Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 11, 2014

ဒုချီးရားတန်းတွင် ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးမှုမှလွဲ၍ အခြားသေဆုံးမှုမတွေ့ရဟု လူ့အခွင့်အရေးကော်မရှင်ပြော

  ဒုချီးရားတန်းကျေးရွာအုပ်စုဖြစ်စဉ်နှင့် ပတ်သက်၍ ပေါ်ထွက်ခဲ့သော သတင်းများကို မြေပြင်တွင် သွားရောက်စုံစမ်းစစ်ဆေးရာ၌ တပ်ကြပ်ကြီးသေဆုံးမှုမှလွဲ၍ အခြားသော လူသေမှုများနှင့် ဒဏ်ရာရသည်ဆိုသော သတင်းများမှာ သက်သေပြနိုင်သည့် အချက်အလက်များ မတွေ့ ခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သတင်းရရှိသည်။

““လူဘယ်နှယောက်  အသတ်ခံရတယ်။ ဘယ်နှစ်ဦး ဒဏ်ရာရတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတဲ့အတွက် ကျွန်တော်တို့ မြေပြင်မှာ သွားရောက်စုံစမ်းတဲ့အခါမှာ ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးမှုကလွဲရင် ကျန်တာတွေက သက်သေပြနိုင်တဲ့အချက်အလက်တွေ မတွေ့ရဘူး။ အသတ်ခံရတဲ့သူတွေကို သင်္ချိုင်းမှာ မြှုပ်ထားတယ်လို့ ပြောပေမယ့် သွားကြည့်တော့လည်း မတွေ့ရဘူး””ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်ကပြောသည်။

ယခုလ ၁၃ ရက်တွင် ဒုချီးရာတန်း ကျေးရွာရှိ ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အခြားသောပြဿနာအချို့ ပေါ်ပေါက်လာခဲ့ပြီး လူရှစ်ဦး အသတ်ခံရခြင်း၊ လူ ၄၀ အသတ်ခံရခြင်းနှင့် ထိခိုက်ဒဏ်ရာရသူဦးရေ ၂၂ ဦး ရှိနေခြင်း စသည့် သတင်းအမျိုးမျိုးထွက်ပေါ်နေသည့်အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဖြစ်စဉ်ကို အမှန်အတိုင်းသိရှိနိုင်ရန် အဆိုပါဒေသတွင် သုံးရက်ကြာ သွားရောက်စုံစမ်းစစ်ဆေးခဲ့ပြီး မြေပြင်တွင် ကြုံတွေ့နေသည့် အခြေအနေများကို မှတ်တမ်းများရယူခဲ့သည်။

““နယ်စည်းမခြားဆရာဝန်များအသင်းက သူတို့ဆီမှာ ဒဏ်ရာရထားတဲ့ လူနာ ၂၂  ဦး ရှိတယ်လို့ ပြောတယ်။ လူနာက ဘယ်မှာလဲလို့မေးတော့ မပြောတဲ့အတွက် မတွေ့ခဲ့ရဘူး။ သူတို့ပြောတာ ဟုတ်၊ မဟုတ် မသိသေးဘူး။ ပြဿနာဖြစ်ခဲ့တဲ့ ကျေးရွာတွေမှာလည်း အမျိုးသမီးတွေပဲရှိတယ်။ အမျိုးသားတွေကို မတွေ့ခဲ့ရဘူး””ဟု ဒေါက်တာဉာဏ်ဇော်က ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဒုချီးရားတန်းကျေးရွာသို့  သွားရောက်၍ စုံစမ်းစစ်ဆေးခဲ့သည့်ကိစ္စများနှင့် စပ်လျဉ်း၍ မြေပြင်တွင်  ၎င်းတို့တွေ့ရှိခဲ့ပြီး မှတ်တမ်းတင်ခဲ့သည်တို့ကို မကြာမီရက်ပိုင်းအတွင်း သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် အဆိုပါကိစ္စများနှင့် စပ်လျဉ်း၍ ဖြစ်စဉ်ကို စုံစမ်းနိုင်ရန် နိုင်ငံတော်အစိုးရက စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့စည်းထားပြီး အဆိုပါကော်မတီအနေဖြင့် ဒူချီးရားတန်းကျေးရွာတွင် ကြုံတွေ့ခဲ့သည့်ကိစ္စများကို စုံစမ်းစစ်ဆေးပြီး ယခုလ ၂၈ ရက်တွင် နိုင်ငံတော်သမ္မတထံသို့ တင်ပြသွားမည်ဖြစ်သည်။

7day Daily

ဒုချီးရားတန်းကျေးရွာသို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများ ဇန်န၀ါရီ နောက်ဆုံးပတ်အတွင်းက သွားရောက်ခဲ့စဉ် ဓာတ်ပုံ - Hmuu Zaw Facebook

No comments:

Post a Comment