Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, February 28, 2017
ဦးကိုနီ လုပ်ကြံခံရမှု တပ်မတော် မပါဟု ဗိုလ်ချုပ်ကြီး မြထွန်းဦး ပြော
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥပဒေရေးရာ အကြံပေး အဖွဲ့ဝင် ရှေ့နေ ဦးကိုနီ ရန်ကုန်လေဆိပ် တွင် လုပ်ကြံသတ်ဖြတ်ခံရမှု ဖြစ်စဉ်၌ တပ်မတော် အရာရှိဟောင်းများ ပါဝင်နေသော်လည်း တပ်မတော်က ပါဝင်ပတ်သက်မှု မရှိ၊ ယင်း ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်နေသည့် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။
ယနေ့ နေ့လယ်ပိုင်းက နေပြည်တော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ဘုရင်နောင် ခန်းမ)တွင် ပြုလုပ်သည့် မုံးကိုး ဒေသ ဖြစ်စဉ်များနှင့် ရခိုင်မြောက်ပိုင်း အရေး တပ်မတော်၏ သတင်းစာ ရှင်းလင်းမှုတွင် သတင်းထောက် တဦး၏ မေးမြန်းမှုကို ဗိုလ်ချုပ်ကြီး မြထွန်းဦးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဦးကိုနီ လုပ်ကြံ သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် ဗိုလ်ကြီးဟောင်း အောင်ဝင်းဇော်၊ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်နှင့် ယင်းဖြစ်စဉ်ကြောင့် စုံစမ်း စစ်ဆေးခံခဲ့ရသူ ဗိုလ်မှူးကြီးဟောင်း လင်းဇော်ထွန်းတို့သည် တပ်မတော် အရာရှိများ ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် တပ်မှ နုတ်ထွက်ပြီး အရပ်သားများ ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။
“တကယ်လို့ သူ့ (ဦးလင်းဇော်ထွန်း) အနေနဲ့ ပါဝင်ပတ်သက်မယ်ဆိုရင်လည်း တပ်မတော်အနေနဲ့ ပါဝင် ပတ်သက်ခြင်း မရှိပါဘူး။ သူသည် တပ်မတော်က ထွက်သွားတဲ့ လူတယောက် ဖြစ်ပါတယ်။ သူ့အနေနဲ့ အပြစ်ရှိနေခဲ့ရင်လည်း အဲဒါဟာ  တပ်မတော်က ပါဝင်ပတ်သက်မှု မရှိဘူးဆိုတာ ပြောလိုပါတယ်”ဟု ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။
ဦးလင်းဇော်ထွန်းသည် တပ်မတော်တွင် ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ဖူးပြီး ၂၀၁၄ ခုနှစ်တွင် စစ်ဘက် အကြံပေးအနေဖြင့် ဗိုလ်မှူးကြီးအဆင့်နှင့် တာဝန်ထမ်းဆောင်နေစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံတွင် ခွင့်ပြုချက် တောင်းခံ၍ လွှတ်တော် အမတ် လုပ်ရန် တပ်မှ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း တပ်မတော်က ပြောသည်။
“သူ့ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်မှာ ဆက်လက် တာဝန်ထမ်းဆောင်မှာလား၊ အရပ်ဘက်ကို သွားဖို့ ဆန္ဒရှိသလား မေးတဲ့အခါကျတော့ သူက အရပ်ဘက်ကို သွားဖို့ ဆန္ဒရှိပါတယ်လို့ ဖြေတယ်”ဟု ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရှင်းပြသည်။
ထို့ကြောင့် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဒီပလိုမာ ရရှိမည့် ဥပဒေသင်တန်းတခုကို တက်ရောက်ခဲ့ ကြောင်း၊ ဥပဒေဘွဲ့ရသည့်အခါ တပ်မတော်မှ ထွက်ခွာခွင့် ပြုလိုက်ကြောင်း၊ ယနေ့အချိန်ထိ ဦးကိုနီ ဖြစ်စဉ်တွင် ၎င်းပါဝင်သည်ဆိုသည့် အထောက်အထား မတွေ့ရသေးကြောင်းလည်း ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးက ပြောသည်။
