Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 16, 2014

တစ်လကျော်ကာလအတွင်း တစ်ဒေါ်လာလျှင် ၄၅ ကျပ်ဝန်းကျင် မြင့်တက်ခဲ့သည့် ဒေါ်လာဈေးကွက် ဗဟိုဘဏ်ဝင်ထိန်းရန် ခက်ခဲနေကြောင်း စီးပွားရေးပညာရှင်များနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများ သုံးသပ်

Written by: အငယ်ထွေး
Image and video hosting by TinyPic
ငွေလဲကောင်တာတစ်ခုတွင် နိုင်ငံခြားငွေလဲလှယ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
တစ်လကျော်ကာလအတွင်း တစ်ဒေါ်လာလျှင် ၄၅ ကျပ်ဝန်းကျင် မြင့်တက်ခဲ့သော အတက်ကြမ်းနေသည့် ဒေါ်လာဈေးကွက်သည် ဗဟိုဘဏ်ဝင်ထိန်းရန်ခက်ခဲသည့် အနေအထားတစ်ရပ်ဖြစ်နေကြောင်း စီးပွားရေးပညာရှင်များနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
“အခု ဒေါ်လာဈေးတက်တဲ့ ကိစ္စတွေက နောက်ကွယ်ကအကြောင်းကို အသေအချာစဉ်းစားဖို့ လိုတယ်။ ဥပမာထားပါတော့ မြန်မာပြည်မှာ ဟွန်ဒီဈေးကွက်ကြီးက ကြီးထွားနေတာကိုး၊ အဲဒီအရှိန်ကလည်း ရှိတယ်။ အန်ကယ်တို့ကတော့ ဒီငွေတွေကို အကုန်လုံးဘဏ်ထဲကို ဝင်လာစေချင်တယ်။ ဝင်လာရင် ထိန်းကျောင်းရလွယ်တယ်။ အခုက လည်ပတ်နေတဲ့ပုံစံက ဘဏ်ကဖြတ်တာ ရာခိုင်နှုန်း ၄ဝ လောက်ပဲရှိတယ်။ အပြင်မှာ လှည့်ပတ်စီးဆင်းနေတဲ့ ပမာဏက ရာခိုင်နှုန်း ၆ဝ လောက်ရှိတယ်။ တကယ်လို့ ဘဏ်ထဲကို ရာခိုင်နှုန်း ၈ဝ လောက်ဝင်လာရင် ထိန်းလို့ရတယ်။ ဈေးကွက်မှာပေါ်လာတဲ့ ဈေးကစားမှုကလည်း တဖြည်းဖြည်းလျော့သွားမှာပေါ့။ ပပျောက်ဖို့အထိတော့ မပြောနိုင်ဘူး။ အရှိန်အဟုန် လျော့သွားမယ်။ အခုက အရှိန်အဟုန်ပြင်းနေတယ်။ အခုက ဒေါ်လာဈေးတက် ဘာတက်ဆိုတာ အဲဒီအကျိုးဆက်တွေပါ” ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေးဖြစ်သူ ဦးသန်းလွင်က ပြောကြားသည်။
အလားတူ ၎င်းက ယင်းပြဿနာ နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့်လည်း ပွင့်လင်းရန်လိုအပ်ကြောင်း၊ Transprency ရှိရှိဖြင့် ဈေးကွက်ကိုထိန်းနိုင်ရန် လိုအပ်ကြောင်း “ခက်တာက သူ့မှာလည်း အခက်အခဲတွေ အမျိုးမျိုးရှိနေပုံပဲ။ ဘဏ်တွေမှာ ကျွမ်းကျင်ဝန်ထမ်းပျိုးထောင်တဲ့ အပိုင်းကအစ အရေးကြီးတယ်။ အခု နိုင်ငံတကာကလည်း Financial Inclusion ပိုင်းနဲ့ပတ်သက်ပြီး ဆွေးနွေးလာကြတာ ရှိပါပေမယ့် တဖြည်းဖြည်းမှ လုပ်ယူလို့ရမယ်” ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဒေါ်လာဈေး ၂ဝဝ၉ ခုနှစ် နှစ်ပိုင်းလောက်တွင် ဒေါ်လာဈေး ကျပ် ၁ဝဝဝ ကျော်အထိ ရောက်ရှိခဲ့ပြီး ၂ဝဝ၉ နှစ်ကုန်ပိုင်းတွင် ၁ဝဝဝ အောက် ပြန်လည်ကျဆင်းလာခဲ့သည်။ ယင်းအနေအထားမှ ၂ဝ၁ဝ ခုနှစ်တွင် ဒေါ်လာဈေး ၈ဝဝ ကျော်အထိ ကျဆင်းလာခဲ့ပြီး ထိုအချိန်က FEC (Foreign Exchange currency) ဈေးမှာ ၇ဝဝ ကျပ်အထိ ထိုးဆင်းသွားခဲ့သည်။ ယင်းနောက်ပိုင်း ၂ဝ၁၁ ခုနှစ်လောက်တွင် ဒေါ်လာဈေး ၈၅ဝ ဝန်းကျင်လောက် ပြန်လည်ဖြစ်လာခဲ့သည်။ ထို့နောက် ၂ဝ၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနောက်ပိုင်း စီးပွားရေးအခင်းအကျင်း ပြောင်းလဲလာချိန်တွင် ဒေါ်လာဈေးတက်ရိပ် ပြလာသော်လည်း သိသိသာသာ တက်လာခဲ့ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ၂ဝ၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကားတင်သွင်းခွင့်ပါမစ်များ ချပေးခြင်း၊ စားအုန်းဆီတင်သွင်းခွင့်ပါမစ်များ ချပေးခြင်းဖြင့် ကျဆင်းနေသော ဒေါ်လာဈေးအား ထိန်းထားနိုင်ခဲ့သည်။
“၂ဝ၁၂ ခုနှစ် နိုဝင်ဘာမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် အမေရိကန်ဒေါ်လာတွေ အမြောက်အမြား ဈေးကွက်ထဲဝင်လာပြီး ဒေါ်လာဈေးတွေ ထိုးကျလာပြီး မြန်မာငွေပိုမာလာမှာကို စိုးရိမ်နေတာမျိုးတွေလည်း တွေ့ရပါတယ်။ ဒါပေမဲ့ နှစ်စပိုင်းမှာတော့ သိသိသာသာ တိုးဝင်လာတာမျိုး မတွေ့သေးသလို ဒေါ်လာဈေးကလည်း သိပ်တက်မလာခဲ့ပါဘူး။ ၂ဝ၁၃ ခုနှစ် မတ်လောက်မှာတော့ ဒေါ်လာဈေး ကျပ် ၈၆ဝ လောက်ကနေ ပြန်တက်လာတာ တွေ့ရပါတယ်။ ဒီလိုတက်လာတာကလည်း လွတ်တော်ဥက္ကဋ္ဌကြီးက ဒေါ်လာဈေးကို ၁ဝဝဝ လောက်အထိ ဆွဲတင်သင့်တယ်လို့ ပြောကြားလိုက်ပြီး နောက်ပိုင်းမှာ ဖြစ်လာခဲ့တာပါ။ အဲဒီနောက်တော့ ဒေါ်လာဈေးက ၈၈ဝ ကျပ်ဝန်းကျင်လောက်မှာ အတက်အကျဖြစ်ခဲ့တာပါ။ ဒါပေမဲ့ မေလဒုတိယအပတ် အကုန်လောက်မှာတော့ ဒေါ်လာဈေးက ၉၃၅ ကျပ်အထိ မြင့်တက်လာပါတယ်။ ဒီလိုမြင့်တက်လာတဲ့ အချိန်မှာပဲ ဒါဟာပြည်ပတင်ပို့နေတဲ့ ပို့ကုန်လုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းကောင်းလို့ မြင်ကြသလို အတက်အကျကို ခန့်မှန်းမရဘဲ Fluctuate ဖြစ်နေမှာကိုလည်း သူတို့က စိတ်ပူကြပြန်တယ်။ လတ်တလောတက်လာလို့ တင်ပို့လိုက်တဲ့ ကုန်ပစ္စည်းတွေအတွက်ရတဲ့ နိုင်ငံခြားငွေကို ငွေပြန်ဖော်ရင် သူတို့အတွက် တွက်ခြေကိုက်ပေမယ့် ဒေါ်လာဈေးအမြင့်နဲ့ ဝယ်ယူတင်ပို့ပြီးကာမှ ဈေးပြန်ကျသွားမှာကိုလည်း စိုးရိမ်ကြပြန်တယ်” ဟု ဈေးကွက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။
