Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 27, 2016

တပ်မတော် နည်းပညာကောလိပ်ကျောင်း ပုန်ကန်မှု


တပ်မတော် နည်းပညာကောလိပ်ကျောင်း ပုန်ကန်မှု
(ရှည်တော့ရှည်တယ်၊ ဒါပေမဲ့ သမိုင်းသိအောင် ဖတ်ကြည့်ပါ)

မြန်မာတပ်မတော်သမိုင်းမှာ စစ်သည်အင်အား သုံးထောင်လောက်က မြန်မာတပ်မတော်ကြီး တခုလုံးကို အမိန့်အာဏာ ဖီဆန်ပြီး အာခံခဲ့ဖူးတယ်လို့ ဆိုရင် အများက မယုံနိုင်ဘဲ ဖြစ်ကြပါလိမ့်မယ်။

ဒါပေမယ့် အဲဒီလို အမိန့် ဖီဆန်မှုဟာ တပ်မတော်အတွင်းမှာ တကယ် ဖြစ်ပွားခဲ့တာပါ။ မေမြို့လို့ လူသိများတဲ့ ပြင်ဦးလွင်မြို့မှာ တည်ရှိတဲ့ တပ်မတော် နည်းပညာကောလိပ်မှာ ဖြစ်ပွားခဲ့တာပါ။ ဖြစ်ပွားခဲ့တဲ့ ကာလကတော့ ၂၀၀၂ ခုနှစ် မေလအကုန် ၃၁ ရက်နဲ့ ဇွန်လဆန်း ၁ ရက်နေ့မှာ ဖြစ်ပါတယ်။

တပ်မတော်နည်းပညာ ကောလိပ်ကျောင်းက သင်တန်းသား စစ်သည် သုံးထောင်လောက်ဟာ အထက်အမိန့်ကို မနာခံဘဲ ဆန္ဒပြ တောင်းဆိုခဲ့တဲ့အတွက် တိုင်းပြည်ကို နှစ်ပေါင်းများစွာ ဓားမိုးအုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရဟာ နောက်ဆုံးမှာတော့ အဲဒီ စစ်သည်တွေရဲ့ တောင်းဆိုမှုကို လိုက်လျောခဲ့ရပါတယ်။

ယခုရောက်တော့မယ့် ၂၀၁၁ ခုနှစ် မေလ ၃၁ ရက်နေ့ဆိုရင် တပ်မတော်နည်းပညာ ကောလိပ် အရေးအခင်းဟာ ၉ နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ အဲဒီအရေးအခင်းကို အကြောင်းပြုပြီး ကျောင်းသားပေါင်း ၆၀ ကျော်ကို နှစ်ရှည် ထောင်ဒဏ်တွေ ပေးခဲ့ပါတယ်။ လွတ်မြောက်လာသူတချို့ ရှိပေမယ့် အတော်များများကတော့ မြန်မာနိုင်ငံရဲ့ နယ်စွန်နယ်ဖျား အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရဆဲပါ။

အဲသည်အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ စစ်သည် သုံးထောင်လောက်ကိုတော့ တပ်မတော်ကနေ အပြီးအပိုင် ထုတ်ပယ်ပစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ပါဝင်ပြီး အပြစ်ပေးခံခဲ့ရတဲ့ ကျောင်းသား စစ်သည်ဟောင်းတယောက်က အခုလို ပြောပါတယ်။

“ကျနော်တို့ တကယ်ထင်ထားတာက သူတို့ပြောထားတဲ့အရာတွေနဲ့ ကိုက်ညီမှု ရှိမယ်ထင်လို့ ကျနော်တို့ တက်ခဲ့တယ်။ ဒါပေမယ့် စစ်အစိုးရ ပြောထားတဲ့အရာတွေက သူတို့အနေနဲ့ လက်တွေ့ကျကျဆောင်ရွက်ပေးနိုင်မှု မရှိဘူး။ အဲတော့ ကျနော်တို့ တက်လမ်းအတွက် အတားအဆီး ပိတ်ပင်သဘောမျိုး ဖြစ်တယ်။ အဲတော့ ကျနော်တို့တတွေက လိုအပ်တာကို တောင်းဆိုပါတယ်။ နောက်ဆက်တွဲ ဘယ်လိုဖြစ်လဲဆိုတော့ သူတို့အနေနဲ့ကတော့ ကျနော်တို့ကို အညွှန့်တက်နေတဲ့ အပင်တွေကို ချိုးချလိုက်တဲ့သဘောပါပဲ။”

ဒီလို မြန်မာ့တပ်မတော်အတွင်း ကြီးကြီးကျယ်ကျယ်ဖြစ်ပွားခဲ့တဲ့ MTC တပ်မတော်နည်းပညာကောလိပ် ကျောင်းအရေးအခင်းအကြောင်းကို အပိုင်း လေးပိုင်းခွဲပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။ သည်တပတ်မှာ ပထမပိုင်းအဖြစ် တပ်မတော်နည်းပညာ ကောလိပ်ကျောင်းရဲ့ အကြောင်းကို တင်ပြပေးပါမယ်။

MTC သင်တန်းကျောင်းရဲ့ မူလအစက တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်း ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက်မှာ အင်ဂျင်နီယာသိပ္ပံသင်တန်းဌာနလို့ ဖြည့်စွက် ဖွဲ့စည်းခဲ့ပြီး နောက်တော့ တပ်မတော်နည်းပညာကောလိပ်လို့ အမည်ပြောင်း လိုက်ပါတယ်။

ယခု အချိန်မှာ အငြိမ်းစားယူသွားပြီလို့  သတင်းထွက်နေတဲ့ နအဖစစ်အစိုးရရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လမ်းညွှန်ချက်ကြောင့် ဖြစ်ပါတယ်။

ကြည်း၊ ရေ၊ လေ အားလုံးပါဝင်တဲ့ တပ်မတော် တရပ်လုံးအတွက် နည်းပညာဘွဲ့ (B.Tech)နှင့် အင်ဂျင်နီယာဘွဲ့ (B.E) ဘွဲ့ရ ပညာတတ် စစ်သည်တွေ သင်ကြားမွေးထုတ်ပေးဖို့ ရည်ရွယ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် မူလ တပ်မတော်လျှပ်စစ်နဲ့ စက်မှု အင်ဂျင်နီယာကျောင်းရဲ့ အဆောက်အအုံတွေကို သိမ်းသွင်းပြီး တပ်မတော်နည်းပညာကောလိပ် (MTC) အဖြစ် ၂၆.၂.၂၀၀၀ ရက်နေ့မှာ ပြင်ဦးလွင်မြို့ ဂေါက်ကွင်းရဲ့ အနောက်ဘက်ရှိ နေရာမှာ ၂၀၀၀ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

တပ်မတော်နည်းပညာကောလိပ်ကျောင်းရဲ့ အပတ်စဉ် ၁ နှင့် ၂ အတွက် သင်တန်းသားဦးရေ ၄၀၀ ကျော်စီသာ ခေါ်ယူခဲ့တယ်။ ဒါပေမယ့် သင်တန်း အပတ်စဉ် ၃ မှာတော့ သင်တန်းသားဦးရေကို ၂၅၀၀ ခေါ်ယူခဲ့ပြီး အပတ်စဉ် ၄ မှာ သင်တန်းသား ၁၀၀၀ ကျော် ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ဆေးကျသူတဲ့သူတွေနဲ့ တပ်ပြေးတွေကို နုတ်လိုက်ရင် ၂၀၀၂ ခုနှစ်မှာ MTC ကျောင်းသားဦးရေ စုစုပေါင်းက ၂၈၀၀ လောက် ရှိနေခဲ့ပါတယ်။

သင်တန်းသား စစ်သည်တွေထဲမှာ ဆယ်တန်း ဂုဏ်ထူး (၁) ဘာသာမှ (၄) ဘာသာထိ ရရှိတဲ့ စာတော်တဲ့ ကျောင်သားတွေ ပါရှိသလို မြန်မာတပ်မတော်မှာ ရာထူးအဆင့်မြင့် အမျိုးမျိုးဖြစ်ကြတဲ့ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ တပ်ရင်းမှူး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးများတွေရဲ့ သားတွေလည်း ပါရှိပါတယ်။

ဂုဏ်ထူးရရှိသည့် ကျောင်းသားတွေဟာ အသက် ၁၉ နှစ်ထက် ကြီးနေတာကြောင့် တပ်မတော်နည်းပညာတက္ကသိုလ် (D.S.T.A) သို့ မလျှောက်ထားနိုင်တော့လို့ တပ်မတော်နည်းပညာကောလိပ်ကို လျှောက်ထားကြရတာပါ။

တပ်မတော်နည်းပညာကောလိပ် (MTC) ကျောင်းကို ၁၉၉၉ မှာ ကာကွယ်ရေးဝန်ကြီးဌာန စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှုးရုံးကနေ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

၂ နှစ်သင်တန်းဖြစ်ပြီး ကျောင်းဆင်းရင် A.G.T.I လက်မှတ်နှင့် ပညာသည် တပ်ကြပ်ကြီး ရာထူးကို ရရှိမှာ ဖြစ်ပါတယ်။ ၂ နှစ်သင်တန်းမှာ Qualified (Q) ၀င်သူများသည် B.Tech ဘွဲ့ကို နှစ်နှစ် ဆက်လက် သင်ယူရမှာ ဖြစ်ပြီး သင်တန်းပြီးဆုံးပါက B.Tech ဘွဲ့နှင့် ပညာသည် ဒု-အရာခံဗိုလ် ရာထူးကို ရပါမယ်။

