CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, January 4, 2018
ဒေါ်နွယ်ထွန်း ဆီကနေ NLD အတွက် ဘာတွေ သင်ခန်းစာ ရနိုင်သလဲ။
US သာမက တစ်ကမ္ဘာလုံး အံ့အားသင့်သွားရလောက်အောင် ဖြစ်သွားခဲ့တဲ့ US ရွေးကောက်ပွဲ အပြီးမှာ ဘာကြောင့် ဟီလာရီ ရှုံးနိမ့်သွားရတာလဲ အချိန်ရသလောက် လေ့လာကြည့်တယ်။ အဲဒီ ကနေ ကျွန်တော်တို့အတွက် ဘာသင်ခန်းစာရနိုင်သလဲလို့ စဉ်းစားကြည့်နေခဲ့ပါတယ်။ အဲဒါလေးတွေ ချရေးလိုက်ပါတယ်။ (ကျွန်တော်က နိုင်ငံရေး သုတေသီ မဟုတ်သလို ဒီစာကလည်း ဟီလာရီ ရှုံးနိမ့်ရခြင်း အကြောင်းရင်းတွေကို ပြီးပြည့်စုံစွာ သုံးသပ်ဖို့ မရည်ရွယ်ပါဘူး။ ကိုယ့်အတွက် သုံးလို့ ရနိုင်မယ့် အကြောင်းရင်းတွေကို ရွေးချယ်ပြီး ဖေ့စ်ဘုတ် စံနဲ့ ကိုက်လောက်တဲ့ စာအရှည်ဖြစ်အောင် ချိန်ရတာမို့ အများကြီး ချန်လှပ်ခဲ့ပါတယ်။ ဒါတောင် အတော်ရှည်သွားပါတယ်) ကဲ စကား ပုလ္လင်ခွန်းထောက်ကို ခဏထားပြီး စလိုက်ရအောင်လား ရွာစားရေ။
.
(၁) အိုဘားမားပါတီ (ဒီမိုကရက်တစ်ပါတီ) အုပ်ချုပ်တာ ၈ နှစ် ဆိုတော့ လူတွေက ဒီ ၈နှစ်အတွင်းမှာ ဖြစ်ပျက်သမျှကို အိုဘားမားမှာ တာဝန်ရှိတယ်လို့ မြင်ကြတယ်။ မှန်သင့်သလောက် မှန်တယ်။ ဘာလို့လဲ ဆိုတော့ တာဝန် အရှိဆုံး၊ ရာထူးအကြီးဆုံးက သမ္မတ မို့ပဲ။ ဒါပေမယ့် သူတို့ မမြင်တာက အိုဘားမားကလည်း လုပ်ချင်တာ အကုန်သူ့စိတ်ကြိုက်လုပ်လို့ ရခဲ့တာ မဟုတ်ဘူး။ အထက်လွှတ်တော်၊ အောက်လွှတ်တော် တွေကို ကျော်လို့ မရတာတွေ ရှိခဲ့တယ်။ ဒါပေမယ့် သတိထားမိတဲ့သူတွေ ရှိပေမယ့်လို့ သာမာန်လက်လုပ်လက်စားတွေက ဒီလောက်ထိ မြင်ဖို့ ခဲယဉ်းတယ်။
.
ကျွန်တော်တို့ ဆီမှာလည်း ဒီပြဿနာ ရှိတယ်။ ရဲတပ်ဖွဲ့တို့၊ လ၀ကတို့၊ လက်နက်ကိုင်တို့၊ ထွေအုပ်တို့ ဆိုတာ ကာချုပ်အောက်မှာရှိမှန်း မသိတဲ့ လက်လုပ်လက်စားတွေ အများကြီးရှိတယ်။ တစ်ခုခုဖြစ်တိုင်း ဒေါ်စု ဘယ်ရောက်နေလဲ၊ NLD ဘာလုပ်နေလဲ ဆိုတဲ့သူတွေ အများကြီးရှိတယ်။ အဲဒီလို ဖြစ်အောင် ဆွပေးနေတဲ့သူတွေလည်း ရှိတယ်။ အဲဒီလိုသူတွေဟာ ၂၀၂၀ မဲပေးပွဲမှာ ချိန်ခွင်လျှာကို ပြောင်းစေနိုင်တဲ့သူတွေ ဖြစ်လာနိုင်တယ်။ အဲဒါနဲ့ ပတ်သက်ပြီး NLD ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်။
.
(၂) US ရွေးကောက်ပွဲ သမိုင်းကို ပြန်ကြည့်တဲ့အခါ ဘာတွေ့လဲ ဆိုတော့ အချိန်နဲ့အမျှ ဘယ်ညာ ယိမ်းနေတဲ့ နာရီချိန်သီးကို သွားတွေ့တယ်။ ပါတီတစ်ခုဟာ အများဆုံး ဆက်တိုက် အုပ်ချုပ်တာ ၂ ခါပဲ။ ဒီမိုကရက် ၁ ခါ၊ ဒါမှမဟုတ် ၂ ခါဆက်ပြီးရင် ရီပတ်ဗလစ်ကန် ပြန်လာတာပဲ။ အဲသလိုပဲ ရီပတ်ဗလစ်ကန် ၁ ခါ၊ ဒါမှမဟုတ် ၂ ခါဆက်ပြီးရင် ဒီမိုကရက် ပြန်လာတာပဲ။ ပါတီတစ်ခုတည်းက ၃ ခါဆက်တိုက် နိုင်တာမျိုးဟာ ၁၉၄၈ ကနေ အခုထိ ၁ ကြိမ်ပဲ ဖြစ်ခဲ့တယ်။
.