ဒေါ်လာဈေးသည် ယခုနှစ် ၂ဝ၁၄ ခုနှစ်တွင်တွင် သင်္ကြန်မတိုင်မီ မတ်အတွင်း တစ်ဒေါ်လာလျှင် ၉၆ဝ ကျပ်ဝန်းကျင်ဖြစ်ခဲ့ပြီး ဇွန်တွင်မူ တစ်ဒေါ်လာလျှင် ၉၆၅ ကျပ်ရှိကြောင်း၊ အောက်တိုဘာ ၃ ရက်တွင် ဘဏ်များ၏ ဝယ်ဈေးတစ်ဒေါ်လာလျှင် ၉၈၇ ကျပ်နှင့် ရောင်းဈေး ၉၉၄ ကျပ်ရှိကြောင်း၊ ယင်းအနေအထားမှ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာပြီး နိုဝင်ဘာ ၁၅ ရက်တွင် အပြင်ဈေးကွက်တွင် တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁ဝ၃ဝ ဝန်းကျင်အထိ ရောက်နေကြောင်း၊ တစ်လကျော်ကာလအတွင်း ဒေါ်လာဈေး တစ်ဒေါ်လာလျှင် ၄၅ ကျပ်ဝန်းကျင် တက်သွားကြောင်းလည်း သိရသည်။
“ကျွန်တော်အမြင်ကတော့ အခုလို ဒေါ်လာဈေးတွေ တက်လာတာ နှစ်ချက်ပဲဗျ၊ တစ်ခုက ဒေါ်လာအဝယ်လိုက်လာတာရယ်၊ နောက်တစ်ခုက ဈေးကွက်ထဲမှာ ဒေါ်လာရှားသွားတာရယ်။ ရှားသွားတယ်ဆိုတာ ဒေါ်လာလက်ထဲမှာ ကိုင်ထားတာ နည်းနည်းများသွားတဲ့ သဘောလို့ မြင်ပါတယ်။ သိမ်းထားတာများတဲ့အပြင် Import ကလည်း များနေတယ်။ ဈေးကစားတာပေါ့ဗျာ။ အခုလို ဈေးကစားတော့ အစိုးရတော့ တော်တော်ခေါင်းခဲမယ်ဗျ။ ဥပမာ အရင်တုန်းကကစားရင် အစိုးရသိပ်မထိဘူး။ အခုက Speculation သိပ်လုပ်လာရင်တော့ Crony ထိလိမ့်မယ်။ အရင်တုန်းကတော့ Crony မြတ်နိုင်တယ်။ အခု Crony ကွဲမယ်။ အခုက Demand များနေတယ်။ များအောင်လည်း တစ်ဖက်က Import ကများနေတယ်။ Import ကလည်း ဖွင့်ပေးထားတယ်။ ပြီးတော့ဈေးကွက်ထဲမှာ ဒေါ်လာကို ဖျောက်ပစ်တယ်။ အဲဒီပြဿနာပဲ။ ဒါက Speculation ပဲ။ ဘယ်သူသွားထိမလဲ ဆိုလို့ရှိရင် Upper Layer ကိုထိမှာ” ဟု ဒေါက်တာမောင်မောင်စိုးက သုံးသပ်သည်။
ဗဟိုဘဏ်ကတော့ လောလောဆယ်ဒေါ်လာကို ထုတ်ရောင်းခိုင်းနေတာပဲ။ ထုတ်ရောင်းခိုင်းတော့ ဒါက ဘာနဲ့တူလဲဆိုတော့ Dollar User တွေအတွက်ပဲ ဖြေရှင်းပေးတာမျိုးဖြစ်ပြီးတော့ တိုင်းပြည်ကို ဖြေရှင်းပေးတာ မဟုတ်သေးဘူး။ တကယ်တမ်း တိုင်းပြည်ကို ဖြေရှင်းပေးမယ်ဆိုရင် မက်ခရိုအီကော်နော်မက်ပေါ်လစီကပဲ ဖြေရှင်းပေးရမယ် . . . . .
