Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label အောင်သောင်း. Show all posts
Showing posts with label အောင်သောင်း. Show all posts

Sunday, July 26, 2015

ဦးအောင်သောင်း၏ ဈာပနမြင်ကွင်း

 ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ခံ ဦးအောင်သောင်း၏ ရုပ်အလောင်းအား မီးသဂြိုလ်ရန် ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့ လှိုင်ရတနာမွန်နေအိမ်မှ သယ်ဆောင်လာခဲ့ပြီး နံနက် ၉ နာရီခွဲတွင် ရေဝေးသုသာန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ဦးအောင်သောင်း၏ ရုပ်အလောင်းကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အတွင်းရေးမှူးဒေါ်ရွှေဇီးကွက်
ကိုယ်တိုင်မောင်းနှင်ပို့ဆောင်ပေးခြင်း ဖြစ်ပြီး နံနက် ၁၀ နာရီတွင် မီးသဂြိုလ်မည်ဖြစ်သည်။

စင်ကာပူနိုင်ငံတွင် ဆေးကုသမှုခံယူခဲ့သည့် ဦးအောင်သောင်းသည် ဇူလိုင်၂၃ ရက် နံနက်ပိုင်းက ကွယ်လွန်သွား၍ ရန်ကုန်မြို့နေအိမ်တွင် ငါးရက်ကြာထားရှိခဲ့ပြီး ယနေ့မှသာ သဂြိုလ်ခြင်း ဖြစ်သည်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)




Friday, July 24, 2015

ဦးအောင်သောင်းပေးတဲ့ သင်ခန်းစာ



 လူတစ်ယောက် သေလုမြောပါး ဖြစ်နေတယ်ဆိုတဲ့ သတင်းဟာ အခြားလူတွေ အတွက်တော့ ဝမ်းမြောက် ၀မ်းသာ ဖြစ်စရာ သတင်းတော့ မဟုတ်ပါဘူး။

 ဒါပေမဲ့ မကြာသေးခင်ကတော့ အရင်စစ်အစိုးရ လက်ထက်မှာ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်ခဲ့တဲ့၊ လက်ရှိအချိန်မှာလည်း အာဏာရပါတီမှာ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ် နေတဲ့ ဦးအောင်သောင်း ဦးနှောက်သွေးကြောပြတ်လို့ ဆေးရုံတင်လိုက်ရတယ်ဆိုတဲ့ သတင်း ကို ကြားရတဲ့အခါမှာတော့ လူတော်တော်များများ၊ ကာတွန်းဆရာတွေက အစ၊ ထင်ရှား ကျော် ကြားသူတွေ အလယ်၊ သတင်းစာ ဆရာတွေအဆုံး ဝိုင်းပြီး မေတ္တာပို့ကြပါတယ်။ မြန်မြန် ကျန်းမာပါစေလို့တော့ မဟုတ်ပါဘူး။

အဲဒီနေ့မှာပဲ သူနဲ့ဆက်နွယ်တဲ့ သတင်းတွေ၊ သရော်စာတွေ၊ အထူးသဖြင့် ကာတွန်း အကွက်ပေါင်း ဆယ်ဂဏန်းကျော်လောက် အွန်လိုင်းပေါ်တက်လာတာ တွေ့ရပါတယ်။ အဲဒီလို ပါပဲ အနုတ်လက္ခဏာ ဆောင်တဲ့ အဓိပ္ပာယ်၊ ကျန်းမာရေးမကောင်းတာကို ဝမ်းမြောက်တဲ့ အဓိပ္ပာယ်နဲ့ရေးထားတဲ့ ဖေ့စ်ဘွတ်ခ် စတေးတပ်ပေါင်းကလည်း မနည်းမနောပါ။ သတင်း ဌာနတွေကတင်တဲ့ ဦးအောင်သောင်းရဲ့ ကျန်းမာရေးသတင်းအောက်မှာလည်း ဝင်ပြီးမှတ်ချက် ပေးတဲ့ မှတ်ချက်ပေါင်းကလည်း တစ်သီတစ်တန်းကြီးပါပဲ။

