Latest News

Friday, October 20, 2017

ကမ္ဘာပေါ်မှာ Independent Films ခေါ်တဲ့ အင်ဒီးစ်တွေထဲက ၀င်ငွေအများဆုံးရတဲ့ ရုပ်ရှင် Big Sick


ဒါရိုက်တာ ရော၊ မင်းသား မင်းသမီး ကို ပါ မသိ ပါဘူး။ဒါပေမဲ့ ကမ္ဘာပေါ်မှာ Independent Films ခေါ်တဲ့ အင်ဒီးစ်တွေထဲက ၀င်ငွေအများဆုံးရတဲ့ ရုပ်ရှင်ဆိုတော့ နည်းနည်း စိတ်ဝင်စားသွားပါတယ်။ဟုတ်တယ်လေ။ကုန်ကျစရိတ်ဒေါ်လာ ၅သန်း၊ခု အမြတ်ငွေက ဒေါ်လာ ၅၂သန်းကျော် ကိုး။ဘယ်လိုတွေရိုက် ဘာတွေရိုက်ပါလိမ့်ပေါ့။

အဲဒီမှာတွေ့တော့တာပါပဲ။ပါကစ္စတန်လူမျိုး၊ အစ္စလာမ်ဘာသာဝင် ကူမေးလ်ဟာ အမေရိကန်လူရွှင်တော် ဖြစ်ချင်လို့ ကြိုးစားနေသူတစ်ယောက်ပါ။မြန်မာ လူရွှင်တော် နဲ့ သူတို့ လူရွှင်တော် သဘာဝ ခြားနားပါတယ်။Standup comedianခေါ်တဲ့ သူတို့ရဲ့ သဘာဝ ကို က လူသူအများရှေ့မှာ တစ်ယောက်ထဲ တီးဝိုင်းမပါ၊အတွဲအဖက်မရှိ ရပ်ပြီးစကားပြောရတာပါ။မြန်မာလူရွှင်တော် တွေလို သီတံပြက်လုံး၊ခြံခတ်ပြက်လုံးမျိုးတွေ ပြက်ပြနေတာ မဟုတ်ပါဖူး။အဓိက ကတော့လူ့ သဘာဝ ရဲ့ အမြီးအမောက် မတည့်တာတွေကိုဟာသလုပ်လို့ ပြောပြရတာပါ။ဒိတော့ လူအများရှေ့ ရယ်စရာထွက်ပြောတဲ့ လူဟာ ၀မ်းစာပြည့်ဖို့လိုပါတယ်။စာဖတ်ရပါတယ်။လေ့လာရပါတယ်။

ကူမေးလ် က Uber အငှားကားမောင်းရင်း သူ့ရဲ့ ခရီးသည်တွေဆီက ပညာ ရှာနေတာပါ။ညဖက်ကျတော့မှာ ချီကာဂိုရဲ့စင်မြင့်သေးသေးလေးတွေပေါ် ပရိသတ် လေး ငါးဆယ် ရယ်အောင် ဟာသတွေ ပြောပြရတာပေါ့။

တစ်ညသားမှာတော့ အမ်မလီ နဲ့ ဆုံတွေ့ခဲ့၇ပါတယ်။ဒါကလဲ စင်ပေါ်ကလူ နဲ့ ပရိသတ် တွေ့ကြတဲ့သဘောပါ။ကူမေးလ် တို့လို တက်သစ်စ လူရွှင်တော် တွေ ဟာ ပရိသတ် ကိုအခေါ်အပြောလုပ်ပြီး အာဝဇ္ဖန်းနဲ့ ရီစရာလုပ်လေ့ရှိပါတယ်။ခင်ဗျားဘယ်မြို့ကလဲ၊ဘာစားလာခဲ့လဲ ဆိုတာမျိုးပေါ့။ပြန်ဖြေတဲ့ စကားပေါ် မူတည်ပြီး တော့မှ ပြက်လုံးလုပ်ရတာကိုး။