အလားတူ ယခုရက်ပိုင်းအတွင်း ဝန်ထမ်းများ လစာတိုးမည်ဆိုသော သတင်းများလည်း ထွက်ပေါ်လာခဲ့သောကြောင့် ဒေါ်လာဈေးနှုန်းကို မီးလောင်ရာလေပင့် ဖြစ်သွားစေကြောင်း၊ ငွေကြေးကစားချင်သူများအတွက် အခွင့်ကောင်းဖြစ်ကြောင်း သုံးသပ်ကြပြီး၊ ဝန်ထမ်းများ လစာတိုးရေး၊ အလုပ်သမားများနှင့် တောင်သူလယ်သမားများနှင့်ဆိုင်သော ဥပဒေများအတွက် နည်းဥပဒေများ ထုတ်ပြန်ရေးအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေများ ပြင်ဆင်ရေးဆိုင်ရာ အရေးကြီးဆိုအား ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာ ၁၂ ရက်တွင် အတည်ပြုလိုက်ကြောင်းလည်း သိရသည်။
“လစာတိုးမယ်ဆိုတာကတော့ Psychological Effect ပဲ။ တကယ်က လစာကလည်း တိုးသေးတာမဟုတ်ဘူး။ မတိုးသေးဘဲနဲ့ လုပ်လာကြတယ်။ နောက်တစ်ခုက ဘာရှိလဲဆိုတော့ လစတိုးတဲ့ ပမာဏကလည်း Demand Management ကကြည့်ရင် တစ်နိုင်ငံလုံး GDP ရဲ့ တစ်ရာခိုင်နှုန်းတောင် မရှိဘူး။ အကုန်လုံးတိုးတာ မဟုတ်ဘူး။ အစိုးရယန္တရားမှာရှိတဲ့ အလုပ်သမားတစ်မျိုးပဲ တိုးတာဆိုတော့ တစ်ရာခိုင်နှုန်းတောင် မရှိဘူးဆိုတော့။ အဲဒါကို တစ်နိုင်ငံလုံး တိုးသယောင်ယောင်၊ ပြောပြီးလုပ်တာ ဆိုလို့ရှိရင်တော့ မကောင်းဘူးဗျ။ အစိုးရကလည်း မပြတ်မသား၊ စီးပွားရေးသမားကလည်း အဲဒါကို တစ်ဆိတ်တစ်အိတ်တယ်။ ဒါပေမဲ့ ဒေါ်လာဈေးတက်လို့ ဆန်ဈေးတွေ လိုက်တက်သွားတယ်ဆိုတာ Speculation ပေါ့။ ဒါက ပွင့်ပွင့်လင်းလင်းပြောတာ။ ဒါက ကုန်သည်ပွဲစား ငွေကစားတဲ့လူက အစိုးရကို နားရွက်တံတွေးဆွတ်လိုက်တာပဲ။ အစိုးရရဲ့ ပေါ်လစီက ညံဖျင်းတဲ့အတွက်ကြောင့် ဈေးတက်တာတို့၊ ကစားတာတို့ ဖြစ်လာတာ။ ဒေါ်လာဈေးတက်တဲ့အပေါ်လိုက်ပြီး ကုန်သည်ပွဲစား ဈေးကစားတာပါ” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် အသုံးချဘောဂဗေဒဌာနမှ ပါမောက္ခ ဒေါက်တာမောင်မောင်စိုးက ပြောကြားသည်။
