Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 11, 2019

ရေနစ်တဲ့ဟင်္သာ


ကျွန်တော့ Friends တွေထဲ နိုင်ငံခြားမှာ မဟာဘွဲ့ကို Environmental တွေ Industrial Ecology တွေ နဲ့ ယူလာတဲ့သူတွေ မြင်အောင် ထောက်ပြတာ။

ဒီပုံက မွန်ပြည်နယ် ပေါင်မြို့  နတ်ကြီးချောင်နားကဆင်ရွာ ရေတံခွန်နား က နှမ်းဖတ်ကျောက်ထုတ်လုပ်ရေးစခန်းတွေကို ရိုက်ထားတာ။

၂၀၁၉ ဇူလိုင် ၂၀ စနေနေ့ နေ့ခင်း ၁:၃၀ မှာကုလားမတောင်ကြားလမ်းမပေါ်ကနေ ရိုက်ထားတာ။

ဇင်းကျို က်ရေတံခွန် ဆင်ရွာရေတံခွန်ဆိုတာ မွန်ပြည်နယ်တကြောက မိုးရွာပြီဆိုတာနဲ့အပြေးအလွှား သွားပျော်ရတဲ့ သဘာဝရဲ့လက်ဆောင်တွေ။

ဆင်ရွာရေတံခွန်ကို ရောက်ဖူးတဲ့လူတိုင်း မြင်ကြတယ်။ မမြင်သူမရှိ တစ်စချင်း ဖြို ချခြင်းခံနေရတဲ့ တောင်တန်းကြီးကို။ကြားကြတယ်။ မကြားကြသူမရှိ။

မိနစ်နှစ်ဆယ်လောက်မှာတစ်လုံးနှုန်း ဖောက်ခွဲနေတဲ့ ဟိန်းနေတဲ့ဒိုင်းနမိုက်ခွဲသံတွေ ယန္တရား အသံတွေကို။

တာဝန်ရှိသူတွေရဲ့ ခံစားတတ်တဲ့ နှလုံးသားနဲ့ဆင်ခြင်နိုင်တဲ့ ဦးနှောက်ကို တာဝန်မယူချင်တဲ့တာဝန်မယူရဲတဲ့ တာဝန်မခံချင်တဲ့ ညံ့ဖျင်းမှုတွေဖုံးလွှမ်းလိုက်တဲ့အခါ လူတိုင်းတွေ့နေတဲ့ ဖြို ချခံနေရတဲ့ တောင်တန်းတွေကို မတွေ့နိုင်လူတိုင်းကြားနေရတဲ့ဒိုင်းနမိုက်ခွဲသံတွေကို မကြားနိုင် ရှာကြတော့ဘူး။

ကျွန်တော်ကတော့ ရောက်တိုင်းသွားကြည့်တယ်။

ရေဝေရေလဲတွေကို ဒိုင်းနမိုက်နဲ့ ဖြို မှတော့ရေတံခွန်နဲ့ တောင်တန်းတွေဟာ နေ့မြင်ညပျောက်ပဲလေ။ နောက်တစ်ခါလာရင် မရှိတော့မှာစိုးလို့ကို တကူးတက သွားကြည့်တာ။

ကြည့်ပြီး ပြန်လာတိုင်းလည်း နောက်တစ်ခါ ပြန်လာရင် ရှိပါဦးတော့ မလားရယ်လို့ အတွေးထဲဝမ်းနည်းဆဲ။

သထုံကနေ မုတ္တမအထိ သွယ်တန်းနေတဲ့တောင်တန်းကြီးမှာ တောင်တွေကို ဖြို ပြီးနှမ်းဖတ်ကျောက်ထုတ်တဲ့ စခန်း သုံးဆယ်ကျော်တယ်လို့ကြားဖူးတယ်။ အတိအကျမသိ။