“တကယ်လို့ သူပါဝင်ပတ်သက်တယ် ဆိုရင်တော့ ဥပဒေအရ စစ်ဆေး အရေးယူမှုကို ခံရမှာပဲ။ တပ်မတော် အနေနဲ့ကတော့ ဒီလုပ်ငန်းတွေ အစစအရာရာ အဆင်ပြေ ချောမွေ့သွားအောင် Technically Support လုပ် ပေးနေပါတယ်။ ကျနော်တို့ တပ်မတော်ပိုင်းက တာဝန်ယူရမယ့် အရာအားလုံးကို ကူညီဆောင်ရွက်ပေးနေပါ တယ်”ဟု ၎င်းက ပြောသည်။
ဦးကိုနီ အပစ်ခံရပြီး ၁၀ မိနစ်အတွင်း ဦးကြည်လင်းကို မိကြောင်း၊ ၁၂ နာရီအတွင်း အောင်ဝင်းဇော်ကို မိကြောင်း၊ အောင်ဝင်းဇော်သည် DSA အပတ်စဉ် ၃၄ ဆင်းဖြစ်၍ ၁၉၉၆ ခုနှစ်တွင် တပ်မတော်မှ အမှုတခုနှင့် ထောင်ကျ၍ အရပ်သား ဖြစ်သွားခဲ့ကြောင်းလည်း တပ်မတော်က ပြောသည်။
ဦးအောင်ဝင်းဇော်၏ ညီဖြစ်သူ ဦးအောင်ဝင်းခိုင်မှာလည်း တပ်မတော်မှာ ဒုတိယ ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ဖူးပြီး တပ်ရင်းမှူးအထက် စစ်ဦးစီးအရာရှိ အဆင့်အထိ တာဝန်ထမ်းဆောင်၍ တပ်မ တော်ကမှ မိမိသဘောဖြင့်၂၀၁၄ ခုနှစ်မှာ တပ်မတော်ကနေ ထွက်သွားခဲ့ကြောင်း တပ်မတော်၏ ပြောကြား ချက်အရ သိရသည်။
“သတင်းတွေကတော့ ကျနော်တို့ စုံစမ်းဆဲပဲ။ အခု ပြည်သူ့ရဲတပ်ဖွဲ့ကလည်း ဒါနဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေး နေတယ်။ တပ်မတော်ကလည်း ပြည်သူ့ရဲတပ်ဖွဲ့ကို ကူညီဖို့ စုံစမ်းနေဆဲပဲ။ နောက်ကွယ်က အဖွဲ့အစည်း ပါ တယ် ဆိုတာကတော့ ဒါအမှုရဲ့ အသွားအလာ အပေါ်မှာ မူတည်ပြီးတော့ စစ်ကြောရေး ထုတ်ချက်ပေါ်မှာ မူတည်ပြီးတော့ မှန်တယ်၊ မမှန်ဘူးဆိုတာ ဆုံးဖြတ်ရမှာပါ”ဟု ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောသည်။
တပ်မတော်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမြဲတန်း ဆုံးမသည့် စကားတခွန်း ရှိကြောင်း၊ ၎င်း မှာ သင့် ၄ သင့်ဟု ခေါ်ပြီး သွားသင့်သည့် နေရာကိုသွားခြင်း၊ ပြောသင့်သည့် စကားကို ပြောခြင်း၊ ပေါင်းသင့် သည့် သူနှင့် ပေါင်းခြင်းနှင့် လုပ်သင့်သည့် သူနှင့် လုပ်ခြင်းတို့သည် တပ်မတော်သားများအတွက် အကောင်း ဆုံး လမ်းညွှန်မှု ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။
“သူ(ဦးလင်းဇော်ထွန်း)လည်း ဒီစကားကို ကြားဖူးမှာပဲ။ လိုက်နာမှာ၊ ဆောင်ရွက်မှာလို့ပဲ ထင်ပါတယ်။
မဟုတ်ဘူးဆိုရင်လည်း ဥပဒေအရ ရင်ဆိုင်ရဖို့ပဲ ရှိပါတယ်”ဟု ဗိုလ်ချုပ်ကြီးက မီဒီယာများသို့ ပြောသည်။
ဧရာဝတီ
Sunday, February 26, 2017
ဦးသန်းရွှေ နှင့် ဦးအေးသည် သူ၏ဆရာများမဟုတ်
လ င်း တေ တွ...
* လ င်း တေ တွ...*
မနက်ခင်းကိုဖွင့်လိုက်တာနဲ့
ကောင်းကင်တစ်ခုလုံး...လင်းတတွေ ။
အိမ်ကြက်ချင်းလည်းအိုးမဲသုတ်ပြီးပြီ
ကျွဲနှစ်ကောင်ကိုလည်း ခတ်ခိုင်းပြီးပြီ
"ဘယ်သူသေသေမာဖို့ပဲမဟုတ်လား...'ငတေ' ။
မြစ်ရေတွေခန်း
ကိုယ်ချင်းစာတရားတွေကန်း
အမှန်တရားတို့ရဲ့လမ်းဟာ ကောခဲ့ပြီ ။
ဟင်္သာကိုးသောင်းမကလို့ ကိုးသန်းပဲဖြစ်ဖြစ်
'ပေါရိသာဒ'လောက်တွေ တဖွားဖွားကျနေပြီ ။
"တို့ဗမာဟေ့...တို့ဗမာ...မျိုးချစ်တို့ဗမာ"
'ဗိုင်း'ခနဲ လဲကျသွားတာနဲ့
အမြီးကျက်ကျက်/မကျက်ကျက်
ခေါင်းကျက်ကျက်/မကျက်ကျက် စားကြမှာပဲ
အသက်ငင်နေတဲ့ သွေးနုသားနုတိုင်းပြည်အပေါ်
မဲမဲထအောင် ဝဲပျံ
လူငယ်လင်းတတွေ...။ ။
ချောဘသစ်
=26:Feb:2017 )
Saturday, February 25, 2017
ပစ္စတိုတစ်လက် ၊ကျည်တစ်တောင့် ၊ ဆန်တစ်ပြည်
သရ၀ဏ်(ပြည်)
လူသတ်မှုတစ်ခုတွင် တရားခံ၏ဖော်ပြချက်အရ အခင်းဖြစ်ပွားရာတွင်အသုံးပြုခဲ့သော ပစ္စတိုသေနတ်နှင့်ငါးလုံးပြူးသေနတ်များကို ထိုင်းနိုင်ငံမယ်ဆိုင်ဘက်ကမ်းမှသွားရောက်ဝယ်ယူခဲ့ကြောင်းသိရသည် ။ သေနတ်တစ်လက်အတွက်ကျပ် ၂၅ သိန်းခန့် ပေးရကြောင်းသိရသည် ။ ကျည်ဆန်အတွက်လဲငွေပေးခဲ့ရဦးမည် ။ ကျည်တစ်တောင့်လျှင်အောက်ထစ် မြန်မာငွေ တစ်ထောင်ကျပ်လောက်တော့ပေးရမည် ။ မှောင်ခိုဈေးမို့ ဈေးကြီးပေးရခြင်းဖြစ်မည် ။ သို့ မဟုတ် သေနတ်ရလာသောနေရာကိုမပြောချင်သဖြင့် မှောင်ခိုဈေးကွက်ကိုလွှဲချခြင်းလည်းဖြစ်နိုင်သည် ။အော်သေနတ်တစ်လက်ဟာ သိန်းအစိတ် (၂၅ သိန်း)တန်ပါလားဟုကျွန်တော်တွေးနေမိသည် ။ အစိုးရက တရားဝင်လက်နက်စက်ရုံဖြင့်ထုတ်လုပ်သောသေနတ်တစ်လက်သည်ဘယ်လောက် ကျသင့်မှာပါလိမ့် ။ မှောင်ခိုဈေးကွက် ထက်တော့သက်သာမည်ဖြစ်သည် ။ ကျည်ဆန်တွေ ၊အမြောက်တွေ ၊ လောင်ချာတွေ ၊ မြေမြုပ်မိုင်းတွေ ၊ တိုက်လေယာဉ်တွေ ။ ဒါတွေအတွက်ငွေကတော့အတော်ကုန်မည့်သဘောရှိသည် ။ ဘယ်ရွေ့ ဘယ်မျှကုန်သည်ဟူ၍တော့ ကျွန်တော်တို့လည်း ဘတ်ဂျက်အသေးစိတ်မကြည့်ရသဖြင့် သိနိုင်ခြင်းမရှိ ။ ၀န်ကြီးဌာနများ၏ အသုံးစာရိတ်နှင့်ပြည်ပကြွေးမြီအသေးစိတ်ကိုသိလိုလျှင်သက်ဆိုင်ရာဝန်ကြီးဌာနကိုသာတိုက်ရိုက်မေးပါရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်မှာလာဖြေသွားသည် ။ စစ်ပွဲတွေကြောင့် ငွေတွေဘယ်လောက်ကုန်နေပြီလဲဟူသောမေးခွန်းမျိုးကား လွှတ်တော်တွင်မေးရဲကြမည်မထင် ။ မေးခဲ့လျှင်လည်း လွှတ်တော်ဥက္ကဌကြီးက ခွင့်ပြုမည်မထင် ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကရော လက်နက်တွေ ဘယ်ကရသလဲဆိုတာစိတ်ဝင်စားဖို့ ကောင်းသည် ။ သူတို့လဲ မှောင်ခိုဈေးကွက်ကပဲဝယ်သလား ။ ဒါမှမဟုတ် လက်နက်နှင့် ကျွန်းသစ်လဲတာလား ၊ လက်နက်နှင့် ကျောက်စိမ်းတုံးတွေလဲသလား ၊ လက်နက်နှင့်မူးယစ်ဆေးဝါးတွေလဲသလား ။ သေနတ်တစ်လက်ကို သိန်းအစိတ်နဲ့ပဲဝယ်ရတာလား ။ သူ့ထက်ပို၍ဈေးကြီးသလား ။တပ်သားတစ်ယောက်ကို သိန်းအစိတ်သုံးဆယ်ခန့်တန်သောလက်နက်တပ်ဆင်ထားလျှင် တပ်သားတစ်ထောင်ရှိသောအဖွဲ့ တွင်လက်နက်အတွက်ချည်း သိန်း နှစ်သောင်းခွဲရှိပေလိမ့်မည် ။လူတစ်ယောက်ကိုသိန်းအစိတ် ။ လူတွေသိန်းနှင့်ချီလာလျင် သိန်းတွေသိန်းချီကုန်ကျပေလိမ့်မည် ။ မြေမြှုပ်မိုင်းတို့  ၊ RPG ဗုံးသီးတို့  ၊လောင်ချာတို့  ၊ လက်ပစ်ဗုံးတို့  ၊ လက်နက်ကြီး တို့ ပါထည့်တွက်လျှင် ကုန်ကျငွေကနှစ်ဘက်စလုံးကြောက်ခမန်းလိလိဖြစ်သည် ။ လူနှစ်ဆယ်စီပါသောအဖွဲ့ တစ်ဖွဲ့ နာရီဝက်ခန့်ပစ်ခတ်တိုက်ခိုက်ကြသောကုန်ကျစားရိတ်သည် စာသင်ကျောင်းကောင်းကောင်းတစ်ကျောင်းဆောက်လို့ရသည် ။ တိုက်ပွဲကြီးတစ်ပွဲ၏ကုန်ကျစားရိတ်သည် ဆေးရုံကောင်းကောင်း တစ်ခုဆောက်လို့ရသည် ။ ကျည်ဆန်တစ်တောင့်သည်ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်မိသားစုတွေအတွက် ဆန်တစ်ပြည်ရနိုင်သည် ။မြန်မာနိုင်ငံတွင် တနေ့တစ်နေ့ ထမင်းနပ်မှန်အောင် မနည်းကိုရှာဖွေစားသောက်နေရသောသူများစွာရှိသည် ။မနက်စာစားပြီးလျှင်ညစာဘယ်တော့စားရမည်ဆိုတာမရေရာသော ဘ၀တွေများစွာရှိသည် ။
