Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 12, 2017

စတော့ရင်းနှီးမြှုပ်နှံမှု သုံးသပ်သူတွေ ဘယ်လိုသုံးသပ်သလဲ သိချင်ရင်


Profession အမေးအဖြေကဏ္ဍ
စတော့ရင်းနှီးမြှုပ်နှံမှု သုံးသပ်သူတွေ ဘယ်လိုသုံးသပ်သလဲ သိချင်ရင်
-----MIWOpinion-----
ကျွန်တော်တို့ Myanmar Investment Watch ၏ စတော့ဈေးကွက်မိတ်ဆက် အစီအစဉ် Post များမှ တစ်ဆင့် စတော့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပိုင်း ပရော်ဖက်ရှင်နယ်ပိုင်း ဆိုင်ရာ မေးခွန်းများစွာ မေးမြန်းမှုများ ရှိခဲ့ပါတယ်။ ထို့ကြောင့် Investment Professional တွေ ဘယ်လိုစမ်းစစ်သုံးသပ်သလဲ။ စတော့အိပ်ချိန်းရှိ အကျိုးဆောင်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေမှာ စတော့ရင်းနှီးမြှုပ်နှံမှု ပရော်ဖက်ရှင်နယ် တစ်ယောက်အနေဖြင့် ဘာတွေ လုပ်ဆောင်သလဲ သိလိုသူတွေ အတွက် အမေရိကန်နိုင်ငံတွင် ပညာသင်ကြားခဲ့ပြီး CFA စာမေးပွဲများဖြေဆိုထားသည့် မြန်မာနိုင်ငံသား စတော့သုံးသပ်သူတစ်ဦးအား စတော့ ရင်းနှီးရန် သုံးသပ်မှု အကြောင်း မေးမြန်းခဲ့ပုံကို အခုလို တင်ဆက် လိုက်ပါတယ်။
စတော့ရင်းနှီးမြှုပ်နှံမှု၊ အရောင်းအဝယ်နှင့် ပတ်သက်၍ ဘယ်လိုပညာရေးနှင့် အတွေ့အကြုံတွေရှိထားသလဲ။
****************************
ကျွန်တော်က အမေရိကန်နိုင်ငံ တက္ကသိုလ်တစ်ခုမှ Economics နှင့် Finance ဘာသာရပ်တွေဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။ ကျွန်တော်ဟာ ရင်းနှီးမြှုပ်နှံမှု Financial Analyst ဘဏ္ဍာရေး သုံးသပ်သူ တစ်ယောက် အနေဖြင့် သုံးနှစ်ခန့် ဆောင်ရွက်ခဲ့ပြီး ဒေါ်လာ ၅၀၀၀၀ ခန့် တန်ဖိုးရှိ စတော့ ရင်းနှီးမြှုပ်နှံမှု အစု Portfolio ကို စီမံခန့်ခွဲသည့် Portfolio မန်နေဂျာတစ်ဦး အနေဖြင့် တစ်နှစ်ခန့် လုပ်ဆောင်ခဲ့ပါတယ်။ အခုအချိန်မှာ ကျွန်တော်ဟာ Insurance ကုမ္ပဏီမှ အလုပ်ကို နှုတ်ထွက်ခဲ့ပြီး မြန်မာ့စတော့ဈေးကွက်မှာ ပါဝင်ဖို့ မြန်မာနိုင်ငံသို့ ပြန်လာရန် ပြင်ဆင်နေပါတယ်။
စတော့ရှယ်ယာကို Professional တစ်ယောက်လို အရောင်းအဝယ်ပြုလိုသူ ရင်းနှီးလိုသူတွေ အတွက် ဘယ်လို လေ့လာသင့်သလဲ။