B.Tech တွင် (Q) ၀င်သူများသည် B.E. ဘွဲ့ကို ဆက်လက်သင်ယူရမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက B.E. ဘွဲ့နှင့် ပညာသည် အရာခံဗိုလ် ရာထူးကို ရပါမယ်လို့  သင်တန်းခေါ်စဉ်တုန်းက ကြေညာထားခဲ့ပါတယ်။ ဒါပေမယ့် လူငယ်အများစုက ဘွဲ့ရပညာတတ် စစ်ဗိုလ်အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်လို့ တပ်မတော်နည်းပညာကောလိပ်ကို တက်ကြတာပါ။

တပ်မတော်နည်းပညာ ကောလိပ် အရေးအခင်းမှာ ဦးဆောင် ပါဝင်ခဲ့တဲ့အတွက် ထောင်ဒဏ်ကျခံခဲ့ရတဲ့ တပ်မတော်နည်းပညာ ကျောင်းသား စစ်သည် ဟောင်းတဦးက အဲဒီအကြောင်းတွေကို အခုလို ပြန်ပြောင်း ပြောပြပါတယ်။

“၁၀ တန်းအောင်ပြီးပြီးချင်း သူတို့ခေါ်လိုက်တဲ့ အသုတ်တွေ ရှိပါတယ်။ ကျနော်ဆို DSA အောင်ပေမယ့် မသွားတော့ဘူး။ အနာဂတ်ကို မျှော်ကိုးပြီးတော့ ကျနော် ဒီကျောင်းမှာပဲ နေလိုက်တယ်။ တချို့ကျတော့လည်း ဗိုလ်ချုပ်သားသမီးတွေ ပါတယ်ပေါ့။ လူတွေအများကြီးဆိုတော့ ကျနော်တို့လည်း အားလုံးကို မသိနိုင်ဘူး။ တချို့ကျတော့လည်း ၂ ဒီ၊ ၃ ဒီ တွေ ပါတယ်ဆိုပေမယ့်လည်း DSTA အမှတ်မမီတဲ့အတွက် ဒီကျောင်းကို ရွေးတယ်။”

MTC တက်ရောက် ရောက်ချင်းမှာပဲ စစ်ရေးပြလေ့ကျင့်ခန်းများ စတင်သင်ယူကြရပါတယ်။ စစ်ရေးပြလေ့ကျင့်ခန်း (၂) သင်ယူပြီးမှ စာသင်ခန်း ၀င်ရပါတယ်။

ပထမနှစ်ဝက်စာမေးပွဲအပြီးမှာ လက်နက်ငယ်တွေကို ကိုင်တွယ် တပ်ဆင်ပုံ၊ ဖြုတ်ပုံ၊ သန့်ရှင်းရေးပြုလုပ်ပုံနဲ့ ချိန်တွယ်ပစ်ခတ်ပုံ ထိန်းသိမ်းထားသိုပုံ စတာတွေကို သင်ယူကြရပါတယ်။ ပြီးရင် ဒုတိယနှစ်ဝက် စာသင်ခန်းပြန်ဝင်ရပြီး စာမေးပွဲ ဖြေဆိုရပါတယ်။

အဲဒီနောက်မှာ စစ်ဗျူပါဟာ ၀င်ရပါတယ်။ ရှေ့တန်း စစ်မျက်နှာတိုက်ပွဲမှာကဲ့သို့ တပ်စိတ်လိုက်၊ တပ်စုလိုက်၊ တပ်ခွဲလိုက် လှုပ်ရှား တိုက်ခိုက်ရပုံစသည့် စစ်သေနင်္ဂဗျူပါာတို့ကို သင်ကြားကြရပါတယ်။ စစ်ဗျူပါာသင်တန်းပြီးမှ တစ်နှစ်တာ စာသင်ချိန် ပြီးဆုံးပြီး အိမ်ပြန်ခွင့် တလရပါတယ်။

MTC ကျောင်းသားစစ်သည်တွေဟာ သင်တန်းတက်နေစဉ်ကာလမှာ နှစ်အလိုက် တလလျှင် လစာငွေ (၅၀၀၀၊ ၅၁၀၀၊ ၅၂၀၀၊ ၅၃၀၀၊ ၅၄၀၀) ကျပ်ရရှိပါတယ်။

၅၀၀၀ ကျပ်ပေးတယ်ဆိုပေမယ်လည်း တကယ် လစာထုတ်တဲ့အခါ တပ်ရင်း၊ တပ်ခွဲတွေကနေ ဟိုဟာကြေး၊ ဒီဟာကြေးတွေ ဖြတ်တောက်တဲ့အတွက် အများဆုံး ၄၀၀၀ ကနေ ၄၅၀၀ သာ ရရှိကြပါတယ်။

တချို့တပ်ခွဲတွေဆိုလျှင် ၃၅၀၀ ကျပ်သာ ရရှိကြပါတယ်။ အဲဒီအချိန်က လစာငွေ ၃၅၀၀ ကျပ်ဟာ မနည်းလှဘူးလို့တော့ ဆိုရပါမယ်။ လက်ဖက်ရည်တခွက်မှ ၂၀ ကျပ်သာရှိပြီး ပြင်ဦးလွင်-မန္တလေးကားခက အဲသည်ကာလမှာ ၅၀၀ ကျပ်ပဲ ပေးရပါတယ်။

တပ်မတော်နည်းပညာကောလိပ်ကျောင်း တက်နေရတဲ့ စစ်သည် ကျောင်းသားတွေဟာ ပညာတတ်အရာရှိတွေ ဖြစ်လာနိုင်ဖို့ အတွက် စစ်တပ်ထဲကို ရောက်လာကြတာ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ် ပတ်ဝန်းကျင်လောက်က ပြင်ဦးလွင်တပ်နယ်မှာ မြန်မာတပ်မတော် အရာရှိလောင်းတွေ မွေးထုတ်ပေးတဲ့ အဓိက စစ်ကျောင်းကြီး သုံးကျောင်းရှိခဲ့ပါတယ်။ အဲဒါတွေကတော့ ခြေလျင်တိုက်ခိုက်ရေး တပ်တွေအတွက် အရာရှိတွေ မွေးထုတ် ပေးတဲ့ စစ်တက္ကသိုလ်၊ လက်ရုံးတပ်တွေအတွက် အင်ဂျင်နီယာ စစ်ဗိုလ်တွေကို မွေးထုတ်ပေးတဲ့ တပ်မတော် နည်းပညာတက္ကသိုလ်နဲ့ တပ်မတော် နည်းပညာကောလိပ်တို့ ဖြစ်ပါတယ်။

အဲဒီစစ်သင်တန်းကျောင်းကြီးများရဲ့ ထုံးစံတခုကတော့ သင်တန်းသားအသစ် ဂျူနီယာများကို စီနီယာ သင်တန်းသားများက နှစ်အလိုက် အစ်ကိုကြီး ညီလေး ဆက်ဆံရေးပုံစံနဲ့ အဆင့်ဆင့် အုပ်ချုပ်တဲ့စနစ် ဖြစ်ပါတယ်။ ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းမှာ သင်တန်းပေးသလိုမျိုးကို မေမြို့က တပ်မတော် စစ်တက္ကသိုလ်နဲ့ တပ်မတော် နည်းပညာ တက္ကသိုလ်တွေမှာ ကျင့်သုံးနေခဲ့ပါတယ်။ ဂျူနီယာသင်တန်းသားများကို စီနီယာများ သင်တန်းသားတွေက ခိုင်းစေနိုင်ခွင့်၊ အပြစ် ပေးနိုင်ခွင့်များရှိပါတယ်။

ရောက်ခါစ အပြစ်ပေးတာ သိပ်မကြမ်းပေမယ့် သင်တန်းကျောင်းရောက်ပြီး သုံးလေးလအကြာ ကျောင်းသားများ နေသားထိုင်သားကျလာပြီဆိုတဲ့အခါမှာ အပြစ်ပေးတာ အလွန်ကြမ်းလာပါတယ်။ "မင်းတို့ကို အပြစ်ပေးချင်လို့ ပေးနေတာ မပါုတ်ဘူး၊ စစ်သားနဲ့တူအောင်၊ ပုံစံကျအောင် လေ့ကျင့်ပေးနေတာကွ နားလည်လား" လို့ စီနီယာသမားတွေက ပြောဆိုကြပါတယ်။ တော်ရုံတန်ရုံ အပြစ်ပေးတာကို ခံနိုင်ရည်ရှိပေမယ့် သဘာဝမကျတဲ့၊ ပုံစံမကျတဲ့ အပြစ်ပေးမှုမျိုးကိုတော့ ဘယ်သူမှ ခံနိုင်ရည် မရှိကြပါဘူး။

ကျောက်ဖြုန်းများရှိတဲ့ မြေပြင်ပေါ်မှာ လက်သီးဆုပ်ပြီး ဒိုက်ထိုးခိုင်းတာမျိုး၊ တမံသလင်းပေါ်မှာ ဘယ်ဘက်လက်ဖဝါးထဲမှာ ညာဘက်လက်သီးဆုပ်ထဲ့ပြီး ဒိုက်ထိုးခိုင်းတာမျိုး၊ လူနှစ်ယောက်ကို ဖင်ပြန်ခေါင်းပြန်ထပ်ပြီး ပေပါလှိမ့်လို လှိမ့်တာမျိုး၊ အလွန်ချမ်းအေးတဲ့ ဆောင်းရာသီမှာ ညအချိန် ထမင်းစားတဲ့ဇွန်း (သို့) ကြက်ဥခွံနဲ့ ရေချိုးခိုင်းတာမျိုး စတဲ့အပြစ်ပေးနည်းပေါင်းစုံနဲ့အပြစ်ပေးစေခိုင်းခဲ့ပါတယ်။