ဥရောပတွင်နေထိုင်ပြီး မြန်မာဧည့်သည်များကို ဧည့်လမ်းညွှန်လိုက်ပြနေသော သူငယ်ချင်းတစ်ယောက်ကပြောဖူးသည် ။ မြန်မာပြည်မှဥရောပသို့ လူတစ်ယောက်လျှင် ဒေါ်လာ ငါးထောင် ၊ ခြောက်ထောင် ၊တစ်သောင်းအထိ အကုန်ခံကာ လာလည်ကြသော ဒိတ်ဒိတ်ကျဲခရိုနီသူဌေးများအကြောင်းဖြစ်သည် ။ ထိုသူများသည် နာမည်ကြီးသူဌေးကြီးတွေဖြစ်သော်လည်း ခရီးစဉ်အတွင်းအချိန်လေးစားခြင်းမရှိ ၊ ကားထဲမှာအမှိုက်တွေဖွချင်လည်းဖွသွားသည်တဲ့ ။ နိုင်ငံခြားထုံးစံ ဘောက်ဆူး ( Tip ) ပေးဖို့ကျတော့လည်း မသိချင်ယောင်ဆောင်နေကြသည်တဲ့ ။ ဘယ်သူ့ ကိုမှမသထာတဲ့  ။ သူတို့အတွက်ကျ သိန်း အစိတ် ၊ သိန်းသုံးဆယ်တန်သော လက်ကိုင်အိတ်များကိုပင် ဆယ်လုံးခန့် ပက်ကနဲဝယ်ကြပါသတဲ့ ။ အပေါ်ယံအသုံးအဆောင်ရုပ်ဝတ္တုတွေအပေါ်မှာ အင်မတန်တပ်မက်ကြလေသတဲ့ ။သူတို့ခရီးဆောင်အိပ်ကိုသယ်ဖို့ပင် ဥရောပသို့ လူတစ်ယောက်သပ်သပ် ခေါ်လာပါသတဲ့။ အော်ဗဟုသုတရပြန်သည် ။
သစ်တွေခုတ်ကာချမ်းသာလာသောသူဌေးတစ်ယောက်၊ကျောက်တွေတူးကာချမ်းသာလာသည့်သူဌေးတစ်ယောက်သည် သိန်းအစိတ်တန် လက်ကိုင်အိပ်ကိုလည်း ဆယ်လုံးမက၀ယ်ချင်ဝယ်ပေမည် ။ဝယ်နိုင်သည့်ပိုက်ဆံရှိပေတာကိုး။ အိတ်တစ်လုံးသိန်းအစိတ် ၊ သေနတ်တစ်လက်သိန်းအစိတ် ၊ ဆန်တစ်ပြည်ကိုတော့ ငွေတစ်ထောင်သာရှိသည် ။ထိုတစ်ထောင်တန်ဆန်တစ်ပြည်ကို ၀၀လင်လင် လိုသလောက်မစားနိုင်သောသူတွေ မြန်မာပြည်မှာ ဒုနဲ့ဒေးရှိနေသည် ။ သစ်ပင်တွေဗုံးကနဲဗုံးကနဲလဲကျသွား၊ သေနတ်ကျည်ဆန်တွေ တဒိုင်းဒိုင်းပစ်ကြသည်ကို ဆန်မရှိသောဆန်အိုးဟောင်းလောင်းအား၊ ပါးစပ်ဟောင်းလောင်း ဗိုက်ဟောင်းလောင်းဖြင့်ကြည့်နေရသော ကလေးများ ၊ ကလေးမိခင်များ၊သက်ကြီးရွယ်အိုများကိုသနားဖို့ကောင်းသည် ။ လက်ကိုင်အိတ်တစ်လုံးလောက်လျော့ဝယ်ပြီး ကလေးတွေစားဖို့ဆန်တွေပေးကြပါလား ၊ သေနတ်တစ်လက်လောက်လျှော့လိုက်ပြီး အဟာရရှိမယ့်အစားအစာလေးတွေဝေငှလိုက်ပါလား ။ ကျည်ဆန်တစ်တောင့်စီလျှော့ပစ်ကြပြီး ဆန်တစ်ပြည်စီဝေပေးလိုက်ကြပါလား ။ လက်ကိုင်အိတ်နဲ့သေနတ်မရှိတော့ရောလောကကြီးက လှပနေတာပဲမဟုတ်လား ။ လူသတ်လက်နက်တွေနေရာမှာ စားစရာဆန်တွေ ဆီတွေ၊ကျောင်းစာအုပ်တွေ ၊ ကစားစရာတွေ ၊ဆေးဝါးတွေ၊ ပျော်ရွှင်ချမ်းမြေ့ခြင်းတွေရောက်ပါစေသော်(၀်) ။
Credit to သရ၀ဏ်(ပြည်)
အကျဉ်းထောင်အတွင်းမှ ဗြဟ္မာဦးခေါင်း အလှဖန်တီးရှင်များ - ဇော်သက်ထွေး
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဂေးအလှမယ် မျိုးကိုကိုစန်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံရတဲ့အတွက် ရန်ကင်းရဲစခန်းမှာ ဖမ်းဆီးထိန်း သိမ်းလိုက်ပါတယ်။ Gay Miss International Queen 2014 Myanmar ရရှိထားသူ မျိုးကိုကိုစန်းကို ဘန်ကောက်မှ ရန်ကုန်သို့ MAI လေကြောင်းလိုင်းဖြင့် ပြန်လာစဉ် ရန်ကုန်လေဆိပ်မှာပဲ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။