အဝေးပြေးလမ်းမပေါ်ကနေ ကြည့်ရင် မမြင်နိုင်တဲ့တောင်ကြားမှာ ဖြို နေကြတာ။ ကျောက်သယ်ဖို့တောင်ကြားလမ်းက သထုံကနေ မုတ္တမအထိ CSR အယောင်ဆောင် ဖောက်ထားတာ။

သစ်ပင်တွေခုတ်လို့ တောင်ကတုံးတွေဖြစ်ပြီးရာသီဥတုဖောက်ပြန်ပြီး ရေကြီးတာ ဆိုတဲ့စာတွေဖတ်ရတိုင်း ခါးခါးသီးသီး ဟားတိုက်ရယ်မိတယ်။ သစ်ပင်လောက်ကို စာမဖွဲ့တောင်အလုံးလိုက်တွေ ဒိုင်းနမိုက်နဲ့ ဖြို ချတာမျက်စိရှေ့တင်မှာမို့ ကျစရာ မျက်ရည်ကိုမကျန်တော့။

စစ်အစိုးရခေတ်က စစ်အာဏာရှင်တွေ တိုင်းပြည်ကို လက်ညှိုးထိုးပြီး တရုတ်လက်ထဲရောင်းစားသွားခဲ့တာက ဧရာဝတီမြစ်ဆုံသက်သက်မှ မဟုတ်ခဲ့တာ။

မွန်ပြည်နယ် တကြောက နှမ်းဖတ်ကျောက်ထွက်တဲ့တောင်တန်းတွေလည်း ပါခဲ့တယ် ဆိုတာကိုမယုံကြသူများကို ဇင်းကျို က်ရေတံခွန်နားကတရုတ်နာမည်နဲ့ ကုမ္ပဏီဆိုင်းဘုတ်ကို လက်ဆွဲပြလိုက်ချင်ပါရဲ့။

“ငါတို့ သန်လျင် Star City က ကွန်ဒိုတွေက Quality သိပ်ကောင်းတာ။ မြစ်ထဲက ကျောက်စရစ် သုံးတာမဟုတ်ဘူး။ မွန်ပြည်နယ်က ထွက်တဲ့ ကျောက်နဲ့ဆောက်တာ။ သင်္ဘောနဲ့ကို သယ်လာတာ “လို့ကြားတိုင်း နှလုံးသားထဲကို ဒိုင်းနမိုက်နဲ့ခွဲသလိုပါပဲ။

မြို့ ခံတွေ ရွာခံတွေလည်း သူတို့ချစ်တဲ့ တောင်တန်းကြီး တရုတ်တွေလက်ထဲ တတိတိ ပြို ကျနေတာဘယ်ကြည့်ရက်ပါ့မလဲ။

အဆင့်ဆင့် စာတင်ကြတာပေါ့။ နောက်ဆုံးဆုံးဖြတ်ချက်ဟာ တရုတ်များကိုဆက်လက်တောင်ဖြို ခွင့် ပြု လိုက်ပါသည် ဆိုတော့ဒေသခံတစ်ဦး မခံစားနိုင်တော့လို့ ရုံးမှာတင်ပဲသံတိုင်နဲ့ ကိုယ့်ခေါင်းကို ကိုယ်ပစ်တိုက်တာ သူ့ခေါင်းပဲကွဲရရှာခဲ့တယ်။ မိုက်လုံးကြီးလိုက်တဲ့ဒေသခံ ကိုယ့်ခေါင်းကိုယ်ခွဲရတယ်လို့ 😞

နယ်သာလန်နိုင်ငံဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကြောင့်သယံဇာတကျိန်စာ သင့်ရပါတယ်လို့ပြောတော့ မွန်ပြည်နယ်က တတိတိပြို ကျနေတဲ့တောင်တန်းတွေကရယ်တယ်။ နှမ်းဖတ်ကျောက်လို လမ်းခင်းကျောက် အတွက်နဲ့ သင့်ရတဲ့ကျိန်စာကရေနံနဲ့ယှဉ်လိုက်ရင် မတန်လွန်းလို့။