တခါတလေ ညပိုင်းစာဖတ်ချိန်အပြီး ည (၉) နာရီမှာ တပ်ခွဲကို ပြန်ရောက်တဲ့အခါ စီနီယာများက လာပြီး နေ့ခင်းဘက်မှာ တွေ့ထားတဲ့ အပြစ်တွေ၊ သဘောမကျတာတွေကို "ဒီကောင်တွေ ခုထိပုံစံမကျသေးဘူး၊ ပုံမလာသေးဘူး" ဆိုပြီး ည (၁၀) နာရီထိ၊ တခါတလေ ညသန်းခေါင် ၁၂ နာရီအထိ အပြစ်ပေးတတ်ပါတယ်။ အဲဒီနောက်မှာမှ အိပ်ရာဝင်ကြရပါတယ်။ စစ်တပ်ရဲ့ ထုံးစံအရ တယောက်မကောင်း အများ (One for All ) ဆိုပြီး တယောက်ယောက် အပြစ်ဖောက်မိ၊ လုပ်မိရင် တပ်ခွဲတခုလုံး၊ တပ်ရင်းတခုလုံး အပြစ်ပေးခံကြရပါတယ်။

စီနီယာတွေကနေ ဂျူနီယာတွေကို အပြစ်ပေးတာဟာ မြန်မာစစ်တပ်ရဲ့ သဘောထားဖြစ်တဲ့ အောက်လူ ငယ်သားကနေ အထက်လူ အရာရှိကို မလှန်နိုင်အောင် ဦးချိုးထားတဲ့ သဘောဖြစ်တယ်လို့ အဲဒီသင်တန်းသား တယောက်က ပြန်ပြောပြပါတယ်။

"အပြစ်ပေးခံရတာနဲပတ်သက်ရင် ကျနော်တို့က အပြစ်ပေးခံရတာ တော်တော်များတယ်ဗျ။ စီနီယာ၊ ဂျူနီယာ သမားတွေကိုတော့ ကျနော်တို့ လေးစားပါတယ်။ ဒါပေမယ့် မလိုအပ်တဲ့နေရာမှာ သူတို့အနေနဲ့ အပြစ်တခုရှာပြီး အပြစ်ပေးတဲ့အခါကျတော့ ကျနော်တို့လည်း လွတ်လွတ်လပ်လပ်နေချင်တဲ့ အချိန်မျိုးမှာ သူတို့အနေနဲ့ မျက်စိထောင့်မကျိုးတာလည်း ပါပါတယ်။ ကျနော် တခါကြုံဖူးတယ်။ ကျနော့်အမေ လာတုန်းက ဧည့်ဆောင်မှာ ဧည့်သွားတွေ့တဲ့အခါ ကျနော်က တိုက်ပုံဝတ်ပြီးသွားတယ်။ အဲဒီမှာ ကျနော့်တို့လက်ကို ၉၀ ဒီဂရီလွှဲရတော့ ကျနော့်လက်ထဲမှာ ဂေါ်လီလုံးထည့်ပြီးတော့ လက်သီးဆုပ်ထားတယ်။ သူတို့အနေနဲ့က first year ကျတော့ လက်သီးဆုပ်ဖို့ လိုအပ်တာကို။ အဲတော့ လက်သီးအမြဲတမ်းဆုပ်အောင် ဂေါ်လီလုံး ထည့်ထားတယ်။ အဲလိုသွားတုန်း ဂေါ်လီလုံး ဘယ်နားပြုတ်ကျသွားမှန်းမသိဘူး။ လမ်းလယ်ခေါင်မှာ စီနီယာတယောက်က ဂေါ်လီလှမ်းစစ်တော့ ဂေါ်လီမပါဘူး။ အဲတော့ ကျနော် ဧည့်တွေ့ဆောင်ကို ကျွမ်းထိုးပြီး သွားရပါတယ်။ ကျနော့်အနေနဲ့ပြောရမယ်ဆိုရင်တော့ စစ်တပ်ရဲ့ သဘောတရားအတိုင်းပါပဲ။ အောက်လူကနေ အထက်လူကို မလှန်နိုင်အောင် တခါတည်း ဦးချိုးထားတဲ့သဘောပါပဲ။ "

အဲဒါတွေထက်ဆိုးတဲ့ အပြစ်ပေးနည်းများလည်း ရှိပါသေးတယ်။ တကျောင်းလုံး သင်းတန်းသားများရဲ့ စားသောက်ရေးအတွက် သတ်မှတ်ထားတဲ့ စားရိပ်သာများဆီကို သက်ဆိုင်ရာ တပ်ခွဲအလိုက် စစ်သီချင်း သီဆိုပြီး သွားရောက်စားကြရပါတယ်။ စားရိပ်သာကို ချီတက်သွားရာလမ်းမှာလည်း အရာရှိတွေ၊ စီနီယာေ

တွကနေ အပြစ်ရှိတယ်လို့ မျက်စိထဲ သဘောမကျစရာတွေ့ခဲ့ရင် ယူဆခဲ့ရင်လည်း အမြန်ပြေးသွားရတာ၊ ဖားခုန်၊ ရှေ့နောက် တယောက်ခါးတယောက် ဖက်ထားပြီး ခုန်ရတဲ့ ရထားစီးကဲ့သို့မျိုးသော် အပြစ်ပေးတာတွေကို လုပ်တဲ့နည်းနဲ့ ထမင်းစားဆောင်မှာ သွားစားရပါတယ်။ တခါတရံ အချိန်မရှိလို့ဆိုကာ ထမင်းစားချိန်ကို (၅) မိနစ်အတွင်း အပြီးစားရပါတယ်။ (၅) မိနစ် ပြည့်တာနဲ့ ခရာမှုတ်လိုက်ကာ အမြန်တန်းစီရပါတော့တယ်။ နောက်ကျတတ်သူတွေအတွက်တော့ မသက်သာတော့ပါ။

တပ်မတော်နည်းပညာကောလိပ် MTC မှာ စီနီယာ ဂျူနီယာ အပြစ်ပေးတာ ကြမ်းသလို အစားအသောက် ကျွေးမွေးတာလည်း ဆိုးရွားလှပါတယ်။ ကျွေးတဲ့ထမင်းပါင်းက ညံ့ဖျင်းပြီး စားမကောင်းပါ။ စပါးလုံးနိုင်းချင်း၊ သဲတကျိကျိထမင်းနဲ့ ပဲပါင်းရည်ကျဲ၊ အညံ့စား ငါးပိကြော် ဒါမှမဟုတ်ရင်လည်း ငါးခြောက်ကြော် (ကြက်စာကျွေးတဲ့အခါမှာသုံးတဲ့ ငါးခြောက်)၊ ကြက်ဥပြုတ်တလုံး သို့မဟုတ် အမဲသားပါင်း ဒါမှမဟုတ် ဝက်သားပါင်း အတုံးသေးသေးနှစ်တုံး တို့သာ စားကြရပါတယ်။ အထက်မှညွှန်ကြားထားသော စားသောက်စာရင်းဇယားတွင် နေ့တိုင်း အသားပါင်း ဒါမှမဟုတ် ငါးပါင်း တဆယ် ကျပ်သား၊ အရည်သောက်ပါင်းရည်နဲ့ ပါင်းကြမ်းများ ပါရှိရပါတယ်။ ဒါပေမယ်လည်း စားရိပ်သာမှ ဖြစ်သလို ကျွေးမွေးကြပြီး တပတ်မှ သုံးရက်လောက်သာ အသားပါင်း (ဝါးမရသည့်အရွတ်တုံးများ) စားကြရပါတယ်။ အစားအသောက် ကျွေးမွေးတာ ဆိုးရွားတာနဲ့ပတ်သက်ပြီး သူကြုံတွေ့ရပုံကို အခုလို ပြန်ပြောင်းပြောဆိုပါတယ်။

"မနက်ခင်းပိုင်း ကျနော်တို့ကို လက်ဖက်ရည်နဲ့ ထမင်းကြော်ကျွေးတယ်။ ထမင်းကြော်က တခါတလေ သိုးနေတယ်။ သိုးနေတဲ့ ထမင်းတွေကို ကြော်ထားတာ။ လက်ဖက်ရည်ကတော့ စီနီယာတွေနဲ့ ကျနော်တို့ လုသောက်ရတဲ့သဘောမျိုး။ တခါတလေ ကိုယ့်မနက်စာထဲမှာ အသားဖတ်တဖတ် ပါလာသလိုပဲ။ လက်ဖက်ရည်ထဲမှာ ယင်ကောင်တွေ။ သန့်ရှင်းသပ်ရပ်မှု ညံ့ဖျင်းတယ်။ ဦးစီးကွပ်ကဲနိုင်မှု မရှိဘူး။ အဲတော့ အပေါ်ကလူတွေက တဆင့်စားတယ်။ အောက်ကလူတွေက တဆင့်စားတယ်။ အဲလိုစားတော့ ကျနော်တို့ကို ပေးတဲ့ရိက္ခာနဲ့ စားသောက်မှုက တော်တော်ဆိုးဝါးပါတယ်။ နေ့လယ်ဘက်ဆိုရင် ပဲဟင်းနဲ့ ငါးခြောက်ကြော်ကျွေးတယ်။ ကျနော်တို့ကျောင်းမှာ ဝက်မစားငါးခြောက်လို့ ခေါ်တယ်။ ဝက်ကိုသွားကျွေးတာတောင်မှ ဝက်မစားတဲ့ ငါးခြောက်မျိုးပေါ့။ အဲလိုမျိုး နှစ်ကောင်၊ သုံးကောင် ကြော်ကျွေးတယ်။ တခါတလေ အဲဒီမှာ မုန်ညင်းပေါတော့ မုန်ညင်းကျွေးတယ်။ တခါတလေးလည်း အမဲသား အရွတ်ပေါ့ ကျွေးတယ်။ ဝက်စားဆိုရင်လည်း တတုံးကျွေးတယ်၊ ဝက်သားအမျှင်က လူတယောက်ရဲ့ နှုတ်ခမ်းမွေးထက် သာတယ်။ အဲလိုဟာမျိုးတွေ ကျနော်တို့ စားသောက်ခဲ့ရတယ်။"