*************************
စတော့ရှယ်ယာ နယ်ပယ်မှာ ရောင်းဝယ်ခြင်း၊ ရင်းနှီးခြင်းတွေအပေါ် သုံးသပ် စီမံခန့်ခွဲသည့် Professional တစ်ယောက်အဖြစ် လုပ်ကိုင်လိုပါက ရင်းနှီးမြှုပ်နှံမှုများ၏ ဘဏ္ဍာရေး သုံးသပ်မှုပညာ Financial Analysis ကို သိကျွမ်းနားလည် ရပါမယ်။ အသိအမှတ်ပြုမှု အခိုင်အမာ ရရှိမည့် လမ်းကြောင်းကတော့ CFA Institute လို့ခေါ်တဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှု Professional အဖွဲ့အစည်းမှ ကျင်းပတဲ့ Chartered Financial Analyst စာမေးပွဲတွေ ဝင်ရောက်ဖြေဆိုဖို့ပါ။ စာရင်းအင်းပညာမှာ Certified Public Accountant CPA ဘွဲ့လိုပဲ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးလောကမှာ CFA ဟာ နိုင်ငံတကာ အသိအမှတ်ပြု Professional ဘွဲ့ပါ။ CFA မှာ ခက်ခဲသည့် စာမေးပွဲ အဆင့်သုံးဆင့်ရှိပြီး စာမေးပွဲ တစ်ခုကို ဖြေဆိုရန် တစ်နှစ်စီခန့် ကြာမြင့်နိုင်ပါတယ်။ စာမေးပွဲ သုံးခုလုံးအောင် ပြီးလျင်တောင်မှ CFA Charter ဘွဲ့ရရှိမှာ မဟုတ်ပါဘူး။ Charter ဘွဲ့ရဖို့ ၄ နှစ်ခန့် ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးနယ်ပယ်မှာ လုပ်သက်အတွေ့အကြုံ ရှိထားဖို့ လိုအပ်ပါတယ်။ ရှည်လျားသည့် လမ်းကြောင်းဖြစ်ပေမဲ့ စာမေးပွဲတစ်ခု အောင်တိုင်း ခိုင်မာတဲ့ အသိအမှတ်ပြုမှုတွေ ရရှိနိုင်ပါတယ်။
CFA က မြန်မာနိုင်ငံမှာ စာမေးပွဲမပြုလုပ်သေးပါ။ ဒါပေမဲ့ ထိုင်းနှင့် စင်ကာပူတို့က စာမေးပွဲ စင်တာ တွေမှာ ဖြေဆိုလို့ရပါတယ်။
www.cfainstitue.org မှာ CFA စာမေးပွဲတွေ အကြောင်းကြည့်ရှုနိုင်ပါမယ်။
Professional တစ်ယောက်မဖြစ်လိုသော်လည်း စတော့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသူများကတော့ စတော့ရှယ်ယာရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာအုပ်တွေ များများဖတ်ထားသင့်ပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ခင် ငွေကြေးရင်းနှီးမှု အကြံပေးများနှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ရင်းနှီးမြှုပ်နှံခြင်းနှင့် ပတ်သက်သည့် အခြေခံကောင်း ပေးမည့် စာအုပ်အချို့ကို ပြောပြလိုပါတယ်။
English စာအုပ်တွေမှာ ဆိုလျင်
Warren Buffet ၏ ဆရာ Benjamin Franklin ရေးတဲ့ The Intelligent Investor