ဒါက လူထုရင်ထဲက မကျေနပ်မှုတွေ၊ နာကျည်းမှုတွေကို ပြသနေတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ မန္တလေးက ပြည်သူ့အချစ်တော် လူရွှင်တော် ဦးချစ်စရာ ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းတက်လာပါတယ်။ အဲဒီသတင်းအောက်မှာတော့ 'ဦးချစ်စရာ မြန်မြန် ကျန်းမာလာပါစေ'ဆိုပြီး ဆုတောင်းပေးတဲ့ မှတ်ချက်တွေပဲ တက်လာ ပါတယ်။ သူ့မကောင်းကြောင်း ရေးထားတဲ့မှတ်ချက် တစ်စွန်းတစ်စတောင် မရှိပါဘူး။ နယ်ပယ် ချင်းမတူပေမယ့် နှိုင်းယှဉ်စဉ်းစားစရာပါ။

အလားတူပါပဲ။ ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သူရဦးအောင်ကို ဆေးရုံတက်ရောက်ကုသမှု ခံယူရတဲ့သတင်း၊ ဒီရက်ပိုင်းမှာ တက်လာတော့ အမြန်ဆုံးပြန်လည် ကောင်းမွန်ပါစေကြောင်း ဆုတောင်းကြသူတွေ မနည်းလှပါဘူး။ အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်တွေ့ဆုံအားပေးခဲ့ပါ သေးတယ်။ ဘာတွေများ ကွာခြားနေလို့ပါလဲ။

ဦးအောင်သောင်းဆိုတာ အရင်အစိုးရလက်ထက်မှာ တန်ခိုးထွားခဲ့သူတစ်ဦးဖြစ်ပြီး ၁၉၄ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့မှာ မွေးဖွားခဲ့ကာ သူ့ကိုယ်သူ ဝဲလောင်ရွာဇာတိလို့ ပြောလေ့ ရှိပါတယ်။ အချို့မှတ်တမ်းတွေမှာတော့ တောင်သာမြို့နယ်၊ ကျောက်ကာရွာဇာတိလို့ ဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ သူ့ကို ဝဲလောင်သားလို့ ခေါ်လေ့ရှိတယ်လို့ ဆိုပါ တယ်။ သားသမီးခြောက်ယောက်ရှိပြီးတစ်ဦးကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ သားမက် ဖြစ်ပါတယ်။

ဦးအောင်သောင်းဟာ OTS အပတ်စဉ် (၃ဝ) ဆင်းဖြစ်ပြီး တပ်မတော်မှာ ဗျူဟာမှူး ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ် မတ်လ(၃ဝ)ရက်နေ့အထိ စက်မှု(၁)ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မွေး/ ရေ ဝန်ကြီးအဖြစ်နဲ့လည်း တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ဗဟိုအတိုင်ပင်ခံအနေနဲ့ လုပ်ကိုင်နေပြီး ပြည်သူ့လွှတ်တော်မှာ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဋ္ဌနေရာ ရယူထားပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင်အနေနဲ့လည်း လုပ် ကိုင်ခဲ့ဖူးပါတယ်။ ဦးအောင်သောင်းရဲ့ မိသားစုဝင်တွေဟာ ရေနံ၊ သဘာဓာတ်ငွေ့၊ သစ်နဲ့ ဆန် စပါး ရောင်း ဝယ်ရေး၊ ကွန်ပျူတာနဲ့ လျှပ်စစ်ပစ္စည်း တင်သွင်းတဲ့လုပ်ငန်း၊ ဘဏ်လုပ်ငန်းတွေ လုပ်ကိုင်နေ ပါတယ်။ အောင်ရီဖြိုး ကုမ္ပဏီ နဲ့ IGE ကုမ္ပဏီများအုပ်စုကို စင်ကာပူနိုင်ငံမှာ ၂ဝဝ၁ ခုနှစ်က မှတ်ပုံတင်ထားပါတယ်။

