CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, June 24, 2015
အခြေခံဥပဒေ ပြင်ဆင်ရေး ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ တွေ့ဆုံဖို့ လိုအပ်တယ်လို့ လွှတ်တော်အမတ်တစ်ဦး ဆွေးနွေး
အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆွေးနွေးရာမှာ တပ်မတော်နဲ့ တခြားပါတီတွေအကြား သဟဇာတမဖြစ်တဲ့ ကိစ္စရပ်တွေကို မြင်တွေ့နေရတာကြောင့် အငြိမ်းစား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သွားရောက်တွေ့ဆုံ ညှိနှိုင်းဖို့ လိုတယ်လို့ ချင်းတိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျွန်ခဲန်းက ဒီနေ့ (ဇွန်လ ၂၄ ရက်နေ့) ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြ ပြောဆိုပါတယ်။
“တပ်မတော်သားတွေရဲ့ အကြီးအကဲဟာ ဘဘ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်တဲ့အတွက်ကြောင့် အကြီးအကဲဖြစ်တဲ့ ဘဘ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မူပိုင်လို့ပဲ ကျွန်တော်ခံယူပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ဒီ ၄၃၆ (က) ကို ပြင်ဆင်လိုတဲ့အခါမှာ ကျွန်တော်တို့ အခြေခံ ဥပဒေမူပိုင် ဖြစ်တဲ့ ဘဘဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီသွားပြီးမှ အဲ့လိုပဲ အခြေအနေ ဖြစ်နေတယ်” လို့ သူက ဆိုပါတယ်။
လွှတ်တော်က ပြင်ဆင်ဖို့ကြိုးပမ်းနေတဲ့ အခြေခံဥပဒေက တပ်မတော်အစိုးရ အုပ်ချုပ်စဉ်တုန်းက ရေးဆွဲခဲ့တာကြောင့် တပ်မတော်ရဲ့ လက်စွဲဥပဒေတစ်ခုလို့ ပြောနိုင်ပြီး တပ်မတော်ရဲ့ ထောက်ခံမှုမပါရင် ပြင်ဆင်နိုင်မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။
ဒါ့အပြင် ပုဒ်မ ၅၉ (စ) က လူတစ်ဦးတစ်ယောက်ကို ရည်ရွယ်ရေးဆွဲထားသလို ဖြစ်နေပြီး ဆွေးနွေးချက်တွေ ကလည်း လူတစ်ဦးတစ်ယောက်ကို ရည်ရွယ် ပြောဆိုနေတယ်လို့ ယူဆနိုင်တာမို့ နိုင်ငံတော်နဲ့ ပြည်သူအတွက် ပြင်ဆင် ရေးဆွဲသင့်တယ်လို့ သူက သုံးသပ် ပြောဆိုပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေးဟာ လူတစ်ဦးတစ်ယောက်ရဲ့ အာဏာ သုံးရပ်အပေါ်မှာ မူတည်နေမယ်ဆိုရင် ရရှိထားတဲ့ ဒီမိုကရေစီဟာ ဒီမိုကရေစီအစစ်အမှန် မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဆိုပါတယ်။
အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ (က)ကို ပြင်ဆင်ဖို့ ဇွန်လ ၂၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ စတင်ဆွေးနွေးခဲ့တာ ဖြစ်ပြီး ဇွန်လ ၂၅ ရက်နေ့မှာ အပြီးသတ် မဲခွဲဆုံးဖြတ်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကြေညာထားပါတယ်။
The Voice Weekly
Labels:
Daily Popular,
Hluttaw,
လွှတ်တော်,
သန်းရွှေ
အခြေခံဥပဒေ ပြင်ဆင်ရေး ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ တွေ့ဆုံဖို့ လိုအပ်တယ်လို့ လွှတ်တော်အမတ်တစ်ဦး ဆွေးနွေး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 24, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 24, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment