာ ရည်မှန်းချက် ဟုတ်ကောင်းမှ ဟုတ်ပါလိမ့်မည်။ ဤအောင်ပွဲ (ရွေးကောက်ပွဲ အနိုင်ရမှု) ကို ကိုင်ပြီး အဆုံးစွန် မဟာဗျူဟာ ရည်မှန်းချက် (ဥပမာ - ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေး) အတွက် ဆက်လက် လုံးပန်းရဦးမည် ဖြစ်ပါသည်။ အောင်ပွဲဆိုသည်မှာ မဟာဗျူဟာ ရည်မှန်းချက်အတွက် လုပ်ပိုင်ခွင့်အာဏာ နှင်းအပ်လိုက်သည်မျိုး ဖြစ်ရာ အပေါင်းလက္ခဏာ ဟုဆိုနိုင်သည့်တိုင် အဆုံးစွန် မဟာဗျူဟာ ရည်မှန်းချက်ကို မေ့လျော့ သွားစေနိုင်သည်။ ယစ်မူးမှုလည်း ဖြစ်နိုင်ပြန်ရာ အနုတ်လက္ခဏာ သဘောဆောင်သည်ကို သတိချပ်ဖို့ လိုပါသည်။

မဟာဗျူဟာမြောက် နံပါတ်တစ်စည်းမျည်း

"နိုင်ငံရေးနှင့် မဟာဗျူဟာ ဤနှစ်ခုကို တွဲဖက်အသုံးပြု၍ ရနိုင် ကောင်းပါသလော . . ."၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ (တစ်ခါတစ်ရံဆိုလျှင်) အစိုးရများပင် မေးလေ့မေးထရှိသော မေးခွန်း ဖြစ်ပါသည်။ ဤသို့ မေးကြသည့်အခါတိုင်း သူတို့စိတ်ထဲ ရှိနေတတ်ကြသည့် သဘောအခံမှာ ယခုလိုဖြစ်ပါသည်။ "'ကျွန်တော်တို့တစ်တွေ စစ်ဖြစ်နေတာမှ မဟုတ်တာဗျာ . . ."၊ "တချို့က ကျွန်တော်တို့ကို နိုင်ငံရေးအရ ထောက်ခံချင်မှ ထောက်ခံပါလိမ့်မယ်။ ဒါပေမဲ့ သူတို့တစ်တွေဟာ ကျွန်တော်တို့ ရန်သူတော့လည်း မဟုတ်ပါဘူး . . ."။ "ကျွန်တော်တို့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ စိတ်ကူးတွေက သိပ်ကောင်းနေပြီပဲ မဟာဗျူဟာ လိုသေးလို့လား" စသဖြင့်။

မှန်ပါသည်။ နိုင်ငံရေး ရည်မှန်းချက်တစ်ခုကို အကောင်အထည် ဖော်နေသည်မှာ စစ်တိုက်နေသည် မဟုတ်ပါ။ ရွေးကောက်ပွဲ ဝင်ကြသည်မှာလည်း စစ်တိုက်သလို မဟုတ်တာ သေချာပါသည်။ သို့နှင့်တိုင် လူပုဂ္ဂိုလ် တစ်ဦးချင်းက ဖြစ်စေ အဖွဲ့အစည်း တစ်ခုခုက ဖြစ်စေ အဆိုပြုတင်ပြကြသော အိုင်ဒီယာတိုင်းမှာပင် ထောက်ခံသူ ကန့်ကွက်သူများ ရှိကြသည်သာ ဖြစ်ပါသည်။ အကြောင်းမူ နိုင်ငံရေးအတွေးအမြင် အားလုံးလောက်သည်ပင်၊ တည်ဆဲအခြေအနေကို ပြောင်းလဲပစ်နိုင်ဖို့ ရည်ရွယ်ချက် ရှိတတ်ကြသောကြောင့် ဖြစ်သည်။ အလားတူ အခိုင်အမာ အခြေအနေ တစ်ရပ်ရပ်တွင်လည်း အကျိုးအမြတ်ရနေသူ ထိခိုက် ခံစားရသူတွေ ရှိနိုင်သောကြောင့် ဖြစ်သည်။ ဤသဘောကို နာမည်ကျော် 'ရာဇကုမ္မာ' (The Prince) ကို ပြုစုခဲ့သူ မက္ခရာဗီလီ' တစ်ယောက် ကောင်းကောင်း သိသည်။ သူက ယခုလို ရေးခဲ့သည်။

"အခြေအနေဟောင်းတွင် အစစ အဆင်ပြေ နေကြသူများအနေနှင့် အဆိုပါ အခြေနေဟောင်းကို မှောက်လှန် ပြောင်းလဲပစ်မည့်သူကို သဘောတွေ့ကြမည် မဟုတ်ပါချေ။ သူအဆိုပြုသော အခြေအနေသစ်တွင် အလားအလာ ကောင်းလိမ့်မည်၊ ထင်မြင်ယူဆ ကြသူများကသာ သူ့ကို ထောက်ခံဖို့ ရှိပါလိမ့်မည်"

မက္ခရာဗီလီ၏ အယူအဆမှာ လက်တွေ့ကျသည်ဟု ဆိုရပါလိမ့် မည်။ အဘယ့်ကြောင့်ဆိုသော် အပြောင်းအလဲတိုင်းက 'ပေါက်သူ' နှင့် 'ကွဲသူ' ဆိုသော ဆန့်ကျင်ဘက် လူမှုအုပ်စု နှစ်ခုကို မွေးထုတ်လေ့ ရှိသောကြောင့် ဖြစ်သည်။ ပြောရလျှင် နိုင်ငံရေးမှာ စစ်ပွဲမဟုတ်သည့်တိုင် အနှစ်သာရအားဖြင့် အရှုံးအနိုင် ပေါ်တတ်သော 'အကြွင်းသုညဂိမ်း' (Zero – sum - game) က လွှမ်းမိုးသည်သာ ဖြစ်ပါသည်။ မည်သည့် နိုင်ငံရေးအိုင်ဒီယာတွင်မဆို ထောက်ခံသူ၊ ကန့်ကွက်သူ ရှိကြသည်သာ ဖြစ်သည်။ "ခင်ဗျားအနေနှင့် လူတိုင်း နှစ်ခြိုက် သဘောကျစေဖို့ တတ်နိုင်လိမ့်မည် မဟုတ်ပါ" (You can't please everyone) ဤသည်ပင် လက်တွေ့ကျသော မဟာဗျူဟာ၏ နံပါတ်တစ် စည်းမျဉ်းဟု ဆိုရပါလိမ့်မည်။

ထောက်ခံသူနှင့် ကန့်ကွက်သူ

မည်မျှကောင်းမွန်မှန်ကန်သော အိုင်ဒီယာပင် ဖြစ်စေ ထောက်ခံသူ၊ ကန့်ကွက်သူ ရှိနိုင်သည်သာ ဖြစ်ပါသည်။ အကြောင်းမူ အိုင်ဒီယာတိုင်း၊ အဆိုပြုချက်တိုင်း၊ ပေါ်လစီတိုင်းမှာ 'အကျိုးစီးပွားများ' နှင့်
ဆက်စပ်နေသောကြောင့် ဖြစ်သည်။ လူသားမျိုးနွယ် တစ်ရပ်လုံးနှင့် ဆိုင်သော 'သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး' ကိုပင်ကြည့် ...။ သဘာဝ ပတ်ဝန်းကျင်
ညစ်ညမ်းမှုဒဏ်ကို တိုက်ရိုက် ခံစားနေရသူများ သို့မဟုတ် တိုက်ရိုက်မခံစားရသည့်တိုင် ညစ်ညမ်းမှုအန္တရာယ်ကို နားလည် သဘောပေါက်သူများက ထောက်ခံကြပါလိမ့်မယ်။ သို့နှင့်တိုင် သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသောလက်ရှိ 'ပိုနေမြဲ ကျားနေမြဲ' အခြေအနေတွင် အကျိုးတစ်စုံတစ်ရာ
ရှိနေသူများကမူ ကန့်ကွက်ကြမည်သာ ဖြစ်သည်။ ဤသို့ ကန့်ကွက်ကြမည့် သူများမှာ စက်မှုလုပ်ငန်းရှင်ကြီးများ၊ ဝိသမ လောဘသား အရင်းရှင်ကြီးများသာ
ဖြစ်လိမ့်မည်ဟု အသေကျကျ တွက်လို့မရပါ။ စက်ရုံအလုပ်သမားများ အနေနှင့်လည်း လုပ်ငန်းခွင် ပျောက်ဆုံးနိုင်သည့် အန္တရာယ်ကို စိုးရိမ်၍ သဘာဝ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးကို ခံတွင်း မတွေ့ကြသည်များ ရှိနိုင်ပါသည်။

အဆိုပြုချက် တစ်ရပ် သို့မဟုတ် ပေါ်လစီ တစ်ခုနှင့် ပတ်သက်လျှင် ဘယ်သူတွေကထောက်ခံ၍ ဘယ်သူတွေက ကန့်ကွက်ကြမည် ဆိုသည်ကို အခါခပ်သိမ်း အလွယ်တကူခွဲခြားရနိုင်လိမ့်မည် မဟုတ် ပါ။ အတွင်းကျိတ် စိတ်ထဲက တူးတူးခါးခါး ဆန့်ကျင်ပြီး အများရှေ့ တွင် တက်တက်ကြွကြွ ထောက်ခံပြသူမျိုးတွေ ရှိတတ်သော ကြောင့် ဖြစ်သည်။ အထူးသဖြင့် ကျင့်ဝတ်အရ ငြင်းချက်ထုတ်ဖို့ခက်သော အဆိုပြုချက်များတွင် ဤသို့သော မျက်နှာဖုံးစွပ် ထောက်ခံသူများကို တွေ့ရလေ့ရှိပါသည်။ ဥပမာ- 'အကျင့်ပျက်မှုဆန့်ကျင်တိုက်ဖျက်ရေး' ဆိုပါစို့၊ 'ဘယ်သူကမှ ပေါ်ပေါ်ထင်ထင် တရားဝင်ကန့်ကွက်ကြလိမ့်မည် မဟုတ်ပါ။ သို့သော် လှိုက်လှိုက်လှဲလှဲ ထောက်ခံမည့်သူလည်း ထင်သလောက်ရှိမည် မဟုတ်ပါချေ။

ဤကိစ္စတွင် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းလိုက် လွှမ်းမိုး တွင်ကျယ်နေသော အကျင့်ပျက် ခြစားမှု၏ သဘော သဘာဝကိုလည်း ဆန်းစစ်ဖို့ လိုပါလိမ့်မည်။ အထက်အဆင့်တွင် ဖြစ်လေ့ရှိသော အကြီးစား အကျင့်ပျက် ခြစားမှုမျိုးကို သာမန်လူ အများစုက မနှစ်သက်ကြပါ။ ဤသို့သော အကျင့်ပျက် ခြစားမှုမျိုးကိုတိုက်ဖျက်ဖို့ သူတို့တစ်တွေ အသေအချာ ထောက်ခံကြပါလိမ့်မည်။ သို့သော် အလယ်အလတ် အဆင့်နှင့် အောက်ခြေတွင် ဖြစ်လေ့ရှိသော အသေးစား အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်ရန်အတွက်မူ လူအများစု ထောက်ခံချက်ရလိမ့်မည်ဟု ကံသေကံမ ပြောမရပါ။ လမ်းပေါ်မှ လူများအတွက် အဆိုပါ အသေးစား အကျင့်ပျက် ခြစားမှုများမှာ နိစ္စဓူဝ ဘဝများ အဆင်ပြေပြေ လည်ပတ်နိုင်စေရန် မလွဲမရှောင်သာ ထည့်ပေးကြရသော 'ချောဆီ' လို ဖြစ်နေသောကြောင့် ဖြစ်ပါသည်။သို့နှင့်အမျှ လာဘ်ပေးသူနှင့် လာဘ်ယူသူတို့ မဟာမိတ် ဖွဲ့ထားကြသည်မျိုး ရှိနိုင်ပါသည်။

သေချာသည့် အချက်ကို ဆိုရလျှင် အိုင်ဒီယာတစ်ခု သို့မဟုတ် အဆိုပြုချက်တစ်ရပ်ကို လက်တွေ့ အကောင်အထည် ဖော်ဖို့ဆိုလျှင် ကန့်ကွက်သူများနှင့် ရင်ဆိုင်ကြရမည်သာ ဖြစ်ပါသည်။ ဤသို့ ရင်ဆိုင် ကျော်လွှားရာတွင်လည်း ကျင့်ဝတ်၊ ဆင်ခြင်တုံတရား ဆိုသည်များထက် ဩဇာအာဏာသည်သာ အစွမ်းထက်သောလက်နက် ဖြစ်လေ့ရှိပါသည်။ ဤသဘောကို မက္ခရာဗီလီက 'တမန်တော် အချင်းချင်းစစ်ခင်းကြသည် ဖြစ်စေဦး၊ လက်နက်ကိုင် တမန်တော်ကသာ လက်နက်မဲ့ တမန်တော်ကိုအနိုင်ရစမြဲ ဖြစ်သည်' ဟု ရေးခဲ့သည်။ ပြောရလျှင် ရွေးကောက်ပွဲ မဲဆွယ်ရေးမဟာဗျူဟာ များမှာလည်း ဤနည်း နှင်နှင်သာ ဖြစ်ပါသည်။ မက္ခရာဗီလီ၏ ဆိုခဲ့ပါ 'ခါးသီးသော အမှန်' ကို တန်ပြန်နိုင်ရန် အင်စတီကျူးရှင်းများဖြင့် ကျားကန်ကြရသည်။ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် 'အင်စတီကျူရှင်နယ် လိုက်ဇေးရှင်း' မှာ ဆုံချက်အကျဆုံး ဖြစ်တန်ရာသည်။

