Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 11, 2013

အမေ့လင်းယုန်

(အမေကိုချစ်တဲ့သားတွေအတွက် ကဗျာဆရာမိုဃ်းဇော်ရဲ့ မိခင်မေတ္တာဘွဲ့ ကဗျာရှည်တစ်ပုဒ်) 



မိုဃ်းဇော်

(၁)

ဝေဒနာကြိုးတန်းကလေးပေါ်မှာ
အမေ့ရဲ့ ချွေးသုတ်ပ၀ါကလေးလှမ်းပစ်တင်လိုက်တော့
ကမ်းမမြင်လမ်းမမြင် မုန်တိုင်းထဲ
သားကပျံသန်းနေဆဲပေါ့။

(၂)

သားကိုသတိရ
သားကိုမတွေ့ရတဲ့အခါ
စာနာတတ်တဲ့ငွေကြယ်ကလေးတွေက
အမေ့ဆီဝမ်းနည်းကြောင်းသ၀ဏ်လွှာစေလိမ့်မယ်။

(၃)

ကျွန်တော့်ရဲ့ အန္တိမမျှော်လင့်ချက်
အမေတိုက်တဲ့ရေတစ်ခွက်သာသောက်ချင်ရဲ့ ။

(၄)

နောင်ဘ၀၌
လူဖြစ်ခွင့်ရမည်ဆိုပါလျှင်
ပျူငှာယဉ်ကျေးသောပန်းများ
ပွင့်သော ထိုအင်ကြင်းတောစပ်၌
အမေ့ရဲ့သားကျွန်တော်ပြန်ဖြစ်ချင်ပါသည်။

(၅)

လိမ္မာတဲ့သားဆိုးကို
အမေရိကန်ဆေးရုံမှာဗိုက်ခွဲမွေးခဲ့ရတဲ့အမေ
အမေ့ရဲ့ သား 'မိုဃ်းဇော်'
မှားခဲ့တယ်
မတရားမလုပ်ခဲ့ဘူး
ဆိုးခဲ့တယ်
မယုတ်မာခဲ့ဘူး
မိုက်ခဲ့တယ်
မရိုင်းခဲ့ဘူး
အားလုံးကိုချစ်ခဲ့တယ်
မကောက်ကျစ်ခဲ့ဘူး
သားဗုံးကြဲခဲ့တဲ့မြို့ဟာ
သားကိုယ်သားပါအမေရယ်။

(၆)

တစ်ခါတလေတရားထိုင်ပြီး
တစ်ခါတလေငါးပါးသီလမလုံခြုံတတ်တဲ့သား
ကုသိုလ်၊အကုသိုလ်တရား
လူပီသစွာပွားစည်းမိခဲ့ပါပြီ

(၇)

အမေရယ်
သားရဲ့ ယနေ့နေထိုင်မှုကိုသာ
အမေသိရမယ်ဆိုရင်
ရင်ချိမှာမဟုတ်ပါဘူး
အနုပညာနဲ့ကိုယ့်တွင်းကိုယ်တူးပြီး
ကိုယ့်ဘ၀ကိုယ်လှီးမြေမြှုပ်ခဲ့သူ
ကျေးဇူးသိတတ်ခဲ့ပါတယ်။

(၈)

ကမ ၻာၾကီး
သင့္အား
ငါ့ရဲ့ ဆဲလ်၊ငါ့ရဲ့ နာကျင်မှု
ငါ့ရဲ့ အမိုင်နိုအက်ဆစ်၊
ငါ့ရဲ့ ဟေမိုဂလိုဗင်ထဲက
လှိုက်လှဲစွာကျေးဇူးတင်ရှိပါရဲ့ ။

(၉)

အို..နတ်ကောင်းနတ်မြတ်များ
သင်တို့အားအတောင်ပံအဖြစ်တပ်ဆင်
ဟောဒီပစ္စန္တရာဇ်နေ၀င်ချိန်မှာ
ငါ့အမေရှိရာငါပျံသန်းချင်တယ်။

(၁၀)

လာမယ့်အနှစ် ၄၀ မှာ
လာမယ့်အနှစ် ၂၀ မှာ
မနက်ဖြန်မှာ
ဒီနေ့မှာ
သေချာတဲ့သေခြင်းနဲ့
အမေ့အိမ်ကိုပြန်ခဲ့မယ်။