ဆက်လက်၍ ၎င်းက “ကျွန်တော်အမြင်ကတော့ ဒီအတိုင်းသွားရင် Crony က Speculation ကြောင့် ထိမယ်။ ကိုယ့်ဓားနဲ့ ကိုယ်ပြန်ရှမယ်။ အောက်ခြေကကျတော့ ကောလဟလကြောင့် ဈေးတက်မှာ။ တစ်ခုပဲ အဲဒါကို Macro Economic Policy နဲ့ ဘယ်လိုရှင်းနိုင်မလဲ။ မရှင်းနိုင်ဘူးဆိုရင်တော့ လူမှုရေးပြဿနာ ရှိလာနိုင်တယ်။ ဗဟိုဘဏ်ကတော့ လောလောဆယ်ဒေါ်လာကို ထုတ်ရောင်းခိုင်းနေတာပဲ။ ထုတ်ရောင်းခိုင်းတော့ ဒါက ဘာနဲ့တူလဲဆိုတော့ Dollar User တွေအတွက်ပဲ ဖြေရှင်းပေးတာမျိုးဖြစ်ပြီးတော့ တိုင်းပြည်ကို ဖြေရှင်းပေးတာ မဟုတ်သေးဘူး။ တကယ်တမ်း တိုင်းပြည်ကို ဖြေရှင်းပေးမယ်ဆိုရင် မက်ခရိုအီကော်နော်မက်ပေါ်လစီကပဲ ဖြေရှင်းပေးရမယ်။ အစိုးရရဲ့ စီးပွားရေးပေါ်လစီကပဲ ဖြေရှင်းပေးရမှာ။ သူဖြေရှင်းပေးရမှာ နှစ်ချက်ပဲရှိတယ်။ ပထမတစ်ချက်က Demand Management Policy ကို နိုင်အောင်ကိုင်၊ နောက်တစ်ခုက Supply Side Policy ပဲ။ Supply Side မှာ အဓိကပါဝင်တာကတော့ ထုတ်လုပ်မှုနဲ့ ဈေးကွက်တွေ သေသေချာချာ ဖွဲ့စည်းနိုင်ရမယ်။ နောက် Privatization ကို ပီပြင်အောင်လုပ်နိုင်ရမယ်။ နောက်ပြီးတော့ Labour Market ကို နိုင်နိုင်နင်းနင်းရှိရမယ်။ Financial Markent မှာ Money Market နဲ့ Capital Market ကို ကွဲပြားအောင် လုပ်နိုင်ရမယ်။ ဒါမှ Supply Side Economy က ပီပြင်လာမယ်။ ဒါတွေလုပ်နိုင်ဖို့ လိုပါတယ်” ဟု ဆိုသည်။
နိုင်ငံတကာတွင်မူ ဗဟိုဘဏ်တို့က Curency Fluctuation နှင့် ပတ်သက်၍ ဝင်ရောက်ထိန်းကျောင်းပေးရသည့် သဘောသဘာဝရှိကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ဗဟိုဘဏ်အနေဖြင့် သီးခြားရပ်တည်နေပြီဆိုသော်လည်း ဈေးကွက်ကို ဝင်ရောက်ထိန်းချုပ်နိုင်သည့်စွမ်းအား ရှိပုံမပေါ်သေးကြောင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးကလည်း သုံးသပ်သည်။
“ဗဟိုဘဏ်မှာ ဒေါ်လာဈေးအတက်အကျကို ဝင်ရောက်ထိန်းဖို့ အခက်အခဲရှိတယ်။ အခုက နိုင်ငံတကာမှာလည်း တက်နေတယ်။ သူ့မှာ ဘယ်လောက်အားရှိမလဲ။ ဘာကြောင့်လဲဆိုတော့ သူ့မှာ Reserve Money ဘယ်လောက်ရှိလဲ ပြန်ကြည့်ရမယ်။ သိရသလောက် သူ့မှာလေးဘီလျံကျော်လောက်တော့ ရှိတယ်။ ဒါနဲ့ ဝင်ထိန်းရင်နိုင်မလား။ ကျွန်တော်ကတော့ မနိုင်နိုင်ဘူးလို့ မြင်တယ်။ တိုင်းပြည်တစ်ပြည်မှာ Reserve ဆိုတာလည်း ထားရဦးမယ်။ အမှန်ကတော့ ဗဟိုဘဏ်က ဒေါ်လာဈေးသိပ်တက်လာရင် သတ်မှတ်နှုန်းထား အခုအတွင်းချပြီး ရောင်းပေးနိုင်ရမယ်။ သိပ်ကျလာတဲ့ အခါမျိုးမှာလည်း ဝယ်ယူနိုင်ရမယ်။ ဒီနည်းနဲ့ ထိန်းကြတယ်။ အခုအနေအထားက ဒေါ်လာဈေးကို ဗဟိုဘဏ်က ထိန်းဖို့ခက်လိမ့်မယ်” ဟု ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဦးစံသိန်းက ပြောကြားသည်။