ဘာလို့လဲ စဉ်းစားကြည့်ရင် လူတွေက လက်ရှိအခြေအနေကို မကျေနပ်ရင် အပြောင်းအလဲကို လိုချင်တယ်။ အိုဘားမားက ၂ ခါ (ဒီမိုကရက်တစ် ပါတီ ၈ နှစ်) ဆိုတော့ နည်းနည်း ငြီးငွေ့နေကြပြီ။ လူဆိုတာ လက်ရှိအခြေအနေကို ကျေနပ်ခဲတယ်။ ပြည်သူဆိုတာ အစိုးရကို ကျေနပ်ခဲတယ်။ မကျေနပ်တော့ အပြောင်းအလဲကို တောင့်တရော။
.
၂၀၁၅ မှာ NLD နိုင်ခဲ့တာတွေဟာ ဒီသဘောလည်း ပါခဲ့တယ်။ စစ်အစိုးရအောက်မှာ နှစ်ရှည်လများနေခဲ့ရတော့ ပြောင်းလဲပေးမယ့်ပါတီလို့ ယူဆရတဲ့ NLD ကို အားရပါးရ အရသာရှိရှိကြီး ၀ုန်းထည့်လိုက်ကြတာပဲ။ ( မြန်မာပီပီ ရွေးကောက်ပွဲကလည်း မကြုံတာကြာတော့ မဲကလည်း မထည့်ဖူးသလောက်ဖြစ်နေတာကိုး။ ထည့်ရတာနဲ့ တင် အတော်ပီတိဖြစ်နေရတာ) ၂၀၂၀ မှာတော့ ဒီလောက် စိတ်အားထက်သန်မှု ရှိချင်မှ ရှိတော့မယ်။ ဒါကို NLD အနေနဲ့ တွက်ဆပြင်ဆင်ထားရမယ်။
.
(၃) တစ်ချို့တွေက ပြောကြတယ်။ ဒေါ်နွယ်ထွန်းကို မဲထည့်တဲ့သူတွေဟာ အဖြူအဓိက ၀ါဒီ၊ လူနည်းစုကို နှိပ်ကွပ်ချင်တဲ့သူတွေ၊ လိင်တူချစ်သူတွေကို မုန်းတီးတဲ့သူတွေ လို့ စွပ်စွဲကြတယ်။ မှန်သင့်သလောက် မှန်တယ်။ ဒေါ်နွယ်ထွန်း ထောက်ခံသူတွေထဲမှာ အဲဒီလို လူတစ်ချို့ပါတယ်။ ဒါပေမယ့် အကုန်လုံးမဟုတ်ဘူး။ ဘာလို့ အဲလိုပြောရတာလဲဆိုတော့ ၂၀၁၆ မှာ ဒေါ်နွယ်ထွန်း မဲနိုင်တဲ့ တစ်ချို့ နေရာတွေဟာ ၂၀၁၂ တုန်းက အိုဘားမားကို မဲထည့်ခဲ့တဲ့သူတွေ ဖြစ်နေလို့ပဲ။
.
ဒါဆို အခု ဘာလို့ ပြောင်းထည့်ကြတာလဲ။ အလွယ်ဆုံးပြောရရင်တော့ အစိုးရက သူတို့ကို လျစ်လျူရှုထားကြတယ်လို့ ခံစားနေရလို့ပဲ။ US ကို ကျွန်တော်တို့က တိုးတက်တဲ့တိုင်းပြည်ဆိုပြီး အထင်ကြီးတယ်။ ဒါပေမယ့် US က တစ်ချို့ဒေသတွေဟာ တစ်အား တောဆန်သေးတယ်။ လူတွေကလည်း တစ်ကယ်ရိုးအတယ်။ ကိုယ့်ပြည်နယ်ကလွဲပြီး ဘယ်မှ မရောက်ဖူးတဲ့ လက်လုပ်လက်စား အဖြူတွေ အများကြီး ရှိတယ်။ တောဘက်တွေ သွားရင် တစ်အားသိသာတယ်။ ပြောပုံဆိုပုံကအစ ခပ်ရိုးရိုး ခပ်အအ။ ထမင်းစားဖို့ကို အတော်ရုန်းကန်နေရတဲ့ အဖြူတွေ ရှိတယ်။ သူတို့ကို ဆိုရှယ်မီဒီယာ အပါအ၀င် ဘယ်မှာမှ သိပ်တွေ့ရလေ့မရှိဘူး။ ဆိုတော့ကာ မီဒီယာတွေမှာ၊ poll တွေမှာ သူတို့ အသံကို မကြားရဘူး။ သူတို့ကို silent voters လို့ ခေါ်တယ်။ သူတို့က အပြောင်းအလဲကို လိုချင်တော့ အားလုံးကို မြေလှန်ပစ်မယ်လို့ တောက်လျှောက် ဘီလူကြိမ်း ကြိမ်းလာတဲ့ ဒေါ်နွယ်ထွန်းကို မျက်စိကျကြတယ်။ silent ဖြစ်နေတော့ သတိမထားမိခဲ့ကြဘူး။ ပွဲပြီးလို့ ဒေါ်နွယ်ထွန်းက အနိုင်ရမှသာ သူတို့ အင်အားကို တအံ့တသြ မှင်သက် သဘောပေါက်လာရတယ်။
.
ရွေးကောက်ပွဲ မတိုင်မီကာလမှာ US မှာသာမက ကမ္ဘာ့ဇက်ခုံမှာပါ ပက်ပက်စက်စက် အပြောခံရဆုံးသူက ဒေါ်နွယ်ထွန်းပါ။ ဆိုရှယ်မီဒီယာမှာလည်း လှောင်ခဲ့ပြောင်ခဲ့ကြတာ အားလုံးအမြင်ပါ။ ဒါပေမယ့် ဒေါ်နွယ်ထွန်းက မမှုခဲ့ပါဘူး။ သူဟာ silent voters ကိစ္စကို အစောကြီးမြင်ခဲ့ သိခဲ့တယ်။ တိုင်းပြည်လူဦးရေ သန်း ၃၂၀ မှာ silent voter ၅၄ သန်း အထိတောင် ရှိနိုင်တယ်လို့ သူခန့်မှန်းခဲ့တယ်။ တစ်နည်းပြောရရင်တော့ အဲဒီ ၅၄ သန်းနဲ့ အခုရွေးကောက်ပွဲကို သူအလောင်းအစားလုပ်ခဲ့တာပါ။
.
မြန်မာပြည်မှာ လည်း ဒါမျိုးဆန်ဆန်ဖြစ်ခဲ့ပါတယ်။ ၁၉၉၀ မှာ စစ်အစိုးရက NLD ကို အပြတ်အသတ်ရှုံးမယ်လို့ မတွက်ခဲ့ပါဘူး။ ဒါပေမယ့် စစ်အစိုးရ ထည့်မတွက်ထားတဲ့ ကျွန်တော်တို့ရဲ့ silent voters တွေက NLD ကို တောင်ပြိုကမ်းပြို နိုင်စေခဲ့ပါတယ်။
.
(၄) ဒီမိုကရက်ဘက်က ဟီလာရီ မတက်လာဘဲ ဘာနီဆန်းဒါးစ် ဆိုရင် ဒီမိုကရက် နိုင်ကောင်းနိုင်မယ်လို့ တစ်ချို့က ပြောတယ်။ ဒါဟာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ (အတိအကျတော့ ဘုရားမှပဲ သိမှာပဲ) ဘာလို့လဲ ဆိုတော့ ဟီလာရီက အစိုးရအဖွဲ့ထဲမှာ လုပ်နေတဲ့လူ။ ဟီလာရီက လက်ရှိအစိုးရထဲမှာ လုပ်နေတော့ လက်ရှိအစိုးရကို ကိုယ်စားပြုသလို ဖြစ်နေတယ်။ လက်ရှိအခြေအနေကို မကြိုက်တော့ ဟီလာရီကိုလည်း ဒီပုပ်ထဲက ဒီပဲ ဆိုပြီး အော်တို ပယ်ပြီးသား ဖြစ်သွားတယ်။ နောက်တစ်ချက်က ဟီလာရီက အစိုးရ လုပ်ပြီးသားလူဆိုတော့ ဝေဖန်စရာတွေ အများကြီး ရှိတယ်။ အီရတ်စစ်ပွဲတုန်းက သူ့ရပ်တည်ချက်တို့၊ ကုန်သွယ်မှု ပေါ်လစီတို့ အဲဒါတွေအပေါ် ဝေဖန်မှုတွေ ရှိတယ်။ ရွေးကောက်ပွဲနီးတော့မှ အီးမေးဆာဗာကိစ္စဘာညာ ထဖြစ်တာတွေကလည်း ရှိတယ်။ ဒေါ်နွယ်ထွန်းက အစိုးရအပြင်ကလူ။ အစိုးရမလုပ်ဖူးတော့ သူ့ကို ဘာမှ သွားဝေဖန်စရာ မရှိဘူး။ US မှာအခုဖြစ်နေတဲ့ လိုအပ်ချက်တွေအတွက် သူက ဘာမှတာဝန်ခံစရာ မရှိဘူးလို ဖြစ်နေတယ်။ နိုင်ငံရေး ပြစ်ချက်ကင်းသလို ဖြစ်နေတယ်။
.
