Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 22, 2015

စစ်မှန်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကို ပုံမဖျက်ကြပါနဲ့ ...



(၁)

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကြီး တစ်ခုလုံးဟာ အာဏာရှင်တွေရဲ့ လက်အောက်မှာ တစ်စတစ်စနဲ့ ပျက်စီးယိုယွင်း သွားခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ မြန်မာ့ပညာရေးစနစ်ဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိသွားခဲ့ရပါတယ်။ ကျောင်းသားတွေရဲ့ နိုင်ငံရေးနိုးကြားမှုနဲ့ အမျိုးသားရေးစိတ်ဓာတ်တွေကို အပြီးတိုင် ချေမှုန်းပစ်လိုတဲ့ အာဏာရှင်တွေဟာ မြန်မာ့ပညာရေးစနစ် တစ်ခုလုံးကို အကွက်ကျကျနဲ့ ဖျက်ဆီးခဲ့ကြပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ စီမံကိန်းတွေချပြီး ကျောင်းသားတွေကို နှိပ်ကွပ်ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်ပဲ လက်ရှိအချိန်မှာ မြန်မာ့ပညာရေးရဲ့ အခြေခံကောင်းတွေဟာ ဆုံးရှုံးသွားခဲ့ရပါတယ်။ စစ်အစိုးရ လက်ထက်မှာ ပညာရေးကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် တာဝန်ယူပြီးနောက်မှာ ပညာရေးယန္တရား တစ်ခုလုံးဟာ အဆိုးဆုံး ဖြစ်သွားခဲ့ရပါတယ်။

အရင်က ရန်ကုန်တက္ကသိုလ်ဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ အဆင့်မြင့်မြင့် ရပ်တည်နိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ စင်ကာပူ၊ ထိုင်း စတဲ့ နိုင်ငံတွေက နာမည်ကြီးတက္ကသိုလ်တွေနဲ့ ယှဉ်ဖို့ အတော်လေး အလှမ်းဝေးသွားခဲ့ပါပြီ။ အဆင့်မြင့် ပညာရေးစနစ်တစ်ခုလုံး ပျက်စီးသွားရုံမက အခြေခံပညာအဆင့်မှာရှိတဲ့ သင်ရိုးညွှန်းတမ်းတောင် ဒေသတွင်းက သင်ရိုးညွှန်းတမ်းတွေနဲ့ ယှဉ်ကြည့်ရင် နောက်ကျကျန်နေပြီဆိုတာ ငြင်းလို့မရပါဘူး။


(၂)

ဒီလိုအခြေအနေတွေကြောင့်ပဲ ကျောင်းသားထုနဲ့အတူ ပြည်သူလူထုဟာ ပညာရေးပြုပြင်ပြောင်းလဲမှုကို ပြုလုပ်လိုကြတာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အမျိုးသားပညာရေးဥပဒေအပေါ် ကန့်ကွက်ဆန္ဒပြမှုနဲ့ ကျောင်းသားသပိတ်ကြီးဟာ စစ်မှန်တဲ့ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် အရှိန်အဟုန်ပြင်းပြင်းနဲ့ ချီတက်ခဲ့ကြတဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို စတင်ရေးဆွဲအတည်ပြုခဲ့တဲ့ အချိန်ကစပြီး ဆရာသမဂ္ဂ အဖွဲ့အစည်းက ဆရာတွေ၊ ကျောင်းသားသမဂ္ဂက ပညာရေးပြုပြင်ပြောင်းလဲမှု လိုလားသူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီနောက် ရန်ကုန်မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြပွဲတွေ စတင်လာတယ်။ ဒီလိုစတင်တဲ့အချိန်မှာပဲ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ ဆန္ဒပြကျောင်းသားတွေနဲ့ ညှိနှိုင်းမှု၊ ကျောင်းသားတွေနဲ့ တွေ့ဆုံစကားပြောမှုတွေ လုပ်ခဲ့ပေမယ့် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ တိတိကျကျ အဖြေမရခဲ့ပါဘူး။

ဒါကြောင့်ပဲ ကျောင်းသားတွေဟာ အစိုးရကို အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ ရက်ပေါင်း ၆ဝ အချိန် ပေးခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ထိထိရောက်ရောက် တုံ့ပြန်မှုမရှိလို့ ရက် ၆ဝ ကျော်လွန်တဲ့အချိန်မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းဟာ မန္တလေးကနေ ရန်ကုန်အထိ ချီတက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီလို ကျောင်းသားသပိတ် စတင်ချီတက်တဲ့အချိန်ကျမှ သမ္မတက ကျောင်းသားတွေတောင်းဆိုတဲ့ အချက်တွေကို ပြန်လည်စိစစ် ပြင်ဆင်ပေးနိုင်ဖို့ အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သက်တဲ့ သဘောထားမှတ်ချက်ကို သမ္မတက လွှတ်တော်ကို ပို့ခဲ့ပါတယ်။

    ဒီငါးနှစ်အတွင်းမှာ ပညာရေးအသုံးစရိတ်ကို နဂိုထက်တိုးပြီး သုံးစွဲဖို့လိုအပ်မှာ ဖြစ်ပေမယ့် တစ်နိုင်ငံလုံး အသုံးစရိတ်ရဲ့အနည်းဆုံး ရာခိုင်နှုန်း ၂ဝ အစား ၁ဝ ရာခိုင်နှုန်းနဲ့ ၁၅ ရာခိုင်နှုန်းကြားမှာသာ သုံးစွဲသွားသင့်တာပဲ ဖြစ်ပါတယ် . . . . .