နိုင်ငံရေးမဟာဗျူဟာ
နိုင်ငံရေးမဟာဗျူဟာ

နိုင်ငံရေး အတွေးအမြင်၊ အကောက်အယူများကို တရားဝင်
လက်ခံဆောင်ရွက်နိုင်ဖို့ဆိုလျှင် နိုင်ငံရေး မဟာဗျူဟာ များကို အသုံးပြုရမည် ဖြစ်ပါသည်။ ဥပမာအားဖြင့် ဥပဒေသစ်တစ်ရပ် စတင်ပြဋ္ဌာန်းခြင်း၊ စီမံအုပ်ချုပ်ရေး ဖွဲ့စည်းပုံ အသစ်များ ဖန်တီးပုံဖော်ခြင်း၊ အထွေထွေ ထိန်းချုပ်မှုများ ဖြေလျှော့ရေး၊ ပုဂ္ဂလိကပိုင်ပြောင်းရေး၊ ဗဟိုချုပ်ကိုင်မှုများ လျှော့ပေါ့ရေး စသည်တို့သို့ ဦးတည်သော အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း စသည်တို့ ဖြစ်သည်။ အတွေ့အကြုံအရ ဆိုရလျှင် နိုင်ငံရေး ပါတီများဖြစ်စေ၊ အစိုးရ အဖွဲ့အနေနှင့် ဖြစ်စေ ဆိုခဲ့ပါ ပေါ်လစီခြေလှမ်းများကို လုံလုံလောက်လောက် စီမံချက် မရှိဘဲ ဆောင်ရွက်ခဲ့ကြသည်ကများပါသည်။ သို့အတွက်ကြောင့်သာ မအောင်မြင်သော ပရောဂျက်များ ဤမျှ များပြားနေခြင်း ဖြစ်ပါလိမ့်မည်။ ဤသို့သော အရေးနိမ့် ပရောဂျက်များမှာ အနည်းနှင့်အများ ဆိုသကဲ့သို့ လူထုကို ထိခိုက်စေသည်က များပါသည်။

ဤအကြောင်းကြောင့်ပင် လူထုအနေနှင့် ကနဦး ကာလတိုင်းလောက်တွင် အပြောင်းအလဲကို ဆန့်ကျင်ကြခြင်း ဖြစ်နိုင်သည်။ အသစ် ချမှတ်လိုက်သော ဥပဒေသစ်များကို တရားဝင် ဖြစ်စေရန် အစိုးရတွင် လုံလောက်သော အင်အားမရှိဟု
ထင်မြင်ယူဆ ကြလျှင်လည်း အဆိုပါ ဥပဒေများကို လူထုဘက်မှ အလေးထားကြလိမ့်မည်မဟုတ်ပါချေ။

နိုင်ငံရေး မဟာဗျူဟာမှာ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးသမားများနှင့် အစိုးရများ အတွက်သာ အရေးကြီးသည် မဟုတ်ပါ။ နိုင်ငံရေးအရ တက်ကြွသော'အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ' (NGO) အတွက်လည်း အရေးကြီးသည်သာဖြစ်သည်။ အလုပ်သမား သမဂ္ဂများ ဖြစ်စေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအုပ်စုများ ဖြစ်စေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖြစ်စေ၊ NGO များအနေနှင့် ၎င်းတို့၏ ရေရှည် ရည်မှန်းချက်များ အောင်မြင်ဖို့ ဆိုလျှင် မဟာဗျူဟာရှိရန် လိုပါသည်။

