Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 3, 2019

မုန်တိုင်းကြောင့် ထိုင်းတောင်ပိုင်းတွင် နှစ် ၅၀ အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်

တောင်တရုတ်ပင်လယ်ဗီယက်နမ်ကမ်းလွန်
ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ ပါဘက် (PABUK) အပူပိုင်းမုန်တိုင်းဟာ ဇန်နဝါရီ ၃ ရက်ကနေ ၅ ရက်နေ့အတွင်း ထိုင်းပင်လယ်အော်ကို ဖြတ်သန်းလာဖွယ်ရှိတာကြောင့် ပင်လယ်ကမ်းနားနီး ခရိုင်ပေါင်း ၁၆ ခရိုင်မှာ မိုးသည်းထန်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တယ်လို့ ထိုင်းအမျိုးသား မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီမုန်တိုင်းကြောင့် ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်ဘက်မှာ မိုးကြီးလေကြီးတွေ အရင်ဆုံး တိုက်ခတ်လာနိုင်ပြီး ထိုင်းတောင်ပိုင်း ပင်လယ်ကမ်းခြေခရိုင် ၁၆ ခရိုင်လုံး မိုးကြီးနိုင်ကြောင်း၊ အထူးသဖြင့် ပရကျုတ်ခီရိခန်၊ ချွန်းဖွန်း၊ စူရတ်ဌာနီနဲ့ နခွန်းဆီထမရတ် စတဲ့ ခရိုင် ၄ ခုမှာ ပိုမိုပြင်းထန်နိုင်ကြောင်း၊ မိုးရေချိန် ၂၀၀ မှ ၃၀၀ မီလီလီတာထိ ရှိနိုင်ပြီး ပင်လယ်ပြင်မှ ရေလှိုင်းတွေဟာ အမြင့် ၃ မီတာမှ ၅ မီတာထိ မြင့်မားနိုင်ကြောင်း၊ ဒါဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ရေကြီးမှု အဆိုးရွားဆုံး ဖြစ်လိမ့်မယ်လို့ ထိုင်းအမျိုးသား မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းဖူးဝိန်း ပဒမ်မစ်က သတင်းထောက်တွေကို ပြောပါတယ်။


ထိုင်းနိုင်ငံ တလုမ်ဖုတ်ကမ်းမြောင်ဒေသမှာ လွန်ခဲ့တဲ့ ၁၉၆၁ ခုနှစ်က ဟာရစ် (Harriet) အမည်ရှိ မုန်တိုင်း ဝင်ရောက်ခဲ့ပြီး ရေကြီးရေလျှံမှုဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရကြောင်း၊ အခုလာမယ့် ပါဘက် မုန်တိုင်းဟာလည်း ဟာရစ်မုန်တိုင်းလိုပဲ ပြင်းထန်နိုင်ကြောင်း၊ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ရေဘေးအန္တရာယ် ကြိုတင်ပြင်မှုတွေကို ပိုမိုလျင်မြန်ကောင်းမွန်စွာ ဆောင်ရွက်နိုင်မယ်လို့ ထိုင်းမိုးဇလညွှန်မှူးက ပြောသွားပါတယ်။

ပါဘက်မုန်တိုင်း ထိုင်းပင်လယ်ပြင်ဘက် ဖြတ်သန်းသွားမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆီဝရာ ရန်းဆီဖလန်းဝါရကွန်းကလည်း ပင်လယ်ကမ်းခြေဒေသ ခရိုင်တွေဘက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ရင် လုပ်သားပြည်သူတွေကို ကူညီကယ်ဆယ်ဖို့၊ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့ အမှတ် ၂၊ ၇၊ ၈၊ ၉ ရဲဌာနချုပ်တွေကို ဇန်နဲဝါရီ ၂ ရက်နေ့ နေ့စွဲနဲ့ စာပေးပို့ ညွှန်ကြားထားပါတယ်။

မနေ့ညနေက ပရကျုတ်ခီရိခန်မြို့နယ်ထဲရှိ ပင်လယ်ပြင်မှာ ကောင်းကင်တပြင်လုံး နီရဲနေတဲ့ ထူးခြားဖြစ်စဉ်တခုကိုလည်း ဒေသခံတွေ တွေ့ရှိခဲ့ကြပါတယ်။

ထိုင်းတောင်ပိုင်း ဖတ်ထလုန်းမြို့နယ်မှာတော့ ရေဘေးကာကွယ်တဲ့အနေနဲ့ ဒီကနေ့ ဇန်နဝါရီ ၃ ရက်နေ့ကစ စာသင်ကျောင်းတွေ ပိတ်ထားပြီး လဲမ်တလုမ်ဖုတ် ကမ်းခြေဘက်မှာ စားသောက်ဆိုင်တွေ ပိတ်ထားကြပြီလို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

DVB TV News
http://burmese.dvb.no/archives/306786