Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 11, 2014

တရုတ်ကြောင့် တင်းမာနေသည့် အာရှနိုင်ငံများသို့ ဂျွန်ကယ်ရီ သွားရောက်မည်


ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၀

တရုတ်နိုင်ငံက နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ထင်ရာစိုင်း ပြုမူ မှုများကြောင့် အာရှဒေသ၌ တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် တရုတ်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ယခု ရက်သတ္တတစ်ပတ်အတွင်း သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

“ဝန်ကြီး ဂျွန်ကယ်ရီအနေနဲ့ ဆိုးလ်၊ ဘေဂျင်း၊ ဂျကာတာနဲ့ အဘူဒါဘီတို့ကို သွားပြီး အဲဒီနိုင်ငံတွေက အကြီးတန်း အစိုးရ အရာရှိကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်မှာ ဖြစ်ပါတယ်။ ဆွေးနွေးရာမှာ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုကိစ္စ၊ ဒေသတွင်း ကိစ္စနဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စတွေ ပါဝင်မှာပါ” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါစာကီက ပြောကြားသည်။

ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၈ ရက်နေ့အထိ ကြာမြင့်မည့် ဂျွန်ကယ်ရီ၏ အာရှဒေသ ခရီးစဉ်သည် ၎င်းအတွက် ပဉ္စမအကြိမ်မြောက် အာရှ ခရီးစဉ်ဖြစ်ကြောင်း၊ သမ္မတ ဘားရက် အိုဘားမားသည်လည်း လာမည့် ဧပြီလတွင် အမေရိကန် ပြည်ထောင်စု၏ အာရှ ဗဟိုပြု မူဝါဒ မြှင့်တင်ရေးအတွက် ယင်းဒေသသို့ သွားရောက်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံများသို့ သွားရောက်ရာတွင် ဂျွန်ကယ်ရီအနေနှင့် ယမန်နှစ်အတွင်း တရုတ်နိုင်ငံက သတ်မှတ် ကြေညာထားသည့် လေကြောင်း ကာကွယ်ရေးဇုန် ကိစ္စ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ တောင်းဆိုထားသည့် အငြင်းပွား ကျွန်းစုများကိစ္စ အပါအဝင် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား အစီအစဉ်ကိစ္စကို အလေးထား ဆွေးနွေးမည်ဟု ယူဆရသည်။

“ကမ္ဘာရေးရာ ကိစ္စတွေမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်နေတဲ့ တရုတ်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ငြိမ်းချမ်းရေး ထွန်းကားမှုတွေကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုပါတယ်။ နောက်ပြီးတော့ ဝါရှင်တန်အနေနဲ့ အပြုသဘောဆောင်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ပြီး နားလည်မှု ပြည့်ဝတဲ့ ဆက်ဆံရေးတစ်ရပ်ကို ထူထောင်သွားဖို့ ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်ကိုင်မှာ ဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါစကီက ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် မြောက်ကိုရီးယား အရေးကို အဓိကထား ဆွေးနွေးမည် ဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများလည်း ပါဝင်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြပါရှိသည်။

No comments:

Post a Comment