(၁၁)

'အချစ်'
'ငြိမ်းချမ်းရေး'
'ကဗျာ'
ကျွန်တော့်ရဲ့ လက်နက်မဲ့ခန္ဓာကိုယ်အား
ကောင်းကင်ဘုံထိုထိုမှ
တံခါးဖွင့်ကြိုဆိုကြကုန်လော့။

(၁၂)

မီးတောက်မီးလျှံကြားက
တံပိုးခရာသံကြားရတယ်
လောကသစ်တော့မယ်လေ
လူဆင်းရဲတို့
လူမွဲတို့
ထကြထကြနိုးထကြ
သင်တို့အတွက်ပန်းရထားတစ်စင်းဆိုက်တော့မယ်။

(၁၃)

ခနော်နီခနော်နဲ့
ပိုးတုံးလုံးကလေးတစ်ကောင်
ကမ္ဘာမြေပေါ်ခြေချစ
လမ်းလျှောက်ရဲတဲ့သတ္တိတွေရအောင်
အမေပဲမြေတောင်မြှောက်ခဲ့တယ်

(၁၄)

လူဆိုတာ
လောကဓံကိုခံနိုင်ရည်ရှိရမတဲ
ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်စေနဲ့တဲ့
နှစ်ခွန်းတည်းသောစကားဟာ
ငါ့ဝိညာဉ်မှာထွန်းလင်းနေလိမ့်မယ်။

(၁၅)

မီးခြစ်ဆံကလေးတစ်ချောင်းအတွက်
သစ်သားစကလေးတစ်စပဲလိုတယ်
သစ်တောကြီးတစ်ခုလုံးမီးရှို့ ဖို့အတွက်
မီးခြစ်ဆံကလေးတစ်ချောင်းပဲလိုတယ်
သားနားထောင်ခဲ့ဖူးတဲ့သီချင်းစာသား
မမှားသေးပါဘူးမေမေ။

(၁၆)

အမေ

အမေ

အမေ

အမေ

အ ေ



(၁၇)

ငှက်ကလေးတွေနဲ့မနက်ခင်းပါပဲ
ရှစ်နာရီကျော်ပြီအမေ
တမာပင်အောက်မှာ
ရဟန်းတော်များဆွမ်းခံကြွပေါ
ဆေးရုံခုတင်ပေါ်ပက်လက်
အမေ့ဇောအမေ့အိပ်မက်ထဲကနေ
အမေဆွမ်းထွက်လောင်းနေမလား။

(၁၈)

အမေ
သားသူငယ်ချင်း 'ဗစ်တာ' လေ
သားနဲ့တစ်ခေတ်တည်းမွေးခဲ့တဲ့ကောင်ပေါ့
ဥာဏ်ကောင်းပြီးစိတ်ကောင်းရှိတဲ့
လူကောင်းသူကောင်းတစ်ယောက်ပါ
ဘ၀တစ်ဆစ်ချိုးမှာ
ဆေးထိုးအပ်နဲ့ထွက်ပေါက်ရှာခဲ့တယ်
အခုတော့သူလွတ်မြောက်သွားပေါ
'ဗစ်တာ' သူငယ်ချင်း
သံသရာအဖန်ဖန်ကျင်လည်ခြင်းမှ
ကောင်းရာသုဂတိလားပါစေကွာ။

(၁၉)

ဟိတ်၊သူယုတ်
သင့်ရေဘ၀ဲလိုလက်တံနဲ့
သန့်စင်တဲ့လိပ်ပြာကိုမဖျက်ဆီးလေနဲ့။
ငါ့ပန်းတောကိုမြေမလှန်နဲ့
အရှင်ဘုရား
္မ္မဤကမ္ဘာမြေကြီး
အပြီးတိုင်ပြိုကွဲပျက်စီးသွားပါအံ့
နောင်ဖြစ်လတ္တံ့ကမ္ဘာ၌
စိတ်နှလုံးကောင်းမွန်မြင့်မြတ်သူများသာ
လူဖြစ်ခွင့်ရပါစေသတည်း။

(၂၀)

မလွှဲမချွတ်
ဝဋ်ဆိုတာကြောက်စရာကောင်းပါတယ်။

(၂၁)

မြက်ခင်းတစ်ခင်းနွမ်းလည်း
မြက်ခင်းတစ်ခင်းပြန်လည်စိမ်းလန်းလာမှာပဲ။
နှင်းဆီနဲ့
လေညင်းနဲ့
အစွန်းအထင်းမရှိတဲ့နေ၀န်းနီနဲ့အတူ
လှပတဲ့မိုးသားအဖြူအောက်မှာ
ပြန်လည်ဖူးပွင့်လာရမယ်။

(၂၂)

အမေရှိရာ
လောကတစ်ခုဆီမှာ
မိုးတွေရွာချပြီဆိုရင်
အဲဒီမိုးစက်တွေက
ကောင်းကင်ပေါ်ကထိုးဆင်းချလာတဲ့
သားရဲ့ အလွမ်းသီချင်းတွေပဲပေါ့
မိုးတိမ်တွေကတစ်ဆင့်
အမေ့ကိုရင်ဖွင့်မယ်
နားသောတဆင်ပါအမေ။

(၂၃)

သင်္ခါရတရားတို့ရဲ့ 
ပျက်စီးပြိုကွဲခြင်းသဘောကိုဆင်ခြင်ဖို့
အမေ့အတွက်မငိုဖို့
အမေ့ကိုမလွမ်းဖို့
အမေ့ကိုသတိမရဖို့
ငါ့မှာတရားမရှိနိုင်ခဲ့ပါ။

(၂၄)

ဒီကနေ့
အမေ့အခြေအနေ
ဘယ်လိုများနေရှာမလဲ
အမေ့အရိပ်မှာ
သားအိပ်စက်ဆဲပါပဲ
အိမ်ပြန်နောက်ကျတတ်တဲ့သားကု
အိမ်ပေါက်ဝကဆီးကြိုဆဲပါပဲ
သားရဲ့ နှလုံးသားထဲ
ထာဝရအမေရှင်သန်ဆဲပါပဲ။

(၂၅)

အမေ့ရဲ့ မေတ္တာလှိုင်းဂယက်ကြောင့်
သမုဒ္ဒရာတွေသေးငယ်ကုန်ကြတယ်။

(၂၆)

ကဗျာဖတ်ပြီး
ကဗျာမြတ်နိုးတတ်တဲ့အမေ
မသေပါနဲ့ဦးအမေရယ်
နံစော်စော်ပုပ်အဲ့အဲ့လောကကြီးထဲမှာ
သားကိုပစ်မထားခဲ့ပါနဲ့။

(၂၇)

ငယ်ငယ်တုန်းကတော့
သားဟာ အမေ့ရဲ့ ခွေးကလေးတစ်ကောင်ပေါ့
သားဟောင်တာကိုကြည့်
အမေပီတိဖြာခဲ့တယ်။
အခုတော့သားဟာ
အမေ့ရဲ့ မျက်ကွယ်က
အမှန်တရားကိုကိုက်ချီထားတဲ့"လင်းယုန်"။

(၂၈)

အနက်ရောင်မုန်တိုင်းထဲ
ရင်ဖွင့်ပျံသန်းဆဲပါ 'အမေ'။ ။





ရည်ညွှန်းချက်။
ကျွန်တော့်ရဲ့  လူအဖြစ်ရရှိခဲ့ခြင်းမှစ၍
ကျေးဇူးတရားပေါင်းစုရာ
ကျွန်တော့်ရဲ့ ဒုတိယဘုရားသခင်
ကွယ်လွန်သူ
မွေးသမိခင် ဒေါ်တင်ရွှေ (ရေနံချောင်း)သို့ ။


(အမေ့လင်းယုန်လက်ကမ်းစာစောင်၊၂၀၀၂။)
(ဟန်သစ်မဂ္ဂဇင်း၊အောက်တိုဘာ၊၂၀၀၃။)
(RFA၊ကဗျာ့အိုးဝေ၊၂၀၀၃။)
(အဖြူရောင်သက်တံနှင့်DVB၊၂၀၀၅။)
(မိုဃ်းဇော်သေတမ်းစာ၊၂၀၀၇။)
(လှိုင်းသစ်မဂ္ဂဇင်း၊စက်တင်ဘာ၊၂၀၁၃။)

No comments:

Post a Comment