အမ်မလီက ကူမေးလ် ပြက်လုံးထဲမှာ အော်ပြီးနောက်လိုက်တယ်။ကူမေးလ်က ပရိသတ်ထဲမှာ ပါကစ္စတန် ရှိလားလို့ မေးတာကို အမ်မလီ က (အူး) လို့ အော်လိုက်တာကိုး။ကူမေးလ်က ခင်ဗျား ပါကစ္စတန် မဖြစ်နိုင်ပါဖူး လို့ ပြန်ဖြေ ပြီးသူ့ပြက်လုံးဘယ်လိုရှေ့ ဆက်ရမှန်းမသိတော့တာပါ။အမှန်ကတော့ ချိစ်၊ ဘိန်းဖြူ နဲ့ ပါကစ္စတန် ကိုချိတ်ဆက် ပြက်လုံးထုတ်ဖို့  သူ စီစဉ်ထားခဲ့တာလေ။

ဘာပဲ ဖြစ်ဖြစ် ကူမေးလ် နဲ့ အမ်မလီ တွေ့ဆုံ ချစ်ကြိုက်သွားကြတယ်။ဒါဟာ အခက်အခဲ တစ်ခုပါ။9/11ပြီးကထဲက အစ္စလာမ် ပါကစ္စတန် ဆို အကြမ်းဖက်သမားလို့  ထင်ထားကြတဲ့အမေ၇ိကန်အသိုင်းအ၀ိုင်းရဲ့ Tolerance ကိုမီးမောင်းထိုးပြလိုက်တာပါပဲ။ဒါရိုက်တာ ဟာ ပါးပါးနပ်နပ် ကိုင်တွယ်သွားပါတယ်။

ကူမေးလ် မိဘတွေက သူတို့လူမျိုး ဘာသာ အယူအရ ကူမေးလ်ကို ပါကစ္စတန် အစ္စလာမ် မိန်းကလေးနဲ့ အိမ်ထောင်ချပေးဖို့ ချွေး မ ရွေးနေပါပြီ။ကူမေးလ် နဲ့အမ်မလီ တို့ နှစ်ယောက်ကတော့ အချစ်ပိုနေဆဲ။

တစ်ရက်မှာတော့ သူတို့ ချစ်သူသဘာဝ စကားများ၇န်ဖြစ်ကြရင်း လမ်းခွဲဖို့ထိ ဖြစ်ခဲ့ကြတယ်။အဲဒီညမှာပဲ အမ်မလီဆေးရုံပေါ်ရောက် ခဲ့ရတယ်။အမ်မလီ ရဲ့ သူငယ်ချင်း က ကူမေးလ် ကိုဖုန်းဆက်ပြီး အမ် မလီ အနား လူနာ စောင့် သွားလုပ်ပေးဖို့ ပြောလိုက်လေရဲ့။

အူကြောင်ကြောင် နဲ့ဆေးရုံရောက်လာတဲ့ကူမေးလ် ကို ဆရာဝန်က အမ်မလီဟာ အသက်ရှုဖို့ ခက်ခဲတဲ့ ဝေဒနာ ဖြစ်နေတယ်တဲ့။ကူးစက်ပိုးတစ်မျိုးကြောင့်။ဒါကိုအမြန်ကုဖို့လိုတယ်၊အသက်ရှူ အကူကိ၇ိယာ တပ်ဆင်ရမယ် ၊လူနာရှင်သဘော တူ လက်မှတ်ထိုး၇မယ် ဆိုတော့ သူ့ကိုယ်သူ အမ်မလီ ရဲ့ယောကျာင်္း ပါဆိုပြီးထိုးထည့်လိုက်တော့တယ်။

အမ်မလီဟာ သတိလစ်နေရှာပြီ။အမ်မလီ မိဘတွေက တောင် ကယ်ရိုလိုင်းနားမှာ။ဘယ်လိုအကြောင်းကြားမလဲ။လိပ်စာ မသိ၊ဖုန်းနံပါတ် မသိ။သည်တော့ အမ်မလီ ပိုက်ဆံအိပ်ထဲက IPhoneခလုပ်ပေါ် သတိလစ်နေတဲ့ အမ်မလီ လက်မလေး တင်ပြီး ဆောရီးပါ အမ်မလီရယ် လို့  ဆိုကာ ဖုန်းဖွင့်လိုက်ရတာပေါ့။

