Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 24, 2015

သစ်ခွချစ်သူ


အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့ဝင်များ လိုက်ပါလာသော အစိမ်းရောင်ဂျစ်ကားနှစ်စီး နေအိမ်ခြံဝင်းအတွင်းသို့ စက်ရှိန်လျှော့၍ ၀င်ရောက်လာသည်။ ထိုဂျစ်ကားနှစ်စီးက ဦးစောလွင်၏ဖခင်ကို အမှုရင်ဆိုင်ရန် လာခေါ်သွားခြင်းဖြစ်သည်။

အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့ဝင်များနှင့် လိုက်ပါသွားသူမှာ တစ်ချိန်က ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်း၏ ‘‘One and half’’၊ သူပြီးလျှင်ပြီးသည်ဟု နာမည်ကြီးသည့် ဗိုလ်မှူးချုပ်တင်ဦးပင်ဖြစ်သည်။ နိုင်ငံရေးလောကတွင် မျက်မှန်ကြီးတင်ဦးဟု ပို၍လူသိများကြသည်။

ဗိုလ်ချုပ်ကြီးနေ၀င်း အနီးတွင် အမြဲရှိနေတတ်သည့် ဗိုလ်မှူးချုပ်တင်ဦးကို ၁၉၈၃ ခုနှစ်တွင် အစိုးရက တရားလိုပြု၍ ပြည်သူပိုင်ပစ္စည်းများ အလွဲသုံးစားပြုမှုအပါအ၀င် အမှုပေါင်းငါးခုဖြင့် တရားစွဲ ခဲ့သည်။

ဖခင်ကို ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ဦးစောလွင်တို့ မိသားစုဝင်များ နေထိုင်သည့် အေဒီလမ်းမှ အိမ်ကြီးကို အစိုးရအား ပြန်ပေးလိုက်ရသည်။ အိမ်ကြီးကနားကြီးတွင် အခြွေအရံများဖြင့် နေထိုင်ခဲ့သော မိသားစုသည် နေ့ချင်းညချင်း အိမ်ငှားဘ၀သို့ ကူးပြောင်းခဲ့သည်။

ဖခင်အမှုရင်ဆိုင်နေစဉ်ကျန် မိသားစုဝင်ငါးဦး၏ တာဝန်သည် သားကြီး ဦးစောလွင်၏ ပခုံးပေါ်သို့ ရောက်ရှိလာသည်။ မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်းမှ အလုပ်ထွက်ခဲ့ရသည်။ မိသားစုစားဝတ်နေရေးအတွက် တပ်မတော်ထောက်လှမ်းရေးမှူးဟောင်း ဗိုလ်မှူးကြီးလွင်၏ ခြံဝင်းအတွင်းတွင် သစ်ခွစိုက်ပျိုးရောင်းချခဲ့ရသည်။

ယင်းမှာ မြန်မာနိုင်ငံအတွင်းရှိ သစ်တောများတွင် တစ်ကိုယ်တော် သစ်ခွမျိုးစိတ်အသစ်များရှာဖွေခဲ့သူ ဒေါက်တာဦးစောလွင်၏ ဘ၀အစဖြစ်သည်။

‘‘ဖေဖေ့ကိစ္စဖြစ်တော့ စိုက်ပျိုးရေးအလုပ်က ထွက်လိုက်ရတယ်။ ညီလေး၊ ညီမလေးတို့ကို ကျောင်းထားပေးဖို့ တာဝန်က ကိုယ့်ဆီရောက်လာတယ်။ အဲဒီကစပြီး ကိုယ်ဝါသနာပါတဲ့ သစ်ခွ စိုက်ပျိုးတဲ့အလုပ်ကို စလုပ်ဖြစ်ခဲ့တယ်’’ဟု ဒေါက်တာစောလွင်က ပြောသည်။

ဖခင်သည် တပ်မတော် ထိပ်တန်းအရာရှိကြီးတစ်ဦး ဖြစ်ခဲ့သော်လည်း မိသားစုဝင်များအား တပ်ထဲဝင်ရန်အားမပေးခဲ့။ ပညာရပ်ဆိုင်ရာများတွင် ထူးချွန်သူသာ ဖြစ်စေလိုခဲ့သည်ဟု ဆိုသည်။

ဖခင်ဆန္ဒရှိသည့် ပညာရှင်ဘ၀ကို ကိုယ်တိုင်ပင် ရွေးချယ်ခဲ့သည်ဟု ဒေါက်တာစောလွင်ကပြောသည်။

ရန်ကုန်တက္ကသိုလ်တွင် ရုက္ခဗေဒဘာသာဖြင့် ဘွဲ့ရပြီးနောက် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၌ မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့သည်။ အစိုးရ၀န်ထမ်းအဖြစ် လုပ်ကိုင်စဉ်အတွင်း ထိုင်းနိုင်ငံသို့ သစ်ခွမျိုးပွားခြင်းနှင့် သုတေသနပြုလုပ်ခြင်း သင်တန်းသို့ တက်ရောက်ခွင့်ရခဲ့သည်။

ထိုင်းနိုင်ငံတွင် သစ်ခွမျိုးပွားခြင်း၊ စိုက်ပျိုးခြင်း ပညာရပ်ကို ဆည်းပူးနေစဉ်အတွင်း ဖခင်ဖြစ်သူနှင့် ရင်းနှီးသော ထိုင်းတပ်မတော်မှ စစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံခဲ့သည်။

ထိုစဉ်က ထိုင်းစစ်ဗိုလ်ချုပ်များက ထိုင်းနိုင်ငံရောက် မျက်မှန်ကြီးတင်ဦး၏ သားဖြစ်သူကို ကော်ဇောနီခင်းကာ လူကြီးသဖွယ် ကြိုဆိုခဲ့သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