ဦးအောင်သောင်းကို ပြီးခဲ့တဲ့နှစ်၊ နိုဝင်လာလ အိုဘားမားမြန်မာနိုင်ငံ မလာခင်လေးမှာ အရေးယူပိတ်ဆို့မှုလုပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်တာကို ကန့်ကွက်ကြောင်း ပြည်ထောင်စု လွှတ်တော်က ဝိုင်းဝန်းကန့်ကွက်ခဲ့ဖူးပါတယ်။
ဦးအောင်သောင်းဟာ ဟိုအရင်တုန်းကရော၊ အခုအချိန်မှာရော ပြည်သူတွေ အလွန် မုန်းတီးတဲ့ 'စွမ်းအားရှင်'အဖွဲ့ကို ကြိုးကိုင်နေတာဖြစ်တယ်လို့ အတိုက်အခံတွေ၊ တက်ကြွ လှုပ်ရှားသူတွေက စွပ်စွဲပြောဆိုတာတွေရှိနေသလို ၂ဝဝ၃ ခုနှစ်၊ ဒီပဲယင်းအရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူတွေကို အကြမ်းဖက်ရိုက်နှက်ဖြိုခွင်းရာမှာလည်း သူပါဝင် ပတ်သက်မှုရှိတယ်လို့လည်း စွပ်စွဲပြောဆိုပါတယ်။ သူ့ရဲ့ချမ်းသာ ကြွယ်ဝမှု၊ သူ့မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုတွေဟာ ပြည်သူတွေဆီက မတရားရထားတဲ့ ငွေတွေလို့လည်း စွပ်စွဲပြောဆို မှုတွေရှိပါတယ်။ ဦးအောင်သောင်းကတော့ အဲဒါတွေအားလုံးကို ငြင်းဆိုထားပါတယ်။

ပြည်သူတွေမုန်းနေတာ ဦးအောင်သောင်းတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ပြည်သူ တွေဟာ ဦးအောင်သောင်းကို မုန်းတီးတာလား။ မဟုတ်လောက်ပါဘူး။ အာဏာရှင်တွေကိုသာ မုန်းတာပါ။ အာဏာနဲ့ ပြည်သူလုထုအပေါ်ဖိနှိပ်တဲ့သူတွေကို မုန်းတာပါ။ တကယ့် တကယ် ပြန်ပြီးစဉ်းစားကြည့်မယ်ဆိုရင် တစ်ချိန်က ပြည်သူလူထုကို ဖိနှိပ်ခဲ့တဲ့သူတွေဟာ ပြည်သူ လူထုရဲ့ ဒဏ်ခတ်တာကို ခံရတတ်ပါတယ်။ ကမ္ဘာပေါ်မှာ ပေါ်ပေါက်ခဲ့တဲ့ အာဏာရှင်တော်တော် များများရဲ့ အဆုံးသတ်က လှပလေ့မရှိပါဘူး။

ဥပမာပြောရရင် ဖက်ဆစ်အာဏာရှင် မူဆိုလီနီ။ သူသေသွားတဲ့အချိန်မှာ သူ့ကို မီလန်မြို့ မှာ ဇောက်ထိုးဆွဲထားပြီး လူတွေက တံတွေးနဲ့ထွေး၊ ခြေထောက်တွေနဲ့ ကန်ကျောက်တာတွေ လုပ်ခဲ့ကြပါတယ်။ ရိုမေးနီးယား အာဏာရှင်ဟောင်း Nicolae Ceausescu ဟာတော့ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာ(၂၁)မှာ လူအုပ်ကြီးရဲ့ ဝိုင်းဝန်းဖမ်းဆီးတာခံရလို့ ဇနီးသည်နဲ့အတူ ဟယ်လီ ကော်ပတာစီးပြီး ထွက်ပြေးခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ဖမ်းဆီးခြင်းခံရပြီး လူမျိုးသုဉ်း သတ်ဖြတ်မှု၊ လာဘ်စားမှုတွေနဲ့ သေဒဏ်စီရင်ခြင်း ခံရပါတယ်။ နောက်တစ်ယောက်ကတော့ လစ်ဗျားက ဂဒါဖီဖြစ်ပါတယ်။ သူရဲ့ ဖိနှိပ်မှုကြောင့် ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလမှာ လစ်ဗျား လွတ်မြောက်ရေးတပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။

ဒါပေမဲ့ ပထမပိုင်းမှာ မည်မျှပင်ဆိုးဝါးခဲ့ပေမယ့် နောက်ပိုင်းမှာ လူတွေရဲ့ ကြည်ညို ခြင်းခံရတဲ့သူတွေလည်း ရှိပါသေးတယ်။ အဲဒါကတော့ ဖရက်ဒရစ်ဝီလျံဒီကလာ့ခ် ဖြစ်ပါတယ်။ ပထမပိုင်းမှာ ဒီကလာ့ခ်ဟာ ပထမပိုင်းမှာ လူမည်းတွေရဲ့ မုန်းတီးခြင်းကို ခံခဲ့ရပေမယ့် နယ်ဆင် မင်ဒဲလားနဲ့ အောင်မြင်စွာ ညှိနှိုင်းနိုင်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးကို အောင်အောင်မြင်မြင် လုပ် ဆောင်ခဲ့တဲ့အတွက် Felix Houphouet-Boigny ငြိမ်းချမ်းရေးဆုကို ၁၉၉၁ ခုနှစ်မှာ ရရှိခဲ့ကာ နိုဘယ်ငြိမ်းချမ်းရေးဆုကိုတော့ ၁၉၉၃ ခုနှစ် မှာ မင်ဒဲလားနဲ့ ပူးတွဲရရှိခဲ့ပါတယ်။ ဒါဟာ အကယ်၍သာ ကောင်းတဲ့အလုပ်တွေကို အား သွန်ခွန်စိုက်လုပ်ခဲ့မယ်ဆိုရင် အရိပ်မည်း ရှိတဲ့ သမိုင်းကြောင်းကို ပြောင်းပစ်နိုင်တယ်ဆိုတာ ပြနေတာပါ။

ဆိုလိုချင်တာက ပြည်သူတွေက ကိုယ့်အပေါ် မကောင်းမြင်တာတွေကို ကောင်းတာတွေ အများကြီးလုပ်ပြီး ပြောင်းလဲနိုင်တယ်ဆိုတာပါ။ ဦးအောင်သောင်းကို အာဏာရှင်လို့ မပြောလို ပါဘူး။ သို့သော် ပြည်သူတွေ မနှစ်သက်ဘူးဆိုတာကတော့ ထင်ရှားပါတယ်။ အခုဆိုရင် ဦးအောင်သောင်းရဲ့အဖြစ်ဟာ အားလုံးကိုသက်သေပြသွားခဲ့ပါပြီ။ ဦးအောင်သောင်းဟာ ၂ဝ၁၁ ခုနှစ်ကစလို့ ပြည်သူတွေ အကျိုး ဆောင်ရွက်ခဲ့တယ်လို့ ဆိုရပေမယ့် ပြည်သူလူထုရင်ထဲက အမုန်းကိုတော့ မပြေပျောက်စေနိုင်သေးပါဘူး။

ပြည်သူလူထုတွေရဲ့ အမုန်းစာရင်းမှာ ပါတာက ဦးအောင်သောင်းတစ်ယောက်တည်း မဟုတ်ပါဘူး။ ကျန်တဲ့ ထိပ်တန်းခေါင်းဆောင်တွေရှိပါသေးတယ်။ သူတို့အနေနဲ့ အခုအဖြစ် ဟာ သင်ခန်းစာယူမယ်ဆိုရင် သင်ခန်းစာယူစရာပါ။ မြန်မာလူမျိုးတွေရဲ့ စိတ်ထားကို ကြည့် ရှုခြင်းအားဖြင့် ဘယ်လို လူမျိုးကိုမှ မသေစေချင်ပါဘူး။ အခုတွေ့ကြုံနေရသမျှကို ရေးသားနေတဲ့ စာရေးသူ ကိုယ်တိုင်လည်း ဦးအောင်သောင်းအပေါ် ဘယ်လို အညှိုးအာဃာတမှ မရှိပါဘူး။ လူဆိုတာ ကိုယ် ပြုသမျှကို ကိုယ်ခံရမယ်။ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရမယ်ဆိုတဲ့ လောက တရားသဘောကိုပဲ နှလုံးသွင်းထားပါတယ်။

မြန်မာပြည်သူလူထုအများစုဟာ ဗုဒ္ဓ ဘာသာဝင်တွေဖြစ်ပြီး အာဃာတ တရားတွေ ကို အလွယ်တကူ သင်ပုန်းချေတတ်ကြပါ တယ်။ အကယ်၍ ပြည်သူ့အတွက် တကယ်ပဲ ကောင်း ကျိုးဆောင်ရွက်နေပါတယ် ဆိုတာ သက်သေပြနိုင်ခဲ့ရင်ပေါ့လေ။ အခုတော့ ဦးအောင်သောင်း ဟာ ကမ္ဘာလောက က ထွက်ခွာသွားပါပြီ။ သူဘာ တွေချန်ထားခဲ့နိုင်သလဲ၊ သူဘာတွေ သယ် ဆောင်သွားနိုင်သလဲ။

မန္တလေးအလင်းနေ့စဉ်ထုတ်သတင်းစာ
https://www.facebook.com/mandalayahlindailynewspaper
Popular Post

Thursday, July 23, 2015

ဦးအောင်သောင်း ဈာပန တနင်္လာနေ့ပြုလုပ်မယ်


 ဇူလိုင်လ ၂၃ ရက် နေ့ မနက်က စင်ကာပူ နိုင်ငံမှာ ကွယ်လွန် သွားခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းရဲ့ ဈာပနကို ဇူလိုင် ၂၇ ရက် တနင်္လာနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

အဲဒီနေ့ မနက်ပိုင်း မီးသဂြိုဟ် ပြီးတဲ့ အခါ အရိုးကို တောင်သာ မြို့နယ် ကျောက်ကာရွာကို သယ်ယူသွားပြီး လွန်ခဲ့တဲ့ ၂ နှစ်က ကွယ်လွန်ခဲ့တဲ့ ဦးအောင်သောင်း ဇနီးရဲ့ အုတ်ဂူ နံဘေးမှာပဲ ဂူသွင်း မယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဦးနှောက် သွေးကြောပေါက်တဲ့ ရောဂါကြောင့် စင်ကာပူနိုင်ငံမှာ သွားရောက် ဆေးကုသခံယူရင်း ကွယ်လွန်သွားခဲ့တဲ့ ဦးအောင်သောင်းရဲ့ အလောင်းကို မြန်မာ နိုင်ငံဆီ ပြန်လည် သယ်ဆောင်ဖို့ စီစဉ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ ညသန်းခေါင်ချိန်အနီးမှာ ဦးနှောက်သွေးကြောပေါက်တဲ့ အတွက် ဦးအောက်သောင်းဟာ နေပြည်တော် ဆေးရုံမှာ တက်ရောက် ကုသမှုခံယူခဲ့ပြီး နောက်တနေ့မှာ စင်္ကာပူ ဆေးရုံကို အထူး လေယာဉ်နဲ့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ဆေးကုသမှု ခံယူစဉ် ကာလ အတွင်း တစ်ကြိမ်တော့ သတိ ပြန်လည်လာခဲ့သေးပေမဲ့ စကားတော့ မပြောနိုင်ခဲ့ဘူးလို့ စောစောက ပြောတဲ့ မိသားစုနဲ့ နီးစပ်သူကပဲ ပြောပါတယ်။

ဦးအောင်သောင်းဟာ န၀တ အစိုးရလက်ထက်မှာ စက်မူ(၁) ၀န်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ရင်းနှီးသူဖြစ်သလို သြဇာကြီးမားတဲ့ ၀န်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးချယ်ခံပြီး အနိုင်ရရှိခဲ့ပါတယ်။

ဦးအောင်သောင်းကို ၁၉၄၀ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ မွေးဖွားခဲ့ပြီး လာမယ့် ဒီဇင်ဘာလမှာ အသက် ၇၅ နှစ် ပြည့်မှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဦးအောင်သောင်း နှင့်ပတ်သက်သည့်အကြောင်းအရာတချို့


 ဦးအောင်သောင်းကို ၁၉၄၀ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှားမွေးဖွားခဲ့ကာသူ့ကိုယ်သူ ဝဲလောင်ရွာ ဇာတိလို့ ပြောလေ့ရှိပါတယ်။ အချို့မှတ်တမ်းတွေမှာတော့ တောင်သာမြို့နယ် ကျောက်ကာရွာ ဇာတိလို့ ဆိုပါ တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ 
သူ့ကို ဝဲလောင်သားလို့ ခေါ်လေ့ရှိတယ်လို့ ဆိုပါတယ်။

 သားသမီးခြောက်ယောက်ရှိပြီး တစ်ဦးကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ သားမက်ဖြစ်ပါတယ်။ ဦးအောင်သောင်းအား OTS အပတ်စဉ် (၃၀) ဆင်းဖြစ်ပြီး တပ်မတော်မှာ ဗျူဟာမှူး ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် မတ်လ(၃၀) ရက်နေ့အထိ စက်မှု (၁) ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မွေး/ရေ ဝန်ကြီးအဖြစ်နဲ့လည်း တာဝန်ထမ်းဆောင်ခဲ့ပါသေး တယ်။

လက်ရှိမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ဗဟိုအတွင်းရေးမှူးအနေနဲ့ လုပ်ကိုင် နေပြီး ပြည်သူ့လွှတ်တော်မှာ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ နေရာ ရယူထား ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင်အနေနဲ့လည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။

ဦးအောင်သောင်းရဲ့ မိသားစုဝင်တွေဟာ ရေနံ၊ သဘာဓာတ်ငွေ့၊ သစ်နဲ့ ဆန် စပါးရောင်းဝယ်ရေး၊ ကွန်ပျူတာနဲ့ လျှပ်စစ်ပစ္စည်းတင်သွင်းတဲ့လုပ်ငန်း၊ ဘဏ်လုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။ အောင်ရီဖြိုး ကုမ္ပဏီနဲ့ IGE ကုမ္ပဏီများ အုပ်စု ကို စင်္ကာပူနိုင်ငံမှာ ၂၀၀၁ ခုနှစ်က မှတ်ပုံတင်ထားပါတယ်။

Messenger News Journal
https://www.facebook.com/pages/Messenger-News-Journal

ပြည်ခိုင်ဖြိုး ပါတီ၏ ဗဟိုအတိုင်ပင်ခံ တစ်ဦးဖြစ်သည့် ဦးအောင်သောင်း ကွယ်လွန်

 ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပထမအကြိမ် ပါတီညီလာခံတွင် ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇူလိုင်၂၃ ရက် (ဆင်ဟွာ)

    ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဗဟိုအတိုင်ပင်ခံ ၊ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းသည် ဇူလိုင်လ ၂၃ ရက် မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က စင်ကာပူနိုင်ငံ၌ ကွယ်လွန်ခဲ့၍ ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ဝမ်းနည်းကြောင်း အဆိုတင်သွင်း ခဲ့သည်။

