Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 24, 2015

ဖွဲ့စည်းပုံ ပြင်ဆင်ရေး သူတို့ ဘာတွေ ဆွေးနွေးသလဲ


             ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေး အတွက် အရေးကြီးဆုံး ဖြစ်သည့် ပုဒ်မ ၄၃၆ (က) ကို ဆွေးနွေးနေပြီ ဖြစ်ရာ Messenger Daily စာဖတ် ပရိသတ်များ အတွက် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို အကျဉ်းချုပ် ဖော်ပြထားခြင်း ဖြစ်သည်။

               ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူလ ပြဋ္ဌာန်းချက်နှင့် ပြင်ဆင်မည့် ဥပဒေကြမ်းပါ အချက်များကို နှိုင်းယှဉ် ဖော်ပြထားခြင်း ဖြစ်သည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်မည့် အချက်များ

ပုဒ်မ  ၅၉(ဂ)

-           စစ်ရေး အမြင်အစား ကာကွယ်ရေး အမြင်ဟု ပြင်ဆင်။

ပုဒ်မ ၅၉(စ)

-           တရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း သတ်မှတ်ချက်အား ဖြုတ်ပယ်၍ ပြင်ဆင်။

ပုဒ်မ ၆၀(ဂ)

-           ဒုတိယ သမ္မတ တစ်ဦးစီကို လွှတ်တော် ကိုယ်စားလှယ်များ ထဲမှသာ ရွေးချယ်ရန် ပြင်ဆင်။

ပုဒ်မ၄၁၈(ခ)

            မည်သို့ပင် ဆိုစေကာမူ ဆိုသည့် စကားလုံး အစား ထူးခြားသော အခြေအနေ တစ်ရပ်ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ခြွင်းချက်ပြုပြီး ဟူသည့် စကားလုံးဖြင့် ပြင်ဆင်ရန်။

ပုဒ်မ ၄၃၆(က)

-           ပုဒ်မ ၄၃၆ (က) ပါ ပုဒ်မများကို ပြင်ဆင်မည် ဆိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ (၇၅) ရာ ခိုင်နှုန်းထက် မလျော့သော ထောက်ခံမဲ အရေအတွက်နှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရာတွင် မဲပေးသူ ထက်ဝက်ကျော် ထောက်ခံပါက ပြင်ဆင်နိုင်မည်။

ပုဒ်မ ၄၃၆(ခ)

-           ၄၃၆ (က) တွင် ပြဋ္ဌာန်းထားသော ပုဒ်မများမှအပ အခြား ပုဒ်မများကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် (၇၀) ရာခိုင်နှုန်းထက် မလျော့သော ထောက်ခံမဲဖြင့် ပြင်ဆင်နိုင်မည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ မူလပြဋ္ဌာန်းချက်များ

ပုဒ်မ ၅၉(ဃ)

-           နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့် အမြင်များ ရှိရမည်။

ပုဒ်မ ၅၉(စ)

-            မိမိ ကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ။

ပုဒ်မ ၆၀(ဂ)

-           ယင်းအစုအဖွဲ့ တစ်ဖွဲ့စီက ဒုတိယ သမ္မတ တစ်ဦးစီကို လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ် တင်မြှောက်ရမည်။

ပုဒ်မ ၄၁၈(ခ)

-           တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော် အာဏာကို လွှဲအပ် ဆောင်ရွက်စေသည့် နေ့မှစ၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းပါ ရှိစေကာမူ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများမှ အပ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ သက်ဆိုင်ရာ လွှတ်တော်များ၏ သဘော တူညီချက်ဖြင့် ခံအပ် တာဝန် ပေးထားသော အဖွဲ့အစည်းဝင်များ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား တာဝန်မှ ရပ်စဲပြီး ဖြစ်သည်ဟု မှတ်ယူရမည်။

ပုဒ်မ ၄၃၆(က)