William Pike ရေးတဲ့ Why Stocks Go Up and Down
Howard Marks ရေးတဲ့ The Most Important Thing
စတဲ့ စာအုပ်တွေကို အခြေခံအနေနှင့် ဖတ်ထားသင့်ပါတယ်။
မြန်မာစာအုပ်တွေမှာ ဆိုလျင်
ဦးသက်ထွန်းဦးရေးတဲ့ စတော့ရှယ်ယာဈေးကွက် အခင်းအကျင်းစာအုပ် နှင့် အများပိုင်ကုမ္ပဏီများ စတော့အိပ်ချိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဈေးကွက်စာအုပ်
ဦးဝင့်ကျော်ရေးတဲ့ အရင်းအနှီးဈေးကွက်နှင့် အစုရှယ်ယာစာအုပ်တွေ ဖတ်ရှုထားသင့်ပါတယ်။
MIW မှ စတော့ဈေးကွက်မိတ်ဆက် အစီအစဉ် ဟာလည်း အထောက်အကူပြုပါတယ်။
သုံးသပ်မှု ကျွမ်းကျင်သူ တစ်ယောက်အနေနှင့် စတော့ရင်းနှီးဖို့ ဘာတွေလုပ်သလဲ။
***********************
စတော့ရင်းနှီးမြှုပ်နှံမှု မပြုမှီတိုင်း ကျွန်တော်ဟာ အများပိုင်ကုမ္ပဏီတစ်ခု၏ တန်ဖိုး ဘယ်လောက် ရှိသလဲ ဆိုတာတွေကို အခြေခံပိုင်း သုံးသပ်မှု Fundamental Analysis တွေနှင့် ကုမ္ပဏီ၏ တန်ဖိုးကို ပိုင်းဖြတ်တွက်ချက်ပါတယ်။ Valuation Model လုပ်တာပေါ့ဗျာ။ ဒီလိုတန်ဖိုး တွက်ချက်ဖို့ ကိန်းဂဏန်း အချက်အလက် စာရင်းဇယားများစွာ ကြည့်ရှုရပြီး ကုမ္ပဏီ၏ သတင်းနှင့် စီမံကိန်းတွေ အပေါ် ခန့်မှန်းယူဆချက်တွေ ပြုလုပ်ပါတယ်။ သတင်းအချက်အလက်တွေ ပွင့်လင်းစွာ ချပြထားတဲ့ အများပိုင်ကုမ္ပဏီတစ်ခုကို တန်ဖိုးဖြတ်ဖို့ ရင်းနှီးသင့်မသင့် ဆုံးဖြတ်ဖို့ ကျွန်တော့်အနေနဲ့ ၁၀ နာရီလောက် အချိန်ယူရပါတယ်။
သုံးသပ်စဉ်မှာလုပ်ဆောင်တာတွေကို အတိအကျလေး ပြောပြပေးပါ။
***********************
ကျွန်တော်ပြုလုပ်သည့် စတော့သုံးသပ်နည်း အဆင့်ဆင်ကတော့ ဒီလိုပါ။
ကုမ္ပဏီစတော့ရှယ်ယာ တစ်ချို့ကို ရွေးထုတ်ခြင်း
---------
Stock Screening စတော့ရှယ်ယာများ စစ်ထုတ်မှုကို အရင်ဆုံး ဆောင်ရွက်ပါတယ်။ ဒီအဆင့်မှာ ကျွန်တော်ဟာ စတော့ရင်းနှီးမဲ့ အများပိုင်ကုမ္ပဏီတွေရဲ့ စတော့ဈေးကွက် အတွင်းရှိ လက်ရှိတန်ဖိုး Market Capitalization နဲ့ ရင်းနှီးမြှုပ်နှံမှုရဲ့ ဆုံးရှုံးနိုင်ချေ Risk စတာတွေ အပေါ် ကြည့်ရှုသုံးသပ်ပြီး ရင်းနှီးမြှုပ်နှံသင့်တဲ့ လက်ရွေးစင်ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို ရွေးထုတ်ပါတယ်။
ကုမ္ပဏီတွေကို ပိုနားလည်အောင်လုပ်ခြင်း
---------
နောက်တစ်ဆင့်မှာ ကျွန်တော်ရင်းနှီးလိုတဲ့ ကုမ္ပဏီတွေကို ပိုနားလည်အောင် လုပ်ဆောင် ပါတယ်။ Yahoo Finance၊ CNBC နှင့် Bloomberg စတဲ့ Website တွေမှာ ကုမ္ပဏီတွေရဲ့ စတော့ရှယ်ယာ အချက်အလက်တွေကို ရယူပါတယ်။ ဒါတင်မကပဲ ကုမ္ပဏီတွေရဲ့ Website တွေထိသွားရောက်လေ့လာပါတယ်။ အများပိုင်ကုမ္ပဏီတိုင်းရဲ့ Website တွေမှာ Investor relations ဆိုတဲ့ စာမျက်နှာတွေ ထားရှိတတ်ပါတယ်။ အဲဒီစာမျက်နှာမှာ သူတို့ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံလိုသူများ နားလည်ရန် အတွက် စီးပွားရေးဘယ်လိုလုပ်သလဲ အမြတ်ဝေစုခွဲဝေမှု ပေါ်လစီက ဘယ်လို စတာတွေ ရေးသားထားပါတယ်။ ဒီလို Website တွေ သွားရောက်လေ့လာပြီး ဒီကုမ္ပဏီတွေ ဝင်ငွေ ဘယ်လိုရသလဲ၊ ဒီကုမ္ပဏီက ဘယ်စီးပွားရေး ကဏ္ဍမှာ လုပ်ငန်းဆောင်ရွက်နေတာလဲ၊ အဲဒီ စီးပွားရေးကဏ္ဍကရော တိုးတက်နေသလား ကျဆင်းသလား၊ အများကကော ဒီကုမ္ပဏီကို ဘယ်လိုမြင်သလဲ စတဲ့မေးခွန်းတွေကို မိမိကိုယ်ကို ပြန်မေးမြန်းပြီး ကုမ္ပဏီ၏ စီးပွားရေးလုပ်ပုံကို နားလည်အောင်လုပ်ပါတယ်။
အရင်နှစ်တွေက ရလဒ်တွေကို သုံးသပ်ခြင်း
----------
ဒီ့နောက်မှာ ကုမ္ပဏီတွေရဲ့ အရင်နှစ်တွေက စွမ်းဆောင်ရည် ဘယ်လောက်ရှိခဲ့သလဲ ဆိုတာကို ဆက်လက်သုံးသပ်ပါတယ်။ ဒီလိုသုံးသပ်ရာမှာ ကုမ္ပဏီတွေရဲ့နှစ်စဉ် စာရင်းလက်ကျန်ရှင်းတမ်း အမြတ်ဝင်ငွေထုတ်ပြန်ချက် စတဲ့ ဘဏ္ဍာရေး ထုတ်ပြန်ချက် Financial Reports တွေကို ၁နှစ်စာ ၂နှစ်စာ သင့်တော်သလို ကြည့်ရှုပါတယ်။ ဒီကုမ္ပဏီတွေရဲ့ ဘဏ္ဍာရေး ထုတ်ပြန်ချက်တွေမှာ ပါတဲ့ အချက်အလက်တွေကို သင်္ချာအချိုးတွေ အဖြစ် ပြောင်းလဲပြီး ကုမ္ပဏီတွေရဲ့ အားသာချက် အားနည်းချက်တွေကို ဖော်ထုတ်ပါတယ်။ ပြီးတော့ ကုမ္ပဏီတွေရဲ့ ဘဏ္ဍာရေး အခြေအနေတွေကို သူတို့ရဲ့ ပြိုင်ဘက် ကုမ္ပဏီတွေရဲ့ ဘဏ္ဍာရေး အခြေအနေတွေနဲ့ နှိုင်းယှဉ်တိုင်းတာပါတယ်။
လက်ရှိကာလ အနေအထားကို သုံးသပ်ခြင်း
---------
ဒီလို ကုမ္ပဏီတွေရဲ့ အရင်နှစ်တွေမှာ ရခဲ့ရှိတဲ့ စွမ်းဆောင်ရည်ကို နားလည်ပြီ ဆိုလျင် ယခု မျက်မှောက် ကာလမှာ ကုမ္ပဏီတွေအနေနဲ့ စီးပွားရေးကို ဘယ်လိုကိုင်တွယ် လုပ်ဆောင် နေသလဲ ဆိုတာကို သိအောင် ဆောင်ရွက်ပါတယ်။ ယခုနှစ်မှာ စီမံခန့်ခွဲမှု အဖွဲ့က ဘာတွေလုပ်ဆောင်ဖို့ရှိသလဲ၊ ဘယ်လောက် အမြတ်ဝင်ငွေ ရနိုင်တယ်လို့ ထုတ်ပြန်ထားသလဲ၊ ထုတ်ပြန်ချက်နှင့် လက်တွေ့ အခြေအနေတွေနှင့် ကိုက်ညီမှုရှိရဲ့လား ဒါတွေကို စမ်းစစ်ပါတယ်။
အနာဂတ်ရလဒ်တွေကို ခန့်မှန်းခြင်း
--------
အဲဒီနောက် ကုမ္ပဏီရဲ့ အတိတ်ကာလရလဒ်တွေနဲ့ ကျွန်တော့် ခန့်မှန်းချက်တွေ ပေါင်းပြီး အနာဂတ် ကာလမှာ ကုမ္ပဏီက ဘယ်လောက်ထိ တိုးတက် ကြီးပွားမယ် နှစ် အနည်းငယ် အကြာမှာ ရှိနိုင်တဲ့ ဘဏ္ဍာရေးအခြေအနေတွေ Projected Financial Statements ကို မျှော်မှန်းတွက်ချက်ပါတယ်။
ကုမ္ပဏီ၏ စတော့ကို တန်ဖိုးဖြတ်ခြင်း
----------
ဒါတွေလုပ်ပြီးသွားရင် ကုမ္ပဏီတွေရဲ့ အစုရှယ်ယာကို တန်ဖိုးဖြတ်ဖို့ အချိန်ရောက်လာ ပါပြီ။ ဒီလိုလုပ်ဖို့အတွက် ကျွန်တော် မျှော်မှန်းထားတဲ့ ကုမ္ပဏီရဲ့ နှစ်အချို့အကြာမှာ ရှိနိုင်တဲ့ ဘဏ္ဍာရေးအခြေအနေတွေကို တန်ဖိုးဖြတ်သင်္ချာပုံစံနည်း Valuation Model ထဲမှာ ထည့်သွင်းတွက်ချက်ပါတယ်။ ဒီကုမ္ပဏီ၏ စတော့ကို ဝယ်လိုက်လျင် အခြား တန်းတူ ရင်းနှီးမြှုပ်နှံမှု တစ်ခု မှာ ရင်းနှီးလို့မရတော့၍ ထိုအခြား ရင်းနှီးမြှုပ်နှံမှုမှ ရနိုင်တဲ့ အကျိုးအမြတ် ကိုပါ အခွင့်အလမ်းဆုံးရှုံးမှု စရိတ်အဖြစ်ထည့်တွက် ပါတယ်။ ဒီလိုတွက်ချက်ပြီးရင် ကုမ္ပဏီ၏ စတော့ရှယ်ယာများရဲ့ အနီးစပ်ဆုံး စစ်မှန်တဲ့ တန်ဖိုးဈေးနှုန်းကို ရရှိပါပြီ။ ဈေးကွက်ထဲမှာ ပေါက်နေတဲ့ စတော့၏ ဈေးနှုန်းတွေဟာ ယင်းစတော့ရဲ့ စစ်မှန်တဲ့ တန်ဖိုးနဲ့ အမြဲတမ်းထပ်တူမကျနေပါဘူး။ ကျွန်တော်က ကုမ္ပဏီတစ်ခု၏ စတော့ကို ဝယ်ဖို့ ရောင်းဖို့ ဆုံးဖြတ်တိုင်း ကျွန်တော်ရဲ့ စစ်မှန်တဲ့ တန်ဖိုး Intrinsic Value ကိုသာ လမ်းညွှန် အဖြစ်ထားပြီး ရောင်းဝယ်ခြင်း ရင်းနှီးမြှုပ်နှံခြင်း ပြုလုပ်ပါတယ်။
စတော့ရှယ်ယာတစ်ခုရဲ့တန်ဖိုး အစစ်အမှန်ကို သိဖို့ ခုနက ပြောခဲ့သလို တကယ်ပဲရှုပ်ထွေးသလား။
****************************
ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာဈေး ဘယ်လောက် တန်သလဲ ဆိုတာ အမှန်တကယ် သိဖို့ အလွန်ခက်ခဲပါတယ်။ Wall Street က အလွန်တော်တဲ့ သုံးသပ်သူတွေတောင်မှ ဒီအတိုင်း တစ်ဆင့်ပြီး တစ်ဆင့် သုံးသပ်ရန် ဆောင်ရွက် ရပါတယ်။ သူတို့တွေကတော့ လိုအပ်တဲ့ ဘဏ္ဍာရေး အချက်အလက်တွေ ဆက်စပ် သတင်းတွေ အားလုံး လက်ဖျားတင်ရှိတဲ့ အတွက် တန်ဖိုးဖြတ်မှုကို ၃၊ ၄ နာရီအတွင်း ဆောင်ရွက် နိုင်ပါတယ်။