နိုင်ငံရေး မဟာဗျူဟာ မရှိဘဲ ရေရည်သဘောဆောင်သော အပြောင်းအလဲများ သို့မဟုတ်ရည်မှန်းချက် ကြီးမားသော ပရောဂျက်များကို အောင်မြင်အောင်ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ပါ။ ဥပမာအားဖြင့် ဗဟိုချုပ်ကိုင်မှုများ လျှော့ပေါ့ရေး အစီအစဉ်တစ်ရပ် အကောင်အထည်ဖော်မည် ဆိုပါစို့။ အကျယ်အပြန့်စီမံချက်ချ ဆောင်ရွက်ရန် လိုပါလိမ့်မည်။ ဤသို့ စီမံချက်ချရာတွင် ကဏ္ဍတော်တော်များများကို တစ်ပြိုင်နက်တည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။ ဒေသဆိုင်ရာ အစိုးရ၏ ဩဇာအာဏာ ၎င်း၏ စည်းရုံးဖွဲ့စည်းမှု ပုံသဏ္ဌာန်၊ ဘဏ္ဍာရေး၊
လူထုကိုယ်စားလှယ်များ ရွေးကောက် တင်မြှောက်ခြင်း၊ နိုင်ငံရေးရာ စီမံအုပ်ချုပ်ရေးအဖွဲ့ ရွေးချယ် တင်မြှောက်ခြင်း စသည်တို့ ဖြစ်သည်။ ရေရှည် မဟာဗျူဟာအပေါ် အခြေခံသည့် အသေးစိတ် စီမံချက်များ ချမှတ်ဆောင်ရွက်နိုင်မှသာ တိုင်းပြည်အများစုတွင် မကြာခဏ ဆိုသလို ကြုံကြရသောအမှားများကို ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။

နိုင်ငံတကာ အတွေ့အကြုံများအရ ကြုံရနိုင်ဖွယ်ရှိသည့် အားနည်းချက်များကို စုစည်း ဖော်ပြရလျှင် ဒေသဆိုင်ရာ လူထုကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်နိုင် သည့်တိုင် ၎င်းတို့၏လုပ်ပိုင်ခွင့်အာဏာကို တိတိကျကျသတ်မှတ်ပေး ထားခြင်း မရှိသည်မျိုး ဖြစ်တတ်သည်။ ဗျူရိုကရေစီက ငြင်းဆန်နေ၍ အသစ်တက်လာသော လူထုကိုယ်စားလှယ်များကို လုပ်ပိုင်ခွင့်အာဏာလွှဲအပ် မပေးသည်မျိုးလည်း ဖြစ်တတ်သည်။ လုပ်ပိုင်ခွင့်အာဏာ လွှဲအပ်ပေးသည့်တိုင် လုံလောက်သော ဘဏ္ဍာရေး အထောက်အပံ့ မရှိသည်မျိုးလည်း
ဖြစ်တတ်သည်။ ဒေသဆိုင်ရာ အစိုးရအဖွဲ့ဝင်များကို ရွေးချယ်တင်မြှောက်ထားသည့်တိုင် သူတို့ ကိုယ်တိုင်က သူတို့ ရင်ဆိုင်ရမည့်အလုပ်အတွက် ပြင်ဆင်မှု မရှိသည်မျိုးလည်း ကြုံရနိုင်သည်။

အခင်းအကျင်းသစ်တစ်ရပ် ပေါ်လစီတစ်ရပ်ကို စတင် မိတ်ဆက်တော့မည်ဆိုလျှင် အထက်တွင် ဖော်ပြထားသော ဥပမာမျိုးများကို မကြာခဏ ဆိုသလို ကြုံကြရမည်သာ
ဖြစ်ပါသည်။ ရင်ဆိုင်ကြုံတွေ့ နေရသော အခြေအနေ အရပ်ရပ်နှင့် ပတ်သက်ပြီးလုံလောက်သော သတင်းအချက်အလက်များ မရရှိလျှင် လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ရေးကိုလည်း မျှော်လင့်၍ ရနိုင်မည် မဟုတ်ပါ။သက်ဆိုင်ရာ လူထုကို လုံလောက်သော အသိပညာ မပေးနိုင်ပါက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်များ မည်သို့ပင် ကြိုးပမ်းဆောင်ရွက် သည်ဖြစ်စေ၊ ရည်မှန်းသလောက် ခရီးပေါက်မည် မဟုတ်ပါချေ။ မလွှဲမသွေ လုပ်ကို လုပ်ကြရမည့် ပုဂ္ဂလိကပိုင် ပြောင်းရေး အစီအစဉ်မျိုး သည်ပင်လျှင်၊ လူထု၏ အလုပ်အကိုင်များ
ဆုံးပါးမည့် အခြေအနေသို့ ဦးတည်လာလျှင် အကျိုးသက်ရောက်မှု ကောင်းနိုင်မည်မဟုတ်ပါ။