Image and video hosting by TinyPic
နိုင်ငံခြားငွေလဲကောင်တာတစ်ခု မြင်ကွင်း
လက်ရှိအခြေအနေတွင် ဒေါ်လာဈေးအပြင် အခြားစားသောက်ကုန် ပစ္စည်းများပါ လိုက်တက်လာကြောင်း၊ အထူးသဖြင့် နိုင်ငံခြားမှ မှာယူတင်သွင်းနေရသော ပစ္စည်းများ ဈေးတက်နေကြောင်း၊ ယင်းကဲ့သို့ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းသည်လည်း စိုးရိမ်ဖွယ် အနေအထားတစ်ရပ်ဖြစ်ကြောင်း၊ ယင်းအတွက် ငွေကြေးဖောင်းပွမှုပါ ဖြစ်လာနိုင်ကြောင်း သုံးသပ်ကြသည်။
“Exchange Rate တစ်ခုပြောင်းတိုင်း အမြဲတမ်း Economy က သက်ရောက်မှုရှိပါတယ်။ ကျတာပဲဖြစ်ဖြစ်၊ တက်တာပဲဖြစ်ဖြစ်၊ အခုသွင်းကုန်တွေ များနေတဲ့အတွက် သွင်းကုန်တွေတက်မယ်။ ကျွန်တော်တို့က ပို့ကုန်ကျတော့ ထိထိရောက်ရောက် လုပ်နိုင်သလားဆိုတော့ မလုပ်နိုင်ဘူး။ မလုပ်နိုင်ဘူးဆိုရင်တော့ ဒေါ်လာဈေးတက်ရင်တော့ အများစုက ခါးစည်းပြီးခံရမှာပဲ။ ဆိုတော့ လူလတ်တန်းစားနဲ့ ဆင်းရဲသားခံရမှာ။ အားလုံးက ပြည်ပကသွင်းတာတွေ ဝယ်စားနေရတာ။ အဲဒီအထဲမှာ ဆန်ဈေးလို အခြေခံဈေးနှုန်းမျိုးကတက်တော့ ပိုဆိုးတာပေါ့။ ဆန်ဈေးဆို အခုအများကြီးကို တက်တာ။ အဲဒီအချိန် လခတိုးပေးမယ် အသံကထွက်လာပြန်ရော။ ဘယ်လောက် အတိုင်းအတာအထိ တိုးပေးမလဲ မသိဘူးပေါ့နော်။ တကယ်တော့ လခတိုးတယ်ဆိုတာလည်း ရေတိုမစဉ်းစားသင့်ဘူး။ ရေရှည်အတွက်ပဲ စဉ်းစားသင့်တယ်။ ဝန်ထမ်းတွေ သက်သာချောင်ချိဖို့ ဥပမာ ငါးနှစ်အတွင်းမှာ တစ်နှစ်ကို ဘယ်လောက်တိုးမယ်ဆိုတာမျိုးက ပိုကောင်းမယ်ထင်တယ်။ အဲလိုမဟုတ်ဘဲနဲ့ ၂ဝဝ၆ က တိုးတာမျိုးလိုပေါ့။ သုံးဆတို့။ လေးဆတို့ တိုးလိုက်တော့ ဈေးတွေအကုန်လုံးက မောက်ကမဖြစ်ကုန်မှာပေါ့” ဟု ၎င်းကဆိုသည်။
