ပြည်ထောင်စု လွှတ်တော်က ဥပဒေတွေ ပြဌာန်းပေး လိုက်ပေမယ့် တကယ်တန်း
အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်တဲ့ နည်းဥပဒေတွေ စည်းမျဉ်း စည်းကမ်းတွေ
ထွက်မလာရင် ဥပဒေဟာ စက္ကူပေါ်မှာပဲ ရှိတဲ့ ဥပဒေပဲ ဖြစ်နေလိမ့်မယ်၊ ဒါ့ကြောင့်
နည်းဥပဒေတွေကို အမြန်ဆုံး ထုတ်ပြန်ပေးဖို့ သက်ဆိုင်ရာ အစိုးရဌာနတွေကို
တိုက်တွန်းကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ
ဒေါ်အောင်ဆန်းစုကြည်က အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တင်ပြချက်ကို ပြည်ထောင်စု ဒုတိယရှေ့နေချုပ်
ဦးထွန်းထွန်းဦးက ထောက်ခံဆွေးနွေးခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ဦးမင်းသူက ဘီဘီစီကို
ပြောပါတယ်။
ဥပဒေတွေ ထွက်ပြီးပေမယ့် နည်းဥပဒေတွေ မရှိသေးတာကြောင့် အခက်အခဲ
တွေ့ရတာတွေကို ဥပမာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က တင်ပြသွားရာမှာ နိုင်ငံခြား
ရင်းနှီးမြုပ်နှံမှု ဥပဒေမှာလည်း နည်းဥပဒေတွေ မထွက်သေးလို့ ပြည်ပက
ရင်းနှီးမြုပ်နှံမှုတွေ ဝင်သင့်သလောက် ဝင်မလာနိုင်သေးတဲ့ အကြောင်း၊
အလုပ်သမား လုပ်ခ လစာဥပဒေ၊ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဥပဒေ၊
သတင်းမီဒီယာ ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ အမျိုးသား ပညာရေးဥပဒေတွေမှာလည်း
ဥပဒေရဲ့ ရည်ရွယ်ချက်အတိုင်း ပြည်သူလူထု အကျိုးစီးပွားကို ထိထိရောက်ရောက်
မဆောင်ကြဉ်းပေးနိုင် ဖြစ်နေသေးတဲ့ အကြောင်းတွေ တင်ပြသွားပါတယ်။
လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူကလည်း နည်းဥပဒေတွေမရှိသေးပဲ
ဆက်သွယ်ရေးဥပဒေ၊ သတင်းမီဒီယာ ဥပဒေတွေနဲ့ အရေးယူ ပြစ်ဒဏ်ချနေတာတွေဟာလည်း
မသင့်တော်ဘူးလို့ ထောက်ပြပါတယ်။
ဥပဒေတစ်ရပ်ကို ပြဋ္ဌဌာန်းပြီးရင် သက်ဆိုင်ရာ နည်းဥပဒေကို ရက်ပေါင်း ၉၀ အတွင်း
ထုတ်ပြန်ရမယ်ဆိုတဲ့ ပြဋ္ဌဌာန်းချက်ရှိပေမယ့် တကယ်တန်းကျတော့ နည်းဥပဒေတွေ
ထွက်မလာသလို အကျိုးအကြောင်းတွေကိုလည်း ရှင်းလင်းပြတာ မရှိခဲ့ဘူးလို့
ဆိုပါတယ်။
အခုလို အစိုးရရဲ့ ဒုတိယ ရှေ့နေချုပ်ကိုယ်တိုင်က နည်းဥပဒေတွေ လိုအပ်နေတာ ကို
အသိအမှတ်ပြုကြောင်း ပြောခဲ့တဲ့ အတွက် အစိုးရ ဌာနတွေ အနေနဲ့ အမြန်ဆုံး
လိုက်နာ ဆောင်ရွက်လာမယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း ဦးမင်းသူက
ဘီဘီစီကို ပြောခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/11/141126_dassk_parlt_emergency_proposal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, November 27, 2014
ဥပဒေနောက်က နည်းဥပဒေအမြန်လိုက်ဖို့ ဒေါ်အောင်ဆန်းစုကြည်တောင်းဆို
ဥပဒေနောက်က နည်းဥပဒေအမြန်လိုက်ဖို့ ဒေါ်အောင်ဆန်းစုကြည်တောင်းဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 27, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 27, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment