Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 28, 2015

သက်ရှိမြန်မာ့နိုင်ငံရေးသမိုင်း (ခ) သခင်တင်မြ ကွယ်လွန်ရှာပြီ


မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုမှာ ကာလကြာမြင့်စွာ ပါဝင်ခဲ့ပြီး ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်ကနေ စစ်အာဏာရှင်ခေတ်၊ အရပ်သားတစ်ပိုင်း ဒီမိုကရေစီအစိုးရခေတ်အဆက်ဆက်ထိ ဖြတ်သန်းခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်တင်မြဟာ ဖေဖော်ဝါရီ ၂၈ရက် အသက် ၉ဝအရွယ်မှာ ရန်ကုန်မြို့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သခင်တင်မြဟာ ဘယ်လိုလူစားမျိုးလဲ။

သခင်တင်မြဟာ ၁၉၂၄ခုနှစ် စက်တင်ဘာလ ၉ရက်နေ့က ဧရာဝတီတိုင်း ဓနုဖြူမြို့မှာ မွေးဖွားခဲ့ပြီး မူလတန်းအောင်မြင်တဲ့အထိ ပညာသင်ကြားခဲ့ပြီး အသက် ၁၃နှစ်မှာ တို့ဗမာအစည်းအရုံးကို ဝင်ရောက်ပြီး သခင်တင်မြအဖြစ် ခံယူခဲ့ပါတယ်။ ၁၉၄၁ ခုနှစ် အသက် ၁၇နှစ်အရွယ်မှာ သခင်စိုးဦးဆောင်တဲ့ ကွန်မြူနစ်ပါတီကို ဝင်ရောက်ခဲ့ပြီး မြေအောက်စည်းရုံးရေးသမားဘဝ၊ ၁၉၄၂ ပြည်တွင်းသူပုန်ခေါင်းဆောင်ဘဝ၊ ၁၉၄၄ ကွန်မြူနစ်ပါတီ ပထမအကြိမ်ကွန်ဂရက်ရဲ့ ဗဟိုကော်မတီဝင်ဘဝ၊ ၁၉၄၅ခုနှစ် ဖက်ဆစ်တော်လှန်ရေးမှာ တိုင်း၇တိုင်း နိုင်ငံရေးမှူး၊ ၁၉၄၆ခုနှစ်မှာ အလံနီပါတီ ပေါလစ်ဗြူရိုအဖွဲ့ဝင်၊ ၁၉၄၉မှာ အလံနီကနှုတ်ထွက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီဝင် တောခို၊ ၁၉၅၈ ရန်ကုန်မြေအောက်စည်းရုံးရေး တာဝန်ခံ စတာတွေကို ထမ်းဆောင်ခဲ့ပြီး အစိုးရရဲ့ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

ရန်ကုန်ဘောင်ဒရီစစ်အချုပ်ထဲမှာရှိနေချိန် ဗမာပြည်ကွန်မြူနစ်ပါတီဝင်အဖြစ်က နှုတ်ထွက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထောက်ခံပြီး ၁၉၆၂မှာ မဆလအမြုတေပါတီမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လမ်းစဉ်ပါတီရဲ့ ဗဟိုစည်းရုံးရေးကော်မတီ အကြံပေးအဖွဲ့မှာ ဗိုလ်ရဲထွဋ်၊ ကိုချစ်လှိုင် (ကိုကိုမောင်ကြီး)၊ ဗိုလ်သိန်းတန်၊ ဒေါက်တာမောင်မောင်၊ ဦးစောဦး၊ ဦးဘညိမ်၊ ဦးသီဟန်တို့နဲ့အတူ ပါဝင်ခဲ့ပါတယ်။

ပြည်သူပိုင်သိမ်းရေးအဖွဲ့ ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပြီး အမြုတေပါတီကနေ ပြည်သူ့ပါတီအဖြစ် မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)ရဲ့ ပထမအကြိမ် ပါတီညီလာခံမှာ ဗဟိုကော်မတီဝင်အဖြစ် ၁၉၇၁မှာ ရွေးချယ်ခံခဲ့ရပါတယ်။ ၁၉၇၇မှာ ပါတီကနေ ထုတ်ပယ်ခံရပြီး နိုင်ငံ့ဂုဏ်ရည်ပထမဆင့် ချီးမြှင့်ခံခဲ့ရသူ သခင်တင်မြဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ရွှေတို့ကို ကူညီပေးခဲ့လို့ ရေကြည်အိုင်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

၁၉၉၂မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီမှုနဲ့ ထောင်အနှစ် ၂ဝ ချမှတ်ခံခဲ့ရပြီး ဆီးကြိတ်ဝေဒနာကြောင့် ၁၉၉၃မှာ ထောင်ကနေ လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကွယ်လွန်ချိန်အထိ နိုင်ငံရေးမှာပါဝင်လှုပ်ရှားမှု မရှိတော့ဘဲ သမိုင်းမှတ်တမ်းတွေကို ရေးသားပြုစုခဲ့ပြီး ၁၉၄၅ခုနှစ်အထိ ကိုယ်တွေ့နိုင်ငံရေးမှတ်တမ်းတွေကို ရေးသားထားတဲ့ ဘုံဘဝမှာဖြင့် စာအုပ်အပြင်၊ ဘုံဘဝမှာဖြင့် အမှားနှင့်အမှန်၊ ဘုံဘဝမှာဖြင့် ထပ်ချပ်မကွာ၊ ဘုံဘဝကိုဖြင့် မျှော်တိုင်းဝေး၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပတ်သက်သော မှတ်တမ်းများ၊ ဗိုလ်ချုပ်သာရှိနေသေးလျှင် စတဲ့မှတ်တမ်းတွေကိုလည်း ပြုစုခဲ့ပါတယ်။

သခင်တင်မြဟာ မကွယ်လွန်ခင်က ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိပြုစုရေးကော်မတီမှာ ပါဝင်ခဲ့ပြီး ကွယ်လွန်ချိန်အထိ ဗိုလ်ချုပ်ရဲ့ အတ္ထုပ္ပတ္တိစာအုပ်နဲ့ ဘုံဘဝကိုဖြင့်မျှော်တိုင်းဝေး (၁၉၈၈ခုနှစ်အထိ) မှတ်တမ်းတွေ အပြီးသတ်ပြုစုထားနိုင်ခဲ့တာတော့ မရှိခဲ့ပါဘူး။
https://www.facebook.com/KamayutMedia/posts/1084540724896456

No comments:

Post a Comment