ရန်ကုန်ကို ချီတက်လာတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းတွေဟာ လမ်းတစ်လျှောက်မှာ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုကို ရခဲ့တဲ့အချိန်မှာတော့ အာဏာပိုင်တွေဟာ သပိတ်ကို တားဆီးဖို့ လုပ်ဆောင်မှုတွေ ရှိလာခဲ့ပါတယ်။  တောင်သာအဝင်နဲ့ ပြည်မြို့အဝင်တွေမှာ တားဆီးမှုတွေပြုလုပ်ဖို့ စီစဉ်ခဲ့ကြပေမယ့် ပညာရေးတစ်ခုတည်းကိုပဲ အဓိကဦးတည်တောင်းဆိုတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းတွေကို ရပ်တန့်လို့မရဘဲ ညှိနှိုင်းမှုတွေပြုလုပ်ပြီး ရှေ့ဆက်ခွင့် ပြုခဲ့ရပါတယ်။

ဒါပေမဲ့ ကျောင်းသားသပိတ်အတွင်း ဝင်ရောက်ပြီး သပ်လျှိုဖြိုခွဲမှုတွေ ပြုလုပ်နိုင်တဲ့ အရိပ်အယောင်တွေရှိခဲ့တယ်။ အရင်က ပုံစံဟောင်းတွေအတိုင်း ကျောင်းသားသပိတ် လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ ဗကပတွေ၊ ယူဂျီတွေ ကြိုးကိုင်လှုပ်ရှားမှုတွေ ရှိနေတယ်ဆိုတဲ့အချက်တွေနဲ့ ကျောင်းသားသပိတ်ကို တိုက်ခိုက်ဖို့လုပ်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ မီဒီယာတွေရဲ့ စောင့်ကြည့်မှု၊ ပြည်သူလူထုရဲ့ ပညာရေး ပြုပြင်ပြောင်းလဲလိုမှုအပေါ် ထောက်ခံမှုတွေကြောင့် အစိုးရအနေနဲ့ ကျောင်းသားကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အထိ ဖြစ်လာခဲ့ပါတယ်။


(၃)

မထင်မှတ်ဘဲ ကျောင်းသားလှုပ်ရှားမှု ဘာကြောင့်ဒီလောက်ကြီးမားလာခဲ့ပြီး ထောက်ခံမှုတွေရခဲ့တာလဲလို့မေးရင် မြန်မာနိုင်ငံရဲ့ လက်ရှိပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ အမှန်တကယ် လိုအပ်နေတယ်ဆိုတဲ့ အချက်ကို အားလုံးလက်ခံကြလို့ပဲ ဖြစ်ပါတယ်။ လက်ရှိအတည်ပြုပြီးတဲ့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ပြီး ဒီမိုကရေစီပညာရေးကို တောင်းဆိုရတာလဲဆိုရင် ပညာရေးမှာ ဗဟိုဦးစီးချုပ်ကိုင်မှုပုံစံတွေ ရှိနေသေးလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခုချိန်အထိ အမြစ်ပြတ်အောင် မလုပ်နိုင်သေးတဲ့ ကျူရှင်စနစ်၊ အတန်းပညာ၊ ကိုယ့်ရဲ့ပညာရပ်နဲ့ လုပ်ကိုင်စားသောက်ဖို့ ခက်နေသေးတာ၊ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ပညာရေးစနစ် နိမ့်ကျနေသေးတာတွေကြောင့် အခုလိုဒီမိုကရေစီ စံနှုန်းတွေနဲ့မညီတဲ့ ပညာရေးဥပဒေတွေကို ကန့်ကွက်ရတာပဲ ဖြစ်ပါတယ်။

အစိုးရက အနယ်နယ်အရပ်ရပ်က ချီတက်လာကြတဲ့ ကျောင်းသားသပိတ် လှုပ်ရှားမှုတွေကို ရပ်တန့်နိုင်ဖို့ ကျောင်းသားတွေ တောင်းဆိုတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို လက်ခံပေးခဲ့တယ်။ ဒီဆွေးနွေးပွဲမှာ ကျောင်းသားတွေနဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ရဲ့ တောင်းဆိုချက် ၁၁ ချက်ကို သဘောတူပေးခဲ့တဲ့အပြင် လေးပွင့်ဆိုင် ဆွေးနွေးပွဲရလဒ်အဖြစ် ထွက်လာတဲ့ ကျောင်းသားတွေနဲ့ NNER ဘက်က ရေးဆွဲခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို လွှတ်တော်တင်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။