“ဒေါ်လာဈေးတက်တော့ ပို့ကုန်တွေ အခြေအနေကောင်းတယ်လို့တော့ ပြောလို့ရတာပေါ့။ ဒါပေမဲ့ ဈေးကဆက်တက်နေတော့ ပြန်ဝယ်ရတဲ့ ဈေးကလည်းမြင့်သလို နောက်တစ်ခါအတင်မှာ မတက်ရင် ဒုက္ခရောက်မယ်။ ပဲတို့ဆန်တို့တော့ တက်သွားတယ်။ တက်သွားတယ်ဆိုတာတော့ သူ့ Rate အတိုင်းပဲ တက်သွားတာ။ ပဲတီစိမ်းကတော့ တစ်တန်ကို အခုတော့ ၁၃ သိန်း ပတ်ချာလည်လောက် ဖြစ်သွားတယ်။ အခုမျိုးခွဲကတော့ ၁၄ သိန်းလောက် ရှိတယ်။ နည်းနည်းတောင်ကြာနေပါပြီ။ သင်္ကြန်တုန်းက ၁၂ သိန်း ၂ သောင်း နောက်ပိုင်းတဖြည်းဖြည်း တက်လာတာ။ အခုဒေါ်လာဈေးကတက်တော့ ပိုတက်သွားတဲ့ သဘောပါ” ဟု ပဲလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ဆန်ဈေးမှာ စပါးပေါ်ချိန် ဖြစ်နေသည့်အတွက် အနည်းငယ်ကျသော်လည်း ယခု ဒေါ်လာဈေးအတက်တွင် ပြန်လည်တက်လာကြောင်း “ဈေးကွက်ထဲမှာ ဆန်ဈေးလည်းတက်သွားတယ်။ အရင်တစ်ပြည်ကို ကျပ် ၁၆ဝဝ ဆိုတဲ့ ဆန်က အခု ကျပ် ၁၉ဝဝ လောက်ဖြစ်သွားတယ်။ ကျန်တဲ့ သားငါးတွေလည်း တက်ပါတယ်” ဟု ရန်ကုန်မြို့မှ အိမ်ရှင်မတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကိုကြည့်ပါက တိုးတက်လာသည်ကို တွေ့ရသော်လည်း သွင်းကုန်ပမာဏ မြင့်တက်နေကြောင်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ခြောက်လတာကာလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၄ ဘီလျံကျော်ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ကာလတူ ကုန်သွယ်မှုပမာဏထက် ဒေါ်လာ ၃ ဒသမ ၂ ဘီလျံကျော် ပိုမိုကုန်သွယ်နိုင်ကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ငါးဘီလျံကျော်သာရှိသေးပြီး သွင်းကုန်တင်သွင်းမှု ရှစ်ဘီလျံကျော်ရှိနေကြောင်း သတင်းရရှိသည်။
“ကျွန်တော်ကတော့ တစ်ခုခုဖြစ်ရင် ထိန်းဖို့မလွယ်ဘူးဆိုတာ Formal ထက် Informal လမ်းကြောင်းက သွားနေတာတွေများလို့ပါ” ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေးဖြစ်သူ ဦးသန်းလွင်က ပြောကြားသည်။
ယင်းကဲ့သို့ အနေအထားကြောင့် လက်ရှိဗဟိုဘဏ်တွင် ရှိနေသော Reserve Money ပမာဏမှာ လေးဘီလျံကျော်လောက်သာရှိကြောင်း၊ ယင်းပမာဏသည် သွင်းကုန်၏ သုံးလစာပမာဏသာ ရှိနေသေးကြောင်း၊ ထို့အတွက် ဗဟိုဘဏ်မှ ဝင်ရောက်ကြားကန်ရန် အခက်အခဲရှိကြောင်း သိရသည်။
Eleven Media

No comments:

Post a Comment