‘‘ကော်ဇောနီခင်းပြီးကြိုခဲ့တာ မရှိပါဘူး။ ဖေဖေ့ရဲ့သူငယ်ချင်းတွေက သူ့သားလာလို့ ထမင်းဖိတ်ကျွေးတဲ့သဘောပါ။ အဲဒီတုန်းက ထိုင်းစစ်ဗိုလ်ချုပ်တွေက ဖေဖေ့ကို သဘောကျကြတာတော့ မှန်ပါတယ်။ သူငယ်ချင်းတွေကိုး’’ ဟု ဒေါက်တာစောလွင်ကပြောသည်။

ထိုင်းနိုင်ငံတွင် သစ်ခွစိုက်ပျိုးခြင်း၊ မျိုးပွားခြင်း ပညာသင်ကြားပြီးနောက် သုံးနှစ်ကျော်၁၉၈၃တွင် ဖခင်သည် အမှုငါးခုဖြင့် တရားစွဲခံ ရသည်။ ထောင်ဒဏ်တစ်သက် တစ်ကျွန်းကျခဲ့သည်။ ဖခင်ဖြစ်သူ တပ်မတော်ထောက်လှမ်းရေး အဖွဲ့ကို ဦးစီးရစဉ်က နေအိမ်တွင် တပ်စိတ်တစ်စိတ် အမြဲလုံခြုံရေးရှိပြီး ကိုယ်ရံတော်များဖြင့် ကြီးပြင်းရသောကြောင့် ခရီးထွက်ခွင့် မရရှိခဲ့။

လူကြီးသားသမီးဖြစ်သောကြောင့် မည်သည့်နေရာသွားသွား ကိုယ်ရံတော်အရာရှိ အမြဲပါတတ်သည်။ ထို့ကြောင့် ဒေါက်တာစောလွင်တစ်ယောက် လွတ်လပ်စွာ ခရီးသွားခွင့်ရပြီးနောက် ပထမဆုံးသွားသော ခရီးစဉ်သည် အမြဲသွားလိုသည့် မြန်မာပြည်မြောက်ဖျားစွန်းက ခါကာဘိုရာဇီတောင်မြင့်ခရီးစဉ်ဖြစ်သည်။

‘‘ရုက္ခဗေဒနဲ့ကျောင်းပြီးထားတော့ သူငယ်ချင်းက သူ့သုတေသနစာတမ်းကို အကူအညီပေးဖို့ခေါ် တာနဲ့ လိုက်ဖြစ်ခဲ့တယ်’’ဟု ဒေါက်တာ စောလွင်က ပထမဆုံး ခရီးထွက်ဖြစ်ခဲ့သည့် အကြောင်းကို ပြောပြသည်။

ခါကာဘိုရာဇီခရီးစဉ် ပြီး နောက်မှတော့ အခြားသဘာဝပတ်ဝန်းကျင်ပညာရှင်များနှင့် အတူ မြန်မာနိုင်ငံ၏ သစ်တောများတွင် မျိုးစိတ်များ ရှာဖွေမှတ်တမ်းတင်သည်။ အခြားပညာရှင်များမပါသည့်နှစ်များတွင် တစ်ကိုယ် တော်ခရီးထွက်ဖြစ်သည်။

မြန်မာ့သစ်တောများအတွင်း သစ်ခွရှာဖွေခြင်းကို အနှစ်နှစ်ဆယ်ကျော်လုပ်ကိုင်ခဲ့သူ ဒေါက်တာ စောလွင်သည် ယခုအခါ မြန်မာ့မျိုးရင်း သစ်ခွမျိုးစိတ်ပေါင်း၂၀ ကို မှတ်တမ်းတင်နိုင်ခဲ့ပြီးဖြစ်သည်။ တစ်ကိုယ်တော် ရှာဖွေခဲ့သော သစ်ခွမျိုးစိတ်များကို စင်ကာပူရုက္ခဗေဒဥယျာဉ်မှ ဒေါက်တာဆူကူးဗားက မျိုးစိတ်သတ်မှတ်ခြင်း၊ သိပ္ပံအမည်ပေးခြင်းများ ၌ အကူအညီပေးခဲ့သည်ဟု ဒေါက်တာ စောလွင်က ဆိုသည်။

အင်းလျားမြိုင်လမ်းရှိ ဒေါက်တာစောလွင်၏ အိမ်ခြံဝင်းအတွင်းတွင် သစ်ခွပန်းပင်များက အကြားအလပ်မရှိ နေရာယူထားသည်။ သစ်ခွပန်းပင်များတွင် မြေစိုက်သစ်ခွများလည်းပါသလို သစ်ကပ် သစ်ခွများလည်းပါသည်။ အချို့ သစ်ခွပင်များတွင် ပန်းပွင့်များပွင့်နေကြသည်။

နေအိမ်အတွင်း သစ်ခွပန်း ပင်များက နေရာယူထားသလို နေအိမ်စာကြည့်ခန်းအတွင်းရှိ ဗီရိုများတွင် သစ်ခွနှင့်ပတ်သက်သော ဘာသာရပ်ဆိုင်ရာ စာအုပ်များက လည်း အစီအရီနေရာယူထား သည်။ စာအုပ်များရှေ့တွင်၁၉၈၀ ပြည့်နှစ်က ထိုင်းနိုင်ငံ၌သစ်ခွပညာ ရပ်ဆည်းပူးခဲ့စဉ်က သူနှင့် သူ့ သူ ငယ်ချင်းများ၏ အမှတ်တရဓာတ် ပုံများ၊ ဆုတံဆိပ်များကို တွေ့ရ သည်။
7day daily

No comments:

Post a Comment