Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 3, 2014

ဆိုင်ကယ်နှင့် တပ်တီအီးတစ်စီး တိုက်၍ GTU ကျောင်းသားတစ်ဦး သေဆုံး

မှော်ဘီမြို့နယ် မြောင်းတကာ ကျေးရွာ ပြည်လမ်း မိုင်တိုင်အမှတ် ၃၈/ ၁ အနီးတွင် ဒီဇင်ဘာလ ၃၁ ရက် ည ၈ နာရီခန့်က ကျောင်းသားသုံးဦး စီးနင်းလာသော ဆိုင်ကယ်ကို မင်္ဂလာဒုံမြို့နယ် အမှတ် (၃၂၃) ထောက်ပံ့ရေးတပ်မှ တီအီး ယာဉ်တစ်စီးက မျက်နှာချင်းဆိုင် တိုက်မိရာမှ မှော်ဘီနည်းပညာ တက္ကသိုလ် (GTU) ကျောင်းသားတစ်ဦး သေဆုံးပြီး ကျန်တက္ကသိုလ် ကျောင်းသားနှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မှော်ဘီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
တိုက်ကြီးမြို့နယ်မှ မှော်ဘီမြို့နယ် ဘက်သို့ တပ်သားကျော်စွာဦး မောင်းနှင်လာသော တီအီးယာဉ်မှာ ၄င်း၏ ယာဉ်ရှေ့တွင် မောင်းနှင်နေသော ဟိုင်းလတ်ယာဉ်ကို ကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိခဲ့ပြီး မျက်နှာချင်းဆိုင်မှ အမျိုးသားသုံးဦး လိုက်ပါ စီးနင်းလာသော ဆူဇူကီး မော်တော် ဆိုင်ကယ်ကို တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ မှော်ဘီ GTU မှ B-Tech ပထမနှစ် တက်ရောက်နေသူ မောင်မျိုးဇော်ထွန်းမှာ နေရာတွင် သေဆုံးခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
"ကားနဲ့တိုက်တဲ့ အရှိန်ကြောင့် ဆိုင်ကယ်နောက်မှာ ပါတဲ့ လူနှစ်ယောက် လွင့်ထွက်သွားပေမယ့် ဆိုင်ကယ်မောင်းတဲ့ သူက မျက်နှာချင်းဆိုင် တိုက်မိတာကြောင့် ဆိုင်ကယ်နဲ့အတူ လွင့်ပါသွားတာ။ ညာဘက်နဖူးကနေ နောက်စေ့ဘက် ခြမ်းထိ တောက်လျှောက် ကွဲထွက်တဲ့ ဒဏ်ရာနဲ့ ပွဲချင်းပြီး ဆုံးသွားရှာတာ" ဟု မျက်မြင်တွေ့ရှိခဲ့သူ ကျွဲကူးကျေးရွာ နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ရှင်းပြသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နောက်တွင် ပါလာသော မှော်ဘီ GTU ကျောင်း မှ B-Tech ပထမနှစ် ကျောင်းသား မောင်ကိုလွင်နှင့် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ဓာတုဗေဒ ပထမနှစ်ကျောင်းသား မောင်ဇော်မျိုးဝေ တို့တွင် ဖူးရောင်ပွန်းပဲ့ ဒဏ်ရာ များရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ကုသထားကြောင်း မှော်ဘီမြို့မစခန်း မှ သိရှိရသည်။ ယာဉ် မဆင်မခြင် မောင်းနှင်သူ တပ်သားကျော်စွာဦးကို ယာဉ်(ပ) ၈၂/၁၃၊ ပုဒ်မ ၃ဝ၄-က/ ၃၃၈/၂၇၉ တို့ဖြင့် အမှုဖွင့်ပြီး မင်္ဂလာဒုံရှိ သက်ဆိုင်ရာ တပ်ခွဲသို့ လွှဲပြောင်းအပ်နှံထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရှိရသည်။

No comments:

Post a Comment