ဈေးကွက် စီးပွားရေးစနစ်ကို စတင်ဖွင့်လှစ်ဖို့ ဆိုသည်မှာ တည်ဆဲ အမိန့်ပေးစီးပွားရေးကို ဖြိုချရုံ သက်သက်မျှ မဟုတ်သည်ကို သတိချပ်ရန် လိုပါတယ်။ အပြန်အလှန် သက်ရောက်မှု ရှိနေသော ဈေးကွက်များ (ကုန်စည်၊ ဝန်ဆောင်မှု၊ လုပ်အား၊ အိမ်၊ ခြံ၊ မြေ စသဖြင့်) ဖန်တီး တည်ဆောက်ကြရမည် ဖြစ်သည်။ မဆိုစလောက် အစိုးရပိုင် လုပ်ငန်းများကို ပုဂ္ဂလိက ပြောင်းပေးပြီး ထိုင်ကြည့်နေရုံမျှဖြင့် လုံလောက်လိမ့်မည် မဟုတ်ပါ။ ဆန်စင်ရာကျည်ပွေ့လိုက်သလို လုပ်လို့ မဖြစ်ဘဲ မဟာဗျူဟာ စီမံချက်တစ်ရပ် ကျကျနနပြင်ဆင် အကောင်အထည်ဖော်ရမည် ဖြစ်ပါသည်။

နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်တစ်ရပ်အတွက် မဟာဗျူဟာ စီမံချက်တွင် အနိမ့်ဆုံး ပါဝင်ကြရမည့် လုပ်ငန်းစဉ်များမှာ

၁။ လက်ရှိအခြေအနေကို ပီပီပြင်ပြင် သရုပ်ခွဲစိစစ်ရေး

၂။ ထောက်ခံသူ၊ ကန့်ကွက်သူများကို ရှင်းရှင်းလင်းလင်း သိမြင်နားလည်နိုင်ရေး

၃။ တည်ဆဲအာဏာ ညီမျှခြင်းကို တိတိကျကျ စိစစ်နိုင်ရေး

၎။ မဟာဗျူဟာ ရည်မှန်းချက်များကို ရှင်းရှင်းလင်းလင်း သိမြင်နားလည်စေရေး

၅။ အဆိုပါ ရည်မှန်းချက်များ အောင်မြင်ရရှိရန်အတွက် တတ်နိုင်သမျှ စွမ်းအားအားလုံးကို စုစည်း အသုံးပြုနိုင်ရေးတို့ ဖြစ်ပါသည်။

ရွေးကောက် တင်မြှောက်ခံရသော နိုင်ငံရေးသမားများ ကိုယ်တိုင်က ဈေးကွက်စီးပွားရေး၊ ဒီမိုကရေစီ စသည်တို့၏ တကယ့်အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း နားမလည်လျှင်၊ မဟာဗျူဟာ ရည်မှန်းချက်များကို ဆုပ်မိကိုင်မိ ရှိလိမ့်မည် မဟုတ်ပါ။ ဤသို့ဆိုလျှင် ရည်မှန်းချက်အတိုင်း ပီပီသသ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ဆိုသည်ကို မျှော်လင့်နိုင်လိမ့်မည် မဟုတ်ပါချေ။ ဥပဒေပြု အဖွဲ့အစည်းများက အမှန်တကယ် အလုပ်လုပ်ရမည့် အဖွဲ့အစည်းများကို မထောက်ခံလျှင် သော်လည်းကောင်း၊ အလုပ်လုပ်ရမည့် အဖွဲ့အစည်းများက ဥပဒေပြု အဖွဲ့အစည်းများကို မလေးစားလျင်သော် လည်းကောင်း၊ ရည်မှန်းချက် ရှိရှိ အကောင်အထည် ဖော်နိုင်လိမ့်မည် မဟုတ်ပါချေ။ မဟာဗျူဟာ ရည်မှန်းချက် တစ်ရပ် ရေးဆွဲရာတွင် ဤအချက်များကို အထူးသတိပြုရန် လိုမည် ဖြစ်ပါသည်။

စာညွှန်း

Political Strategies (Peter Schroder)

ရေးသားသူ ဆရာကျော်ဝင်း

The Voice မှကူးယူဖော်ပြသည်

No comments:

Post a Comment