တွက်ချက်တန်ဖိုးဖြတ်ထားတဲ့ စတော့ရှယ်ယာရဲ့ အစစ်အမှန် တန်ဖိုး သုံးသပ်ချက်ဟာ အချိန် ဘယ်လောက် ကြာကြာ အထိ အသုံးဝင်သလဲ။
****************************
ဒါကတော့ စီးပွားရေး အခြေအနေတွေ အပေါ်မူတည်ပါတယ်။ ကုမ္ပဏီတစ်ခုမှာ အပြောင်းအလဲ ကြီးကြီးမားမား မရှိလျင် အဲဒီသုံးသပ်ချက်ကို ခြောက်လတန်သည် တစ်နှစ်တန်သည် အသုံးပြုနိုင်ပါတယ်။
စတော့ရှယ်ယာတစ်ခုကို ဒီလို သုံးသပ်မှုမျိုး ပြုလုပ်ခြင်းဖြင့် သေချာပေါက် မြတ်နိုင်ပါသလား။
***************************
သေချာပေါက်တော့ မမြတ်နိုင်ပါ။ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေဟာ မျှော်မှန်း မထားမိခဲ့တဲ့ ဆုံးရှုံးနိုင်ချေတွေ ကြုံတွေ့ နိုင်ပါသေးတယ်။ ဥပမာအားဖြင့် ကုမ္ပဏီမှ သယ်ဆောင်လာတဲ့ ထုတ်ကုန်အများစု သဘာဝအန္တရာယ်ကြောင့် ဆုံးရှုံးသွားတာတို့ အလုပ်သမားတွေ စက်ရုံတွေ အကြောင်းကြောင်း အမျိုးမျိုးကြောင့် ဆက်လက်မလုပ်ဆောင်နိုင်၍ အမြတ်လျော့နည်းလာတာတို့ ရှိတတ်ပါတယ်။ သို့ပေမဲ့ ကျွန်တော်တို့တွေဟာ စတော့သုံးသပ်မှုကို သေချာစွာလုပ်ဆောင်မယ် ကုမ္ပဏီတစ်ခုထဲမှာပဲ မရင်းနှီးပဲနဲ့ မိမိပိုင်အရင်းအနှီးတွေကို ခွဲဖြာရင်းနှီးမယ်ဆိုရင် ကျွန်တော်တို့ဟာ ဆုံးရှုံးနိုင်ချေများကို လျော့ချနိုင်ပြီး ရေရှည်မှာ အကျိုးအမြတ်ရရှိအောင် လုပ်ဆောင်နိုင်မှာပါ။ Warren Buffett တောင်မှ နှစ်တိုင်း စတော့ဈေးကွက်၏ ပျှမ်းမျှ အမြတ်ထက် ပိုမမြတ် နိုင်တာကိုတော့ သိထားသင့်ပါတယ်။
စတော့ရှယ်ယာ သုံးသပ်ခြင်း ရင်းနှီးခြင်းများတွင် လေးနှစ်ခန့် အတွေ့အကြုံရှိပြီး အမေရိကန်နိုင်ငံတွင် Economics ဘွဲ့ရရှိခဲ့သည့် မြန်မာနိုင်ငံသား စတော့ပိုင်းခြားသုံးသပ်သူ တစ်ဦး နှင့် အမေးအဖြေကို ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွင် လျှောက်လှမ်းလိုသူများ နှင့် စတော့ရင်းနှီးမြှုပ်နှံ လိုသူများ အထောက်အကူဖြစ်အောင် တင်ပြလိုက်ပါတယ်။
https://www.facebook.com/mmrinvest/?fref=ts

No comments:

Post a Comment