(၄)

ကျောင်းသားတွေဘက်ကလည်း အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ (မူကြမ်း) နဲ့ပတ်သက်ပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းဖို့ သပိတ်စစ်ကြောင်းတွေကို ရန်ကုန်အထိ ဆက်လက်မချီတက်ဘဲ ရပ်နားခဲ့ကြပါတယ်။ ဒါပေမဲ့ ကျောင်းသားသပိတ်စစ်ကြောင်းတွေ ရပ်နားနေတဲ့အချိန်မှာပဲ တက္ကသိုလ်အချို့မှာ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ပညာသင်ကြားရေး၊ အေးချမ်းစွာ စာမေးပွဲဖြေဆိုရေး အတွက်ဆိုပြီး ကျောင်းအာဏာပိုင်တွေက ဦးဆောင်ပြီးတော့ လက်မှတ်တွေ ကောက်ခံတာ၊ ဆန္ဒဖော်ထုတ်ပွဲတွေလုပ်တာ၊ ကြေညာချက်တွေ ထုတ်ပြန်တာတွေနဲ့  လွှတ်တော်ကို ပေးပို့ထားတဲ့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးတာတွေကို ဆက်တိုက်ပြုလုပ် လာကြပါတယ်။ ဒဂုံတက္ကသိုလ်မှာဆိုရင် ကျောင်းသားသပိတ်တွေကို ကန့်ကွက်တဲ့ပွဲတွေ ပါမောက္ခချုပ်က လုပ်ခိုင်းတာတွေ ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကို ပညာရေးဝန်ကြီး ဒေါ်ခင်စန်းရီအနေနဲ့ ဟန့်တားသင့်ပါတယ်။ လွှတ်တော်က ပညာရေးဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးသုံးသပ်နေတဲ့ အချိန်မျိုးမှာ ဒီလိုတစ်ဖက်က လုပ်ဆောင်နေမှုမျိုးတွေအတွက် တာဝန်အရှိဆုံးသူကတော့ ပညာရေးဝန်ကြီး ဒေါ်ခင်စန်းရီပဲ ဖြစ်ပါလိမ့်မယ်။


(၅)

ဒါ့အပြင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေ(မူကြမ်း) လွှတ်တော်ကို တင်တဲ့အချိန်မှာ ကျောင်းသားကိုယ်စားလှယ်တွေနဲ့ NNER ဘက်က ကိုယ်စားလှယ်တွေကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ၊ ပြင်ဆင်တဲ့ဥပဒေ မူကြမ်းအပေါ် ဘာသာရေးကို အသုံးချပြီး လူထုအမြင် မကြည်အောင် ကျောင်းသားလှုပ်ရှားမှုနဲ့ ပညာရှင်တွေရဲ့ တောင်းဆိုမှုတွေအပေါ် သေးသိမ်အောင်ပုံဖျက် လုပ်ဆောင်နေတာတွေလည်း တွေ့ရပါတယ်။ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့မူကြမ်း လွှတ်တော်ကို ပို့ပြီးတဲ့အချိန်မှာပဲ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးလှဆွေက သူ့ရဲ့ facebook စာမျက်နှာကနေ “လွှတ်တော်မှာ မဲခွဲရင် ရှော့ရှိသွားပြီ။ အဲ့အချက် မပါဆိုရင်တော့ လွတ်လွတ်ကင်းကင်း pass ဖြစ်နိုင်ပေမယ့် အဲဒါကြီးက ကွိုင်ပဲ။ အဲဒါကြောင့်လား မသိဘူး။ ဒီနေ့ အာဂျင်ဒါမှာလည်း မပါပြန်ဘူး” ဆိုပြီး ရေးသားဖော်ပြကာ “NNER ၏ အမျိုးသားပညာရေး ဥပဒေပြင်ဆင်မှု အမျိုးသားပညာရေးအတွက် အန္တရာယ်ကြီးမား” ဆိုတဲ့ ဘာသာရေးနဲ့နွှယ်ပြီး ဥပဒေပြင်ဆင်တဲ့ မူကြမ်းကို တိုက်ခိုက်ဝေဖန်ထားတဲ့ အခြားသူတစ်ဦးရဲ့ ပို့စ်ကိုပြန်လည် ဖြန့်ဝေခဲ့တာ တွေ့ရပါတယ်။

