Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 24, 2015

လူမျိုးရေးမုန်းတီးမှုအခြေခံ အကြမ်းဖက်မှုများနဲ့ အမေရိက


  “ကျွန်တော်တို့ရဲ့ အမျိုးသမီးတွေကို ခင်ဗျားတို့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တယ်၊          ကျွန်တော်တို့နိုင်ငံကို မတရားသိမ်းပိုက်တယ်၊ ဒါကြောင့် လုပ်မှဖြစ်မယ်”

     ဒီစကားကိုဆိုခဲ့သူက အသက် (၂၁) နှစ်အရွယ် ဒလင်ရုဖ်ဆိုသူ လူငယ်လေးဖြစ်သည်။
သူက စကားတင်မပြော။ လူ ကိုးဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့သေးသည်။

            ဇွန် (၁၇) ရက်နေ့တွင် တောင်ကာရို လိုင်းနားပြည်နယ်၊ ချာလ်စ်တန်မြို့ရှိ ဧမာနွေလအေအမ်အီး ဘုရားရှိခိုးကျောင်း အတွင်း သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ပစ်ခတ်ခဲ့သူမှာ ရှေ့ကဆိုခဲ့ပြီး ဖြစ်သည့် ဒလင်ရုဖ်ဆိုသူ လူဖြူအဓိက၀ါဒီလေး ဖြစ်သည်။ ပစ်ခတ်မှုမဖြစ်ခင်တွင် ရုဖ်သည် ဘုရားကျောင်းအတွင်း ၀င်ထိုင်ကာ သမ္မာကျမ်းစာလေ့လာရေးအသင်း၏ ဆွေးနွေးပြောဆိုမှုများကို ထိုင်ကြည့်နေခဲ့ သည်။ “ဒီနေ့လိုခေတ်မျိုးမှာတောင် ယုံကြည်တတ်လွန်းတဲ့ လူတွေရှိသေးတယ်နော်၊ သူတို့သာ သူ့ကို အ၀င်မခံခဲ့ရင် ဒီလိုမျိုးဖြစ်လာမှာ မဟုတ်ဘူး”ဟု ဒေသခံ တစ်ဦးက ပြောသည်။

            ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့တော်ဝန်တို့က ၀မ်းနည်းမှုနှင့် တုန်လှုပ်မှု တို့ရှိခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ ဂျာနယ်လစ် များနှင့် ဓာတ်ပုံဆရာများက ကော်ဟွန်းလမ်းပေါ်ရှိ ဘုရားကျောင်းဖြူဖြူလေးသို့ တဖွဲဖွဲရောက်ရှိလာခဲ့သည်။ ဘုရားကျောင်း အ၀င်ဝတွင် လစ်လီပန်းများ၊ နှင်းဆီပန်း များနှင့် ဇော်မွှားပန်းများကို အထိမ်းအမှတ် အဖြစ် ချထားကြသည်။ ကင်မရာသမား များကလည်း လာရောက်သူများကို မှတ်တမ်းတင်နေသည်။ အမေရိကန်သမ္မတ ဘားရက် အိုဘားမားကလည်း ၀မ်းနည်းကြောင်း မိန့်ခွန်းပြောဆိုခဲ့သည်။

            “ဒီလိုစကားမျိုးကို အကြိမ်ကြိမ် ပြောဆိုခဲ့ရပြီးဖြစ်ပါတယ်”ဟု အိုဘားမားက ထည့်သွင်းပြောဆိုခဲ့သည်။ ဟုတ်လည်း ဟုတ်သည်။ အိုဘားမားသည် အဆိုပါ စကားမျိုးကို ယခင်က (၁၄) ကြိမ် ပြောဆိုခဲ့ရပြီး ဖြစ်သည်။

