Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 29, 2018

လူဦးရေ ၅သောင်းခွဲနီးပါး ရေဘေးဒဏ်ခံနေရ

ရေကြီးနေတဲ့ ပဲခူးမြို့ကို ၂၀၁၈ ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဉ်/ Photo: Aung Thain Kha/RFA
မွန်၊ ကရင်၊ တနင်္သာရီ နဲ့ ပဲခူး စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ် ၄ခုမှာ ရေကြီးရေလျှံမှုတွေကြောင့် လူဦးရေ ၅သောင်းခွဲနီးပါး ရွှေ့ပြောင်းနေရတယ်လို့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မနေ့ကအထိ ရရှိထားတဲ့ စာရင်းတွေအရ တိုင်းနဲ့ပြည်နယ် ၄ မှာ ကယ်ဆယ်ရေးစခန်း ၁၆၀ ကျော် ဖွင့်လှစ်ထားရတယ်လို့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူ ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

"မွန်၊ ကရင်၊ ပဲခူး၊ တနင်္သာရီ လောလောဆယ် လက်ရှိမှာတော့ အဲဒီမှာပေါ့နော်၊ မနေ့က ၂၈ ရက်နေ့ အခြေအနေအရဆိုရင် ကယ်ဆယ်ရေးစခန်းက ၁၆၁ မှာ အိမ်ထောင်စုက ၁၁,၀၀၀ ကျော်ရှိတယ်၊ လူဦးရေက ၅ သောင်း ၄ ထောင်ကျော်ရှိတယ်။"

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်း ၃၇ ခုမှာ လူဦးရေ ၁ သောင်းနီးပါး ပြောင်းရွှေ့နေထိုင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က ဘီးလင်းမြို့နယ်မှာ စတင်ရေကြီးခဲ့တာဖြစ်ပြီး ကျေးရွာအုပ်စု ၁၂ အုပ်စုမှာ ရေ လွှမ်းနေတာဖြစ်ပါတယ်။ ကယ်ဆယ်ရေးစခန်းတွေကိုတော့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဓမ္မာရုံတွေမှာ ဖွင့်ထားတာဖြစ်ပါတယ်။

အလားတူ ပဲခူးတိုင်းဒေသကြီးမှာလည်း စစ်တောင်းမြစ်နဲ့ ပဲခူးမြစ်ရေ မြင့်တက်နေမှုကြောင့် ကယ်ဆယ်ရေးစခန်း ၅၀ ကျော်ဖွင့်ထားရပြီး လူဦးရေ ၃ သောင်းကျော် ရေလွတ်ရာကို ပြောင်းနေကြရပါတယ်။

စစ်တောင်းမြစ်ရေဟာ ပဲခူးတိုင်း၊ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၇ ပေလောက်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၆ ပေလောက်နဲ့ ဘီးလင်းမြစ်ရေဟာလည်း ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေမှတ် အထက် ၂ ပေခွဲလောက် မြင့်တက်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

ဘားအံ၊ ပဲခူး၊ ဘီးလင်းနဲ့ မဒေါက်မြို့အတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်ကြသူတွေ ရေဘေးလွတ်ရာ ကို ရွှေ့ပြောင်းကြဖို့၊ တောင်ငူမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တွေက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေလည်း အထူးသတိပြု နေထိုင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာ ကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

မနေ့ညက လားရှိုးမြို့မှာ မိုးကြီးပြီး ရေလျှံခဲ့တာကြောင့် နေအိမ် အလုံး ၄၀ ကျော် ပျက်စီးခဲ့ပြီး အိမ်စီးကား တစ်စီး ရေစီးနဲ့ မျောပါခဲ့ပါတယ်။ လားရှိုးမြို့ အဝေရာလမ်းပေါ်က ဒေသခံတွေအခေါ် ဦးကျားဝေတံတား အနီး ဖြတ်သန်းသွားတဲ့ အိမ်စီးကားတစ်စီး ရေနဲ့ မျောပါခဲ့ရာ ကားကို ပြန်လည်ရှာတွေ့ခဲ့ပေမဲ့ ကားပေါ် လိုက်ပါလာသူတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese

No comments:

Post a Comment