အဲဒီပို့စ်ထဲက ရေးသားချက်တွေထဲမှာ တည်ဆဲအမျိုးသားပညာရေး ဥပဒေထဲက အခန်း(၆) ကျောင်းအမျိုးအစားဆိုရာမှာ အခြားဘာသာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများလို့ ဖြည့်စွက်ထားတဲ့အတွက် ဒါဟာမိမိတို့ ဘာသာရေးကို ရတက်မအေး ဖြစ်နေတဲ့ လူအများစု ကျေနပ်နိုင်ကြမှာမဟုတ်ဘဲ ဘာသာရေး အဓိကရုဏ်းတွေအတွက် မီးပွားတစ်စ ဖြစ်လာနိုင်တယ်။ ဘာသာရေးအခြေခံ အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်သမားတွေ လွတ်လပ်စွာ မွေးထုတ် ခွင့်ပြုသလို ဖြစ်မယ်။ အမျိုးသား လုံခြုံရေးကို ထိခိုက်စေမယ် ဆိုတဲ့ အချက်တွေကို ရေးသားပြီး တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းမှာ တည်ဆဲအမျိုးသားပညာရေး ဥပဒေ အခန်း (၁၄) မှာ ပါတဲ့ ၆၈ (က) ဘာသာရေးကိုသာ သီးသန့်သင်ကြားပေးသော ကျောင်းများသည် ဤဥပဒေနှင့် သက်ဆိုင်ခြင်း မရှိစေရဆိုတဲ့ အချက်ကို ပြင်ဆင်ထားခြင်းမရှိလို့ အထက်က ပြောခဲ့တဲ့ အချက်တွေဟာ အဓိပ္ပာယ်မရှိဘဲ ချက်အောက်ပိုင်း ထိုးသလို ဖြစ်နေတယ်လို့ NNER ကိုယ်စားလှယ်တွေက ပြန်လည်တုံ့ပြန်မှုတွေ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် အစိုးရသတင်းစာတွေကနေ ပြည်သူလူထု လေ့လာအကြံပြုနိုင်ဖို့ ဖော်ပြပေးခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ တည်ဆဲအမျိုးသား ပညာရေးဥပဒေ နှိုင်းယှဉ်မှုတွေထဲမှာလည်း ဥပဒေတွေကို အပြည့်အစုံ အတိအကျ ဖော်ပြထားတာတွေမရှိလို့ ဝိဝါဒကွဲစရာတွေ၊ အထင်အမြင် လွဲမှားစရာတွေ ဖြစ်စေနိုင်ပါတယ်။


(၆)

ဒီလိုအခြေအနေတွေမှာ ပြင်ဆင်ရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ တိုက်ခိုက်မှုတွေ၊ ဘာသာရေးကို အခြေပြုပြီး လူထုအကြား အထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေမှုတွေဟာ သေးသိမ်တဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေကြမ်းဟာ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်က ဆုံးဖြတ်မှာဖြစ်တယ်။ ဒီနေရာမှာ လွှတ်တော်အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာ ဥပမာ- ဒီမိုကရေစီ ပညာရေးအတွက် အဓိကလိုအပ်တဲ့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးလိုဟာမျိုးတွေကို လက်ခံပြီး ဘဏ္ဍာရေးနဲ့ ဆိုင်တဲ့ဟာတွေ၊ ပညာရေးအသုံးစရိတ်နဲ့ ဆိုင်တဲ့ဟာတွေကိုတော့ စနစ်တကျ အချိန်ယူသုံးသပ် အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

    ကျောင်းသားသပိတ်စစ်ကြောင်းတွေ ရပ်နားနေတဲ့အချိန်မှာပဲ တက္ကသိုလ်အချို့မှာ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ပညာသင်ကြားရေး၊ အေးချမ်းစွာ စာမေးပွဲဖြေဆိုရေး အတွက်ဆိုပြီး ကျောင်းအာဏာပိုင်တွေက ဦးဆောင်ပြီးတော့ လက်မှတ်တွေ ကောက်ခံတာ၊ ဆန္ဒဖော်ထုတ်ပွဲတွေလုပ်တာ၊ ကြေညာချက်တွေ ထုတ်ပြန်တာတွေနဲ့  လွှတ်တော်ကို ပေးပို့ထားတဲ့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးတာတွေကို ဆက်တိုက်ပြုလုပ် လာကြပါတယ်။ ဒဂုံတက္ကသိုလ်မှာဆိုရင် ကျောင်းသားသပိတ်တွေကို ကန့်ကွက်တဲ့ပွဲတွေ ပါမောက္ခချုပ်က လုပ်ခိုင်းတာတွေ ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကို ပညာရေးဝန်ကြီး ဒေါ်ခင်စန်းရီအနေနဲ့ ဟန့်တားသင့်ပါတယ်။ လွှတ်တော်က ပညာရေးဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးသုံးသပ်နေတဲ့ အချိန်မျိုးမှာ ဒီလိုတစ်ဖက်က လုပ်ဆောင်နေမှုမျိုးတွေအတွက် တာဝန်အရှိဆုံးသူကတော့ ပညာရေးဝန်ကြီး ဒေါ်ခင်စန်းရီပဲ ဖြစ်ပါလိမ့်မယ် . . . .