စစ်တက္ကသိုလ် D.S.A တပ်မတော်နည်းပညာတက္ကသိုလ် D.S.T.A. ကျောင်းတွေရဲ့ အစားအသောက် ကျွေးမွေးတာဟာ တပ်မတော်နည်းပညာကောလိပ် MTC ထက် အလွန်ကောင်းမွန်တယ်လို့ သိရပါတယ်။ အဲဒီလိုသိရတဲ့အတွက် MTC ကျောင်းသားတွေဟာ သူတို့ကျောင်းလည်း ဆယ်တန်းအောင်ခေါ်တာပဲ။ ငါတို့လည်း ဆယ်

တန်းအောင်ပဲ ဘာကြောင့် တို့ကျောင်းမှ ဒီလိုဖြစ်ရတာလဲ။ ဒီလိုအလုပ်ခံရတာလည်းလို့ မကျေမနပ် ဖြစ်ကြပါတော့တယ်။ ဒီအချက်ဟာလည်း MTC ကျောင်းသားတွေ မကျေနပ်တဲ့ အကြောင်းတချက် ဖြစ်ပါတယ်။

တပ်မတော်နည်းပညာကောလိပ် MTC ကျောင်းရဲ့ လေ့ကျင့်ရေးဟာ အလွန်ပြင်းထန်ပါတယ်။ စစ်တက္ကသိုလ် (D.S.A) နဲ့ တပ်မတော်နည်းပညာ တက္ကသိုလ် (D.S.T.A) တွေထက်ပိုပြီး ပြင်းထန်ပါတယ်။

ကျောင်းစတင်တည်ထောင်ဖွင့်လှစ်တာ မကြာသေးတဲ့အတွက် နာမည်ကောင်းရအောင် လုပ်တာ ဖြစ်ပါတယ်။ MTC ကျောင်းသားတွေကလည်း လိုတာထက်ပိုပြီး

လေ့ကျင့်မှုပြင်းထန်တာကို မည်သူကမှ မကျေနပ်ကြပါ။ ပညာသည်အနေနဲ့ တပ်ရင်း တပ်ဖွဲ့တွေမှာ တာဝန်ထမ်းခိုင်းမှာဆိုပြီး အခုတော့ ရှေ့တန်းထွက်ပြီး စစ်တိုက်ခိုင်းမလို့ အပြင်းအထန် လေ့ကျင့်ပေးနေတယ်လို့ ဝေဖန်ပြောဆိုလာပါတယ်။

"ကျနော်တို့ မနက် လေးနာခွဲထပြီး အပြေးလေ့ကျင့်ရတယ်။ အသည်းအသန် ရုန်းကန်လှုပ်ရှားကြရတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ နားမလည်နိုင်တာတခုက ကျနော်တို့တတွေဟာ အင်ဂျင်နီယာကျောင်းသားတွေပါ၊ စစ်တိုက်မယ့်သူတွေမှ မဟုတ်တာ။ အဲတော စစ်တိုက်ရမယ့်သူတွေမဟုတ်ဘူးလို့ ကျနော်တို့ ယူဆထားတယ်။ အဲအတွက် သူတို့လေ့ကျင့်ပေးတဲ့ပုံစံက အင်ဂျင်နီယာကျောင်းသားတယောက်နဲ့ ကိုက်ညီမှု မရှိဘူး။"

တပ်မတော်နည်းပညာကောလိပ်ရဲ့ တနေ့တာလှုပ်ရှားမှုတွေဟာ အားချိန်၊ နားချိန်မရှိအောင် ပင်ပန်းလှပါတယ်။ လေ့ကျင့်ရေး ပြင်းထန်လွန်းတာ၊ စားနပ်ရိက္ခာအပြည့်အဝ မရရှိတာတွေဟာ ကျောင်းသားထုရဲ့ ရင်ထဲက မကျေနပ်စိတ် တွေကို ပိုကြီးထွားလာအောင် လုပ်ပေးနေခဲ့ပါတယ်။ ဒါပေမယ့်လည်း အထက်ကို တင်ပြတာမျိုး ဆန္ဒပြတောင်းဆိုတာမျိုး မလုပ်ခဲ့ပါဘူး။ စစ်သည်ကျောင်းသားတွေဟာ စိတ်ထဲမှာ မျိုသိပ်ပြီး သည်းခံနေလာခဲ့ကြပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သတင်းဆိုးကြီးတခု ထွက်ပေါ်လာပြီး တပ်မတော်နည်းပညာကောလိပ်ရဲ့ ကျောင်းတော်သားတွေရဲ့ မကျေနပ်မှုတွေဟာ ပေါက်ကွဲလာပါတော့တယ်။

“ကျောင်းသားတွေရဲ့ စိတ်ထဲမှာ ရပိုင်ခွင့်တောင်းတယ်။ ရပိုင်ခွင့်ဆိုတာထက် ရုန်းထွက်ချင်စိတ်တွေ ပိုများတယ် အဲဒီအချိန်မှာက။ ရုန်းထွက်ချင်စိတ်တွေ ပိုများလာတော့၊ စကားပုံလေး တခုပြောမယ်ဆိုရင် ကျနော်တို့ နွားပြာကြီး ကျအောင် သားရေဖင်ခုမထိုင်နဲ့ပေါ့။ စစ်တပ်မကောင်းကြောင်းကို သိသွားတဲ့အခါကျတော့ စစ်တပ်ထဲမှာ မနေချင်ကြတဲ့စိတ်တွေ ပိုများလာတယ်။ ရပိုင်ခွင့် တခုဆိုတာထက်။ ကျနော်တို့တွေ အားလုံးက စစ်တပ်ကို ယုံကြည်ခဲ့ကြတယ်။ သူတို့လည်း ကြေညာထားတယ်။ တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖလို့၊ တကယ်တမ်း တပ်မတော်က အမိအဖနေရာက မနေခဲ့တော့ ကျနော်တို့လည်း အဲဒီစစ်တပ်ထဲမှာ မနေချင်တော့ဘူး။ အဲဒီအချိန်မှာ လုပ်ခဲ့ကြတာ အဓိက စစ်တပ်မကောင်းဘူးဆိုတာ သိနေတဲ့အတွက် စစ်တပ်ထဲမှာ နေချင်စိတ် ကုန်ခန်းသွားတဲ့အတွက် အဲလိုမျိုး ဖြစ်သွားတာပေါ့။ ”

စစ်တပ်ထဲမှာ နေခဲ့တဲ့ ကာလမှာ စစ်တပ်အကြောင်းကို ပိုသိခဲ့ရလို့ စစ်တပ်က ထွက်ခဲ့တာလို့ ပြောဆိုသွားပေမယ့် စစ်တပ်ထဲကနေ ထွက်ခွာဖို့ စဖြစ်လာတာကတော့ ၂၀၀၂ ခုနှစ် နှစ်ဆန်းပိုင်းမှာပါ။

အပတ်စဉ် ၃ သင်တန်းကစပြီး သင်တန်းသားတွေဟာ ၂ နှစ်သင်တန်းကို A.G.T.I လက်မှတ်နဲ့ ကျောင်းဆင်းပေးတော့မှာဆိုတဲ့ ကောလာပါလ သတင်းတခု တပ်မတော်နည်းပညာ ကောလိပ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီ သတင်း ထွက်ပေါ်လာတဲ့အချိန်မှာ အပတ်စဉ် ၁ သင်တန်းသားတချို့မှာ စတုတ္ထနှစ် B.Tech. ဘွဲ့ကို သင်ကြားနေပြီး အပတ်စဉ် ၂ သင်တန်းသားအချို့ကလည်း တတိယနှစ်မှာ B.Tech. ဘွဲ့ကို သင်ကြားနေချိန် ဖြစ်ပါတယ်။

အဲဒီသတင်းရဲ့အဓိပ္ပာယ်ကတော့ အပတ်စဉ် ၁ နဲ့ ၂ သင်တန်းသားအားလုံးဟာ B.E. အင်ဂျင်နီယာဘွဲ့ကို ဆက်ပြီး သင်ယူခွင့်မရတော့ဘဲ B.Tech နည်းပညာဘွဲ့ တတ်မြောက်ပြီးရင် အဲဒီ နည်းပညာဘွဲ့နဲ့ပဲ ကျောင်းဆင်းပေးတော့မယ် လို ဖြစ်လာပါတယ်။ အင်ဂျင်နီယာဘွဲ့ကို မပေးတော့ဘူးလို့ ကြားကြားချင်း တပ်မတော်နည်းပညာကောလိပ် တကျောင်းလုံး မကျေနပ်တဲ့အသံတွေ ဆူညံပွက်လော ရိုက်သွားပါတော့တယ်။