ဒီလိုနဲ့ အမ်မလီ ရဲ့မိဖ ၂ ပါးသမီးနားရောက်လာတယ်။တာဝန်ခံဆရာဝန်က စကားပြောချင်တယ် ဆိုတော့ ၃ယောက်လုံး အခန်းတစ်ခန်းထဲရောက် သွားခဲ့လေရဲ့။
ဒါရိုက်တာဟာ ဘယ် အထိ ဂရုစိုက်သလဲ ဆိုရင် အခန်းထဲ က စားပွဲတင် ပြက္ခဒိန်ပေါ်မှာGrief is Love's unwillingness to let go ဆိုတဲ့ စာသားလေး ပါ ဇာတ်ဝင်ခန်းထဲ ထည့်သုံးထားပါတယ်။

တိုတိုပြောရရင် အမ်မလီ ဟာ ကိုမာ ရနေပါပြီ။ဒါပေမဲ့ဆေးပညာအရ ကောင်းသော ကိုမာ၊မကောင်းသော ကိုမာ နှစ်မျိုးနှစ်စားထဲက ကောင်းသော ကိုမာ ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ အမ်မလီ ရဲ့ကျောက်ကပ်ဆိ ကို ပိုးကပျံ့ နေတယ် တဲ့။အခြေအနေ ကတော့ ငါးဆယ် ငါးဆယ်ပေါ့။
ကူမေးလ်မှာကလဲ ကျဉ်းထဲကျပ်ထဲ ရောက်နေလေရဲ့။သူ့ဘ၀တက်လမ်း က မွန်ထရီယယ်လ် ဟာသပွဲတော် မှာ တင်ဆက်ခွင့်ရဖို့ ။တစ်ဖက်မှာ မိဘတွေကလဲ ပါကစ္စတန်သူနဲ့အိမ်ထောင်ချပေးဖို့။ဒီမှာလဲ အမ်မလီ ကိုမထားခဲ့ရက်။အမ်မလီ ရဲ့မိဘတွေက သူ့ကို သိတ်မလိုလားပါဖူး။အမ်မလီအဖေကဆို မင်း ကိုကျေးဇူးတင်တယ် မင်းသွားချင်သွားနိုင်ပါပြီ လို့ သာသာလေး နှင်ထုတ်ခဲ့တာ။သူ့စိတ်တွေက အမ်မလီ့ဆီမှာပါ။ဒါ့ကြောင့်လဲ မွန်ထရီရယ်လ် ဟာသပွဲတော် လူရွေးပွဲမှာ သူပြုတ်ခဲ့တယ်။အမ်မလီ ရဲ့အနားမှာပဲနေတော့မယ် လို့ ဆုံးဖြတ်ပြီး အမ်မလီ မိဘ တွေ မကြည်ဖြူတဲ့ ကြားက ဇွတ်ကို ဆေးရုံမှာ လာ ထိုင်နေပါတော့တယ်။

နောက်ဆုံးတော့ အမ်မလီရဲ့အဖေက သနားပြီး အသိအမှတ်ပြုလာပါတယ်။သူတို့နဲ့အတူတူ မုန့်စားဖို့ဖိတ်ခေါ် လာတဲ့အထိပေါ့၊ဖြစ်ချင်တော့အမ်မလီ သတိပြန်ရလာပါရော၊AOSD ခေါ်တဲ့ အင်မတန်ရှားပါးတဲ့ ရောဂါတစ်မျိုး ကြောင့်ပါ။ဒီရောဂါ ဖြစ်လာရင် ဆရာဝန် တွေ ရေလိုက်လွဲ တတ်ပါတယ်။အဆစ်အမြစ်ကိုက်တာက စတာပါ။

ကူမေးလ် လဲ အမှတ်ရသွားတယ်။သူတို့လည်ပတ်တဲ့တစ်ညတုန်းကအမ်မလီ ခြေဆစ်လက်ဆစ်ကိုက်ခဲ့ဖူးတာကိုး။သမီးသတိရလာတော့မိဖ ၂ ပါး အိမ်ပြန်ခွင့်ရပါတယ်။ချီကာ၈ိုမှာ သွားစရာမရှိတော့ ကူမေးလ် က သူ့အခန်းကိုလိုက်တည်းဖို့ ဖိတ်ခေါ်ခဲ့တယ်။ဒါဟာ ဇာတ်ရဲ့အချိုး အကွေ့တစ်ခုပါ။ညဖက် ကူမေးလ် ရဲ့ ဖျော်ဖြေပွဲ ကျတော့ ကူမေးလ် ပြက်လုံးပြက်နေတုန်း ပ၇ိသတ်ထဲက လူငယ်တစ်ယောက်က ISISဆီသွားလို့  ကူမေးလ် ကိုလှမ်းအော်တယ်။ဒါကို အမ်မလီရဲ့အမေ က မပြောသင့်တဲ့စကားဆိုပြီးထကန့်ကွက်ရာကပွဲပျက်ပါလေရော။

ဖြစ်ချင်တော့ ကူမေးလ် ရဲ့မိဖ ၂ ပါးကပါအိမ်ရောက်လာပြီး ကူမေးလ် ကို သားအဖြစ်ကနေ စွန့်လိုက်ပြီတဲ့။
ဒီလောက် ပိတ်ကျပ်နေတဲ့ ကူမေးလ်ဘ၀ ကိုအလင်းတစ်ပွင့်ပေးလိုက်တာက နယူးယောက်ဟာသ စင်တာ မှာ လာရောက်ဖျော်ဖြေ ဖို့ ဖိတ်ခေါ်ခံလိုက်ရတာပါပဲ။သူနဲ့ တူတူ သူ့ သူငယ်ချင်း ၂ယောက်ပါ လိုက်ရမယ်တဲ့။

အမ်မလီ လဲ နေကောင်းပြီ။
အမ်မလီ မိဘတွေ လဲ သူ့ကို ကြည့်ဖြူနေပြီ ဆိုမှ မိုင် ၇၀၀ ကျော် အဝေးကို သူပြောင်းရွေ့ရတော့မယ်။ဒါဟာ တကယ့်ကိုလမ်းဆုံလမ်းခွ ဆီ တွန်းထိုး ပို့လိုက်တာပါပဲ။

ဘာဆက်ဖြစ်မလဲ။

သိတ်ပြီးရင်ထဲကို နာကျင်စေတဲ့ အခန်းကတော့ သားဖြစ်သူ ကူမေးလ် ကို တစ်သက်စာ လာနှုတ်ဆက်တဲ့ မိဖ ၂ပါးနဲ့တွေ့ဆုံခန်းပါ။အမေက ကားပေါ်က မဆင်းဖူး။အဖေက ဆင်းလာပြီး မင်းအမေ မင်းအတွက် ဘရန်ရန်နီ လုပ်ပေးလိုက်တယ်။မင်းအကြိုက် အာလူးများများနဲ့။ဒါပေမဲ့ မင်း ကို သူစကားပြောမှာ မဟုတ်ဖူး။ငါလဲ မင်း ကိုဖက်ပြီးနှုတ်ဆက်ခွင့်မရှိဖူးတဲ့။ပါးစပ်ကဘာမှ အပိုဆာဒါးတွေ မိဖမေတ္တာ ဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်တွေ ပြောမနေပဲ ဒန်ပေါက်ထမင်းတစ်ဘူးနဲ့ မျက်ရည်ကျစေခဲ့ပါတယ်။

သေချာတာတစ်ခုကတော့ သာမန်အချစ်ဇာတ်လမ်းမဟုတ်တဲ့ရုပ်ရှင်ဇာတ်ကားပါ။လူမျိုးရေး၊တန်းတူညီမျှရေး၊နားလည်သည်းခံနိုင်ရေးဆိုတာတွေ နဲ့ ဖော်စပ် သွားတဲ့ ဒန်ပေါက်ထမင်းတစ်ပွဲပါပဲ။စားပြီးရင်တော့ အနံ့ ကလေး စွဲကျန်နေမှာပါ။
Maung Thura