NNER လို ဆရာတွေအနေနဲ့ကလည်း ပညာရှင်ဘက်ကနေကြည့်ရင် မှန်တယ်ဆိုပေမယ့် နိုင်ငံရေး သမားတွေဘက်က နိုင်ငံရေးနည်းနဲ့ သုံးသပ်အဖြေရှာမှုတွေအပေါ် လက်ခံပေးဖို့ လိုပါလိမ့်မယ်။

လွှတ်တော်ကို တင်ထားတဲ့ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေ (မူကြမ်း) ရဲ့ အခန်း (၁၂) မှာ နိုင်ငံရဲ့ ပညာရေးအသုံးစရိတ်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံး အသုံးစရိတ်ရဲ့ ရာခိုင်နှုန်း ၂ဝ အနည်းဆုံး သုံးစွဲမည်ဆိုတဲ့ အချက်ကလည်း တကယ်တော့ ဂျာနယ်လစ်တစ်ယောက်အနေနဲ့  ထောက်ပြရမယ်ဆိုရင် မဖြစ်သင့်သေးဘူးလို့ ပြောချင်ပါတယ်။ လက်ရှိအခြေအနေအရ နိုင်ငံရဲ့စစ်အသုံးစရိတ် ကြီးမားနေဆဲဖြစ်နေတာ Infrastructure ပိုင်း အရမ်းကို လိုအပ်နေသေးတဲ့ အချိန်မှာ ဒီလိုပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်ရဲ့ ရာခိုင်နှုန်း ၂ဝ အနည်းဆုံး သုံးစွဲရမယ် ဆိုတာကလည်း မလွယ်နိုင်သေးပါဘူး။ ဒီငါးနှစ်အတွင်းမှာ ပညာရေးအသုံးစရိတ်ကို နဂိုထက်တိုးပြီး သုံးစွဲဖို့လိုအပ်မှာ ဖြစ်ပေမယ့် တစ်နိုင်ငံလုံး အသုံးစရိတ်ရဲ့အနည်းဆုံး ရာခိုင်နှုန်း ၂ဝ အစား ၁ဝ ရာခိုင်နှုန်းနဲ့ ၁၅ ရာခိုင်နှုန်းကြားမှာသာ သုံးစွဲသွားသင့်တာပဲ ဖြစ်ပါတယ်။


(၇)

ဒါ့အပြင် Side by side ကြည့်မယ်ဆိုရင် NNER အနေနဲ့လည်း ဒီလိုပြင်ဆင်တဲ့ ဥပဒေကြမ်းရေးဆွဲရာမှာ မျှတမှု ဘယ်လောက်ထိရှိမယ်၊ Bias ရှိ မရှိတဲ့အချက်ကလည်း ပြောဖို့ခက်နိုင်ပါတယ်။ NNER မှာ ပါဝင်တဲ့သူအချို့ဟာ ခရိုနီတွေရှိသလို ပုဂ္ဂလိကကျောင်းပိုင်ရှင်အချို့နဲ့ သူတို့နဲ့ဆက်စပ်နေသူ အချို့တွေလည်း ရှိနေပါတယ်။

ဒါ့ကြောင့် အခုလိုပညာရေးကို စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုဖော် ဆောင်တဲ့နေရာမှာ တစ်ဖက်တည်းကိုပဲကြည့်လို့ မဖြစ်နိုင်ပါဘူး။ တိုင်းပြည်အတွက်ပဲကြည့်ပြီး လုပ်ဆောင်သင့်ပါတယ်။ ယေဘုယျ သဘောတူညီချက်တွေအပေါ် လက်ခံပြီး မှန်ကန်တဲ့အဖြေကို ရှာကြရပါမယ်။ ရရင် ရ၊ မရရင် ချဆိုတဲ့ ပုံစံမျိုးတွေကလည်း မဖြစ်သင့်တော့ပါဘူး။

ဒီလိုမှမဟုတ်ရင်၊ သဘောတူညီမှုတွေ မရရင် ရန်ကုန်ကို ဇွတ်အတင်းချီတက်မယ် ဆိုတာမျိုးတွေကလည်း ရလဒ်ကောင်း မဖြစ်နိုင်ပါဘူး။ အစိုးရဘက်က တာဝန်ရှိသူတွေအနေနဲ့လည်း အချိန်ဆွဲတာမျိုး ရှိကောင်းရှိမယ်။ လုပ်ကောင်းလုပ်နိုင်တယ်။ ဒါပေမဲ့ အခုလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကာလမှာ လွှတ်တော်၊ အစိုးရ စတဲ့အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေး မဏ္ဍိုင်တွေက လှည့်စားမှုတွေ လုပ်လာမယ်ဆိုရင် လူထုအနေနဲ့လည်း ငြိမ်ခံနေကြမှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် စစ်မှန်တဲ့ပညာရေး ပြုပြင်ပြောင်းလဲမှုကို တရားမျှတခြင်း၊ သည်းခံခြင်း၊ မှန်ကန်ခြင်းတွေနဲ့ သွားရမှာဖြစ်ပြီး လိမ်လည်လှည့်ဖြားမှုတွေနဲ့ အောက်လမ်းနည်းတွေသုံးပြီး အမှားတွေ မလုပ်မိကြဖို့ လိုပါလိမ့်မယ်။


လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ကျောင်းသားကိုယ်စားလှယ်နှင့် NNER ဘက်မှ တောင်းဆိုခဲ့သည့် အချက် ၁၁ ချက်

(၁)  ပညာရေးမူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမ ကိုယ်စားလှယ်များ ပါဝင်ရန်ကိစ္စ၊

(၂) ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်လှုပ်ရှားခွင့်နှင့် ၎င်းသမဂ္ဂများ တည်ရှိမှုအပေါ် တရားဝင် အသိအမှတ်ပြုရေးကိစ္စ၊

(၃) လက်ရှိပြဋ္ဌာန်းပြီးဖြစ်သော အမျိုးသားပညာရေး ဥပဒေတွင်ပါဝင်သည့် အမျိုးသား ပညာရေးကော်မရှင်နှင့် တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းထားခြင်းကိစ္စ၊

(၄) ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စ၊

(၅) လက်ရှိကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်စနစ်များ ပြင်ဆင်ရန်ကိစ္စ၊

(၆) ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်လေ့လာ စူးစမ်းသင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ ပြောင်းလဲရန်ကိစ္စ၊

(၇) တိုင်းရင်းသား မျိုးနွယ်စုများ၏ ဘာသာစကား လွတ်လပ်ခွင့်နှင့် မိခင်ဘာသာ စကားအခြေပြု ဘာသာစကားစုံ ပညာရေးစနစ်ကို အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရန်ကိစ္စ၊

(၈) မသန်စွမ်းကလေးများ အပါအ၀င် ကလေးအားလုံးအတွက် လူတိုင်းအကျုံးဝင် ပညာရေးကိစ္စ၊

(၉) ကျောင်းသား အရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်လည် တက်ရောက်ခွင့် ရရှိရေးကိစ္စ၊

(၁၀)  ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ရာခိုင်နှုန်း ၂၀ သတ်မှတ်ရေးကိစ္စ၊

(၁၁) အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို မူလတန်းအဆင့်သာမက အလယ်တန်းအဆင့်အထိ တိုးမြှင့်ကျင့်သုံးရေးကိစ္စ


တည်ဆဲ အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) နှိုင်းယှဉ်ချက်အချို့

တည်ဆဲ အမျိုးသားပညာရေးဥပဒေ

အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို အမျိုးသားပညာရေး ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

    (ဂ) ကော်မရှင်ဆိုသည်မှာ ဤဥပဒေပုဒ်မ (၅) အရ ဖွဲ့စည်းထားသည့် အမျိုးသားပညာရေး ကော်မရှင်ကို ဆိုသည်။

ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)

အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကို အမျိုးသားပညာရေးကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

    (ခ) ဤဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးသည့်နေ့တွင် အတည်ဖြစ်သည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

    (ဂ) ပယ်ဖျက်သည်။



တည်ဆဲ အမျိုးသားပညာရေးဥပဒေ

အခန်း (၃) အမျိုးသားပညာရေးဆိုင်ရာ အခြေခံမူများ

၎။ အမျိုးသားပညာရေးဆိုင်ရာ အခြေခံမူများမှာ အောက်ပါအတိုင်းဖြစ်သည်-

    (က) ပညာရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပညာရေးမြှင့်တင်မှုတို့အတွက် နိုင်ငံ သားတိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊

    (ခ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများကို သက်ဆိုင်ရာဥပဒေနှင့်အညီ တည်ထောင်ခွင့်ပြုခြင်းနှင့် ပညာရေးလုပ်ငန်းများ၌ ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အားပေးမြှင့်တင်ရေး၊

    (ဂ) ကျောင်းနေအရွယ် ကလေးသူငယ်နှင့် လူငယ်အားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် မသန်စွမ်းသူ နိုင်ငံသားများ အပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် မရရှိသူများကို လူတိုင်းအကျုံးဝင် ပညာရေးအရ ပညာသင်ယူနိုင်ခွင့် ရရှိစေရန် အထူးပညာရေး အစီအစဉ်နှင့် ပညာရေး အထူးဝန်ဆောင်မှုအစီအစဉ် ထားရှိရေး၊

   (ဃ) နိုင်ငံသားတိုင်း ပညာသင်ယူခွင့်ရရှိပြီး ဘ၀တစ်လျှောက် စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်သော ပညာရေး အခွင့်အလမ်းများ ဖန်တီးပေးရေး၊