၂၀၂၀ မှာ NLD လည်း ဒါမျိုး ကြုံရမယ်။ ၂၀၁၅ ကနေ ၂၀၂၀ အထိ ငါးနှစ်လုပ်ခဲ့ရပြီမို့ လုပ်ခဲ့တာတွေကိုနင်းပြီ ဝေဖန်ဖို့ စောင့်နေတယ် ဆိုတာ သတိချပ်ရမယ်။ လူ့အလို နတ်မလိုက်နိုင်ဆိုတဲ့ စကားလိုပဲ ပြည်သူ့အလိုကို ဘယ်အစိုးရမှ အကုန်မလိုက်နိုင်ဘူး။ အဲဒါကို မကျေနပ်တဲ့သူတွေက ၂၀၂၀ မှာ NLD ကို မဲလာထည့်မှာ မဟုတ်ဘူး။ တစ်ချို့မဲတွေ လျော့မယ်။ ဒါကို ကြိုတွေးထားရမယ်။
.
(၅) တစ်ချို့နေရာတွေမှာ ဟီလာရီဟာ အိုဘားမားတုန်းကလောက် မဲမရခဲ့ဘူး။ ဘာလို့လဲ ဆိုတော့ ပါတီကြီး မဟုတ်တဲ့ တတိယပါတီတွေကို မဲထည့်လိုက်ကြလို့။ (ဥပမာ - ဂယ်ရီဂျွန်ဆင်)
.
၂၀၁၅ တုန်းကလည်း မြန်မာပြည်မှာ ဒီလိုအကွက်တွေ သုံးခဲ့တယ်။ မိဝိုင်းကြည်တို့၊ မတူကွဲပြားတို့ အစရှိသဖြင့် ပါတီတွေ အများကြီးရှိနေအောင် ထောက်ပံ့ခဲ့တဲ့ လက်မည်းကြီးတွေ ရှိခဲ့တယ်။ illusion of choice ပေးခဲ့တဲ့ သဘောပဲ။ ပါတီပွားတွေ ထားရခြင်း အဓိကရည်ရွယ်ချက်ကတော့ NLD ကို မဲခေါင်းကွဲစေချင်ခဲ့လို့ပဲ။ ဒါပေမယ့် ကံကောင်းတာက မြန်မာ ပြည်သူက ဒီလောက် မအခဲ့ဘူး။ မအခဲ့လို့သာ လျာထားချက်ပြည့်မီပြီး သမ္မတ တင်မြှောက်နိုင်ခဲ့တာ ဖြစ်တယ်။ အခုလည်း အမျိုးသားရေးလို့ အော်အော်နေပြီး ကမ္ဘာ့အလယ်မှာ တိုင်းပြည်မျက်နှာ အိုးမဲသုတ်တဲ့ လူတစ်စုဟာ ၂၀၂၀ မှာလည်း တတိယအင်အားစုတွေ အနေနဲ့ NLD ကို မဲခေါင်းကွဲအောင် လုပ်ပါလိမ့်မယ်။
.
.
အဲဒီတော့ NLD ဘာတွေ လုပ်သင့်သလဲ။
-----------------------------------------------
-----------------------------------------------
(၁) လူတိုင်းရဲ့ အသံကို နားထောင်ဖို့ လိုတယ်။ လျစ်လျူရှု ထားတယ်လို့ ခံစားနေရတဲ့ သူတွေကို အာရုံစိုက်ရမယ်။ သူတို့နဲ့ ထိုင်ရမယ်။ သူတို့ ထိုင်ချင် မထိုင်ချင်ချင် ကိုယ်က ဖိတ်ခေါ်ရမယ်။ သူတို့နဲ့ စကားပြောရမယ်။ တည့်တည့် ပြောရရင်တော့ ရခိုင်၊ ရှမ်း၊ ကချင်၊ ချင်း၊ မွန် အစရှိတဲ့ တိုင်းရင်းသား ဒေသတွေပဲ။ ဘာသာခြားတွေလည်း ပါတယ်။ သူတို့အဖြစ်က အမေရိကားက silent voters တွေနဲ့ တော်တော်လေး နီးစပ်တယ်။ အနှိမ်ခံ၊ အပစ်ပယ်ခံထားရတယ်လို့ ခံစားနေရသူတွေ ဖြစ်တယ်။ အင်မတန် အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ၂၀၂၀ မှာ အရေးမကြီးဘူးလို့ ယူဆရင်တောင် ၂၀၂၅၊ ၂၀၃၀ မှာ အင်မတန် အာရုံစိုက်ရမယ့် ဒေသတွေ ဖြစ်ပါတယ်။
.
(၂) လူရွေးမှန်ရပါမယ်။ ပါတီကိုပဲ ကြည့်ပါ၊ လူကို မကြည့်ပါနဲ့ဆိုတဲ့ ကုထုံးက ၂၀၁၅ မှာ အလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၀ ကျရင်တော့ ဒီဆေးနည်းရဲ့ အာနိသင်က ကျလာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ NLD က အစိုးရမဖြစ်ဖူးတဲ့ ပါတီမဟုတ်တော့လို့ပါပဲ။ ၅ နှစ်တာဝန်ထမ်းဆောင်ပြီးပြီမို့ ဒီ ၅ နှစ်အတွင်းမှာ ဘာတွေလုပ်ခဲ့သလဲလို့ ပြည်သူတွေက ကြည့်ကိုကြည့်ပါတော့မယ်။ ၅ နှစ်အတွင်းမှာ သိပ်အမြင်မကြည်ခဲ့တဲ့ သူတွေကို မျက်စိစုံမှိတ် မဲထည့်ဖို့ သင့်မသင့် စဉ်းစားပါတော့မယ်။ ဥပမာ ဆရာဝန်အသိုင်းအ၀ိုင်းက ဦးနိုင်ငံလင်းကို မဲထည့်ဖို့ အင်တင်တင်ဖြစ်ပါလိမ့်မယ်။ ဒါမျိုးတွေကို စဉ်းစားထားရပါမယ်။
.
(၃) ၂၀၁၅ တုန်းက NLD ကို ထောက်ခံခဲ့သူ အားလုံးက ၂၀၂၀ ကျရင် NLD ကို ထောက်ခံတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ထောက်ခံသူတစ်ချို့ကို တစ်ခြားပါတီတွေဆီ ဖဲ့ပေးရပါလိမ့်မယ်။ ဒါကိုထေမိအောင် ထောက်ခံသူအသစ်ရှာဖို့လိုပါတယ်။ ၂၀၁၅ တုန်းက ကိုယ့်ကို မဲလာမထည့်ခဲ့တဲ့သူတွေကို ၂၀၂၀ မှာ မဲလာထည့်အောင် လုပ်ရပါတော့မယ်။ ၂ နည်းနဲ့ လုပ်ရပါမယ်။
.
နံပါတ် ၁ က voter turnout တက်အောင် လုပ်တာပါ။ voter turnout ဆိုတာ အလွယ်ပြောရင် မဲလာထည့်သူအရေအတွက်ကို ပြောတာပါ။ ဒေါ်နွယ်ထွန်းနိုင်တာ voter turnout ကျတာကြောင့်လည်း ပါတယ်လို့ တစ်ချို့က ပြောကြပါတယ်။ ၂၀၀၈ မှာ အိုဘားမား နိုင်တုန်းက မဲပေးနိုင်သူဦးရေရဲ့ ၆၁.၆ ရာနှုန်း မဲရုံတွေကို ရောက်လာခဲ့တယ်။ ဒါပေမယ့် အခု ၂၀၁၆ မှာ ၅၆ ရာနှုန်းကပဲ မဲလာထည့်ခဲ့ပါတယ်။ မြန်မာပြည်မှာ ၂၀၁၅ တုန်းက မဲထည့်ချင်လျက်နဲ့ မဲထည့်ခွင့် မရတဲ့သူတွေ အများကြီးပါ။ မဲစာရင်းတွေ မှား၊ အကြိမ်ကြိမ်ပြင် အစရှိသဖြင့် voter turnout ကျအောင် တမင်သက်သက် လုပ်ခဲ့တယ်လို့ ထင်စရာရှိခဲ့ပါတယ်။ ၂၀၂၀ ကျရင်တော့ လူတွေ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ မဲထည့်ခွင့်ရအောင် NLD အနေနဲ့ ကြိုတင်ပြင်ဆင် စီစဉ်ရပါလိမ့်မယ်။
.
နံပါတ် ၂ က ကိုယ့်ကို အရင်က မထောက်ခံခဲ့တဲ့သူတွေကို အခု ထောက်ခံအောင် ကြိုးစားတာပါ။ ဒါက ပိုခက်ပါမယ်။ ရရင်တော့ တော်တော် စိတ်ချရပါပြီ။ အရိပ်အမြွက်ပြောရရင်တော့ ၁၉၈၈ အရေးအခင်းမှာ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့တွေ ပါခဲ့တယ် ဆိုတာ မမေ့ပါနဲ့။ သူတို့အပြင် တစ်ခြားသူတွေလည်း ရှိပါသေးတယ်။ သူတို့ကို identify လုပ်ပြီး ပြောဆိုစည်းရုံးဖို့ နည်းလမ်းရှာထားရပါလိမ့်မယ်။ ခက်ခဲမှာ ဖြစ်ပေမယ့်လို့ အောင်မြင်ခဲ့ရင် မဲ ရရုံသာမက တိုင်းပြည်ပိုစည်းလုံးလာမှာဖြစ်တဲ့အတွက် ရေရှည်ဗျူဟာအနေနဲ့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။
.
(၄) ဒါကတော့ အရေးအကြီးဆုံးအချက်ပါ။ NLD အလုပ်တစ်ကယ် လုပ်ဖို့ လိုပါတယ်။ ၂၀၂၀ ကျရင် ဘယ်လို အခြေအနေတွေနဲ့ ကြုံရမယ် မသိပါဘူး။ ကံဆိုတာ အလုပ်ဖြစ်တဲ့အတွက် အဲဒီအခါကျရင် ကံကောင်းဖို့ အခုကတည်းက အလုပ်လုပ်ရပါမယ်။ အလုပ်လုပ်တယ် ဆိုတဲ့နေရာမှာ ရေကြီးတာ သွားရုံ၊ ကျောင်းလေး အမိုးလှူရုံနဲ့ မရပါဘူး။ ဒါတွေကို မလုပ်သင့်ဘူးလို့ ပြောတာ မဟုတ်ပါဘူး။ လူမြင်သာတဲ့ quick wins တွေအပြင် လူမမြင်သာတဲ့ ရေရှည်စီမံကိန်းတွေ၊ ပေါ်လစီတွေလည်း ခိုင်ခိုင်မာမာ ချနိုင်ရမှာပါ။ ဒါမှာ တိုင်းပြည်ဆင်းရဲတွင်းက တစ်ကယ်လွတ်ပါလိမ့်မယ်။ NLD မှာ ပရိတ်သတ် အမျိုးမျိုး ရှိတယ်ဆိုတာ သဘောပေါက်ရပါလိ့မယ်။ တစ်ချို့က အမေစုဆိုတာနဲ့တင် မဲထည့်မယ့် ပရိတ်သတ်ဖြစ်ပါတယ်။ တစ်ချို့က အဆိုတော်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေတွေ့ရတာနဲ့ကို မဲထည့်မယ့် ပရိတ်သတ်ဖြစ်ပါတယ်။ တစ်ချို့က ၅ နှစ်တာ လုပ်ခဲ့တာကို ကြည့်ပြီး မဲထည့်မယ့် ပရိတ်သတ်ဖြစ်ပါတယ်။ တစ်ချို့က ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်ကာလမှာ ချပြတဲ့ မူဝါဒတွေကို ကြည့်ပြီး မဲထည့်မယ့် ပရိတ်သတ်ဖြစ်ပါတယ်။ အဲဒီလို အမျိုးမျိုးသော ပရိတ်သတ်လိုအပ်ချက်တွေကို ကိုက်ညီအောင်၊ ဆွဲဆောင်မှုရှိအောင် အခုကတည်းက ကြိုးစားပြင်ဆင်ထားမှ တော်ကာ ကျပါမယ်။ ကိုယ့်ပွဲကို ကြည့်နေတဲ့ ပရိတ်သတ်ထဲမှာ အဆင့်မြင့် ပရိတ်သတ်တွေလည်း ပါတယ်ဆိုတာ မမေ့ပါနဲ့။
.
(၅) တစ်လက်စတည်းနဲ့ ကျွန်တော်လက်ရှိ ခံစားနေရတဲ့ ခံစားချက်ကို ပြောပါမယ်။ ကျွန်တော့်တစ်ယောက်တည်း အမြင်ပါ။ အဲဒါဘာလဲဆိုတော့ NLD ရဲ့ PR အင်မတန်ညံ့တယ်လို့ ခံစားနေရတာပါပဲ။ (ကိုယ့်ပါတီမို့ ချစ်လို့ပြောတယ်မှတ်ပါ) NLD က အမတ်တွေ ဘာလုပ်လို့ လုပ်နေမှန်း လူတော်တော်များများက မသိပါဘူး။ ဘာလို့မသိလဲဆိုတော့ အလွယ်တကူ မသိနိုင်လို့ပါပဲ။ တကယ်တော့ မဲထည့်မယ့် ပြည်သူက သူမဲထည့်မယ့် NLD ပါတီ ဘာလုပ်နေသလဲ တကူးတက လိုက်စုံစမ်းနေရတာမျိုး မဖြစ်သင့်ပါဘူး။ ကိုယ်ဘာတွေလုပ်နေသလဲဆိုတာ ပြည်သူက အလွယ်တကူ သိအောင် ပြည်သူ့လက်ထဲကို ဒီသတင်းအချက်အလက်တွေ ထည့်နိုင်ရပါမယ်။ ဒီလှိုင်းဂျာနယ် လူတိုင်းဝယ်မဖတ်ပါဘူး။ PDF နဲ့ အလကားပေးလည်း လူတိုင်း PDF မဖတ်ပါဘူး။ တစ်ချို့ဆို PDF ဘယ်လိုဖတ်ရမှန်းမသိပါဘူး။ မြန်မာပြည်မှာ လူတိုင်းသုံးတာ ဖေ့စ်ဘုတ်ပါ။ ကိုယ့်ဆီကို ပြည်သူတွေလာဖို့ဆွဲနေတာထက်စာရင် ပြည်သူတွေကြားထဲ ကိုယ့်သတင်းအချက်အလက်တွေရောက်အောင် actively တွန်းထည့်လိုက်ဖို့ ကြိုးစားရမှာပါ။ ကိစ္စတစ်ခု ဟော့နေပြီဆိုရင် ဖေ့စ်ဘုတ်မှာ ရှယ်တဲ့ပို့စ်တွေကို ကြည့်ပါ။ NLD ဒါမှမဟုတ် NLD ပြောရေးဆိုခွင့်ရှိသူက တင်တဲ့ တရားဝင်ပိုစ့်တွေ ဘယ်နှခါ တွေ့ဖူးပါသလဲ။ ကျွန်တော်တော့ သိပ်မတွေ့ဖူးပါ။ သတင်းဌာနတွေက သွားရောက်မေးမြန်းမှသာ၊ ဒါမှမဟုတ် သိတဲ့သူက မနေနိုင်မထိုင်နိုင် ထရေးမှသာ သိရကြားရပြီး၊ (တစ်ခါတစ်လေ ရန်ဖြစ်နေတဲ့ ဟိုဘက်ဒီဘက်ပို့်စ်တွေ ၂ ခုမျှဖတ်ပြီး) သြော် ဒီလိုဖြစ်လောက်တယ်လေ ဆိုပြီး ကိုယ့်ဘာသာ ကွက်လပ်ဖြည့်တွေးရပါတယ်။
.
မဲဆွယ်တယ်ဆိုတာ public opinion ကို influence လုပ်တာပါပဲ။ အဲဒါကို ရွေးကောက်ပွဲနီးမှ ထလုပ်လို့ မရပါဘူး။ သိပ်နောက်ကျသွားပါလိမ့်မယ်။ အခုကတည်းက လုပ်ရပါမယ်။ ကျွန်တော်တစ်ယောက်တည်း သဘောထားပြောရင် NLD သတင်းပြန်ကြားရေး နဲ့ ပတ်သက်ပြီး အနည်းဆုံး ၂ ခုကို မြင်တွေ့ ကြားသိလိုပါတယ်။
.
(၁) Immediate quick wins - အခု ပြည်သူနဲ့ တစ်အားနီးတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းနေတာတွေ သိလို မြင်လိုပါတယ်။ ဥပမာ ရန်ကုန်မှာ ဘတ်စ်ကားများ ရမ်းကားမှု ပို့စ်တွေပဲ တွေ့ရပါတယ်။ အဲဒါနဲ့ အတူတူ အရေးယူဆောင်ရွက်မှု ပို့စ်တွေကို တွေ့လိုပါတယ်။ ရေကြီးမှုပို့စ်တွေတွေ့တဲ့အခါ ပြင်ဆင်ကယ်ဆယ်မှုတွေကို တွေ့လိုပါတယ်။ တစ်နည်းပြောရရင် ဟော့ဖြစ်တဲ့ ကိစ္စတွေ တက်လာပြီ ဆိုရင် ရေတို လတ်တလော လုပ်ဆောင်ချက်တွေကို အချိန်နဲ့ တပြေးညီ တရားဝင်သိချင်ပါတယ်။ ပြဿနာ ပို့စ်တွေပဲ တွေ့နေရပြီး ဖြေရှင်းချက်ပိုစ့်တွေကို ပြည်သူတွေ အတွေ့ရနည်းတာ ဘယ်သူ့အားနည်းချက်ပါလဲ။
.
(၂) Long term strategic plans - ဟော့ဖြစ်ဖြစ်မဖြစ်ဖြစ်၊ ဘယ်သူပြောပြော မပြောပြော လုပ်ကို လုပ်သင့်တဲ့ ရေရှည်သွားရမယ့် လုပ်ငန်းဆောင်တာတွေအကြောင်း သိလိုပါတယ်။ မဟာဗျူဟာဘယ်လို ချမှတ်ထားတယ်၊ မချမှတ်ရသေးဘူး ဆိုရင်လည်း ချမှတ်ဖို့ ဘယ်လို လုပ်ဆောင်နေတာတွေကို သိလိုပါတယ်။ ဥပမာတစ်ခု ပြောပါမယ်။ ကျွန်တော်အခု ရန်ကုန် လှည်းတန်း မီးပွိုင့်ကို သွားပါမယ်။ လှည်းတန်းမီးပွိုင့်မှာ ပိတ်မိနေတဲ့ ကား ၁၀ စင်းထဲက ကားမောင်းသူ ၁၀ ဦးကို “အခုရန်ကုန်မြို့ကားကျပ်တာ ဖြေရှင်းဖို့ ရန်ကုန်တိုင်းက တာဝန်ရှိသူတွေ ရေရှည် စီမံကိန်း ဘာတွေ လုပ်နေသလဲဆို သိပါသလား” ဆိုတဲ့ မေးခွန်းကို မေးကြည့်ရင် အဲဒီကားမောင်းသူ ၁၀ ဦးထဲက ဘယ်နှစ်ဦးလောက်က ဖြေနိုင်မယ်ထင်ပါသလဲ။ အဲသလိုပါပဲ။ မြန်မာနိုင်ငံမှာ မီးမမှန်တဲ့ကိစ္စကို ဘယ်လိုဖြေရှင်းဖို့ NLD ကြိုးစားနေပါသလဲ လို့ အိမ်ရှင်မတွေကို လိုက်မေးကြည့်ရင် ဘယ်နှစ်ယောက်က ဖြေနိုင်မယ်ထင်ပါသလဲ။ ဒီကိစ္စတွေကို NLD က ဖြေရှင်းမနေဘူးလို့ ပြောတာ မဟုတ်ပါ။ ဖြေရှင်းဖို့ ကြိုးစားနေတဲ့ လုပ်ဆောင်ချက်တွေကို လူတွေက မသိဘူး။ အဲဒီသတင်း အချက်အလက်တွေကို ပြည်သူတွေ လက်ထဲရောက်အောင် ထည့်ဖို့ အားနည်းနေတယ်လို့ ထောက်ပြလိုရင်းပါ။ မလုပ်ဘူးလို့ ပြောတာမဟုတ်၊ လုပ်နေတာတွေ ပြည်သူမသိဘူးလို့ ပြောချင်တာပါ။ အခုလက်ရှိအခြေအနေကိုကြည့်ရင် NLD ဟာ စစ်အစိုးရလက်ထက်က လောက်တောင် သတင်းပြန်ကြားရေးကို မလုပ်နိုင်ပါဘူး။ (စစ်အစိုးရလက်ထက်တုန်းက ဘယ်နေရာမှာ ဘယ်ဆည်ဆောက်နေလဲဆိုတာ ကလေးကအစ သိပါတယ်) NLD ဟာ အတိုက်အခံမဟုတ်တော့ပါဘူး။ အစိုးရဖြစ်နေပါပြီ။ ဘယ်သူသိသိ မသိသိ ငါတို့ ကောင်းတာလုပ်ရင်ပြီးတာပဲကွာဆိုတဲ့ အတိုက်အခံဘ၀က အတွေးမျိုးဟာ ၂၀၂၀ အောင်နိုင်ရေးအတွက် လုံလောက်တဲ့ အတွေးအခေါ်မဟုတ်ပါဘူး။
.
