ဦးသန်းရွှေအတွက် ထည့်သွင်းခဲ့သော ပုဒ်မ ၂၁၇ကို လွှတ်တော်တွင် အသုံးချနိုင်ခဲ့သည့် NLD - လက်စောင်းထက်


အမှန်အတိုင်းဆိုရလျှင် မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သေချာစွာ လေ့လာဖတ်ရှုသူ နည်းသည်။ ထိုကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါသော အချို့ မြုပ်ကွက်များကို လူအများ သတိမမူမိကြပေ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ပုဒ်မ ၂၁၇တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် နိုင်ငံတော် သမ္မတ၌ တည်ရှိသည်။
ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်အား လည်းကောင်း၊ အာဏာပိုင် ပုဂ္ဂိုလ်တစ်ဦးဦးအား လည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရ။ ထို့ပြင် ယင်းစကားရပ်ကြောင့် တည်ဆဲ ဥပဒေများအရ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်အားဖြစ်စေ၊ သက်ဆိုင်ရာ အာဏာပိုင် ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော် သမ္မတအား လွှဲပြောင်းပေးအပ်သည်ဟုလည်း မမှတ်ယူရဟု ပါရှိသည်။
ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ လွှတ်တော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ခန့်အပ်နိုင်ရေး ဥပဒေကြမ်း အဆိုတင်သွင်းခဲ့ရာ တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်ပြီး မဲမပေး မထိုင်ဘဲ မတ်တပ်ရပ် ဆန္ဒပြခဲ့သဖြင့် လွှတ်တော်ဥက္ကဋ္ဌက ထိုင်ခိုင်းရသည်အထိ ဖြစ်ခဲ့သည်။ ပြောရလျှင် ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၁၇သည် ယခင်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတစ်ယောက် ၂၀၁၀ ရွေးကောက်ပွဲ အပြီး သမ္မတ ဦးသိန်းစိန်၏ အပေါ်တွင် နေနိုင်ရန် ထည့်သွင်းရေးဆွဲခဲ့သော ပုဒ်မဖြစ်သည်။ ယခုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြီးစိုးထားသော လွှတ်တော်က ထိုပုဒ်မကို အသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ခန့်အပ်ရန် လုပ်ဆောင်လာခြင်းမှာ ဦးသန်းရွှေအဖို့ သူ့အရိုးနှင့်သူ အထိုးခံရခြင်း ဖြစ်သည်။
ပြောရလျှင် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် ဦးသန်းရွှေသည် သမ္မတ အတိုင်ပင်ခံ အဖွဲ့ကို လူငါးဦးနှင့် ဖွဲ့စည်းရန် စနစ်တကျ ကြံစည်ခဲ့ပြီးဖြစ်သည်။ ထိုကြောင့်လည်း အတိုင်ပင်ခံ ကောင်စီရုံးပင် နေပြည်တော်၌ ထည့်သွင်းဆောက်လုပ်ထားသည်ကို Tomorrow ဂျာနယ်က လွန်ခဲ့သည့်နှစ်အတွင်း ဖော်ထုတ်ရေးသားခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က ဒုတိယလူဖြစ်သူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက သဘောမတူ ကန့်ကွက်ပြီး အဝေးသို့ ထွက်ခွာသွားသဖြင့် ဦးသန်းရွှေ တစ်ယောက် စာဖတ်သူကြီးဘ၀ ရောက်ခဲ့ရခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက ပြီးခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များ ကြီးစိုးသော လွှတ်တော်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥပဒေကြမ်း (သို့မဟုတ်) နိုင်ငံတော် အတိုင်ပင်ခံ ကောင်စီဥပဒေကြမ်းကို တင်သွင်းကြပြီး ဦးသန်းရွှေသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်လာမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လျှို့ဝှက်ရှုပ်ထွေးစွာ ရေးဆွဲထားသော ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ဂယ်ပေါက်များကို အမိအရ ရှာဖွေနိုင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ချီးကျူးရမည် ဖြစ်သည်။ အချို့ကတော့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲစဉ်က အဓိက လူတစ်ယောက်ဖြစ်ပြီး ယခုအခါ ပြည်ခိုင်ဖြိုးပါတီမှ အရာကျနေသည့် သူရဦးရွှေမန်း လက်ချက်ဟု ပြောဆိုနေကြသည်။ မှန်သင့်သလောက်တော့ မှန်သည်။ သူရဦးရွှေမန်းသည် ဦးသန်းရွှေ၏ အနီးကပ် လူယုံဖြစ်သဖြင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တမင်ထည့်သွင်းထားသော ဂယ်ပေါက်များကို သိသူဖြစ်သည်။ သို့သော်လည်း တပ်မတော်သား ကိုယ်စားလှယ်များကို ယခုအထိ မစည်းရုံးနိုင်သေးသည်ကတော့ ပြဿနာတစ်ခု ဖြစ်နေသည်။ လွှတ်တော်ချယ်နယ်ကို ယခုအခါ ကြည့်ရှုသူ များပြားလာပြီး တပ်မတော်သား ကိုယ်စားလှယ်များ အနေဖြင့် ဗီလိန်နေရာသို့ တဖြည်းဖြည်း ရောက်ရှိနေကြသည်။ လွှတ်တော်နှင့် အစိုးရ အနေဖြင့် အချို့ အမြီးအမောက် မတည့်သေးသည့် ကိစ္စရပ်များကို အလောတကြီး မလုပ်မိစေရန် သတိချပ်သင့်သည်။ ယခုအချိန်အထိ တပ်မတော်နှင့်လွှတ်တော်၊ တပ်မတော်နှင့် အစိုးရအကြား ယုံကြည်မှု မတည်ဆောက် နိုင်သေးသည်ကိုလည်း တွေ့မြင်နေရသည်။ ထိုကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ထိုင်းနိုင်ငံကဲ့သို့ တပ်မတော်မှ အကြိမ်ကြိမ် အာဏာသိမ်းနိုင်သည့် အရေးကိုလည်း မျှော်တွေးထားသင့်သည်။ ၁၉၃၂ခုနှစ်မှ ၂၀၁၄ခုနှစ်အထိ ၈၂နှစ်အတွင်း ထိုင်းနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲ ၂၅ကြိမ် ကျင်းပခဲ့ပြီး တပ်မတော်က ၁၉ကြိမ် အာဏာသိမ်းခဲ့ရာ ၁၂ကြိမ် အောင်မြင်ခဲ့သည်။ ထိုင်းနှင့်မြန်မာ မတူညီသည့် အချက်မှာ ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းသော်လည်း တောခိုသူပုန်ထမည့်သူ မရှိဘဲ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပါက တောခိုသူပုန်ထမည့် သူများသဖြင့် မြန်မာနိုင်ငံတွင် နောက်တစ်ကြိမ် အာဏာသိမ်းလျှင် ဆီးရီးယားကဲ့သို့ တိုင်းပြည် မီးဟုန်းဟုန်းတောက်သွားမည်ကို စိုးရိမ်မိပါသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို ယခုမှ ပြဋ္ဌာန်းပြီးဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ယခုမှ ခန့်အပ်ထားခြင်း ဖြစ်ပါသည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေဖြင့် နိုင်ငံ့အရေးကို မည်သို့ဆောင်ရွက်သွားမည်ကိုလည်း စောင့်ကြည့်ရန် လိုပါသေးသည်။ ထိုသို့သော အခြေအနေတွင် အဆိုပါ ဥပဒေကို ကလေးဆိုးကြီး ဥပဒေဟု အမည်တပ်ကာ တပ်မတော်မှ အာဏာသိမ်းရန် အင်တာနက်ပေါ်တွင် လှုံ့ဆော်နေသူများကလည်း ရှိနေပါသည်။ စာရေးသူ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်ကို လက်ရှိ အခြေအနေထက် မြင့်မားတိုးတက်အောင် စွမ်းဆောင်နိုင်မည့်သူဟု ယုံကြည်မိသည်။ အစိုးရသစ် အနေဖြင့် မည့်သည့်စွမ်းဆောင်ချက်မှ မပြုလုပ်ရသေးမီ အစိုးရသက်တမ်း တစ်လသားသာ ရှိသေးသည့် အချိန်တွင် လက်ဆုပ်လက်ကိုင် မပြနိုင်သေးသော အင်အားစု တစ်ချို့က အမည်မျိုးစုံပေး ကင်ပွန်းတပ်ကာ တိုက်ခိုက်နေခြင်းကို ရှောင်ကြဉ်သင့်ပါသည်။
စာရေးသူ မေတ္တာရပ်ခံလိုသည်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်များရော တပ်မတော်သား ကိုယ်စားလှယ်များပါ နိုင်ငံ့အကျိုးအတွက် လွှတ်တော်အတွင်း စုဝေးနေကြခြင်း ဖြစ်ပါသည်။ နှစ်ဦးနှစ်ဘက် တိုင်းပြည်အကျိုးအတွက် လက်တွဲ ဆောင်ရွက်စေလိုပါသည်။ တစ်ဖက်မှ တင်သော အဆိုတိုင်းကို တစ်ဖက်မှ ကန့်ကွက်ရမည်ဟူသော တရားသေ ပုံသေကားချပ် ဖော်မြူလာဖြင့် ကန့်ကွက်ချည်းနေ၍ တိုင်းပြည်အတွက် အလုပ်မဖြစ်နိုင်ပါ။ တိုင်းပြည်အကျိုးရှိမည့် ကိစ္စများတွင် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုသို့သော ဆက်ဆံရေး ဖြစ်ထွန်းရန်အတွက် နှစ်ဖက်ခေါင်းဆောင်များ အမြင်ကြည် ညီညွတ်ရန် လိုပါသည်။ ယခု ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ်ခန့်မှ ကန့်ကွက်ခဲ့သည် ဆိုပါလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၁၇သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရေးဆွဲခဲ့သည့် ဥပဒေ မဟုတ်ပါ။ ဦးသန်းရွှေ အကျိုးကို မျှော်ကိုးပြီး ရေးဆွဲခဲ့သည့် ဥပဒေကို ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံ့အကျိုးကို မျှော်ကိုးပြီး ကောက်စားလိုက်ခြင်းပင် ဖြစ်ပါသည်။ နောက်ဆုံးမတော့ ဘယ်သူမပြုမိမိမှု ဟူသော မြန်မာစကားပုံ အတိုင်းသာ မိမိပြုခဲ့သည့် အကျိုးတရားကို မိမိခံစားရခြင်းသာ ဖြစ်သည်ဟု တရားသဘောဖြင့် နှလုံးသွင်းရင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် တိုင်းပြည်အတွက် မည်သို့လုပ်ကိုင် ဆောင်ရွက်သွားမည်ကိုသာ စောင့်ကြည့်ပြီး တိုင်းပြည်အကျိုးအတွက် လွှတ်တော်ရော အစိုးရကပါ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ၀န်းရံသင့်သည်ဟု ထင်မြင်မိပါတော့သည်။
လက်စောင်းထက်
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)