            အမေရိကန်ပြည်ထောင်စု၌ မကြာသေးမီနှစ်များအတွင်း အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။ ၂၀၀၀ပြည့်နှစ် မှ ၂၀၀၇ ခုနှစ်အတွင်း တစ်နှစ်လျှင် ယင်းကဲ့သို့ ပစ်ခတ်မှု (၆ ဒသမ ၄) ကြိမ်ဖြစ်ပွားခဲ့ကြောင်း အက်ဖ်ဘီအိုင်ကပြောသည်။ ၂၀၀၇ ခုနှစ် နောက်ပိုင်း ခုနစ်နှစ်တာကာလအတွင်း ယင်းကဲ့သို့ပစ်ခတ်မှုမှာ တစ်နှစ်လျှင် (၁၆ ဒသမ ၄) ကြိမ်ရှိခဲ့သည်။ ကော်လိုရာဒိုနှင့် ကွန်နက်တီးကပ်ပြည်နယ်များ၌ ၂၀၁၂ ခုနှစ်အတွင်း ပစ်ခတ်မှုများကြောင့် အပြစ်မဲ့သူများစွာ သေဆုံးခဲ့သည်။ သို့သော် နိုင်ငံရေးသမားများ အထူးသဖြင့် ရီပတ်ဘလီကန် များသည် လက်နက်ကိုင်ဆောင်မှု ထိန်းချုပ်ရေးကို တားဆီးပိတ်ပင်နေဆဲဖြစ်သည်။ အမေရိကန်ပြည်သူများသည် လက်နက် ကိုင်ဆောင်မှုထိန်းချုပ်ရေးထက် ကိုင်ဆောင်ခွင့်ရရှိရေးကို ပိုမိုလိုလားနေကြောင်း Pew သုတေသနဌာန၏ ဒီဇင်ဘာလ အတွင်း လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။

            တောင်ကာရိုလိုင်းနား ပြည်နယ်သည် လက်နက်ကိုင်ဆောင်မှု ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး လျော့ရဲသော ဥပဒေများရှိခဲ့သည့် ပြည်နယ်တစ်ခုဖြစ်သည်။ ပြည်နယ်အတွင်း နေထိုင်သူများသည် လက်နက်ကိုင်ဆောင်နိုင်ရေးအတွက် လိုင်စင်ပြုလုပ်စရာမလို၊ လက်နက်များကို မှတ်ပုံတင်စရာ မလိုကြောင်း လက်နက်ကိုင် အကြမ်းဖက်မှုများတားဆီးရေး ဥပဒေဌာန က ပြောဆိုခဲ့သည်။ လက်နက်ပျောက် လျှင်ဖြစ်ဖြစ်၊ လက်နက်အခိုးခံရလျှင် ဖြစ်ဖြစ် ပြည်နယ်သားများသည် သက်ဆိုင်ရာသို့ တိုင်ကြားခြင်းလည်း မပြုတတ်ကြချေ။ ပစ်ခတ်မှုကျူးလွန်ခဲ့သူ ရုဖ်သည် သေနတ်ကို မွေးနေ့လက်ဆောင်အဖြစ် ရရှိခဲ့ခြင်း ဖြစ်သည်။

            ရုဖ်ကို မြောက်ကာရိုလိုင်းနားတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ တရားခံလွှဲပြောင်း ရန်စီစဉ်ခြင်းကို ရုဖ်က ကန့်ကွက်ခြင်း မရှိသောကြောင့် တောင်ကာရိုလိုင်းနားသို့ ပြန်ခေါ်ခွင့်ရရှိခဲ့သည်။ ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိပါက ရုဖ်သည် သေဒဏ်ကျခံရမည်ဖြစ်သည်။ တောင်ကာရိုလိုင်းနားရှိ ရုဖ်၏မွေးရပ်မြို့ လက်ဇင်တန်တွင် ၀မ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် အလံများကို တိုင်တစ်ဝက်အထိ အောက်ချထားသည်။ ထူးခြားချက် တစ်ခုလည်း ရှိနေသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး နေအိမ်တွင် တိုင်တစ်ဝက်အထိ အောက်ချထားသော အလံမှာ လက်ရှိအမေရိကန် အလံမဟုတ်ဘဲ ပြည်တွင်းစစ်ကာလက ကျွန်များကို ဆက်လက်ထိန်းသိမ်းထားလိုသည့် ဘက်မှ အသုံးပြုခဲ့သည့် အလံဖြစ်နေခြင်းဖြစ်သည်။ အလံနှင့် လူမျိုးရေးခွဲခြားမှုကို တွဲမြင်တတ်ကြသည်။ ယင်းကြောင့် ပြည်နယ်သားတချို့ မကျေမနပ်ဖြစ်ကာ ဆန္ဒပြမှုများကိုပြုလုပ်ခဲ့သည်။ ပစ်ခတ်မှု ကျူးလွန်ခဲ့သူသည်လည်း ယင်းလူမျိုးရေး ခွဲခြားမှုနှင့်ဆက်စပ်သော အလံကို အသုံးပြုခဲ့ဖူးသည်။

