Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 5, 2015

ဥရောပသို့ ခိုးဝင်ရန် ကြိုးစားသည့် အမျိုးသမီး အီတလီ ရေတပ်သင်္ဘောပေါ်တွင် မီးဖွား


မြေထဲပင်လယ်ကို စွန့်စားဖြတ်ကျော်ပြီး ရွှေ့ပြောင်း အခြေချ နေထိုင်ရန် ကြိုးစားသည့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကို အီတလီ ရေတပ်က ကယ်ဆယ်ခဲ့ပြီးနောက် ရေတပ်ရေယာဉ်ပေါ်တွင်ပင် သမီးလေးတစ်ဦး ဖွားမြင်ခဲ့ကြောင်း သိရှိရသည်။
ယခုသီတင်းပတ် အစောပိုင်းတွင် အီတလီရေတပ်က လုံလုံခြုံခြုံ နွေးနွေးထွေးထွေး ချည်နှောင်ထုပ်ပိုးပေးထားပြီး အေးချမ်းစွာ အိပ်မောကျနေသည့် ကလေးမလေး၏ ဓာတ်ပုံကို ထုတ်ဖော် ပြသခဲ့သည်။ သို့သော်လည်း သူမ၏ ရှင်သန်မှုသည် အစပြုချိန်ကတည်းက ခက်ခဲ ကြမ်းတမ်းနေခဲ့ပြီး ဖြစ်သည်။

မြေထဲပင်လယ်အတွင်း လူမှောင်ခိုသမားများက လုံခြုံမှု အားနည်းသော လှေများပေါ်တွင် နယ်မြေသစ် အခြေချ နေထိုင်လိုသူများကို တင်ဆောင်ဖြတ်သန်းပြီး ဥရောပသို့ ခိုးသွင်းလေ့ရှိရာ မကြာခဏ ရေယာဉ်နစ်မြုပ်မှုများ ဖြစ်ပေါ်လေ့ ရှိသည်။ မိန်းကလေးငယ်၏ မိခင်သည်လည်း လူအများ မတန်တဆ စုပြုံတင်ထားသည့် လှေနှင့်အတူ လိုက်ပါလာသူ တစ်ဦးဖြစ်သည်။ အီတလီ ရေတပ်မှ Bettica သင်္ဘောက အဆိုပါလှေကို တွေ့ရှိပြီး ကယ်ဆယ်ချိန်တွင် အမျိုးသမီးမှာ မွေးဖွားလုနီးနီး အခြေအနေမျိုး ဖြစ်နေသည်။

အာဖရိက မြောက်ပိုင်းရှိ စစ်မက်ဖြစ်ပွားရာ နိုင်ငံများမှ ဒေသခံ အများအပြားသည် ပိုမိုကောင်းမွန်သော ဘဝသစ်ကို အစပြုရန် မျှော်လင့်ချက်ဖြင့် အန္တရာယ်များလှသည့် မြေထဲပင်လယ် ခရီးလမ်းကို စွန့်စား ဖြတ်ကျော်လေ့ ရှိသည်။ အီတလီ ကမ်းခြေစောင့်တပ်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်အတွင်း ရေယာဉ် (၃၄)စီးကို ကြားဖြတ်ဟန့်တားကာ ရွှေ့ပြောင်း အခြေချရန် ကြိုးစားသူ (၇၀၀၀)ကျော်ကို ကယ်တင်ခဲ့ရပြီး ကလေးမလေး၏ မိခင်သည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။
အီတလီ ရေတပ်က ကလေးမလေး၏ ချစ်စဖွယ် ဓာတ်ပုံကို ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ခဲ့ပြီး မိခင်ရော၊ ကလေးပါ ကျန်းမာရေး ကောင်းမွန်ကြောင်း ရေးသားထားသည်။ ကလေးမိခင်သည် မည်သည့်နိုင်ငံမှ ဖြစ်သည်ဆိုခြင်းကိုမူ ဖော်ပြမထားချေ။
မြေထဲပင်လယ်ကို စွန့်စားကျော်ဖြတ်ပြီး ဥရောပသို့ ခိုဝင်ရန် ကြိုးပမ်းခြင်းသည် အလွန်အန္တရာယ်များသည့် ခရီးလမ်း တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ ပြီးခဲ့သည့် တစ်ပတ်အတွင်း လစ်ဗျားကမ်းလွန်တွင် ပေါလောမျောနေသည့် အလောင်း(၁၀)လောင်းကို တွေ့ရှိခဲ့ပြီး ဂရိသို့ ဦးတည် ခုတ်မောင်းသည့် လှေတစ်စီး နစ်မြုပ်မှုအတွင်းတွင်လည်း နောက်ထပ်(၃)ဦး သေဆုံးခဲ့သည်။
အီတလီ အာဏာပိုင်များက မြေထဲပင်လယ်ကို ဖြတ်ကျော်ပြီး ဥရောပသို့ ခိုးဝင်ရန် ကြိုးပမ်းသူ အရေအတွက်သည် ယခုနှစ် ပထမ (၄)လအတွင်း (၁၇၅၀)ထိ ရှိလာပြီဟု ခန့်မှန်းထားပြီး ယမန်နှစ် အလားတူ ကာလနှင့် ယှဉ်ပါက အဆ(၃၀)မျှ မြင့်တက်လာခြင်း ဖြစ်သည်။
_Ref: Dailymail

http://7daydaily.com/story/36573#.VUkLN5OIXao

No comments:

Post a Comment