ပြင်ဆင်သည့် ဥပဒေ (မူကြမ်း)

အခန်း (၃) အမျိုးသားပညာရေးဆိုင်ရာ အခြေခံမူများ

၎။ အမျိုးသားပညာရေးဆိုင်ရာ အခြေခံမူများမှာ အောက်ပါအတိုင်းဖြစ်သည်-

   (က) နိုင်ငံတော်သည် ပညာရေးလွတ်လပ်ခွင့်ကို အာမခံရေး၊

   (ခ) ပညာရေးလွတ်လပ်ခွင့်တွင် ကျောင်းသားများလွတ်လပ်ခွင့်၊ ဆရာများ လွတ်လပ်ခွင့်၊ သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်၊ ဘာသာစကားလွတ်လပ်ခွင့်၊ အတွေးအခေါ်လွတ်လပ်ခွင့်၊ ဒေသဆိုင်ရာလွတ်လပ်ခွင့်၊ ကျောင်းများလွတ်လပ်ခွင့် စသည်တို့ပါဝင်ရေး၊

   (ဂ) ပညာရေးမူဝါဒများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲအတည်မပြုမီ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များ၊ ဆရာသမဂ္ဂ ကိုယ်စားလှယ်များ၊ မိဘများ၊ လွတ်လပ်သော ပညာရှင်များ၊ ပညာရေးဆိုင်ရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်များကို ရယူထည့်သွင်းရေး၊

   (ဃ) ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ၊ လွတ်လပ်စွာဖွဲ့စည်း ထူထောင်လှုပ်ရှားခွင့်ရှိရေး၊



တည်ဆဲ အမျိုးသားပညာရေးဥပဒေ

အခန်း (၆) ကျောင်းအမျိုးအစား

၃၄။ ကျောင်းအမျိုးအစားကို အောက်ပါအတိုင်းသတ်မှတ်သည်-

    (ဆ) အထူးပညာရေး အစီအစဉ် ကျောင်းများ၊

ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)

အခန်း (၆) ကျောင်းအမျိုးအစား

၃၄။ ကျောင်းအမျိုးအစားကို အောက်ပါအတိုင်း သတ်မှတ်သည်-

(ဆ) အထူးကျောင်းများ၊

(ည) အခြားဘာသာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများ (ပုဒ်မခွဲ (ည) ကို အသစ်ဖြည့်စွက်ခြင်း ဖြစ်ပါသည်)



တည်ဆဲအမျိုးသား ပညာရေးဥပဒေ

အခန်း (၁၂) ဘဏ္ဍာရေး

၆၂။ သက်ဆိုင်ရာကျောင်း သို့မဟုတ် ပညာရေး အဖွဲ့အစည်းသည် ပြည်တွင်း ပြည်ပပုဂ္ဂိုလ် သို့မဟုတ် တရားဝင် အဖွဲ့အစည်းများ၏ ထောက်ပံ့လှူဒါန်းငွေ သို့မဟုတ် ပစ္စည်းများကို စိစစ်လက်ခံနိုင်သည်။

ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)

အခန်း (၁၂) ဘဏ္ဍာရေး

၆၂။ (က) နိုင်ငံ၏ ပညာရေးအသုံးစရိတ်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်း အနည်းဆုံး သုံးစွဲမည်။

     (ခ) သက်ဆိုင်ရာကျောင်း သို့မဟုတ် ပညာရေး အဖွဲ့အစည်းသည် ပြည်တွင်း ပြည်ပ ပုဂ္ဂိုလ် သို့မဟုတ် တရားဝင် အဖွဲ့အစည်းများ၏ ထောက်ပံ့လှူဒါန်းငွေ သို့မဟုတ် ပစ္စည်းများကို စိစစ်လက်ခံနိုင်သည်။



အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဝေဖန်တိုက်ခိုက်ခံရမှု အချို့နှင့် ပတ်သက်သည့် အမြင်များ

“အသစ်ဖြည့်စွက်လိုက်တဲ့ ပုဒ်မခွဲ (ည) အခြားဘာသာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများ ဆိုတဲ့နေရာမှာ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ကျောင်းတွေ မကျန်အောင်လို့ ထည့်ထားတာဖြစ်ပါတယ်။ လူတိုင်းအကျုံးဝင် ပညာရေးရဲ့ အဓိပ္ပာယ်ပြည့်စုံအောင် ထည့်ထားတာဖြစ်တယ်။ ဘာသာရေးကျောင်းတွေက တချို့လူတွေ စိုးရိမ်သလို ဘယ်လိုမှ မဖြစ်လာနိုင်ပါဘူး။ ဥပဒေတစ်ခုကို လေ့လာတဲ့နေရာမှာ မူလဥပဒေကိုပါ ကြည့်ရပါတယ်။ အခုကြေညာထားတဲ့ ဥပဒေက အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေဖြစ်ပါတယ်။ မူလဥပဒေက မပျက်ပါဘူး။ မူလဥပဒေထဲက အထွေထွေ ပြဋ္ဌာန်းချက်ထဲမှာ အတိအကျ ပြထားပြီးသား။ အစိုးရရဲ့ ပြဋ္ဌာန်းချက်ကို ကျွန်မတို့ မဖြုတ်ထားဘူး။ ပုဒ်မ ၆၈ အပိုဒ်ခွဲ (က)ဖြစ်တဲ့ “ဘာသာရေးကိုသာ သီးသန့်သင်ကြားပေးသော ကျောင်းများသည် ဤဥပဒေနှင့် သက်ဆိုင်ခြင်း မရှိစေရ” ဆိုတာ အတိအကျ ပါပြီးသားဖြစ်လို့ တချို့စိုးရိမ်နေသလို ဘယ်လိုမှ မဖြစ်လာနိုင်ပါဘူး။ ဒါကြောင့် ကျွန်မအနေနဲ့ တောင်းဆိုချင်တာက အစိုးရအနေနဲ့ မူလဥပဒေကို အပြည့်အစုံ ပြန်ဖော်ပြပေးပါ။ ကိုယ်လိုချင်တဲ့ နေရာလေးကိုပဲကွက်ပြီး ဖော်ပြထားတာဟာ ဆူပူဖို့အတွက်၊ အကြမ်းဖက်ဖို့အတွက် အခြေအနေတွေကို ဖန်တီးပေးတာပဲ ဖြစ်တယ်လို့ ကျွန်မကတော့ တုံ့ပြန်ချင်ပါတယ်။ ရိုးသားပါ။ တိုင်းပြည်အတွက် နောင်ရေးအတွက် ရိုးရိုးသားသားချဉ်းကပ်ပါ။ ရိုးရိုးသားသားနဲ့ ရှေ့ဆက်ပါလို့ ပြောချင်ပါတယ်”
NNER ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်း

“နှိုင်းယှဉ်ဖော်ပြထားတာမှာ အပြည့်အစုံ မပါဘူးဆိုတာဟုတ်တယ်။ အပြည့်အစုံ မပါတဲ့အတွက် ပြည်သူလူထုဘက်မှာ ထင်ယောင်ထင်မှား ဖြစ်လာတဲ့ ပြဿနာတွေ ပေါ်ပေါက်လာတယ်။ ဒါဟာ အစိုးရဘက်က မရိုးဖြောင့်တဲ့ သဘောဆောင်တယ်။ အစိုးရဘက်က တာဝန်ရှိတဲ့သူတွေက တကယ်တမ်း အစိုးရ တစ်ရပ်အနေနဲ့ ကိုယ့်သိက္ခာ ကိုယ်ပြန်ချနေတဲ့ သဘောဖြစ်တယ်။  အစိုးရအဖွဲ့ထဲမှာ ဗျူရိုကရက် ယန္တရားဆန်တဲ့ သူတွေက ပြောမယ်ဆိုရင် ခုသွားနေတဲ့ ဒီမိုကရေစီစနစ်ကို များစွာအလုပ်ပျက်စေတဲ့ အပြုအမူရှိတဲ့ အသိုင်းအဝိုင်းတစ်ခု ရှိနေတာက ခုဒီမိုကရေစီစနစ်ကို သွားနေတဲ့ အစိုးရအတွက်က အနှောင့်အယှက်တစ်ခု ဖြစ်နေတယ် ဆိုတာကို ကျွန်တော့်အနေနဲ့ ပြောချင်တယ်”
ဒေါက်တာ အာကာမိုးသူ

“အစိုးရ ကျွန်တော်တို့သပိတ်တွေ နားထားတာကို အခွင့်ကောင်းယူပြီး မဟုတ်မမှန် ဝါဒဖြန့်လာတယ်။ ကျွန်တော်တ လူငယ်တွေက ကတိတည်သလောက် လူကြီးတွေက ကတိမတည်ဘူး။ ဒါဟာ လေးပွင့်ဆိုင် သဘောတူညီချက်ကို ချိုးဖောက်နေတာပဲ။ နောက်တစ်ခုက ကျောင်းတွေမှာ တန်ပြန်ကန့်ကွက်တဲ့သဘော လုပ်လာတာက ကျောင်းသားတွေကို သပိတ်ပြန်စဖို့ မီးမွှေးပေးနေတဲ့ သဘောလို့ထင်တယ်။ တကယ်လို့ သပိတ်တွေ ပြန်စလာရင် အရင်ကထက် ပိုကြီးမားတဲ့ သပိတ်ဖြစ်သွားလိမ့်မယ်။ ဒါဟာ စိန်ခေါ်နေတာပဲ”
ကိုနန်းလင်း (ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်)
- See more at: http://news-eleven.com

No comments:

Post a Comment