-           ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အခန်း (၁) ပုဒ်မ (၁) မှ (၄၈) ထိ၊ အခန်း (၂) ပုဒ်မ (၄၉) မှ (၅၆) ထိ၊ အခန်း (၃) ပုဒ် မ (၅၉)၊(၆၀)၊ အခန်း (၄) ပုဒ်မ (၇၄)၊ (၁၀၉)၊ (၁၄၁)၊ (၁၆၁)၊ အခန်း (၅) ပုဒ် မ (၂၀၀)၊ (၂၀၁)၊ (၂၄၈)၊ (၂၇၆)၊ အခန်း (၆) ပုဒ်မ (၂၉၃)၊ (၂၉၄)၊ (၃၀၅)၊ (၃၁၄)၊ (၃၂၀)၊ အခန်း (၁၁) ပုဒ်မ (၄၁၀) မှ (၄၃၂) အထိ၊ အခန်း (၁၂)ပုဒ်မ (၄၃၆) တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ (၇၅) ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံပွဲ ကျင်းပ၍ ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲ ဖြင့်သာ ပြင်ဆင်ရမည်။

ပုဒ်မ ၄၃၆(ခ)

-           ပုဒ်မခွဲ (က)တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှ အပ အခြား ပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ (၇၅) ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲ ဖြင့်သာ ပြင်ဆင်ရမည်။

ဒေါက်တာမေ၀င်းမြင့်

မရမ်းကုန်း မဲဆန္ဒနယ်၊ NLD ပါတီ

         ပုဒ်မ ၅၉(ဃ) ပါ ပြင်ဆင်ချက်များကို  ထောက်ခံ ဆွေးနွေးခဲ့သည်။

ဦးဇော်မြင့်ဖေ

ကြံ့ခိုင်ရေးပါတီ

        ပုဒ်မ ၆၀(ဂ) ကို ပြင်ဆင်ချက်အား ထောက်ခံ ဆွေးနွေးခဲ့သည်။

ဦးစိုင်းဝင်းခိုင်

သန်္ဒီမဲဆန္ဒနယ်

       ပုဒ်မ ၄၃၆ ပါ ပြင်ဆင်ချက်များကို ထောက်ခံကြောင်း ဆွေးနွေးခဲ့သည်။

ဗိုလ်မှူးချုပ် တင်စန်းနိုင်

တပ်မတော်သား ကိုယ်စားလှယ်

        ပြည်သူ့ အကျိုးစီးပွားကို ထိခိုက်ခြင်း မရှိသောကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် မသင့်ကြောင်းနှင့် ဒီမိုကရေစီ သက်တမ်း နုနယ်သေးတဲ့ အတွက် ပုဒ်မ ၄၃၆(က)နှင့် ပုဒ်မ ၄၃၆(ခ) တို့ကို ပြင်ဆင်ရန် မသင့်ကြောင်း ဆွေးနွေးခဲ့သည်။

ဒေါက်တာအေးမောင်

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁)

           ပုဒ်မ ၆၀(ဂ) ပြင်ဆင်ချက်ကို ထောက်ခံ ဆွေးနွေးပြီး ပုဒ်မ ၄၃၆(က) ပြင်ဆင်ရာတွင် ကိုယ်စားလှယ် အရေအတွက် (၇၅) ရာခိုင်နှုန်း ရမှာသာ ပြင်ဆင်နိုင်မည် ဆိုသည်ထက် ပြည်သူ ငါးသန်းကျော်၏ ထောက်ခံ လက်မှတ်များကို မမေ့ဘဲ ကိုယ်စားလှယ် သုံးပုံနှစ်ပုံ ထောက်ခံမဲဖြင့် ပြင်ဆင်နိုင်ရေး ရပ်တည်ပေးဖို့ မေတ္တာရပ်ခံ ဆွေးနွေးခဲ့သည်။

ဒေါက်တာ ဗညားအောင်မိုး

မွန်ပြည်နယ် မဲဆန္ဒနယ် (၇)

       ပုဒ်မ ၅၉(ဃ)၊ ပုဒ်မ ၆၀(ဂ) နှင့် ပုဒ်မ ၄၁၈(ခ) တို့၏ ပြင်ဆင်ချက်များကို ထောက်ခံ ဆွေးနွေးခဲ့ပြီး၊ ပုဒ်မ ၄၃၆(က) ကို လွှတ်တော် ကိုယ်စားလှယ် သုံးပုံနှစ်ပုံ ထောက်ခံချက်ဖြင့် ပြင်ဆင်ရန် ဆွေးနွေးခဲ့သည်။

