ထိုင်း နိုင်ငံရေးသမိုင်းမှာ မေ့လို့မရတဲ့ ဓာတ်ပုံ


ဒဏ်ရာအပြည့်ဖြင့် သေဆုံးနေသည့် အလောင်းတလောင်းကို သစ်ပင်တွင် ချိတ်ဆွဲထားပြီး လူတယောက်က သူ၏ ခေါင်း ပေါ်တွင် ခေါက်ကုလားထိုင် တလုံးကို ဝှေ့ရမ်းရင်း ရိုက်နှက်ရန် ပြင်ဆင်နေသည်။ ပွဲကြည့်ပရိသတ်များကတော့ မလှမ်းမကမ်းမှ စောင့်ကြည့်နေကြသည်။ ရုပ်သေးပွဲ ကြည့်နေသလိုမျိုး အချို့က ပြုံးရယ်နေကြ၏။

ထိုအဖြစ်ကို ရိုက်ကူးထားသည့် ဓာတ်ပုံတပုံက ၁၉၇၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် သွေးလွှမ်း သောဖြစ်ရပ်များကို အမြဲတမ်း အမှတ်ရစေခဲ့သည်။ လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဘန်ကောက်မြို့ရှိ သမ္မာဆတ် တက္ကသိုလ်ဝင်းထဲတွင် သေနတ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျောင်းသား အမြောက် အများ သေဆုံးခဲ့ရသည်။ ထွက်ပြေးရန် ကြိုးစားသူများကို လက်ယာယိမ်းအဖွဲ့ဝင်များက ဖမ်းဆီးနှိပ်စက်ခဲ့ကြသည်။ ထိုမျှ အထိ ဖြစ်ခဲ့ရသည်ကိုပင် ထိုင်းနိုင်ငံမှ အချို့သောသူများက ဘာကြောင့် ဖြစ်ခဲ့ရသည်၊ ဘာတွေဖြစ်ခဲ့သည် ဆိုခြင်းကို မေ့ လျော့ခဲ့ကြသည်။

“ထိုင်းလူငယ်တွေက ဓာတ်ပုံကို ကြည့်ပြီးတော့ ဘယ်ကပုံလဲလို့ မေးကြတယ်” ဟု သြစတြေးလျ ရုပ်ရှင် ထုတ်လုပ်သူ တဦး ဖြစ်သည့် David Tucker ကပြောသည်။ သူက အဆိုပါ သတ်ဖြတ်မှုများ အကြောင်းကို မှတ်တမ်းတင်ရုပ်ရှင် ရိုက် ကူးနေသူ ဖြစ်သည်။ “သူတို့(ထိုင်းလူငယ်များ)က အောက်တိုဘာ ၆ ရက်အကြောင်း မသိကြဘူး။ တချို့ကဆိုရင် တခြား နိုင်ငံက ဓာတ်ပုံ ဖြစ်ရမယ်။ ထိုင်းနိုင်ငံမှာ မဖြစ်နိုင်ဘူးလို့ ပြောကြတယ်။ အောက်တိုဘာ ၆ ရက်ကို မှတ်မိနိုင်တဲ့ အသက် အရွယ် ရှိတဲ့သူတွေကတော့ ဘယ်ကပုံဆိုတာ ခန့်မှန်းနိုင်ကြတယ်။ တချို့က အဲဒီပုံကို အရင်ကထဲက မြင်ဖူးကြတယ်။ ဒါပေမယ့် ယေဘုယျ အားဖြင့်တော့ လူတွေက ပြောဖို့ တွန့်ဆုတ်နေကြတယ်” ဟုသူက ဆိုသည်။

မည်မျှ တွန့်ဆုတ်ကြပါသနည်း။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ က AP သတင်းဌာန၏ ဓာတ်ပုံဆရာ Neal Ulevich ရိုက်ကူး ခဲ့ပြီး Pulitzer ဆုလည်း ရရှိခဲ့သော အဆိုပါဓာတ်ပုံတွင် ပါဝင်သည့်သူများ (အလောင်း၊ တိုက်ခိုက်နေသူ နှင့် ဒါဇင်နှင့် ချီသော ပွဲကြည့် ပရိသတ်များ) ထဲမှ တယောက်ကိုမျှ ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပါ။

လွန်ခဲ့သော နှစ်ပေါင်းများစွာက မျက်နှာများကို အမည်တပ်ရန် ကြိုးစားနေသည့် ထိုင်းသုတေသီများနှင့် ပူးပေါင်း ဆောင် ရွက်နေသော David Tucker စိတ်ဝင်စားသည်ကလည်း ထိုအချက်ပင် ဖြစ်သည်။ လူမှုကွန်ရက်များ၏ အစွမ်းကို အသုံး ပြု၍ သတင်းအချက်အလက်များ ရရှိနိုင်ရန်လည်း သူတို့က မျှော်လင့်ထားသည်။ ယခုအပတ်အတွင်း သူတို့၏ ၀က်ဘ် ဆိုက်ဖြစ်သော http://www.6Oct-photo.com [http://www.6oct-photo.com/&h=haqhuadbiaqgkd1oxis9fbzwtb075rh3cscyeoi3ammehhw&enc=azovexldrjkxnlyqosuludx4agxuqiues-xeb-vyyduwaixgx3mgo_g9iyue2g2jlctw70o_2yu6a0wmpnb70o1fspldg1pojh7gjis7f5flekoogvxt0x6_yguuipsjkkfkpo_ruuehchmpmarmn_r8-0fgslxmdpnzlial-cu72oxxxkrm80hjsns6sbjtnmu&s=1_green]

ကို စတင်ခဲ့သည်။

“အစိုးရကလည်း သူတို့ကို ဒီအကြောင်း မပြောစေချင်ဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံသားတွေ အနေနဲ့ သူတို့ကိုယ်သူတို့ ပြန် မြင်ပြီးတော့ စိတ်သက်သာရာ ရဖို့ခက်ခဲတာကြောင့် မပြောချင်ကြတာလို့လည်း ကျနော်ထင်တယ်။ သူတို့တွေက ယဉ်ကျေးပြီး ဟန်ချက်ညီမျှတဲ့ အသိုင်းအ၀ိုင်းတခု အဖြစ် ကျော်ကြားတယ်။ ဒါပေမယ့် သူတို့ သမိုင်းထဲမှာတော့ ဒီဖြစ်ရပ်က ဘန်ကောက်မြို့လယ်ခေါင်မှာ ဖြစ်သွားတဲ့ ရက်စက်တဲ့ အကြမ်းဖက်မှုတခုပါ” ဟု David Tucker က ပြောသည်။

အောက်တိုဘာလ ၆ ရက်နေ့ အဖြစ်အပျက်ကို သရုပ်ဖော်သည့် ရုပ်ရှင်ဇာတ်ကားတကား ရိုက်ကူးခဲ့သော ထိုင်းလူမျိုး ဒါရိုက်တာ တဦးဖြစ်သည့် Anocha Suwichakornpong ကတော့ ခေတ်သစ် ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်၍ မြင်ခဲ့သည်။ ၂၀၁၄ ခုနှစ် မေလ တွင် ထိုင်းစစ်တပ်က ရွေးကောက်ခံ အစိုးရထံမှ အာဏာသိမ်းယူခဲ့ပြီး နောက်ပိုင်းလများတွင်း ကြမ်းတမ်းသော ဆန္ဒပြပွဲများ တခါတရံ ဖြစ်ပေါ်ခဲ့ပြီး စစ်တပ်က ထိန်းချုပ်မှုကို နောက်နှစ်ပေါင်းများစွာအထိ ခိုင်မာအောင် ပြုလုပ်မည့် အသွင်လည်း ရှိနေသည်။

“လတ်တလော နှစ်တွေ အတွင်းမှာ နိုင်ငံရေး အခြေအနေက ၁၉၇၀ နှစ်တွေက ထိုင်းနိုင်ငံ နဲ့ အတော်လေးကို တူပါတယ်။ အထူးသဖြင့် နောက်ဆုံး အာဏာသိမ်းခဲ့တဲ့အချိန် ၂၀၁၄ ရဲ့ အစောပိုင်း ရက်တွေမှာ ဖြစ်ပါတယ်။ လက်ယာယိမ်းသူတွေ နဲ့ ဘုရင်ကို သစ္စာစောင့်သိသူတွေက သဘောထားပိုပြီး ပြင်းထန်လာခဲ့တယ်။ တချိန်ထဲမှာပဲ စစ်တပ်က ပိုပြီး အာဏာရ လာခဲ့ တယ်။ ကျမတို့တွေက အတိတ်ကို ပြန်ရောက်သွားသလိုပဲ” ဟု Anocha Suwichakornpong က ပြောသည်။

၁၉၇၆ ခုနှစ် သတ်ဖြတ်မှုများ မပေါ်ပေါက်မီ ၃ နှစ် အလိုက ထိုင်းနိုင်ငံတွင် ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ လူကြိုက်နည်းသည့် စစ်အာဏာရှင်များတိုင်းပြည်မှ ထွက်သွားရန် နှင့် စစ်မှန်သော ပါလီမန် ဒီမိုကရေစီ ရရှိရေးအတွက် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ အသွင်ကူးပြောင်းရေး တခုအတွက် ကြမ်းတမ်းခက်ခဲခဲ့သော ကာလ လည်း ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ်က အိမ်နီးချင်းနိုင်ငံ ၃ ခုဖြစ်သည့် ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား တို့တွင် ကွန် မြူ နစ်များ အာဏာရလာခဲ့သည်။ ထိုင်းနိုင်ငံကမူ ဗီယက်နမ်စစ်ပွဲ ကာလတွင် အမေရိကန်၏ မဟာမိတ်အဖြစ်ရပ်တည်ခဲ့ သည်။ သို့သော်လည်း ယခုအခါတွင် အမေရိကန် အစိုးရက အရှေ့တောင်အာရှကို စွန့်ခွာနေပြီ ဖြစ်ပြီး ၎င်း၏ အကာ အကွယ်ကလည်း အာမခံချက် မရှိနိုင်တော့ပါ။

ထိုအချိန်တွင် ထိုင်းနိုင်ငံရေးတွင် ဒီမိုကရေစီက ရှုပ်ထွေးနေသည်။ ကွဲပြားနေသည်။ လယ်သမားများက မြေပိုင်ရှင်များကို ဆန့်ကျင်နေ ကြသည်။ အလုပ်သမားများက အလုပ်ရှင်များကို ဆန့်ကျင်နေကြသည်။ တက်ကြွလှုပ်ရှားသော ကျောင်းသား များ၏ မာ့က်စ်ဝါဒ ဟောပြောမှုများကလည်း အန္တရာယ် ရှိကြောင်း ဖော်ပြနေသည်။

၁၉၇၆ ခုနှစ် ဆောင်းဦးရာသီတွင် ယခင်အာဏာရှင် ဟောင်းတဦး ထိုင်းနိုင်ငံသို့ ပြန်ရောက်လာသည်ကို ကျောင်းသားများ က ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ ထိုဖြစ်ရပ်တွင် ရဲအဖွဲ့ကြောင့် တက်ကြွလှုပ်ရှားသူ ကျောင်းသား ၂ ဦး သေဆုံးခဲ့ရသည်ကို လက်ယာယိမ်း မီဒီယာက တိုင်းပြည်၏ လေးစားရာဖြစ်သော တော်ဝင်မိသားစုကို စော်ကားခြင်း ဖြစ်သည်ဟု မှားယွင်းဖော် ပြမှုတခုလည်း ဖြစ်ခဲ့သည်။ စစ်တပ်က ကျောထောက် နောက်ခံပေးထားသော လက်ယာယိမ်းသည့် အဖွဲ့များက တိုက်ခိုက် ချေမှုန်းရန် စတင်၍ တောင်းဆိုလာကြသည့်တိုင် ကျောင်းသားများက ဆက်လက် ဆန္ဒပြခဲ့ကြသည်။

၁၉၇၆ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ ညသန်းခေါင် ရောက်သည့် အချိန်တွင် သမ္မာဆတ် တက္ကသိုလ် ၀င်းအတွင်း ရှိ ဆန္ဒပြ ကျောင်းသား ၃၀၀၀ ကျော်မှာ ၀ိုင်းရံပိတ်ဆို့ခြင်း ခံလိုက်ရသည်။ ဒေါသထွက်နေသည့် အစိုးရသစ္စာခံများ၊ စုစည်း ထားသည့် ရာဇ၀တ်သားများက ကျောင်းသားများက သူတို့လုံခြုံရေးအတွက် ပိတ်ဆို့ထားသော ဂိတ်တံခါးများ တွင် စုရုံးလာခဲ့ကြသည်။ ချေမှုန်းရေးအတွက် လေ့ကျင့်ထားသော အထူးတပ်ဖွဲ့များ အများစုပါဝင်သည့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ရဲအဖွဲ့ဝင်များက ခြောက်လုံးပြူးများ၊ ရိုင်ဖယ်များ၊ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ခဲ့ကြသည်။ ကျောင်း သားများကို ပစ်ခတ်ရန် တင့်ကားပစ် လက်နက်များကို ပင် အသုံးပြုခဲ့ကြသည်ဟု သိရသည်။ ကျောင်းသားများထဲမှ လက် တဆုပ်စာခန့်ကသာ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်နိုင်ခဲ့သည်ဟု ယူဆရပါသည်။

မနက်ပိုင်းရောက်သည့် အခါ ရဲအဖွဲ့က တက္ကသိုလ်ဝင်း နှင့် အဆောက်အဦးများကို ၀င်ရောက်သိမ်းပိုက်ပြီး ကျောင်းသား များကို အကျဉ်းသား အဖြစ်ဖမ်းဆီး၍ အင်္ကျီများချွတ်စေပြီး အားကစားကွင်းထဲတွင် မှောက်ခိုင်းထားခဲ့သည်။ အဟန့် အတား မရှိ ၀င်ရောက်လာသော ရာဇ၀တ်သားများက အကာအကွယ်မဲ့ကျောင်းသားများကို နှိပ်စက်ခဲ့ကြသည်။ ဆေးရုံ ကားများပေါ်မှ ဒဏ်ရာရ သူများကိုပင် မချန်ခဲ့ပါ။

ချိတ်ဆွဲထားသည့် အလောင်းများမှာ ရိုက်နှက်ထားသဖြင့် လူကို မှတ်မိနိုင်စရာ မရှိတော့ပါ။ အလောင်းများတွင်လည်း အချွန်များနှင့် ထိုးစိုက်ထားကြသည်။ အားလုံးကို တက္ကသိုလ် အပြင်ဘက် လူမြင်ကွင်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကြိုးဖြင့်ဆွဲထားသည့် အလောင်းကို Neal Ulevich က ဓာတ်ပုံရိုက်ခဲ့သည်။ တက္ကသိုလ်ဝင်းထဲမှ မထွက်ခွာမီ ရိုက်ကူး ခဲ့သည့် ပုံ ၁၂ ပုံအနက်မှ တပုံဖြစ်ပြီး ထိုပုံကြောင့် Pulitzer ဆုလည်း ရခဲ့သည်။ အကယ်၍ တက္ကသိုလ်ဝင်းထဲတွင် အချိန် ကြာမြင့်စွာနေခဲ့လျှင် သူ၏ ဖလင် သိမ်းယူခြင်းခံရမည်ကို သူစိုးရိမ်ခဲ့သည်။

“ကျနော် တက္ကသိုလ် ဂိတ်ပေါက်ကိုရောက်တဲ့ အချိန်မှာ ကွင်းပြင်ကျယ်ထဲက သစ်ပင် ၂ ပင် အောက်မှာ ၀ရုန်းသုန်းကား ဖြစ်နေတဲ့ အခြေအနေတခုကို မြင်ခဲ့ရတယ်။ အဲဒါက ဘန်ကောက်မြို့ အလယ်မှာပါ” ဟု သူက Colorado ရှိ သူ၏ နေ အိမ်တွင် ပြီးခဲ့သည့် အပတ်က ပြုလုပ်ခဲ့သော အင်တာဗျုးတွင်ပြောသည်။

“ကျနော်က သစ်ပင်တပင်ဆီ လျှောက်သွားတဲ့ အခါ လူတယောက်က သစ်ပင်မှာ ချိတ်ထားတဲ့ ခန္ဓာကိုယ်တခု ကို ကုလားထိုင်နဲ့ ရိုက်နှက်နေတာကို မြင်ရတယ်။ နောက်ထပ် သစ်ပင် ၂ ပင် အကွာမှာတော့ နောက်ထပ် တယောက်ကို ချိတ် ထားတာတွေ့တယ်။ အဲဒီအချိန်မှာတော့ သူတို့ ၂ ယောက်လုံး သေနေပါပြီ။”

သေဆုံးသူ ၄၆ ဦး ရှိသည်ဟု တရားဝင် ထုတ်ပြန်ကျေညာခဲ့သော်လည်း ပညာရှင်များက ၁၀၀ ကျော်ရှိနိုင်သည်ဟု ခန့်မှန်း ခဲ့ခြင်းက ပို၍ လက်ခံနိုင်ဖွယ်ရာ ရှိသည်။