            လောကရေးရာတွင် အောင်မြင်မှု မရရှိသူတချို့သည် လူမျိုးရေးဝါဒကို အသုံးချပြီး ဂုဏ်ယူတတ်ကြကြောင်း တောင်ပိုင်း ဆင်းရဲမွဲတေမှုဥပဒေဌာန၏ အကြီးအကဲ ရစ်ချတ်ကိုဟန်က ပြောဆိုခဲ့သည်။ ဌာနမှာ အစွန်းရောက်အဖွဲ့များ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေသည့် အဖွဲ့ဖြစ်သည်။ အရာရာတွင် အဆင်မပြေသည့် လူငယ်တစ်ဦးသည် လူမျိုးရေးဝါဒစွဲကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းအဖြစ် မှတ်ယူကာ ပြစ်မှုကျူးလွန်ခဲ့ခြင်းသာ ဖြစ်ကြောင်း သူက ပြောသည်။ တောင်ကာရိုလိုင်းနားတွင် လူဖြူ အဓိက၀ါဒီ အစွန်းရောက်အဖွဲ့ (၁၆) ဖွဲ့ရှိနေသည်။ အဖွဲ့များကို စောင့်ကြည့်ရသည်မှာ အစွန်းရောက်တစ်ဦးချင်းကို စောင့်ကြည့်ရတာထက် ပိုမိုလွယ်ကူမည် ထင်သည်။ ရုဖ်၏ဖြစ်ရပ်မှာ ထင်မထားသည့် ဖြစ်ရပ်တစ်ခုသာဖြစ်သည်။

            ဇွန် (၁၇) ပစ်ခတ်မှုကြောင့် ပြည်နယ်တွင်း လက်နက်ကိုင်ဆောင်မှုထိန်းချုပ်ရေး ဥပဒေသစ်များကို ပြဋ္ဌာန်းလိမ့်မည် မဟုတ်ချေ။ အမေရိကန်သမ္မတအိုဘားမားကလည်း ယင်းကိုဝန်ခံခဲ့သည်။ ယခုအချိန်သည် ၀မ်းနည်းကြေကွဲရမည့် အချိန်ဖြစ်သော်လည်း ရှင်းလင်းစွာပြောဆိုရမည့် အရာတစ်ခုရှိနေကြောင်း၊ ယင်းမှာ အခြားဖွံ့ဖြိုးပြီးနိုင်ငံများ၌ အမေရိကန်တွင် ယခုဖြစ်ခဲ့သည့် ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သည်ကို နားလည်ထားရန်လိုအပ်ပါကြောင်း၊ တစ်ခုခုလုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း အိုဘားမားက ပြောဆိုခဲ့သည်။ အိုဘားမား၏အသံတွင် စိတ်ပျက်မှုများ စွက်နေသည်။

            လက်ကိုင်ကိုင်ဆောင်ခြင်း ထိန်းချုပ်မှု ဥပဒေသစ်ကို နိုင်ငံရေးအရ ပြဋ္ဌာန်းနိုင်မည် ဆိုပါက ၂၀၁၂ ခုနှစ်တွင် ကွန်နက်တီးကပ် ပြည်နယ် နယူးတောင်းတွင် ပစ်ခတ်မှု ဖြစ်ပွားပြီးကတည်းက ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပေလိမ့်မည်။ မိခင်ဖြစ်သူပိုင်ဆိုင်သော သေနတ်များထဲမှ ရိုင်ဖယ်တစ်လက်ကို ယူဆောင်ခဲ့သော လူငယ်လေးတစ်ဦးသည် စာသင် ကျောင်းထဲရှိ ကလေးငယ် (၂၀) ဦးနှင့် ၀န်ထမ်းခြောက်ဦးတို့ကို ရက်ရက် စက်စက် သတ်ဖြတ်ခဲ့သည်။ ယင်းဖြစ်ရပ် အပြီးနောက်တွင် လက်နက်ကိုင်ဆောင်မှု ထိန်းချုပ်ရေး ဥပဒေများ ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ကွန်ဂရက်တွင် ထောက်ခံမှု မရရှိခဲ့ချေ။ နောက်ဆုံးတွင် အိုဘားမား၏ အစွမ်းကုန်ကြိုးပမ်း အားထုတ်မှုကြောင့် လက်နက် ၀ယ်ယူသူများ၏ နောက်ကြောင်းကို စစ်ဆေးမည်ဆိုသည့် အတည်ပြုချက် တစ်ခုကိုသာ ရရှိခဲ့သည်။