ဦးဝင်းမြင့်

ပုသိမ် မဲဆန္ဒနယ်၊ NLD ပါတီ။

          ပုဒ်မ ၅၉(စ) မှာ တစ်ဖက်သတ် ရည်ရွယ်ချက် ရှိရှိဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု ပြင်ဆင်ချက်မှာလည်း မူလ ဆိုလိုရင်းကို မပြောင်းနိုင်သည့် အတွက် ၅၉(စ) ကို ပယ်ဖျက်သင့်ကြောင်း၊ ပုဒ်မ ၄၃၆ ပြင်ဆင်ချက်မှာလည်း လုံလောက်မှု မရှိဘဲ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြင်ဆင်ချက်ကို လက်ခံကြောင်းနှင့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ခြင်းနှင့် ၅၉(စ)ကို ပယ်ဖျက်ခြင်း မလုပ်နိုင်ပါက ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ခြင်း မဟုတ်ဘဲ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိုလည်း ဦးမတည်နိုင်ကြောင်း ဆွေးနွေးခဲ့သည်။

ဒေါ်နန်းစေးအွာ

ဖားအံ မဲဆန္ဒနယ်

        ပုဒ်မ ၄၃၆(က) ကို ပြင်ဆင်ရေး ဆွေးနွေးရာတွင် လက်ရှိ လွှတ်တော်တွင် ရွေးကောက်ခံ ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းသာ ရှိပြီး၊ အဆိုပါ ကိုယ်စားလှယ် များမှာလည်း ရာနှုန်းပြည့် လွှတ်တော် မတက်နိုင်ကြောင်းနှင့် ၄၃၆ ပြင်ဆင်ရေး အတွက် ထောက်ခံမဲ သုံးပုံနှစ်ပုံ သို့မဟုတ် (၆၅) ရာခိုင်နှုန်း၏ ထောက်ခံမှုဖြင့် ပြင်ဆင်ဖို့ ထောက်ခံ ပေးပါရန် ဆွေးနွေးခဲ့သည်။

ဦးတင်မောင်ဦး

ရွှေပြည်သာ မဲဆန္ဒနယ်၊ ကြံ့ခိုင်ရေး ပါတီ

            ပုဒ်မ ၄၃၆(က) နှင့် (ခ) တို့ကို ပြင်ဆင်ရန် ထောက်ခံ ဆွေးနွေးခဲ့ပြီး၊ ယင်းကဲ့သို့ ပြင်ဆင်ရာတွင် လွှတ်တော် အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ်များ၏  (၂၅) ရာခိုင်နှုန်းကို မထိခိုက်စေဘဲ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ လိုကြောင်း ဆွေးနွေးခဲ့သည်။

ဒေါ်ခင်စန်းလှိုင်

ပုလဲ မဲဆန္ဒနယ်၊ NLD ပါတီ

            စကားရပ် တချို့ကို ဖြုတ်ပယ်ရုံနှင့် လူတစ်ဦး တစ်ယောက်ကို ရည်ရွယ် ထားသည်မှာ မပျက်ပြယ်ကြောင်း၊ ပုဒ်မ ၅၉(စ) တွင် သားသမီးနှင့် ပတ်သက် သူတို့ကို ဖြုတ်ပယ်ခြင်း မှာလည်း ဘာမှမထူးကြောင်း၊ ကိုယ်စားလှယ် ဖြစ်သူတိုင်း သမ္မတ ဖြစ်သင့်ကြောင်းနှင့် ပုဒ်မ ၅၉(စ) ကို ပယ်ဖျက်ပေးရန် တောင်းဆို ဆွေးနွေးခဲ့သည်။ ပုဒ်မ ၄၃၆နှင့် ပတ်သက်၍ ပြည်သူ ငါးသန်းကျော်၏ တောင်းဆိုချက်ကို မျက်ကွယ် မပြုသင့်ကြောင်း တောင်းဆို ဆွေးနွေးခဲ့သည်။

ဦးစောမော်ထွန်း

ပဲခူးတိုင်း ဒေသကြီး

အမှတ် (၁) မဲဆန္ဒနယ် ကြံ့ခိုင်ရေးပါတီ

            ပုဒ်မ ၅၉(ဂ) ပြင်ဆင်ချက်၊ ပုဒ်မ ၅၉(စ) ပြင်ဆင်ချက်၊ ပုဒ်မ ၄၁၈(ခ) ပြင်ဆင်ချက်များကို ထောက်ခံ ဆွေးနွေးခဲ့ပြီး ယခု ပြင်ဆင်မည့် ဖွဲ့စည်းပုံ ဥပဒေသည် ၂၀၁၆ ခုနှစ် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ရောက်မှသာ အသက်ဝင်မည် ဖြစ်ကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။

ဦးပေါ်လျှံလွင်

ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၉)

            ပုဒ်မ ၄၃၆(က) ကိုပြင်ဆင်ရန် အတွက် ပြည်ထောင်စု လွှတ်တော်ရှိ ကိုယ်စားလှယ် အရေအတွက်၏ သုံးပုံနှစ်ပုံ ထောက်ခံမဲဖြင့် ပြင်ဆင်ခွင့်ရရေး တောင်းဆို ဆွေးနွေးခဲ့သည်။ သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(စ) ကို သေချာ စဉ်းစားသင့်ပြီး၊ အရည်အချင်း ပြည့်စုံသူတိုင်း ပါဝင်သင့်ကြောင်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ရည်ရွယ်၍ တရားမျှတစွာ ပြင်ဆင်ပေးရန် ဆွေးနွေးခဲ့သည်။

သူရဦးအေးမြင့်

ဝက်လက် မဲဆန္ဒနယ်၊ ကြံ့ခိုင်ရေး ပါတီ။

            သူရ ဦးအေးမြင့် အနေဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းတွင် လတ်တလော ပြင်ဆင် ပေးသင့်သည့် ပုဒ်မများကို ဦးဆောင် ဆွေးနွေးခဲ့ပြီး အဆိုပါ ပုဒ်မများမှာ ပုဒ်မ ၄၃၆နှင့် ပတ်သက်သည့် ပုဒ်မများ ဖြစ်ပြီး ပြင်ဆင်မည့် အချက်များကို ဇယားတွင် ဖော်ပြထားသည်။

ဦးဇော်မြင့်မောင်

NLD ပါတီ

            ပုဒ်မ ၅၉(စ) နှင့် ပတ်သက်၍ ကိုယ်စားလှယ် ဖြစ်ခွင့် ရှိပြီးမှ သမ္မတဖြစ်ခွင့် မရှိဘူး ဆိုသည်မှာ ခွဲခြား ဆက်ဆံသည့် အတွက် ၎င်းပုဒ်မကို ပယ်ဖျက်ပေးရန် ဆွေးနွေးပြီး ပုဒ်မ ၄၃၆(က) ကို ပြင်နိုင်မှသာ ဒီမိုကရေစီစံနှုန်း နှင့်ညီသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရမည် ဖြစ်သည့်အတွက် အားလုံး အလေးအနက် စဉ်းစားပေးပါရန် ဆွေးနွေးခဲ့သည်။

ဦးဖြိုးဇေယျာသော်

(NLD) ပါတီ

            ပုဒ်မ ၄၁၈(ခ) ပါ ပြင်ဆင်ချက်များနှင့် မူရင်းဥပဒေပါ ပြဋ္ဌာန်းချက်များကို ပယ်ဖျက်ပေးဖို့ ဆွေးနွေးခဲ့ပြီး၊ ယင်းကဲ့သို့ ဆွေးနွေးခြင်းမှာ ပြည်ချစ် တပ်မတော်တစ်ရပ် ပေါ်ပေါက်လာဖို့ ဆွေးနွေးခြင်း ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်ရေး အတွက် တပ်မတော်က အရပ်ဘက် အုပ်ချုပ်ရေးကို အားဖြည့် ကူညီရေးနှင့် အရပ်ဘက် အုပ်ချုပ်ရေး အောက်တွင် ရှိနေရေး ဆွေးနွေးခဲ့သည်။
http://messengernewsjournal.com/News/Local/detail.php?id=38650

No comments:

Post a Comment