၎င်းဝမ်းနည်းကြောင်း အဆိုကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး၊ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ဦးဝင်းမြင့်က ထောက်ခံခဲ့ပြီး၊ ပြည်ထောင်စု လွှတ်တော်က ဝမ်းနည်းကြောင်း အဆိုအား အတည်ပြုခဲ့သည်။ဦးအောင်သောင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ၂ မိနစ် ငြိမ်သက်ကာ မေတ္တာပို့ ဆုတောင်းခြင်း ပြုလုပ်ခဲ့ ကြသည်။

ဦးအောင်သောင်းသည် ၁၉၄၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် မွေးဖွားခဲ့ခြင်း ဖြစ်ပြီး၊ ကွယ်လွန်ချိန်တွင် အသက် ၇၅ နှစ်ရှိပြီ ဖြစ်သည်။

တောင်သာမြို့နယ် အမတ် ဦးအောင်သောင်းသည် ဇူလိုင်လ ၈ ရက်နေ့ ည ၁၁း၃၀ နာရီတွင် ဦးနှောက် သွေးကြော ပေါက်သဖြင့် နေပြည်တော် ခုတင် တစ်ထောင် ဆေးရုံသို့ တင်ပို့ ခဲ့ရပြီး အခြေအနေ စိုးရိမ်ရသဖြင့် စင်ကာပူ နိုင်ငံတွင် ဆေးကုသရန် ဇူလိုင်လ  ၉ ရက်နေ့တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စင်ကာပူ နိုင်ငံသို့ ပို့ဆောင် ကုသမှု ခံယူခဲ့ပြီး ၁၅ ရက်အကြာ မောင့် အယ်လီဇဘတ် ဆေးရုံတွင် ကွယ်လွန် ခဲ့ခြင်း ဖြစ်သည်။

၁၉၆၂ ခုနှစ်တွင် မန္တလေး တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး အထက်တန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ၁၉၆၄ ခုနှစ်၌ မှော်ဘီ ဗိုလ်သင်တန်း အပတ်စဉ် (၃၁) သို့ တက်ရောက်ခဲ့ပြီး တပ်မတော်၌ စတင်တာ ဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၁ ခုနှစ်တွင် မကွေးတိုင်း တဝတ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါသည်။

၁၉၉၃ ခုနှစ်မှစ၍ ကုန်သွယ်ရေး ဝန်ကြီး ဌာန၏ ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း၊ ထို့နောက် ဗိုလ်မှူးကြီး အဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီး တာဝန်များ ရယူခဲ့သည်။

ထို့နောက် ၁၉၉၇ ခုနှစ်၌ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ ပြောင်းလဲ ပြီးချိန်တွင် ဦးအောင်သောင်းသည် စက်မှု (၁) ဝန်ကြီးဌာန ဝန်ကြီး ဖြစ်လာခဲ့ပြီး အဆိုပါတာဝန်ကို ၂၀၁၀  အထိ တာဝန်ယူ ခဲ့သည်။

ဦးအောင်သောင်းတွင် သားသမီး လေးဦးရှိပြီး ဗိုလ်မှူးချုပ်မိုးအောင်၊ ဦးနေအောင်၊ ဦး ပြည်အောင် (ဒုတိယဗိုလ်မှူးကြီးငြိမ်း) နှင့် ဒေါ်ခင်ငုရည်ဖြိုးတို့ ဖြစ်ကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com/myanmar/politics-law-military/739-2015-07-23-09-15-24

Saturday, July 11, 2015

ဦးအောင်သောင်းရဲ့ အခြေအနေ


   