            တောင်ကာရိုလိုင်းနားတွင် လက်နက်ကိုင်ဆောင်မှု ထိန်းချုပ်ရေးဥပဒေသစ်ကို ပြဋ္ဌာန်းမည် မဟုတ်သည်မှာ သေချာလှသည်။ ယင်းအချက်ကို ထောက်ခံနေသည့် အချက်လည်းရှိသည်။ ကြာသပတေးနေ့တွင် သေဆုံးသူများအတွက် အောက်မေ့ဖွယ်ပွဲကို ကျင်းပခဲ့သည်။ ယင်းပွဲတွင် တက်ရောက်သူအားလုံးနီးပါးက ငြိမ်သက်စွာဖြင့် မတ်တတ်ရပ်ပြီး အောက်မေ့ကြောင်း ပြသခဲ့သည်။ နှစ်ဦးသာထိုင်နေခဲ့သည်။ အုပ်ချုပ်ရေးမှူး နက်ကီဟေလေနှင့် အထက်လွှတ်တော်အမတ် တင်မ်စကော့ တို့ဖြစ်သည်။ နှစ်ဦးစလုံးက လက်နက်ကိုင်ဆောင်မှု ထိန်းချုပ်ရေးကို ဆန့်ကျင်သည့် ရီပတ်ဘလီကန်များ ဖြစ်ကြသည်။

            ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီတွင် မူးယစ်ဆေးဝါးပိုင်ဆိုင်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် ဒလင်ရုဖ်သည် လူမျိုးရေးစစ်ပွဲ ဆင်နွှဲမည်ဟု ပြောဆိုခဲ့ဘူးသောကြောင့် သူ၏ သူငယ်ချင်းများ အံ့သြတုန်လှုပ်ခဲ့ရသည်။ ဒလင်ရုဖ် လိုလူငယ်လေးမျိုး မည်သည့် အတွက်ကြောင့် လက်နက်လွယ်လွယ်ကူကူ ရရှိနေသနည်းဟု မေးခွန်းကိုမေးမြန်းသည့် အခါတွင် သေနတ်ကိုင်ဆောင်ရေးကို ထောက်ခံသူများက ခွန်းတုံ့ပြန်ခဲ့သည်။ ပြဿနာမှာ လက်နက်ကိုင်ဆောင်မှု ထိန်းချုပ်သည့် ဥပဒေများတွင် ရှိမနေဘဲ လက်နက် မကိုင်ဆောင်သူများတွင်သာ ရှိနေကြောင်း သူတို့ကပြောဆိုခဲ့သည်။ အမျိုးသား ရိုင်ဖယ်အသင်း (NRA) ၏ ဘုတ်အဖွဲ့ဝင် ချားစ်ကော်တန်ဆိုလျှင် တော်တော်လေးကို လွန်လွန်ကျွံကျွံ ပြောဆိုခဲ့သည်။ ပစ်ခတ်မှုတွင် သေဆုံးခဲ့သည့် တရားဟောဆရာ ကလီမင်တာပင်က်နေ ကို ချားစ်ကော်တန်က အပြစ်တင်ခဲ့ခြင်း ဖြစ်သည်။ ပင်က်နေသည် တောင်ကာရို လိုင်းနားပြည်နယ်ရှိ ဒီမိုကရက်တစ် အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်ပြီး သူသည် ၂၀၁၁ ခုနှစ်တွင် ဘုရားကျောင်းများတွင်း လက်နက်တရားဝင်ကိုင်ဆောင်မှုပြုရေး  ဥပဒေကြမ်းကို ကန့်ကွက်မဲပေးခဲ့သူ ဖြစ်သည်။