တစ်ခါတည်း ဆက်ပြောရရင် ၂၀၂၀ မှာ အမေစု ရှိမယ်လို့ သေချာပေါက်တွက်ထားလို့ မရပါဘူး။ အတိတ်နဲ့ ပစ္စုပ္ပန်မှာ အမေစုရဲ့နားကပ်ရောင်ကြောင့် NLD ဟာ ပါးပြောင်နေခဲ့ပါတယ်။ တော်ရုံတန်ရုံ ကိစ္စတွေကိုလည်း ပြည်သူက ခွင့်လွှတ်သည်းညည်းခံခဲ့ကြပါတယ်။ မပြောကောင်း မဆိုကောင်း အမေစုမရှိခဲ့ရင် NLD ဘယ်သူ့ကို အားကိုးမှာပါလဲ။ အဲဒီအခါကျရင် NLD မှာ အားကိုးစရာ တစ်ခုပဲ ရှိပါတယ်။ အဲဒါ ပြည်သူပါပဲ။ ဒါကြောင်မို့ ပြည်သူ သရဏံ ဂစ္ဆာမိ ဆိုတဲ့ ဂါထာကို အခုကတည်းက နေ့တိုင်း ရွတ်ဆိုနေပြီး ပြည်သူကို နေ့တိုင်း ထိတွေ့နေဖို့ လိုပါလိမ့်မယ်။ အဲဒီလို ထိတွေ့နေနိုင်အောင် သတင်းပြန်ကြားရေးကို ကောင်းကောင်းကြီး ဒီထက်ပိုပြီး အင်တိုက်အားတိုက် လုပ်ရပါလိမ့်မယ်။ လူအင်အား၊ ဘတ်ဂျက် အစရှိသဖြင့် ပိုသုံးရပါလိမ့်မယ်။ ဒါဟာ လောလောဆယ်မှာ NLD အတွက် အရေးတကြီး လိုအပ်နေတဲ့ မဟာဗျူဟာမြောက် ရင်းနှီးမြုပ်နှံမှုတစ်ခုပါပဲ။
.
တစ်အားရှည်နေပြီးမို့ နိဂုံးချုပ်ပါမယ်။ကျွန်တော့် အမြင်ပြောရရင် ၂၀၂၀ ကျရင်လည်းပဲ ပညာတတ်အများစုက၊ elite အများစုက NLD ကို ထောက်ခံပါလိမ့်မယ်။ NLD ကြုံရမယ့် တကယ့်စိမ်ခေါ်မှုက သာမန်လူတန်းစားနဲ့ အောက်ခြေလူတန်းစားကို ကိုယ့်ရဲ့ ပရိတ်သတ်အဖြစ် ဆက်ထိန်းထားနိုင်ဖို့ပါပဲ။ အမေရိကားမှာ ဒီမိုကရက်တွေ ရှုံးသွားတာ အဲဒါကို မထိန်းနိုင်ခဲ့လို့ပါပဲ။ အခု ရှုံးသွားတော့မှ electoral college ကြောင့် ရှုံးတာ ဘာညာအော်နေလည်း နောက်ကျသွားပါပြီ။ ကျွန်တော်တို့ ရင်ထဲက ပါတီ NLD လည်း ဒါမျိုး ဖြစ်မှာ စိုးတာကြောင့် တွေးမိတာလေးတွေ ရေးလိုက်မိပါတယ်။ မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းဟာ ဖြစ်မှကုသခြင်းထက် ပိုထိရောက်၊ ပိုသက်သာတာမို့ မိကျောင်းမင်းရေခင်းပြတယ်လို့ မထင်ဘဲ သူများတိုင်းပြည်မှာ ဖြစ်ခဲ့တာကို တွေ့ပြီး ကိုယ့်တိုင်းပြည်အတွက် စိတ်ပူနေရှာတဲ့ ပြည်သူ့တစ်ယောက်ရဲ့အသံလို့သာ သဘောထား နားထောင်ပေးပါခင်ဗျား။ ။
ထက်နေလင်းဦး
ဒေါ်နွယ်ထွန်း ဆီကနေ NLD အတွက် ဘာတွေ သင်ခန်းစာ ရနိုင်သလဲ။
Reviewed by MP4 YoU
on
January 04, 2018
Rating: 5
Reviewed by MP4 YoU
on
January 04, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment