Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 17, 2014

တက်တူးနဲ့ မြန်မာအမျိုးသမီး ဆိုတဲ့ အပေါ် သူတို့တွေ ဒီလိုမြင်ကြတယ်


 မြန်မာလူငယ်တွေအကြား ပျံ့နှံ့မှုအားကောင်းလာတဲ့ တက်တူး(Tattoo)အကြောင်းနဲ့ ပတ်သက်လို့ ပြောချင် တာက ဒီ တက်တူးအနုပညာကို စိတ်ဝင်စားတဲ့ မြန်မာလူငယ်တွေထဲမှာ အမျိုးသားတွေနဲ့အတူ အမျိုးသမီး တွေပါ ပါဝင်လာပါတယ်။ ဒါကလည်း အတော်လေး ကြာခဲ့ပါပြီ။ 


သရုပ်ဆောင် ဆုရွှန်းလဲရဲ့ ကျောပေါ်က တက်တူး (ဓာတ်ပုံ- myanmarcelebrity.com)


တက်တူးကို အမျိုးသားတွေအနေနဲ့ ထိုးတာ အကြောင်းမဟုတ်ပေမယ့် အမျိုးသမီးတွေ ထိုးတဲ့အပေါ် တချို့ ကလည်း ဝေဖန်လို့ပေါ့။ အရင်ကဆို အမျိုးသမီးတွေအနေနဲ့ များသောအားဖြင့် အနုပညာရှင်များသာ  မက်မက်စက်စက် ထိုးနေတာကနေ အခုဆိုရင် သာမာန်အမျိုးသမီးတွေပါ ထိုးလာကြတာကို တွေ့ရပါတယ်။ 

ဒီလို မြန်မာအမျိုးသမီးတွေ တက်တူးထိုးတဲ့အပေါ် ဝေဖန်မှုမှာ မြန်မာအမျိုးသားတွေက အဆိုးဆုံးပါတဲ့။

တက်တူးကို အသက် ၁၇ နှစ်ကတည်းက ကြိုက်လွန်းလို့ ထိုးခဲ့တယ်ဆိုတဲ့ အဆိုတော်  အေသင်ချိုဆွေက သူ့ရဲ့ တက်တူးထိုးတဲ့အပေါ် သူ့ပရိတ်သတ်တွေအနေနဲ့ ဘာမှ ဝေဖန်မှုမရှိပေမယ့် များသောအားဖြင့် ဝေဖန်ကြတာကတော့ အမျိုးသားတွေလို့ဆိုပါတယ်။

“တက်တူးထိုးတာ အေသင် အသက် ၁၇ နှစ်ကတည်းက ထိုးတာ။ ဘယ်သူ့မှလည်း မဝေဖန်ဘူး။ ဘယ်သူမှလည်း ဘာမှမပြောဘူး။ အေသင် အဲ့လိုထိုးပြီးတဲ့နောက်ပိုင်းမှာ ရန်ကုန်မှာရှိတဲ့ အမျိုးသမီးတွေရော အသက် ၃၀ အထက်ပေါ့နော် သူတို့တွေတောင်မှ တက်တူးထိုးလာတာ မြင်ရတယ်။ များသောအားဖြင့် ဝေဖန် တာကတော့ ယောကျာ်းတွေက ပိုပြီးတော့ ဝေဖန်ကြတယ်။ သူတို့တွေက ဘာဖြစ်ချင်မှန်းမသိဘူး။ သူတို့လည်း ထိုးကြတယ်။ ဒါပေမယ့် မိန်းကလေးထိုးရင် မကြိုက်ဘူးတို့ဘာတို့နဲ့ ကိုယ်က သူတို့ကြိုက်အောင် ထိုးတာ မဟုတ်ဘူး။ ကိုယ်ကြိုက်တာ ကိုယ်ထိုးတာ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်တဲ့အတွက် ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး။” လို့ အေသင်ချိုဆွေက ပြောပါတယ်။

နိုင်ငံတကာနဲ့ယှဉ်ပြီး ကိုယ့်နိုင်ငံရဲ့ ရိုးရာ အလှအပတွေကို တင်ဆက်ကြရမယ့် မြန်မာ့အလှမယ်တွေက လွဲလို့ သာမာန်မိန်းကလေးတွေအနေနဲ့ ကိုယ်ကြိုက်တာ ကိုယ်ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ဒီမိုကရေစီခေတ်မှာ လူတယောက် ရဲ့ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်ကို တခြားတယောက်က လာပြီးတော့ ဝေဖန်တာမျိုး စွက်ဖက်တာမျိုး လုပ်ပိုင်ခွင့်မရှိဘူးလို့ သူမရဲ့ အမြင်ကိုလည်း ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံလည်း ဒီမိုကရေစီ ဆိုပြီးတော့ အကုန်လုံးက တောင်းဆိုနေကြတာပဲလေ။ ပြည်ထောင်စု သမ္မတနိုင်ငံတော်လည်း ဖြစ်နေပြီ။ လိုချင်တဲ့အရာက ဒီမိုကရေစီ၊ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေက ဒီမိုကရေစီနဲ့ဆန့်ကျင်ဘက်အရာတွေ ဖြစ်နေကြတယ်။ ဒါကတော့ လူတွေရဲ့ စိတ်နဲ့ပဲ ဆိုင်ပါတယ်။ အေသင်ကတော့ မြန်မာအမျိုးသမီးဖြစ်လို့ မြန်မာ့ယဉ်ကျေးမှုကို စောင့်ထိန်းရမယ်။ တက်တူးထိုးတာတွေက ပြသနာဆိုတာတွေဟာ သိပ်ပြီးတော့ သဟဇာတ မဖြစ်ဘူးလို့ထင်တယ်။ မြန်မာအမျိုးသမီးဖြစ်လို့ တက်တူး မထိုးရဘူးဆိုတာ မဟုတ်ဘူး။ မြန်မာအမျိုးသမီးလည်း လူပဲလေ။ တက်တူးထိုးလိုက်တဲ့အတွက် မြန်မာ့ဂုဏ်သိက္ခာကို ကျဆင်းသွားနိုင်လား။ ဒါကတော့ ကိုယ့်စိတ်ကြိုက်ကိုယ်သွားလာနေထိုင်ပြီး ကိုယ့်ခန္တာကိုယ် ကိုယ်ဘာသာကိုယ်ပိုင်တယ်။ အဲ့ဒီတော့ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် ကိုယ့်စိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိတယ်။” လို ဆက်ပြောပါတယ်။ 

တက်တူးထိုးတယ်ဆိုတာ သေရာပါမယ့် အမှတ်အသားတခုဖြစ်တဲ့အတွက် တွေ့တဲ့ပုံကိုကောက်ပြီးတော့ ကိုယ်ပေါ်တင်လိုက်တာမျိုး မလုပ်သင့်ပါဘူးတဲ့။ ကိုယ့်တဘ၀အတွက် အမှတ်တရဖြစ်စရာတခု ၊ အရေးကြီးဆုံအရာတခုကို ခန္တာကိုယ်ပေါ်မှာ မှတ်ကျောက်တင်တဲ့အနေနဲ့ ဆေးရုပ်ထိုးတာမျိုးပဲဖြစ်စေချင်တယ် လို့လည်း အေသင်ချိုဆွေက အကြံဥာဏ်ပေးပါတယ်။

မြန်မာအမျိုးသမီးတွေ တက်တူးထိုးတာကို ဝေဖန်ဆုံးက မြန်မာအမျိုးသားတွေဖြစ်နေတဲ့အပေါ် Center For Youth and Social Harmony (လူငယ်နှင့်လူမှုသဟဇာတဖြစ်ရေးစင်တာ)က ကိုသက်ဆွေဝင်းက သူ့အမြင်ကိုပြောပါတယ်။ 

“မိန်းကလေးတွေ တက်တူးထိုးတာ သူတို့ဟာ သူတို့လှတယ်ထင်လို့ထိုးတာ ကျနော်တို့အတွက်ဘာများ ထိခိုက်လို့လဲ။ မဟာဖိုဝါဒ သမားတွေသာလျှင် အဲဒီလိုမျိုးပြောကြပါလိမ့်မယ်။ ကျနော်တို့နိုင်ငံရဲ့ လူမှုရေးအခြေအနေတစ်ခု နိမ့်ကျခဲ့တဲ့အတွက်ကြောင့် Us Vs Them ဆိုတာမျိုးတွေ ခွဲမြင်နေကြတာ။ ယောင်္ကျားတွေပဲ လုပ်မယ် မိန်းမတွေ မလုပ်ရဘူးဆိုတာမျိုးက ခွဲခြားဆက်ဆံခြင်း တမျိုးပဲ။ မိန်းကလေးတွေ ဆေးလိပ်သောက်တဲ့ကိစ္စကိုလဲ အဲဒီလိုပဲပြောကြတယ်။ ကျနော်တို့က ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်ပြော ကြတယ်။ ပြီးတော့ ဒီမိုကရေစီရဲ့ အခြေခံကျင့်ဝတ်ဖြစ်တဲ့ လူ့အခွင့်အရေးကိုကျတော့ မလိုက်နာချင်ကြဘူး။ ယောင်္ကျားမိုလို့ မိန်းမမို့လို့ အခြောက်မို့လို့တို့ဆိုပြီး ခွဲခြားဆက်ဆံကြတယ်။ အဲလိုပြောနေကြတာ ယောင်္ကျားတွေ အများစုပဲ။ ကျနော် ဆွီဒင်မှာတုန်းက သိခဲ့တဲ့ UN ကို ဆွီဒင်နိုင်ငံ လူငယ်ကိုယ်စားပြု လွှတ်ခံရတဲ့ ကောင်မလေးဟာ တစ်ကိုယ်လုံးတက်တူးတွေအပြည့်နဲ့ နောက်ပြီး နား၊ နှာခေါင်း တွေမှာပါ အပေါက်တွေ အပြည့်နဲ့ပါ။ ဒါပေမယ့် တကယ်ပညာတတ်ပြီး တက်ကြွတဲ့ လူငယ်ခေါင်းဆောင် တစ်ဦး လည်းဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့အရည်အချင်းကို အပြင်ပန်းကြည့်လို့မရပါဘူး။ သူတို့ဘာသာ သူတို့ခန္တာကိုယ်မှာ တက်တူးထိုးတဲ့ကိစ္စ ဘာကြောင့် ကျနော်တို့ ယောကျာ်းတွေက အားမနာပ ပြောနေရတာလဲဆိုတာ နားမလည်နိုင်ဘူး။ ဒီလိုပြောနေတာတွေက ခနပါပဲ။ နောက်ဆုံးကျရင်တော့ Trend တစ်ခုကို ဘယ်သူမှ တားမရပါဘူး။” လို့ ဆိုပါတယ်။

ဒ့ါထက် အမေရိကန်သမ္မတဟောင်း ကနေဒီရဲ့သမီး ကာရိုလင်းကနေဒီ (လက်ရှိ ဂျပန်နိုင်ငံရဲ့ အမရိကန် သံတမန်) မှာလဲ တက်တူးရှိလို့ အပေါ်ယံကြည့်ပြီး လူတစ်ယောက်ရဲ့ အရည်အချင်းကို မဆုံးဖြတ်နိုင်ပါဘူးလို့ သူက ဆက်ပြောပါတယ်။

မြန်မာ့ တက်တူးယဉ်ကျေးမှု အသိုင်းအ၀ိုင်းမှာတော့ တချို့က ကြိုက်လို့ ထိုးကြသလို တချို့က ပေါ်ပြူလာ ဖြစ်ချင်လို့ ဖန်စီဖြစ်ချင်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ပါ။
ယဉ်ကျေးမှုတွေ ဖက်ရှင်တွေ ဘာမှမတွေးဘဲ ကိုယ့်စိတ်ထွက်ပေါက်တခုအနေနဲ့ တက်တူးထိုးတာပါလို့ ဆိုသူက အဆိုတော် ပိုပိုပါ။

ဒါပေမယ့် သူ့အနေနဲ့ မြန်မာအမျိုးသမီးတွေ တက်တူးထိုးမယ်ဆိုရင် စဉ်းစားဖို့နဲ့ ဖြစ်နိုင်ရင် မထိုးဖို့ တိုက်တွန်းထားပါတယ်။

“ပိုပိုပြောချင်တာတော့ မြန်မာမိန်းကလေးတယောက်အနေနဲ့ ဒီလိုလုပ်မယ်ဆိုရင် ဖြစ်နိုင်ရင်တော့ စဉ်းစားပါ။ ဘာကြောင့်လဲဆိုတော့ ပိုပိုတို့ကျတော့ အနုပညာသမားဆိုတော့ ပြသနာမရှိဘူး။ ကိုယ့်ရဲ့ ဖက်ရှင်တခုအနေနဲ့ ဖြစ်မယ်။ သာမာန်ပြည်သူမိန်းကလေးအနေနဲ့ကျတော့ ကိုယ်က တချိန်ကျတော့ အိမ်ထောင်ပြုမယ်။ ကိုယ်ရွေး ချယ်တဲ့သူ၊ သူ့ရဲ့မိဘတွေကကော သဘောကျပါ့မလား ဆိုတာမျိုးရှိတာပေါ့။ နောက် မြန်မာနိုင်ငံက လူတွေရဲ့ အစွဲက မကျွတ်သေးဘူး။အဲ့ဒါကြောင့် မိန်းကလေးတွေ ထိုးမယ်ဆိုရင်လည်း ကြည့်ပြီး ထိုးစေချင်ပါတယ်။ မမြင်ရတဲ့ နေရာတွေမှာ ထိုးစေချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ မထိုးနဲ့လို့ ပြောချင်ပါတယ်။” လို့ ပိုပို က ပြောပါတယ်။

အခုမှ စပြီး ဖွံ့ဖြိုးဖို့လမ်းစရှာနေတဲ့ မြန်မာ့အမျိုးသမီးတက်တူးယဉ်ကျေးမှုဟာ မကြာတော့တဲ့ ကာလမှာ ဘယ်လောက်အထိ ဖွံ့ဖြိုးလာဦးမလဲ။ 
http://blog.irrawaddy.org/2014/11/blog-post_74.html

No comments:

Post a Comment