အဲဒီသတင်း အမှန်တကယ်ဖြစ်ကြောင်း သိရှိကြရတဲ့အခါမှာတော့ တပ်မတော်နည်းပညာကောလိပ်ကျောင်းသားအားလုံးရဲ့ မကျေနပ်စိတ်တွေဟာ အမြင့်ဆုံးကို ရောက်သွားပါတော့တယ်။ အထူးသဖြင့် ဒုတိယနှစ်ကိုရောက်နေတဲ့ အပတ်စဉ် ၃ သင်တန်းသားတွေဟာ အနစ်နာဆုံးဖြစ်တဲ့အတွက် မကျေနပ်ဆုံးသူတွေ ဖြစ်ပါတယ်။ အပတ်စဉ် ၃ ကစပြီး နောက်လာမယ့် သင်တန်းအပတ်စဉ်တွေကို ၂ နှစ်သင်တန်း (A.G.T.I လက်မှတ်) နဲ့ ပညာသည် တပ်ကြပ်ကြီးရာထူးနဲ့ ကျောင်းဆင်း ပေးတော့မှာဖြစ်တယ်လို့ တရားဝင် သတင်းတွေ ထွက်ပေါ်လာလို့ ဖြစ်ပါတယ်။

MTC ကျောင်းသားတွေ မကျေနပ်ဖြစ်တာဟာ တပ်မတော်က ပေးအပ်မယ့် ရာထူးကို မရရှိမှာစိုးလို့မပါုတ်ပါဘူး။ အဓိကအားဖြင့် B.Tech. နည်းပညာဘွဲ့နဲ့ B.E. အင်ဂျင်နီယာဘွဲ့တွေကို ဆက်လက်မသင်ကြားနိုင်တဲ့အတွက် ဖြစ်ပါတယ်။ MTC သင်တန်းသားတွေ လျှောက်လွှာခေါ်ယူစဉ်တုန်းက နိုင်ငံပိုင်သတင်းစာတွေနဲ့တိုင်းစစ်ဌာနချုပ်တွေက ပေးတဲ့ လက်ကမ်းစာအုပ်ငယ်တွေမှာ ပဉ္စမနှစ်အထိ ထူးချွန်သူတွေကို ပညာသင်ကြားစေပြီး B.E. ဘွဲ့ပေးအပ်မှာ ဖြစ်ကြောင်း ပါရှိပါတယ်။

ကျောင်းသားတွေဟာ လေ့ကျင့်ရေးပြင်းထန်လွန်းတာနဲ့ စားသောက်ရေး အလွန်ညံ့ဖျင်းတာတို့ကို သည်းခံခဲ့ကြပါတယ်။ သို့သော်လည်းပဲ ဘဝနှင့်ချီပြီး ပြောင်းလဲသွားမယ့် မိမိတို့ရဲ့ ပညာရေးကိစ္စမှာတော့ ကျောင်းသားအားလုံး မခံမရပ်နိုင် ဖြစ်လာပါတော့တယ်။ အဲဒီအတွက်ကြောင့်လည်း အပတ်စဉ် ၃ ကျောင်းသားတွေဟာ B.Tech, B.E ဘွဲ့တွေ မပေးတော့တဲ့ကိစ္စမှာ ရှေ့ဆုံးက ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။

အဲဒီအချိန်က တပ်မတော်နည်းပညာကောလိပ် တကျောင်းလုံးမှာ အပတ်စဉ် ၄ သင်တန်းသားတွေလည်း ရှိနေတဲ့အတွက် အပတ်စဉ် ၁ မှ ၄ အထိ စုစုပေါင်း ကျောင်းသားဦးရေ ၃၀၀၀ ကျော်ရှိပါတယ်။ ရှေ့ဆက်ပြီး ဘာလုပ်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး အရင်ဆုံး အပတ်စဉ် (၃) ကျောင်းသားအားလုံးရဲ့ သဘောဆန္ဒကို တိုင်ပင်ဆွေးနွေးကြပါတယ်။ အဲဒီအခါမှာ ကျောင်းသားတွေက အပတ်စဉ်တခုတည်း မလုပ်ဘဲ စီနီယာတွေနဲ့ ပူးပေါင်းတိုင်ပင်ပြီး ဆောင်ရွက်တာ ပိုကောင်းတယ်လို့ ယူဆပြီး အပတ်စဉ် ၁ နဲ့ ၂ မှ စီနီယာတွေနဲ့ ပူးပေါင်းညှိနှိုင်းကာ လုပ်ဆောင်ခဲ့ကြပါတယ်။ ဘွဲ့မပေးတော့တဲ့ ကိစ္စကို ဆောင်ရွက်ရာမှာ ရှေ့ဆုံးကနေ အားကျိုးမာန်တက် အချိန်ပြည့် လုပ်ဆောင်ကြတဲ့ စစ်သည် ကျောင်းသားအချို့ဟာ အလိုလို ခေါင်းဆောင်တွေ ဖြစ်လာကြပါတယ်။ အဲဒီခေါင်းဆောင်တွေထဲက တယောက်ဖြစ်တဲ့ ထောင်ကျ စစ်သည်ကျောင်းသားက သူရဲ့ အတိတ်ကို ပြန်လည်ပြောဆိုပါတယ်။

“တပ်မတော်သားတွေတော့ စစ်အင်ဂျင်နီယာတပ်လို့ ခေါ်တာပေါ့။ စစ်အင်ဂျင်နီယာဆိုတာ ကျနော်တို့ တိုက်ရိုက်က အရာရှိမဖြစ်ခင် ကျနော်တို့တွေ အရာရှိဖြစ်လာမယ်။ နောက်ပြီးအင်ဂျင်နီယာ တယောက်ဆိုတဲ့ အဆင့်အတန်းတခုနဲ့ လိုက်လျောညီထွေမှု ရှိအောင် နေထိုင်ဖို့အခွင့်အရေး တရပ်ရလာမယ်။ အဲဒီ၂ ခုကြောင့် ကျနော်တို့ ဒီလမ်းကြောင်းကို ရွေးလိုက်တာ။ အဓိကတော့ စစ်တပ်ကို ယုံစားမိတာပေါ့။ စစ်တပ်က ပြောတဲ့အတိုင်းလုပ်မယ် ထင်ပြီးတော့ စစ်တပ်ကို ယုံစားမိတဲ့အချိန်မှာ စစ်တပ်က ပြောတဲ့စကားတခုနဲ့ ညီအောင်မလုပ်နိုင်တဲ့အတွက် ကျနော်တို့တွေ ဘဝပျက်သွားတာ။ ကျနော်တို့တွေ အညွန့်ချိုးခံလိုက်ရတာ။”

ကျန်တဲ့ကျောင်းသားတွေကလည်း သူတို့ကို လိုလိုလားလား ခေါင်းဆောင်တင်ခဲ့ပါတယ်။ အဲဒီခေါင်းဆောင်တွေဟာ တပ်ခွဲတခွဲမှာ အနည်းဆုံး နှစ်ယောက်မှ လေးငါးယောက်အထိ ပါခဲ့ကြပါတယ်။ မေဂျာအခန်း အလိုက်လည်း သူတို့ပဲ ခေါင်းဆောင် ပါဝင်ကြပါတယ်။

ကျောင်းသားခေါင်းဆောင်တွေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး လျှို့ဝှက် တိုင်ပင်ဆွေးနွေးကြပါတယ်။ ကျောင်းအုပ်ကြီးကစပြီး အရာရှိတွေအလယ် အကြပ်တပ်သားအဆုံး လုံးဝမရိပ်မိ၊ မသိရှိအောင် လျှို့ဝှက်လုပ်ခဲ့ပါတယ်။ အများဆုံး စုဝေး တိုင်ပင်ဆွေးနွေးဖြစ်တဲ့ အချိန်တော့ Night Study သင်တဲ့ အချိန်ဖြစ်ပြီး ည ၇ – ၉ နာရီအထိ ကျောင်းသားခေါင်းဆောင်တွေဟာ တခြားလုံခြုံတဲ့နေရာတွေမှာ စုဝေးတိုင်ပင်ကြပါတယ်။ ဆွေးနွေးကြပြီးတော့ နောက်ဆုံး ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို တပ်ခွဲလိုက် ခေါင်းဆောင်တွေကတဆင့် Night Study ဝင်ချိန်နဲ့ ၉ နာရီ နောက်ပိုင်း တပ်ခွဲရှိ အိပ်ဆောင်တွေဆီ တိုးတိုးတိတ်တိတ် လာရောက်ပြောဆိုကြပါတယ်။ နောက်ဆုံးမှာ ကျောင်းသားစစ်သည် အများစုရဲ့ ဆန္ဒအရ B.Tech. , B.E. ဘွဲ့တွေအထိ ပညာဆက်လက်သင်ကြားခွင့်ရဖို့ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နအဖ အတွင်းရေးမှုး ၁ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန်ထံ စာရေးတင်ပြမယ်လို့ ဆုံးဖြတ် လိုက်ပါတော့တယ်။

တပ်မတော် နည်းပညာကောလိပ်ရဲ့ ကျောင်းသားတွေထဲမှာ တပ်မတော်အရာရှိကြီးတွေရဲ့ သားတွေ ပါရှိပါတယ်။ အဲဒီ အရာရှိကြီးတွေထဲက တချို့ ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်ဆီ အဝင်အထွက် ရှိသူတွေဖြစ်ပါတယ်။ အဲဒီအချိန်က ဗိုလ်ချုပ်ကြီး ခင်ညွန့် တန်ခိုးဩဇာ ကြီးထွားနေချိန်ပါ။