            “သူ့ရဲ့ နိုင်ငံရေးရပ်တည်ချက်ကြောင့် အပြစ်မဲ့သူတွေသေရတယ်”ဟု ကော်တန်ကပြောဆိုခဲ့သည်။

            လူဖြူများသည် လူမည်းများနှင့် လက်တင်အမေရိကနွယ်ဖွား အမေရိကန် နိုင်ငံသားများထက် လက်နက်ကိုင်ဆောင်ခွင့် ရရှိရေးကို ပိုမိုလိုလားနေကြောင်း Pew သုတေသနဌာန၏ လေ့လာမှုတွင် ဖော်ပြထားသည်။ ကျေးလက်နေများ၊ တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းသားများသည် အရှေ့နှင့် မြောက်ပိုင်းသားများထက် လက်နက်ကိုင်ဆောင်မှုကို ပိုမိုလိုလားနေသည်။ ဘွဲ့လွန်ရရှိသူများသည် အထက်တန်းကျောင်းအထိသာ တက်ရောက်ခွင့်  ရရှိသူများထက် လက်နက်ကိုင်ဆောင်မှု ထိန်းချုပ်ရေးကို ပိုမိုလိုလားနေသည်။ အချုပ် ဆိုရလျှင် လက်နက်ကိုင်ဆောင်မှုသည် လူတစ်ဦးတစ်ယောက်၏ သရုပ်သကန်နှင့် လုံးဝပတ်သက်နေသည်။

            ဧမာနွေလဘုရားရှိခိုးကျောင်းမှ ခပ်ဝေးဝေးနေရာတွင် ခရစ်ယာန် မက်သဒစ်တရားဟောဆရာ အက်ဒ၀ပ်မိုထရီ ဂျူနီယာ ထိုင်နေသည်။ ဘုရားကျောင်း တက်ရောက်လာသူများအတွက် စိုးရိမ်ပြီး ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို သူစဉ်းစားနေခြင်းဖြစ်သည်။ ဘုရားကျောင်းတက်သူ တစ်ဦးဦး လက်နက်ကိုင်ဆောင်လာမှ ဖြစ်မည်ဟု မိုထရီ စဉ်းစားမိသည်။

            “သိုးကျောင်းသားဟာ သိုးအုပ် လုံခြုံဖို့ စဉ်းစားရပါမယ်၊ ဘုရားကျောင်းထဲက လူတွေ ပိုပြီး ကြောင့်ကြတတ်ဖို့ လိုနေပါ ပြီ”ဟု သူကပြောသည်။ အမေရိကန် ပြည်ထောင်စုတွင် လက်နက်ကိုင်ဆောင်မှု ဆိုင်ရာ ဥပဒေများကို ပြောင်းလဲရန် လမ်းမမြင်သေးသောကြောင့် ဘုရားကျောင်း တက်ရောက်သူတချို့အား လက်နက်ကိုင်ခွင့် ပေးခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်မည်ဟု မိုထရီကယူဆနေသည်။ ချာလ်စ်တန်တွင် အကြမ်းဖက်မှုအား ပိုပြင်းထန်သော အကြမ်းဖက်မှုဖြင့် ပြန်တိုက်မလားဆိုသည့် မေးခွန်းကိုမေးနေကြပါပြီ။ ဘုရားကျောင်းအတွင်း ပြုလုပ်နေသည့် အောက်မေ့ဖွယ်အခမ်းအနားရှိ ဆိုင်းဘုတ်ငယ်တစ်ခုတွင် ရေးသားထားသည်က ချားလ်စ်တန်မြို့သားများ၏ စိတ်နေစိတ်ထားကို ဖော်ပြနေသည်။ ရေးသားထားသည်က “ကျွန်တော်၊ ကျွန်တော်မတို့ အကူအညီလိုနေပါပြီ”ဟူ၍သာ။
http://www.messengernewsjournal.com/news/Article/detail.php?id=38562

No comments:

Post a Comment