    စင်ကာပူမှာဆေးကုသမှုခံယူနေတဲ့ အောင်သောင်းပါ...စိုးရိမ်ပေးနေသူများ
ဆုတောင်းပေးလိုက်ကြပါအုံး....
BBC သတင်းအရ ဦးအောင်သောင်းရဲ့ GCS = 5 လို့သိရပါတယ်။
GCS =Glasgow Coma Scale (သတိမေ့မှုစကေး)
COMA = သတိလစ်မေ့မျောခြင်း
.
ပြထားတဲ့ဇယားမှာပါတဲ့အတိုင်း
၁။ မျက်စိဖွင့်နိုင်မှု (Eye opening response)
၂။ စကားပြောနိုင်မှု (Verbal response)
၃။ ကိုယ်လက်လှုပ်ရှားနိုင်မှု (Motor Response)
ဆိုတာတွေနဲ့ တိုင်းတာပါတယ်။
.
အသက်ရှူစက်နဲ့ နေရတယ်ဆိုတော့ ပါးစပ် သို့မဟုတ် နှာခေါင်းထဲမှာ
ပိုက်ထည့်ထားတော့ စကားမပြောနိုင်တာ အသံမထွက်နိုင်တာ သေချာပါတယ်။
.
ဒါကြောင့်
၂။ စကားပြောနိုင်မှု (Verbal response) မှာ တစ်မှတ်ပဲ ရပါတယ်။
၁။ မျက်စိဖွင့်နိုင်မှု (Eye opening response) နဲ့ ၃။ ကိုယ်လက်လှုပ်ရှားနိုင်မှု (Motor Response) တွေမှာ ၂ မှတ်စီရပါတယ်။ မျှားအနီတွေနဲ့ ပြထားပါတယ်။
.
အားလုံးပေါင်းလိုက်ရင် BBC သတင်းထဲကလို ၅ မှတ်ရပါတယ်။
.
ဇယားရဲ့ အောက်ဆုံးစာကြောင်းမှာ ရေးထားတာကို ဖတ်ရင်
Severe Brain Injury = 3 - 8
Moderate Brain Injury = 9 - 12
Minor Brain Injury = 13 - 15
ဆိုတာကို တွေ့ရမှာပါ။
3 အဆိုးဆုံးဖြစ်ပြီး 15 ကတော့ အကောင်းဆုံးပါ။ ဦးအောင်သောင်းမှာက
အဆိုးဆုံးထက် ၂ မှတ်ပဲ ပိုများပါတယ်။ နောက်ထပ် ၃ မှတ် ထပ်ပေါင်းနိုင်
ရင်တောင် ၈ မှတ်ပဲရှိသေးတဲ့အတွက် အဆိုးထဲမှာပဲ ရှိပါသေးတယ်။
.
အဲဒီတော့ ဦးအောင်သောင်းရဲ့ သတိမေ့မှုဟာ (Severe Brain Injury = 3 - 8)
ဆိုးရွားသော သတိမေ့မှုလို့ ခေါ်ရမှာပါ။
.
အတွေ့အကြုံအရဆိုရင် ဒီလိုအခြေအနေဟာ အကောင်းပကတိဖြစ်လာတာ
မတွေ့ခဲ့ဘူးပါ။ အသက်ရှင်ရင် ကံအကောင်းဆုံးပါ။ အသက်ရှင်ရင်တောင်
နာတာရှည်ဒုက္ခိတဘဝနဲ့ နေရဖို့က ဖြစ်ဖို့ အများဆုံးပါ။ ဘယ်သူမှ မနေချင်တဲ့
ဘဝမျိုး ဖြစ်ဖို့က များပါတယ်။
.
ဒီအချက်တွေအားလုံးဟာ BBC သတင်းအရ GCS=5 ဆိုတဲ့ အပေါ်မှာ
တွက်ချက်ပြောရတာပါ။ အဲဒီပြောတဲ့အချက်ကို လူမမာကိုကိုယ်တိုင်စမ်းသပ်
တဲ့သူက မှားပြောတယ်ဆိုရင်တော့ ကျနော်ပြောတာလဲ မမှန်နိုင်ပါဘူး။
.
BBC သတင်းကို အောက်ပါလင့်မှာ နားထောင်နိုင်ကြပါတယ်။
.
https://soundcloud.com/bbcburmese/u_aung_thaung_1

Tam Kee