ပထမဆုံးအကြိမ် စာရေးပေးပို့ကြရာမှာ အရာရှိကြီးအချို့ရဲ့ သားတွေကတဆင့် သူ့ဖခင်သို့၊ သူ့ဖခင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ဆီကို ရောက်အောင်ပေးပို့ခဲ့ကြပါတယ်။ တပ်မတော်အကြီးအကဲများရဲ့ အဖြေကိုစောင့်မျှော်နေရင်း တပ်မတော်နည်းပညာကောလိပ်က အရာရှိဝန်ထမ်းများ အားလုံးမရိပ်မိအောင် ပါန်မပျက် နေထိုင်ကြရင်း တလနီးပါး ကြာသွားခဲ့ပါတယ်။ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးတွေက ဘာမှ အကြောင်း ပြန်ကြားခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် တပ်မတော်အကြီးအကဲတွေဆီကို ဒုတိယအကြိမ် စာတင်ဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒုတိယအကြိမ် စာတင်ဖို့ဆုံးဖြတ်ပြီးတဲ့အခါ ပထမအကြိမ်ကလို အကြောင်းမပြန်ခဲ့လျှင် ဘာဆက်လုပ်ကြမယ် ဆိုတာကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ဒုတိယအကြိမ်ပေးပို့တဲ့ စာကို အကြောင်းမပြန်ခဲ့ရင် ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်ကတော့ စစ်သည် ကျောင်းသားတွေအားလုံး တပ်မတော်နည်းပညာ ကောလိပ်ကျောင်းကနေ တိတ်တဆိတ် ထွက်ခွာကြဖို့ ဖြစ်ပါတယ်။

ထွက်ခွာမယ့်အချိန်ကို ညသန်းခေါင် ၁၂ နာရီနဲ့ သန်းခေါင်ကျော် ၁ နာရီလို့ အကြမ်းဖျင်း သတ်မှတ်ပြီး ကျောင်းသားအားလုံးကို အသိပေးထားပါတယ်။ အဲဒီလိုရှေ့ဆက်လုပ်မယ့် အစီအစဉ်တွေကို ရေးဆွဲချမှတ်ပြီးနောက်မှာ အရေးတကြီး လုပ်စရာအလုပ်တခု ပေါ်လာပါတယ်။ ဒါကတော့ တပ်မတော်နည်းပညာကောလိပ်ကျောင်းရဲ့ ရုံးခန်းမှာ သိမ်းဆည်းထားတဲ့ မိမိတို့ရဲ့ မှတ်ပုံတင်တွေကို ပြန်ရအောင် လုပ်ဖို့ဖြစ်ပါတယ်။ တပ်ထဲဝင်စဉ်က ကိုယ့်မှတ်ပုံတင်ကို လူတွေ့စစ်ဆေးတဲ့ အရာရှိတွေထံ အပ်နှံခဲ့ရပါတယ်။ အဲဒီမှတ်ပုံတင်ကတ်အားလုံးဟာ ကျောင်းရဲ့ ဌာနချုပ်ရုံးမှာ သိမ်းဆည်းခံထားရပါတယ်။

တနင်္လာမှ သောကြာနေ့အထိ ညနေ (၄) နာရီနဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ မနက်ပိုင်းနဲ့ ညနေပိုင်းမှာ လုပ်အားပေး လုပ်ကြရပါတယ်။ အဲဒီအထဲမှာ ဌာနချုပ်ရုံးကို သန့်ရှင်းရေး လုပ်ပေးရတာလည်း ပါဝင်ပါတယ်။ ဌာနချုပ်ရုံးမှာ လုပ်အားပေးလုပ်ရတဲ့ ကျောင်းသားစစ်သည်တိုင်းဟာ မှတ်ပုံတင်တွေကို ပြန်ယူဖို့ အစီအစဉ် လုပ်ခဲ့ကြပါတယ်။ ကျောင်းသားတိုင်း မိမိမှတ်ပုံတင် မိမိပြန်ရပြီးတဲ့နောက် မေလ ၃၁ ရက်နေ့ လစာထုတ်အပြီး ည သန်းခေါင်ကျော် ၁ နာရီ အချိန်မှာ တပ်မတော်နည်းပညာကောလိပ်မှ ကျောင်းသားစစ်သည် ၃၀၀၀ ကျော်ဟာ ကျောင်းကနေ တိတ်တဆိတ် ထွက်ခွာသွားမယ်လို့ ကျောင်းသားစစ်သည် အများစုရဲ့ ဆန္ဒအရ ဆုံးဖြတ်ထားပါတယ်။ ကျောင်းသားတွေဟာ ဒုဋ္ဌာဝတီမြစ် ဘေးအတိုင်း မန္တလေးမြို့အထိ ရောက်အောင်သွားကြဖို့ ဆုံးဖြတ်ထားပါတယ်။

“အကြောင်းမပြန်ရင် ဘာလုပ်မယ်ဆိုတာ ပြင်ဆင်ထားတယ်။ စာ ၅ စောင်ရှိပြီ။ စာတင်ဖို့အတွက် ပြင်ဆင်ထားတယ်။ ၅ စောင်အထိမှ နောက်ဆုံးစာအထိမှ ရောက်မလာဘူးဆိုရင် ကျနော်တို့အနေနဲ့ ကိုယ့်အိမ်ကိုယ်ပြန်ကြဖို့ ပြင်ဆင်ထားတယ်။ တစုတဝေးတည်း ဒုဋ္ဌဝတီ မြစ်ကြောင်းအတိုင်းပဲ သွားမှာပါ။ ဒီအတိုင်းသွားရင် စစ်တပ်က ခွင့်မပြုဘူး။ ပြန်ဖို့လည်း မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ကျနော်တို့ ဖြတ်လမ်းကပဲ ပြန်မယ်။ အားလုံးတစုတဝေးတည်းပါပဲ။”

၂၀၀၂ ခုနှစ် မေလနောက်ဆုံးပတ် အထိတောင် တပ်မတော် နည်းပညာကောလိပ် ကျောင်းသားတွေ ပေးပို့ထားတဲ့ စာနှစ်စောင်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်ဆီက ဘာမှ အကြောင်းမပြန်ကြားခဲ့ပါဘူး။ ဒီလိုနဲ့ မေလကုန်ဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာပါတယ်။

တပ်မတော်နည်းပညာကောလိပ်ရဲ့ ကျောင်းသားအားလုံးလည်း စိတ်ဓာတ် အထူးတက်ကြွနေခဲ့ပါတယ်။ ရှေ့ဆက် ဘာတွေဖြစ်မယ်ဆိုတာကို မမျှော်မှန်းနိုင်ပေမယ့် ရှေ့ဆက်လျှောက်ရမယ့် ခရီးအတွက် အတွေးစိတ်ကူးတွေနဲ့ ပီတိဖြစ်နေပါတယ်။

ကျောင်းသားအများစုရဲ့ ဆန္ဒနဲ့ သဘောတူထားတဲ့အတွက် ဘယ်သူကမှ ဆန့်ကျင်တာ ကန့်ကွက်တာ မရှိခဲ့ပါဘူး။ “စစ်တပ်ထဲဆက်နေပြီး ဆင်းရဲ ဒုက္ခခံနေမယ့်အစား ဒီကထွက်သွားပြီး ဒီကောင်တွေကို ပြန်ချမယ်” ဆိုသူတွေချည်းပဲ ဖြစ်နေခဲ့ပါတယ်။

ဒီလိုနဲ့ မေလ (၃၁) ရက်ကို ရောက်လာပါတော့တယ်။ အဲဒီနေ့မနက်မှာတော့ တပ်မတော်နည်းပညာကောလိပ်ရှိ တပ်ခွဲအားလုံးကို မနက် ခြောက်နာရီ လေးဆယ့်ငါးမိနစ် တန်းပေါင်းစီကွင်းကို အရောက်သွားကြဖို့ သင်တန်းနည်းပြ အရာရှိတွေက အမိန့်ပေးပါတယ်။ ကျောင်းသားတွေစိတ်ထဲမှာ ဘာမှ အထွေအထူး မဖြစ်ကြပါဘူး။ မနက် (၇) နာရီကျော်လောက်မှာ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ဘိုးအောင်က သင်တန်းသားတွေကို ဩ၀ါဒစကား ပြောကြားပြီးနောက်မှာတော့ ကျန်အရာရှိတွေဖြစ်တဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်တွေက ကျောင်းသားစစ်သည်တွေရဲ့ အိပ်ဆောင်တွေထဲကို ၀င်ရောက်ပြီး အငိုက်ဖမ်း စစ်ဆေးပါတော့တယ်။ ကျောင်းသားတွေရဲ့ လက်ဆွဲသားရေအိတ်တွေနဲ့ အင်္ကျီအိတ်တွေထဲကို ရှာဖွေကြပါတယ်။

အဲဒီစစ်ဆေးချိန်ကစပြီး တပ်မတော်နည်းပညာကောလိပ် ကျောင်းသားတွေရဲ့ ကံကြမ္မာတွေလည်း ပြောင်းလဲသွားပါတော့တယ်။ မှတ်ပုံတင်တွေ၊ သူငယ်ချင်းတွေရဲ့ နေရပ်လိပ်စာ စာအုပ်တွေ၊ ကျပ် (၅၀၀၀) နဲ့အထက် တွေ့သူတွေရဲ့ ပစ္စည်းအားလုံးကို သိမ်းယူလိုက်ပါတယ်။ အဲဒီနောက် တပ်ခွဲအလိုက် ကျောင်းသားခေါင်းဆောင်တွေလို့ သံသယရှိတွေကို ဗဟိုကင်းရဲ့ အချုပ်ခန်းထဲ ထည့်လိုက်ပါတယ်။ ကိုယ်တိုင် အဖမ်းခံလိုက်ရတဲ့ ကျောင်းသားစစ်သည်တဦးက သူ့အတွေ့အကြုံတွေကို ဒီလို ပြန် ပြောင်းပြောပြပါတယ်။

“ပထမအကြိမ် မေးဖို့အတွက် ထားထားတယ်။ နောက် ဗဟိုအကျဉ်းကို ထည့်တယ်။ လေးဘက်တိုက်ထဲမှာ ချုပ်လိုက်တယ်။ လေးဘက်တိုက်ထဲ ချုပ်လိုက်တော့ ကျနော်တို့အနေနဲ့ အချုပ်တွေ ထောင်တွေဆိုတာ တခါမှ မမြင်ဖူးခဲ့ဘူး။ ဒီကျောင်းတက်လာတဲ့ ကာလတလျှောက်လုံးမှာလည်း တခါမှ အပြစ်မရှိခဲ့ဘဲနဲ့ အပြစ်ပေးခံရတာ။ အဲဒီကျတော့ တော်တော်ဝမ်းနည်းတယ်။ ၀မ်းနည်းတယ်ဆိုတာ ကျောင်းသားတယောက်နဲ့ အချုပ်ခန်းနဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူး။ ဒါပေမယ့် သူတို့အနေနဲ့ ဒီလိုဖမ်းဆီးချုပ်နှောင်လိုက်တော့ ကျနော်တို့အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပြန်လွှတ်မယ်ပဲဖြစ်ဖြစ်၊ မလွှတ်ဘူးပဲဖြစ်ဖြစ် လွတ်တဲ့လမ်းတော့ တော်တော်နည်းပါးသွားပြီ။ အဲဒီအတွက် တော်တော်ဝမ်းနည်းတယ်။ နောက်တော့ ကျနော်တို့ကို စစ်ထောက်လှမ်းရေးတွေ ခေါ်စစ်တယ်။ ကျနော့်ကို စစ်တဲ့ ထောက်လှမ်းရေးတယောက်ကတော့ ပြောပါတယ်။ မင်းကို မထိဘူး၊ မရိုက်ဘူး၊ အသားနာအောင် မလုပ်ဘူး။ ဒါပေမယ့် ဘ၀နာအောင်ပဲ ဘောပင်နဲ့ထိုးမယ်။ သူက ဘောပင်နဲ့ထိုးလိုက်တာပဲ။ ဘ၀မှာ စုတ်ပြတ်သတ်သွားတယ်။ စိတ်ထဲမှာ ကိုယ်တွေက တကယ်ပဲ ယုံကြည်ကိုးစားတယ်။ ဒါပေမယ့် ကိုယ်တွေတကယ် ယုံကြည်ကိုးစားမှုက သူတို့နဲ့ မထိုက်တန်ဘူးလို့ ထင်တယ်။”

ဒုတိယနှစ်နဲ့ ပထမနှစ်ကျောင်းသားအားလုံးကို မနက် (၇) နာရီကနေ ညနေ (၃) နာရီအထိ တန်းပေါင်းစီကွင်းပြင်ထဲမှာ ဘယ်မှသွားခွင့်မပြုတော့ဘဲ ထိုင်ခိုင်းထားပါတယ်။ နေ့လယ်စာ ထမင်းမကျွေးဘဲ ထိုင်ခိုင်းထားတာ ဖြစ်ပါတယ်။ ညနေ (၃) နာရီမှာ Main Workshop ထဲကို ပြောင်းရွှေ့နေစေပြီးနောက် တံခါးပိတ်ထား လိုက်ကြပါတော့တယ်။ ကျောင်းသားတွေ Main workshop ထဲရောက်ပြီးနောက် အပြင်ကနေ တံခါးကို သော့ခတ်ပိတ်ပြီးသား ဖြစ်သွားပါတော့တယ်။

ဒီလိုနဲ့ ညနေ (၄) နာရီကျော်လောက်မှာ ကျောင်းသား တယောက် နှစ်ယောက်က ငါတို့ကို ထမင်းမကျွေးဘဲ ဒီအတိုင်း ထားတော့မှာလားလို့  အော်ဟစ် ပြောဆိုလိုက်ပါတယ်။ ဒီအခါမှာ ကျန်တဲ့ ကျောင်းသားအားလုံးကလည်း ထောက်ခံတဲ့အနေနဲ့ ၀ိုင်းအော်ဟစ်ကြပါတယ်။ ညနေစောင်းလာတော့ ဗိုက်လည်း တော်တော်ဆာလာပြီဖြစ်လို့  မကျေနပ်စိတ်တွေဟာ ပေါက်ကွဲလာပါတော့တယ်။

သင်တန်းသား ၃၀၀၀ ကျော်ရဲ့ အော်ဟစ်သံတွေဟာ Main workshop ထဲမှာ မိုးပြိုတဲ့အလား ဆူညံပြီး ဟိန်းထွက်နေပါတယ်။ အော်ဟစ်ရုံမက တံခါးတွေကိုလည်း ထုနှက်ကြပါတယ်။ အုပ်ချုပ်သူ အရာရှိတွေက ထိန်းမရတဲ့အဆုံး တံခါးဖွင့်ပေးရပါတယ်။ Main workshop အပြင်ကို ရောက်တဲ့အထိ အော်ဟစ်သံတွေ ဆူညံနေဆဲပါ။ ၃၀၀၀ ကျော် ကျောင်းသားအုပ်စုကြီးဟာ ဖမ်းထားတဲ့ ကျောင်းသားခေါင်းဆောင်တွေကို လွှတ်ပေးဖို့ အော်ဟစ်တောင်းဆိုရင်း ခေါင်းဆောင်တွေကို ထိန်းသိမ်းထားတဲ့ ဗဟိုကင်းက အချုပ်ခန်းဆီကို ချီတက်သွားကြပါတော့တယ်။

မကြာခင် လက်နက်ကိုင်စစ်သား တပ်ခွဲတခွဲနဲ့ အတူ တိုင်းမှူး ရောက်လာပါတယ်။ အော်ဟစ် ဆန္ဒပြနေတဲ့နေရာကို ရောက်လာပြီး ရှေ့ဆက်မသွားဖို့ တားမြစ်ပြောဆိုပါတယ်။ ကျောင်းသားစစ်သည် လူအုပ်ကြီးကတော့ တိုင်းမှူးရဲ့စကားကို မနာခံဘဲ ဗဟိုကင်းကို ဆက်လက်ချီတက်သွားပါတယ်။ တားလို့မရတဲ့အဆုံးမှာတော့ လက်နက်ကိုင် စစ်သားတဦးက သေနတ်ကို မိုးပေါ်ထောင်ပစ်လိုက်ပါတယ်။ အဲဒီနောက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး (မန္တလေးတိုင်းမှူး) ဗိုလ်ချုပ်ရဲမြင့်က “မင်းတို့ပြောစရာရှိရင် အေးအေးဆေးဆေးပြောကြ။ အော်ဟစ်ပြီး ဆူညံဆူညံ မလုပ်ကြနဲ့”လို့ ပြောပါတယ်။

ကျောင်းသားစစ်သည်တွေက ဖမ်းထားတဲ့ ကျောင်းသားခေါင်းဆောင်တွေကို အခုချက်ချင်း ပြန်လွှတ်ပေးဖို့ တညီတညွတ်တည်း တောင်းဆိုကြပါတယ်။ ကျောင်းသားအုပ်ကြီး တောင်းဆိုတဲ့အတွက် ဖမ်းဆီးခံ ကျောင်းသား ခေါင်းဆောင်တွေကို ကျောင်းအုပ်ကြီးရဲ့ကားနဲ့ သွားခေါ်ခိုင်းလိုက်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

နောက်တနေ့ (၁၊ ၆၊ ၂၀၀၂) မနက် ၇ နာရီမှာ တကျောင်းလုံး တန်းပေါင်းစီကွင်းကို အရောက်သွားကြရပါတယ်။ အဲဒီနောက်မှာတော့ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ကျော်ဝင်း ရောက်လာပြီး စကားပြောပါတယ်။ သူစကားပြောတဲ့ စင်မြင့်ဘေးမှာ သူနဲ့အတူပါလာတဲ့ စစ်သား တယောက်က ဂျစ်ကားပေါ်ကနေ ကျောင်းသားတွေဘက်ကို ပွိုင့် ၅ စက်သေနတ်ငယ်နဲ့ ချိန်ထားပါတယ်။ လက်နက်မဲ့ ကျောင်းသားတွေကို ခြိမ်းခြောက်တဲ့သဘောပါ။

ဗိုလ်ချုပ်ကျော်ဝင်းက “မနေ့က ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူး။ မင်းတို့တွေ ကျောင်းဆက်တက်ချင်သေးလား” လို့ မေးပါတယ်။ သူ့ရဲ့အမေးအဆုံးမှာ ကျောင်းသားစစ်သည်တွေက တညီတညွတ်တည်း “မတက်ချင်ဘူး” လို့ ပြန်ဖြေလိုက်ကြပါတယ်။ “ဒါဆိုရင် စစ်တပ်ကနေ ထွက်ခွင့်မပေးနိုင်ဘူး” လို့ ဗိုလ်ချုပ်ကျော်ဝင်းက ပြောပါတယ်။ “မပေးလည်း ထွက်မှာပဲ” လို့  အပြန်အလှန် ပြောဆိုကြပါတယ်။

ဆက်လက်ပြီး ဗိုလ်ချုပ်ကျော်ဝင်းက “တကယ်လို့ မင်းတို့တွေ အပြင်ရောက်သွားရင်လည်း အပြင်တက္ကသိုလ်တွေကို ဆက်တက်လို့မရဘူး။ တက်ခဲ့ရင်လည်း အဲဒီသူတွေရဲ့ ဘွဲ့လက်မှတ်တွေကို အသိအမှတ်မပြုဘူး” လို့ ဆက်ပြောပါတယ်။

မေလ ၃၁ ရက်နေ့ညနေပိုင်း ဆန္ဒပြတောင်းဆိုမှု ဖြစ်ပြီးတဲ့နောက် အဲဒီနေ့ ညပိုင်းမှာ စစ်တပ်တပ်ရင်းတရင်း MTC ကျောင်းကို လျှို့ဝှက်အစောင့် ချထားလိုက်ကြပါတယ်။ စစ်တပ်ထဲမှာ သဘောထားပြည့်ဝပြီး ပညာတတ်တဲ့ နိုင်ငံကောင်းကျိုးလိုလားတဲ့ စစ်အရာရှိများ များစွာရှိပါတယ်။ MTC ကျောင်းမှာလည်း ပညာတတ်ပြီး သဘောထားပြည့်ဝတဲ့ အရာရှိများစွာ ရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ အထက်အရာရှိက ပေးအပ်တဲ့ အမိန့်နဲ့တာဝန်ကို မလွန်ဆန်နိုင်ကြပါဘူး။

၂၀၀၂ ခုနှစ် ဇွန်လ ၁ ရက် စနေနေ့မနက် ၉ နာရီမှာ Main workshop အရှေ့ဘက်ခန်းမထဲမှာ စတုတ္ထနှစ် (အပတ်စဉ် ၁) ကျောင်းသားတွေနဲ့ ဗိုလ်ချုပ်ကျော်ဝင်းတို့ တံခါးပိတ် တွေ့ဆုံကြပါတယ်။ ပထမနှစ်၊ ဒုတိယနှစ်နဲ့ တတိယနှစ် ကျောင်းသားတွေကို အမှတ်စဉ်အလိုက် တွေ့ဆုံမယ်ဆိုတဲ့အတွက် ကိုယ့်အလှည့်ရောက်မယ့် အချိန်ကို စောင့်မျှော်နေကြပါတယ်။ ဇွန်လ ၆ ရက် ကြာသပတေးနေ့မှာ တတိယနှစ်ကျောင်းသားတွေနဲ့ ဗိုလ်ချုပ်ကျော်ဝင်း ဒုတိယအကြိမ် တွေ့ဆုံကြပါတယ်။

ဒီတွေ့ဆုံခြင်းဟာ နောက်ဆုံးဖြစ်သွားပါတော့တယ်။ ဒုတိယနှစ်ကျောင်းသားတွေနဲ့ တွေ့ဆုံရမယ့်အလှည့် မရောက်လိုက်တော့ပါဘူး။ ဗိုလ်ချုပ်ကျော်ဝင်းက တတိယနှစ်ကျောင်းသားတွေကို တွေ့ဆုံပြီးနောက် လေးငါးရက်အကြာမှာ တပ်မတော်နည်းပညာကောလိပ်ကျောင်းက ကျောင်းသား အားလုံးကို အိမ်ပြန်ပို့လိုက်ပါတော့တယ်။

ကျောင်းသားအားလုံးကို “တပ်မတော်အက်ဥပဒေ ပုဒ်မ ၁၈ (၃) အရ တပ်မတော်မှ အမြဲတမ်း ထုတ်ပယ်ခြင်း” ဆိုပြီး ကျောင်းထုတ်ပစ်လိုက်ပါတယ်။ လွှတ်ပေးခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကိုလည်း နောက်နေ့ကစပြီး တရက်ချင်း ညနေပိုင်းနဲ့ ညပိုင်းမှာ လာရောက်ခေါ်ဆောင်သွားပါတယ်။ အဲဒီခေါင်းဆောင်တွေကို ထောင်ဒဏ် အနည်းဆုံး ၅ နှစ်ကစပြီး ၇ နှစ်၊ ၈ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ်၊ ၂၀ နှစ်အထိ အပြစ်ပေးလိုက်ပါတယ်။

ကျောင်းသားတွေကို ကျောင်းထုတ်ပစ်ရာမှာ ဆိုထားတဲ့ တပ်မတော် အက်ဥပဒေ ပုဒ်မ ၁၈(၃) ဟာ “သတင်းထိမ်ချန်မှု” ပုဒ်မပါ။ ပုန်ကန်ဖို့ အစီအစဉ်ရှိတာ သိလျက်နဲ့ သတင်းမပေးခဲ့တဲ့အတွက် အဲဒီပုဒ်မ တပ်လိုက်တာပါ။ တနည်းပြောရရင် ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို စစ်ပုန်ကန်မှုတခုလို့  သတ်မှတ်လိုက်ခြင်းပါပဲ။ ဒါကြောင့် မြန်မာတပ်မတော်သမိုင်းတလျှောက်မှာ အကြီးအကျယ် စစ်ပုန်ကန်မှုကို တပ်မတော်နည်းပညာကောလိပ်က စတင်လိုက်တာလို့  ပြောနိုင်ပါတယ်။

ဒီလို စစ်ပုန်ကန်မှုမြောက်အောင် လှုပ်ရှားခဲ့တာမျိုး မရှိခဲ့ဖူးတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးနဲ့ စစ်တပ်တခုလုံး တုန်လှုပ်သွားခဲ့ပါတယ်။ တပ်မတော် နည်းပညာကောလိပ် ကျောင်းသားတွေကို စစ်တပ်ထဲဆက်ထားရင် တခြား တပ်ရင်းတွေရှိ အရာရှိစစ်သားတွေကို စည်းရုံးပြီး တော်လှန်ပုန်ကန်လာမှာကို အတော်စိုးရိမ်ခဲ့ကြပါတယ်။ အဲဒီအတွက်ကြောင့်ပဲ စစ်တပ်ကနေ ထွက်ခွင့်ပေးလိုက်တာပါ။

အများအကျိုးအတွက် ဦးဆောင်ခဲ့တဲ့ တပ်မတော်နည်းပညာကောလိပ်က ကျောင်းသားစစ်သည်ခေါင်းဆောင် အယောက် ၆၀ ကျော်ကို တရားရုံးပြင်ပမှာ မျက်ကွယ် အမိန့်ချမှတ်လိုက်ပါတယ်။ အဲဒီသူတွေဟာ အခုထက်တိုင် မြန်မာနိုင်ငံရဲ့ နယ်အကျဉ်းထောင်တွေမှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေဆဲဖြစ်ပါတယ်။

“မန္တလေးထောင်ထဲမှာတော့ အမြင့်ဆုံထောင်ချလိုက်တယ်။ ဘယ်နှနှစ်ချလည်းတော့ မသိဘူး။ အမှန်ဆိုရင် သူတို့ရဲ့ တရားစီရင်မှုက မျှတမှု မရှိဘူးလို့ ယူဆတယ်။ အဲဒီအချိန်မှာ သူတို့ ဘယ်လိုပဲပေးပေး ကျနော်တို့မှာ ငြင်းဆန်ပိုင်ခွင့် မရှိတော့ဘူး။ သူတို့အနေနဲ့ တဖက်သတ် တရားစီရင်ရေးတခုလို့ ကျနော်တို့ ယူဆတယ်။ တယောက်နဲ့တယောက် မြင်ခွင့်တွေ့ခွင့် မရှိဘူး။ ဟိုဘက်ခန်းနဲ့ ဒီဘက်ခန်း လှမ်းပြီးစကားအော်ပြောခွင့် မရှိဘူး။ ကျနော်တို့ကို အဆောင်ထဲမှာပဲ တိုက်ခန်းထဲမှာပဲ အချိန်ပြည့်ပိတ်ထားတယ်။ အပြင်လောကကို မပြောနဲ့ ကျနော်တို့နေတဲ့ တိုက်ရှေ့မှာ မြက်ပင်ဘယ်လောက်ရှိတယ်ဆိုတာ ကျနော်တို့အနေနဲ့ မြင်တွေ့ခွင့် မရဘူး။ အဲဒီအချိန်မှာ ကျနော့်သူငယ်ချင်းတွေ ဘယ်ကိုရောက်သွားလဲဆိုတာ ကျနော်တို့မသိနိုင်ဘူး။ မသိနိုင်ဘူးဆိုတာ သူတို့အနေနဲ့ သတင်းအစ ဖျောက်လိုက်တဲ့ သဘောပေါ့။”

နောက်ပိုင်းမှာ တပ်မတော်နည်းပညာကောလိပ်ကျောင်းက ၀န်ထမ်း အားလုံးကို စစ်ဘက်ကနေ အရပ်ဘက်ကို ပြောင်းပစ်လိုက်ပါတယ်။ မေမြို့ တပ်မတော်နည်းပညာကောလိပ်ကျောင်းကိုလည်း ပိတ်ပစ်လိုက်ပြီး ကျောင်း အဆောက်အဦတွေကို စစ်တက္ကသိုလ် စာပေဌာန ၂ အဖြစ် ပြောင်းလဲလိုက်ပါတယ်။

ရေးသားသူ..မင်းလွင်

No comments:

Post a Comment