စစ်အစိုးရခေတ်ကတည်းက ခွင့်ပြု ခဲ့တဲ့ တောင်တန်းတွေကို ဖြို ချ ပြီး နှမ်းဖတ်ကျေက်ထုတ်ခွင့်အမိန့်ဟာ ဒီပင်္ကရာမြတ်စွာဘုရားသုမေဓာရသေ့ကို “ဘဒ္ဒကမ္ဘာမှာ ဂေါတမ အမည်နဲ့ဘုရားဖြစ်လိမ့်မယ်” လို့ ပေးတော်မူခဲ့တဲ့ဗျာဒိတ်ထက် ပိုကြီးတယ်။

စစ်အစိုးရရဲ့ တရုတ်ကို ပေးထားတဲ့ ခွင့်ပြု မိန့်ဟာစွမ်းလိုက်တာများ မြို့နယ်အဆင့်က မတားနိုင်ဘူး။

ခရိုင်အဆင့်ကလည်းမတားနိုင်ဘူး။ပြည်နယ်ဝန်ကြီးချု ပ်ကလည်း မတားနိုင်ဘူး။

နိုင်ငံတော်သမ္မတလည်းမတားနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း မတားနိုင်ဘူး။

သိကြားမင်းလည်း မတားနိုင်ဘူး။ ကုန်ကုန်ပြောမယ်ဂင်္ဂါဝါဠု သဲစုမကပွင့်လေပြီးသော ဘုရားအဆူဆူတင်မက နောင်ပွင့်မဲ့ အရိမေတ္တေယျ ဘုရားလည်းမတားနိုင်ဘူး။

အဲ့ဒီတရုတ်ကျောက်ထုတ်စခန်းတွေကို စွန်းဝူခုန်း စောင့်ဟန်တူတယ်။ မွန်ပြည်နယ်က ပြည်နယ်အဆင့်လွှတ်တော် အစိုးရ ပြည်ထောင်စုအဆင့် လွှတ်တော်အစိုးရ တွေကို မမြင်အောင် ဖျောက်ထားပေးနိုင်တယ်။

ခွေးဝမ်းသာအောင် လေလည်ပြသလိုမျိုးကျောက်တောင်တွေဖြို ချခွင့်ကို မွန်ပြည်နယ်တစ်ခုလုံးတားမြစ်လိုက်တယ် ဆိုတာမျိုးနားဝမှာ တခါတခါသဲ့သဲ့ကြားမိပါရဲ့။

ဒါကလည်းဈေးထဲက ကုန်စုံဆိုင်မှာရောင်းတဲ့ ငရုတ်သီးမှုန့်ဟာ ကျန်းမာရေးအတွက် မသင့်လျော် ဆိုပြီးကြေငြာရုံ ကြေငြာသလိုမျိုးပေါ့။ ကြေငြာရုံကြေငြာပြီး အရေးမယူတာမျိုးကတော့ လမ်းဘေးကသူတောင်းစားကတောင် သောက်ဂရုစိုက်မှာမဟုတ်။

တောင်ဖြို တာတွေရပ်ဖို့ သမ္မတက တိုက်ရိုက်အမိန့်ပေးရင်တောင်အရေးမစိုက်လောက်အောင်စွမ်းတဲ့ Untouchables တွေရှိကြောင်း ကျောက်မိုင်းတွေကသက်သေ။

ကျောက်တောင်တွေ အလုံးလိုက်ဖြို နေလို့စီးပွားဖြစ်နေသူတွေထဲမှာ အရင်က အာဏာဘယ်သူမှ မထိရဲတဲ့Untouchables တွေအထိ အဖွဲ့ပေါင်းစုံ ငါးပင်လောက် ပွေလိမ်ရှုပ်နေတာ။

လူတွေကလည်းဘာမှ မတတ်နိုင်တဲ့ အတူတူ ဒါတွေကိုရပ်ဖို့ ဘာမှအားမထုတ်တော့ဘဲရှိတဲ့ရေတံခွန်လေးမှာ ရေရှိနေတုန်းလေးရအောင်ပျော်ဖို့ပဲ အားထုတ်တော့တယ်။

တောတွေ တောင်တန်းတွေ သဘာဝ ပတ်ဝန်းကျင်တွေကို ရင်နဲ့အမျှ ချစ်လျက်နဲ့ဖြိုချတာတွေကို မမြင်ချင်ယောင်ဆောင်ရေတံခွန်ထဲ ရေရှိသလောက်ပေါ့ ဆိုပြီးဖြေသိမ့်ရင်း ရောင့်ရဲလိုက်ကြတော့တယ်။

မေးပါရစေ တန်ရဲ့လား ?

နှမ်းဖတ်ကျောက်အတွက်

တောင်တွေကိုဖြို ရတာ တန်ရဲ့လား ?

နှမ်းဖတ်ကျောက်က ရတဲ့ငွေ အတွက် ရေမြု ပ်လို့မြို့ တွေပျက်တာက တန်ရဲ့လား ?

ဆုံးပါးသွားတဲ့ ဒေသခံတွေ သေကြေရတဲ့ကျွဲနွားတွေ ပျက်စီးသွားတဲ့ လယ်ယာတွေ

ဥယျာဉ်ခြံတွေ အတွက် တန်ရဲ့လား ?

ဒါတွေကို ပြန်ထူထောင်ဖို့ Taxpayer Money ဆိုတဲ့ အခွန်ကနေရတဲ့ တိုင်းပြည်ဘဏ္ဍာအမြောက်အမြားကို နိုင်ငံကြီး အဝီစိအောက်ရောက်အောင်မွဲနေတဲ့ကြားကစိုက်ထုတ်ကယ်ဆယ်ရတော့မှာလေ။ အဲ့ဒီအတွက်တောင်တွေကို ဖြို လို့ရလာတဲ့ အကျိုးအမြတ်ကတန်ရဲ့လား။

အခုမွန်ပြည်နယ် ရေကြီးတယ်။ ကယ်ဆယ်ရေးအတွက် အရေးကြီးကြောင်း အဆိုတင်သွင်းကြပါလိမ့်မယ်။

ဒါပေမဲ့ ပြည်နယ်လွှတ်တော်မှာရော ပြည်ထောင်စုလွှတ်တော်မှာပါ ရေကြီးခြင်းရဲ့ အရင်းခံ အကြောင်းဖြစ်တဲ့ တောင်တန်းတွေကို အလုံးလိုက်ဖြို တာကိုအပြီး တားမြစ်ပြီး ရေဝေရေလဲ သဘာဝပတ်ဝန်းကျင်ကိုအရေးတကြီး ကာကွယ်ဖို့ ဘယ်အမတ်မှ အဆိုတင်သွင်းလိမ့်မယ်လို့ မထင်ဘူး။

အဲ့ဒီလောက် အဖြစ်ရှိတဲ့အမတ် ဒီတစ်သက်မတွေ့ဖူးဘူး။

ကျွန်တော်တို့ကလည်း ယူနီဖောင်းချွတ်တွေ(ဒင်းတို့ရောင်းစားသွားတာ) မဲမရဖို့ သူတို့မဟုတ်ရင်ပြီးရော မျက်စိမှိတ်ရွေးခဲ့ရတာကိုး။

ဒီတော့ကာ မွန်ပြည်နယ်က လူမှုရေးအသင်းများကယ်ကြပါ။ မွန်ပြည်နယ်သားများ ကိုယ့်ဘာသာကယ်ကြပါ။ ဝမ်းနည်းကြောင်း ကြေငြာကြပါ။

မကြာခင် မိုးကုန်သွားရင်လည်း မေ့လိုက်ကြပါ။နောက်နှစ်မိုးရာသီရောက်လာရင် အိပ်မက်ဆိုးတွေပြန်မက်ကြပါ။ ပြည်သူက ပြည်သူကို ပြန်ကယ်ကြပါ။ဘယ်မီဒီယာမှာမှ မဖော်ပြသော သတင်းများဆိုပြီးလည်း နှစ်တိုင်းတင်လို့ရမှာပါ။ စိတ်မပူနဲ့။