ထိုနေ့ နောက်ပိုင်းတွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး နောက် သတင်းမှောင်ချ ပစ်ခဲ့သည်။ သတင်းစာများကိုလည်း ယာယီပိတ်သိမ်းခဲ့ပြီး သတင်းထောက်များထံမှ ဖလင်များ မှတ်စုများကိုလည်း သိမ်းယူခဲ့သည်။ အစုအပြုံလိုက်သတ်ဖြတ်မှု သက်သေများကို ထုတ်လွှင့်ခဲ့သည့် ရုပ်မြင်သံကြား တင်ဆက်သူတယောက်ကို ချက်ချင်း အလုပ်ထုတ်ပစ်ခဲ့သည်။

သို့သော်လည်း နိုင်ငံတကာ သတင်းများ နှင့် အသံလွှင့်ဌာနများက ပုံများက သတင်းမှောင်ချမှုကို အနိုင်ယူနိုင်ခဲ့သည်။ ကမ္ဘာတလွှားမှ သတင်းစာများတွင် ထိတ်လန့်စရာ ရုပ်ပုံများကို ဖော်ပြခဲ့ကြသည်။

နောက် နှစ်ပေါင်း ၂၀ ကြာမြင့်သည့် အခါ ထိုင်းနိုင်ငံတွင် အဆိုပါ လူသတ်ပွဲအတွက် အမှတ်တရ ပွဲများ စတင်ပြုလုပ်လာ ခဲ့ကြသည်။ သမ္မာဆတ် တက္ကသိုလ်တွင် လူပေါင်းများစွာ စုဝေး၍ အထိမ်းအမှတ်ပွဲပြုလုပ်ကြသည်။ စာအုပ်များ ထုတ်ဝေ ဖြန့်ချီခဲ့ကြသည်။ အခန်းအနားငယ်လေး တခု အခြေအနေမှ အစဉ်အလာတခု ဖြစ်လာခဲ့သည်။ သို့သော်လည်း ၂၀၁၄ ခု နှစ်တွင် စစ်အစိုးရက ထိုကိစ္စနှင့် ကင်းကင်းနေရန် နိုင်ငံရေး အဖွဲ့အစည်းများကို အမိန့်ထုတ်ခဲ့သည်။

စစ်အစိုးရက ယခုနှစ်တွင် ကျင်းပမည့် အခန်းအနားကို တားဆီးနှောက်ယှက်မည့် အရိပ်လက္ခဏာ မပြခဲ့သော်လည်း ပထမ ဆုံး အကြိမ်အဖြစ် ဘန်ကောက်မြို့မှ အခြားသော တက္ကသိုလ် ၂ ခုတွင်ပါ တိုးချဲ့ပြုလုပ်ခဲ့ခြင်း အတွက် စီစဉ်သူများကို ဝေဖန်ခဲ့သည်။

ယခုနှစ် ကျရောက်မည့် နှစ် ၄၀ မြောက် အခန်းအနားအတွက် ပိုစတာများတွင် Neal Ulevich ၏ ဓာတ်ပုံက အဓိကနေရာ မှ ပါဝင်ခဲ့သည်။ “By the Time It Gets Dark” ဇာတ်ကားကို ရိုက်ကူးခဲ့သည့် Anocha အပါအ၀င် ထိုင်းအနုပညာရှင်များ ဉာဏ်ကွန့်မြူးစရာလည်း ဖြစ်ခဲ့သည်။ အဆိုပါ ရုပ်ရှင်ကားမှာ ၁၉၇၀ နှစ်များအတွင်းက တက်ကြွလှုပ်ရှားသူ ကျောင်းသား တယောက် ဖြစ်ခဲ့သော စာရေးဆရာတယောက်၏ အကြောင်းကို အခြေခံသည့် ရုပ်ရှင်ကို ထုတ်လုပ်ခဲ့သူ တယောက် အ ကြောင်း ဖြစ်ပါသည်။

Neal Ulevich ၏ ဓာတ်ပုံနှင့် ပတ်သက်၍ “မေ့လျော့နေသူတွေ အတွက် သတိပေးချက်တခု လိုပါပဲ။ ဒီကိစ္စတွေကို မကြုံခဲ့ရတဲ့ လူတွေ အတွက်လည်း ဒီလို ရက်စက်မှုမျိုးတွေ နောက်တကြိမ် ပေါ်ပေါက် မလာနိုင်အောင် တားဆီးနိုင်ရေး အတွက် အ ထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်” ဟု Anocha က အီးမေးလ်မှ တဆင့်ပြောခဲ့သည်။

(1976 lynching photo both dark mark and blind spot for Thais ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
Irrawaddy
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)