မပူပါနဲ့ မွန်ပြည်နယ်က တောင်တန်းတွေ မတုံးမချင်းပျော်စရာကြီးပေါ့။ မွန်ပြည်နယ်သားတွေကသောက်မှတ်မရှိကြဘူးလေ။

မှတ်ထား မွန်ပြည်နယ်က တောင်တန်းတွေမှာတောင်ဖြိုတဲ့ ဒိုင်းနမိုက်သံ ကြားနေရသရွေ့ တောင်ဖြိုတဲ့ ထရက်တာတွေမောင်းနေသရွေ့မုတ်သုံဝင်တိုင်း ဒုက္ခသည်စခန်း လူမပြတ်ဘူးဆိုတာ။

စောဒက တက်လိမ့်မယ်။ တောင်ဖြို ပြီး ချမ်းသာတာက ဟိုအကောင်တွေ ခံရတာက ငါတို့တွေမတန်ပါဘူးဆိုပြီး။

မဟုတ်ဘူး တရားခံစာရင်းထဲ ခင်ဗျားလည်းပါတယ်။

ကျု ပ်လည်းပါတယ်။ မွန်ပြည်နယ်သားတိုင်းပါတယ်။

မငြင်းနဲ့ ရှင်းရှင်းလေး။ ကချင်ပြည်နယ်လို စစ်ဖြစ်နေလို့ဆိုလည်းထား။ ချင်းပြည်နယ်လို လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းနေရင်လည်းထား။

မွန်တစ်ယောက်အနေနဲ့ ဟင်္သာတွေ အမြင့်မပျံနိုင်ပဲ တောင်ကျရေမှာ နစ်မွန်းနေရတာကို မြင်ရတာထက် ပိုပြီးကြေကွဲရတဲ့ အဖြစ်မရှိတော့ဘူး။

မွန်ပြည်နယ်မှာနေပြီး တောင်တန်းတွေကိုဖြို ချနေတာ မြင်ရက်နဲ့ မရရအောင်တားမြစ်ဖို့ပျက်ကွက်တယ် ဆိုကတည်းက ကျွန်တော်အပါအဝင် အားလုံးဟာ တောင်တန်းတွေအပေါ်သစ္စာဖောက်နှင့်ကြပြီးပြီ။

လူယုတ်မာတွေကတော့ ဆက်ယုတ်မာကြမှာပဲ။

အမြတ်ရရင် တောင်တန်းတင်မက ခင်ဗျားအိမ်ကိုလည်းဒိုင်းနမိုက်နဲ့ခွဲ ဘက်ဟိုးနဲ့တူးမှာပဲ။

သူတို့ချည်း အပြစ်မတင်နဲ့။ ကိုယ်တန်ဖိုးထားတာကိုစောင့်ရှောက်ရမှာကိုယ့်တာဝန်။

ဒီတော့ ကျွန်တော်တို့ မွန်ပြည်နယ်ရဲ့ အသည်းနှလုံး ဟင်္သာတွေရဲ့ အမွေအနှစ် တောင်တန်းတွေအပေါ် သစ္စာစောင့်သိတဲ့အနေနဲ့ တောင်တန်းတွေကို အခုချက်ချင်းစ ကာကွယ်ရတော့မှာပါ။

ဒါကြောင့်

မွန်ပြည်နယ်ရေဘေးကို အမြန်ကယ်ပေးကြပါ။

မွန်ပြည်နယ်က တောင်တန်းတွေကိုလည်း ကျောက်ထုတ်သမားတွေလက်ထဲက အမြန်ဆုံး ကယ်တင်ကြပါ။

#မင်းအောင်ခန့်ဇော်

Via Thawbita

No comments:

Post a Comment