ရန်ကင်းမြို့နယ် တရားရုံးက တရားလိုနေရာမှာ နာမည်ကျော် ရုပ်ရှင်မင်းသမီး ၀တ်မှုန်ရွှေရည်(ခ) ကစ်ကစ်လို့ ဖော်ပြခဲ့ပါတယ်။ ပြဿနာဖြစ်ရတဲ့ အကြောင်းအရင်းကတော့ Cele Cele Small ဆိုတဲ့ Facebook Page ရဲ့ Admin တစ်ဦးအဖြစ် သံသယရှိလို့ ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇန်န၀ါရီလ ၂၀ ရက်နေ့မှာတော့ စွဲဆိုမှုနဲ့ ပတ်သက်ပြီး ကင်းရှင်းကြောင်း အတည်ပြုစစ်ဆေးချက်ရရှိလို့ သူ့ကို အချုပ်က ပြန်လွှတ်ပေးလိုက်ပါတယ်။
အမှုစွဲဆိုမှုတွေ ပြီးဆုံးသွားပေမယ့် နောက်ဆက်တွဲ ပြဿနာတွေကတော့ ဆက်ရှိလာပါတယ်။ ပထမဦးဆုံး ပြဿနာကတော့ မြန်မာ LGBT အခွင့်အရေးဆိုင်ရာကွန်ရက်နဲ့ မြန်မာ LGBT အသိုင်းအ၀ိုင်းနှင့် တရားဥပဒေစိုးမိုးရေး လိုလားသူများက မျိုးကိုကိုစန်းကို ဖမ်းဆီးထိန်းသိမ်းခြင်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်ပဲ ဖြစ်ပါတယ်။
ဒီကြေညာချက်ထဲမှာ အရေးကြီးတဲ့ အကြောင်းအရာကတော့ တရားရုံးအချုပ်ခန်းမှာ မျိုးကိုကိုစန်းရဲ့ အမျိုးသမီးအဖြစ် ခံယူကာ ၀တ်စားဆင်ယင်မှုကို အသိအမှတ်ပြုခြင်းမရှိဘဲ အမျိုးသားအချုပ်ခန်းမှာ အခြားအမျိုးသားများနှင့်အတူ ရောနှောထားရှိခြင်းခံခဲ့ရတယ်လို့ ပါရှိပါတယ်။ အထူးသဖြင့် အများပြည်သူ သွားလာသောနေရာမှာ နည်းလမ်းမကျသော ဖမ်းဆီးမှုအတွက် ထိုသူ၏ ဂုဏ်သိက္ခာထိခိုက်ပြီး အရှက်ရစေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စွပ်စွဲခံရသူအနေဖြင့် ရှေ့နေအား အကြောင်းကြားခွင့် မပေးခဲ့ခြင်း၊ ၂၄ နာရီအတွင်း တိကျသေချာစွာ စစ်ဆေးမှုမရှိခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုကို ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။ မျိုးကိုကိုစန်းကို ဖမ်းဆီးမှုအပေါ်မှာ ရှုထောင့်ပေါင်းစုံကနေ ဝေဖန်ဆန်းစစ် ငြင်းခုန်နေကြသူတွေလည်း အများအပြားပါပဲ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးကို အလေးထားဆောင်ရွက်နေတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်နေပြီဖြစ်လို့ ယခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ဝေဖန်ထောက်ပြတာတွေဟာ ထူးဆန်းအံ့သြဖွယ် မဟုတ်ပါဘူး။ ဒါပေမဲ့ လက်ရှိ မျိုးကိုကိုစန်းရဲ့ အမှုကိုလေ့လာပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ နီးပါးက ပြဿနာ အမျိုးမျိုးကြောင့် အကျဉ်းထောင်ထဲကို ရောက်ရှိလာတဲ့ ဂေးများ၊ အလှဖန်တီးရှင် မိန်းမလျာများကို လူ့အခွင့်အရေး စံနှုန်းနဲ့မညီဘဲ တာဝန်ရှိသူတွေက ဖြစ်သလို ဆက်ဆံခဲ့တာတွေကိုလည်း ပြန်လည်အမှတ်ရမိပါတယ်။
၁၉၉၀ ကာလတစ်ဝိုက်က မြန်မာနိုင်ငံရဲ့ အကြီးဆုံးထောင်ဖြစ်တဲ့ ဗဟိုစံပြအင်းစိန် အကျဉ်းထောင်မှာ သာမန်ရာဇ၀တ် အကျဉ်းသားများအပြင် ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်မှုကြောင့် ပြစ်ဒဏ်အမျိုးမျိုး ချမှတ်ထားတဲ့ ကျောင်းသားတွေ၊ ဘုန်းကြီးတွေ၊ နိုင်ငံရေးသမားတွေလည်း အများအပြားရှိနေပါတယ်။
နိုင်ငံရေး သမားတွေကို သတ်မှတ်ထားတဲ့ ထောင်ကျဆောင်ဝင်းကနေ အပြင်ထွက်ခွင့် မပေးပါဘူး။ ကျန်တဲ့ အကျဉ်းသားများကတော့ ချထားတဲ့ အလုပ်နေရာကို အကြောင်းပြုပြီး တစ်ထောင်လုံးကို သွားလာလို့ရပါတယ်။ အင်းစိန်အကျဉ်း ထောင်မှာ ယောက်ျားလေးအချုပ်ဆောင်နဲ့ ထောင်ကျဆောင်ဆိုပြီး ခွဲခြားထားသလို မိန်းကလေး အချုပ်ဆောင်နဲ့ ထောင်ကျဆောင်လည်း ရှိပါတယ်။ မိန်းကလေးအဆောင်နဲ့ ယောက်ျားလေး အဆောင်တွေကြားမှာ သွားလာခွင့်ဆက်သွယ်ခွင့်တွေ မလုပ်ဖို့ကိုတော့ အကျဉ်းထောင်ဝန်ထမ်းတွေက တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထားပါတယ်။
ဒီလို ကျား/မ အဆောင်တွေကို ခွဲခြားထားပေမယ့် ထောင်ထဲကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာတဲ့ ဂေးတွေ၊ အလှဖန်တီးရှင်တွေကို နေရာချထားပေးရာမှာတော့ အကျဉ်းထောင်အနေနဲ့ အတော်ဦးနှောက်ခြောက်ရပါတယ်။ မိန်းကလေးအဖြစ် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ခံယူထားတဲ့သူတွေကို ယောက်ျားလေးတွေချည်းနေတဲ့ အဆောင်မှာထားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
ယောက်ျားလေး အဆောင်တွေမှာလည်း နှစ်ပေါင်းများစွာ အကျဉ်းကျနေပြီး မိန်းမနဲ့ဝေးနေတဲ့ အကျဉ်းသား ရာပေါင်းများစွာရှိပါတယ်။ ဒီလူတွေကြားထဲမှာ သွားထားရင် သေချာပေါက် ရန်ပွဲတွေ၊ ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။
မိန်းကလေးဘ၀ ခံယူထားလို့ဆိုပြီး အမျိုးသမီးအဆောင်ထဲမှာ သွားထားလို့လည်း မဖြစ်ပြန်ပါဘူး။ ဘာလို့လဲဆိုတော့ အမျိုးသမီးထောင်ထဲမှာ ယောက်ျားလေးနဲ့ နှစ်ပေါင်းများစွာ ဝေးနေတဲ့ မိန်းမအကျဉ်းသားတွေ ရာပေါင်းများစွာရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကျဉ်းထောင် အာဏာပိုင်တွေဟာ ဂေးအုပ်စုကို ထောင်ဆေးရုံထဲက လွတ်နေတဲ့ လက်ပါးတိုက်တွေမှာ စုပြီးထားရှိလေ့ရှိပါတယ်။
အင်းစိန်အကျဉ်းထောင်ဟာ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီး အရင်ခေတ်တွေမှာတော့ လက်ပါးရောဂါသည်တွေ ပေါများပြီး ထောင်ကျလာရင် သီးခြားထားရှိပါတယ်။ ဒီဘက်ခေတ်မှာတော့ လက်ပါးရောဂါသည်ဆိုတာ မရှိသလောက်ရှားသွားပါတယ်။ ဒီတိုက်မှာ သူတို့ကို အလွယ်တကူ ထားလိုက်တာပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာ ညတာဝန်ကျ ၀န်ထမ်းတွေနဲ့ ဇာတ်လမ်းတွေ ရှုပ်လို့ဆိုပြီး တွဲဖက်ထောင်က အဆောင် (၁) အနောက်ဘက်ခြမ်း ဆယ်ခန်းတွဲမှာ သူတို့ကို ပြောင်းရွှေ့လိုက်ပါတယ်။ အရှေ့ဘက်ခြမ်း ဆယ်ခန်းတွဲမှာတော့ နိုင်ငံရေးသမားတွေရှိပါတယ်။
နိုင်ငံရေး သမားတွေကတော့ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းနိုင်စွမ်းရှိလို့ ဘာပြဿနာမှမရှိခဲ့ပါဘူး။ လွန်ရောကျွံရော သီချင်းစောင်းဆိုတာလောက်ပဲ ခံရပါတယ်။ “ဂန်ဒူးမ ဘ၀ကို စိတ်နာတယ်တို့၊ ဘာတို့ပေါ့”။
ဒါပေမဲ့ အင်းစိန်အကျဉ်းထောင်သမိုင်းမှာ ထူးထူးခြားခြား ဖြစ်ရပ်တစ်ခုလည်း ရှိခဲ့ပါတယ်။ အဲဒါကတော့ သင်္ကြန်ကာလအတွင်း မူးယစ်ရမ်းကားနဲ့ရန်ဖြစ်တဲ့ သူတွေကို တရားရုံးတွေက ထောင် ၇ ရက် ချပါတယ်။ သင်္ကြန်တွင်း ကာလဆိုတော့ ဖမ်းဆီးထောင်ချခံရတဲ့သူတွေ အတော်များပါတယ်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးက ပို့လိုက်တဲ့ တရားခံတွေဟာ ညမှောင်ရီပျိုးမှ အင်းစိန်ထောင်ကို ရောက်လာကြပါတယ်။ ထောင်မှူးတွေ၊ ထောင်ပိုင်တွေကလည်း သင်္ကြန်ကာလဖြစ်လို့ သူတို့တွေကို မြန်မြန်ဆန်ဆန်ပဲ အဆောင်ခွဲလိုက်ပါတယ်။ မိန်းကလေးဆို မိန်းကလေးဆောင်၊ ယောက်ျားလေးဆို ယောက်ျားလေးဆောင် ခွဲတာမှာ ဘာပြဿနာမှမရှိပါဘူး။ ဒါပေမဲ့ နှစ်ဆန်း ၂ ရက်နေ့မှာတော့ မိန်းကလေးထောင်က ပူညံပူညံအသံ ကြားရတော့တာပဲ။ ပြဿနာက မိန်းကလေးအကျဉ်းထောင် တန်းစီးနဲ့ ထမင်းဘုတ်ကိုင်တို့ ရန်ပွဲကစတာပါ။ ၀န်ထမ်းတွေက ရန်ပွဲဖြန်ဖြေပြီး စစ်ဆေးလိုက်တော့ ပြဿနာက မိန်းကလေး ထောင်ထဲရောက်နေတဲ့ ယောက်ျားလေးကို ညဘက်အတူအိပ်ဖို့ လုရာကနေ ကြီးကျယ်တဲ့ရန်ပွဲ ဖြစ်သွားခဲ့ရပါတယ်။
ဒီသတင်းလည်း ကြားရော ထောင်ပိုင်ကြီးလည်း ခေါင်းဆင်နင်းတော့တာပါပဲ။ ချက်ချင်းပဲ စစ်ဆေးရေးဖွဲ့ရပါတယ်။ စစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ သင်္ကြန်တွင်းဝင်လာတဲ့ အကျဉ်းသားတွေထဲမှာ ဆံပင်ရှည်ရှည်၊ အသားဖြူဖြူနဲ့ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက် ပါလာလို့ မိန်းကလေးထောင်ကို ပို့လိုက်ပါတယ်။ အမှန်တော့ မိန်းကလေးအစစ်မဟုတ်ဘဲ အလွန်ချောမောတဲ့ ဂေးတစ်ယောက် ဖြစ်နေခဲ့တာပါ။ တရားသူကြီးကလည်း မိန်းကလေးလို့ ယူဆပြီး ထောင်ချလိုက်တာ ဖြစ်ပါတယ်။
နောက်ဆုံး သူ့ကို သီးသန့်တိုက်ခန်းတစ်ခုမှာ သီးခြားချုပ်နှောင်ထားလိုက်ရပါတယ်။ သူ့ကို ဂေးမှန်းမသိဘဲ အမျိုးသမီးဆောင် ပို့လိုက်တဲ့ ထောင်မှူးကြီးကိုတော့ နှစ်တိုး လစာလျှော့ချတဲ့ ပြစ်ဒဏ်ပေးခဲ့ပါတယ်။ သူ့ကို ယောက်ျားလေးမှန်း မယုံကြည်လို့ သွားကြည့်တဲ့ ထောင်ပိုင်၊ ထောင်မှူး၊ ၀န်ထမ်းတွေလည်း မိန်းကလေးတစ်ယောက်ရဲ့ အဆင်းအင်္ဂါရပ်နဲ့ ပြည့်စုံနေလို့ လက်ဖျားတခါခါပါပဲ။ သူကတော့ ထောင်ထဲက မထွက်ခင်မှာ အားလုံးရဲ့ အထူးဂရုစိုက်ခြင်းကို ခံခဲ့ရပါတယ်။
ကောလာဟလ သတင်းတစ်ရပ် အနေနဲ့ကတော့ သူ့ကိုလုတဲ့ တန်းစီးနဲ့ ထမင်းဘုတ်ကိုင်ကို ထောင်ပိုင်ကြီးက ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်ဝန်တားဆေးထိုးပေးလိုက်ရတယ်ဆိုပြီး တစ်ထောင်လုံး သတင်းပြန့်သွားပါတယ်။
ဘယ်လိုပဲပြောပြော ဂေးဒဏ္ဍာရီတစ်ခုတော့ အင်းစိန်မှာ အမှန်တကယ် ရှိခဲ့ပါတယ်။
ဇော်သက်ထွေး
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း (၁)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း (၂)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း (၃) - 
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများ အကြောင်း အပိုင်း (၄) -
  • Friday, February 24, 2017
    မြန်မာပြည် ဝင်ခွင့်မရတဲ့ Black List စာရင်းဝင်တွေ ရှိနေဆဲ
    အရင် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်ဝင်ခွင့်ရရှိခဲ့ပေမဲ့ - အခုအခါ Black List အမည်မည်းစာရင်း အသွင်းခံထားရပြီး ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခံ လိုက်ရတယ်လို့ - ပြည်ပရောက် နိုင်ငံရေးခေါင်းဆောင် တဦးက ပြောဆိုလိုက်ပါတယ်။ အမည်မည်းစာရင်း အသွင်းခံရတဲ့ အကြောင်းရင်းကို မသိရပေမဲ့ - လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကန့်ကွက်မှုမှာ အာဏာပိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်း သေဆုံးသွားမှု ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့မိလို့ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်း ဆက်ပြောပြပါမယ်။
    FDB မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါက်တာ နိုင်အောင် က အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးမှာ ဒီသီတင်းပတ်ထဲ သွားရောက်ဗီဇာလျှောက်ထားချိန် - သူ့ရဲ့နာမည် Black List စာရင်းထဲ ၀င်နေတာကို သိခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
    “ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလျှောက်ပြီးတော့ နောက်တနေ့ ထပ်ပြီးတော့ ဖုန်းဆက်လာတယ်။ ကျနော့်ဗီဇာကိစ္စ ကျနော်က Black List ထဲ ၀င်နေတဲ့အတွက်ကြောင့် ဗီဇာထုတ်ပေးလို့ မရပါဘူးလို့ အဲ့လိုမျိုး ပြန်ပြောတယ်။ သူပြောတာ ကတော့ နောက်ဆုံးတခေါက် ၂၀၁၅ နှစ်ဆန်းပိုင်း ပြန်လာပြီးတော့မှ Black List ထဲကို ထည့် ထားတာလို့ ပြောတယ်။ ကျနော်က ဘယ်က ထည့်တာလဲလို့ မေးတဲ့အခါကျတော့ ပြည်ထဲရေးဝန်ကြီးဌာန ကလို့ ပြောပါတယ်။”
    သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ နှစ်ကုန်ပိုင်းမှာ Black List စာရင်း အသွင်းခံထားရသူ ၅ ထောင်ကျော်ရဲ့ အမည်တွေကို ဖယ်ရှားပေးခဲ့ တာပါ။ အဲဒီလို ဖယ်ရှားပေးပြီးနောက်ပိုင်း - စစ်အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံရေး လှုပ်ရှားသူ တော်တော်များများ မြန်မာပြည်ကို ပြန်သွားကြတဲ့အထဲမှာ ဒေါက်တာနိုင်အောင်လည်း တဦး အပါအ၀င်ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၅ နှစ်ဆန်းပိုင်းကျမှ ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရတာဖြစ်ပြီး၊ ဘာကြောင့် Black List စာရင်း ပြန်သွင်းခံရသလဲဆိုတာ မသိရတဲ့အကြောင်း - ဖြစ်နိုင်ချေ သူ့အမြင်ကို အခုလို ပြောပြပါတယ်။
    “မှတ်မှတ်ရရ တခုရှိတာကတော့ ကျနော် ရန်ကုန်မှာ မပြန်ခင်လေး ၂၀၁၅ နှစ်ဆန်းပိုင်းမှာ ဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ မန္တလေးမှာ ဆန္ဒပြတာရှိတယ်လေ။ ကျနော်တို့လည်း ၀င်ပါတယ်ပေါ့။ အဲဒီကိစ္စကိုပဲ အရေးယူတာလား ဆိုတာမျိုးတော့ ကျနော်လည်း မသိဘူး။ ဒါပေမဲ့ ပြောချင်တာကတော့ တသက်လုံး နိုင်ငံရေးလုပ်လာတာ၊ တောလည်း ခိုလာတာ။ ဒါကိုပဲ အသိအမှတ်ပြုပြီးတော့ ပြန်လာကြပါလို့ ပြောတဲ့အတွက်ကြောင့် ပြန်သွားတာပဲပေါ့နော်။ အဲဒီကိစ္စကြောင့်ပဲ ဖြစ်တယ်ဆိုရင်တောင်မှ ကျနော်တို့က ဆွေးနွေးတိုင်ပင် ညှိနှိုင်းလို့ရတာပဲ။ ဒါပေမဲ့ နိုင်ငံရေးလုပ်လို့၊ အစိုးရကို ဆန့်ကျင်လို့ ပေးမ၀င်ဘူး၊ အစိုးရကို ဝေဖန်လို့ ပေးမ၀င်ဘူးဆိုရင်တော့ ဒါ ကျနော်တို့ အခု သွားနေတဲ့ အပြောင်းအလဲနဲ့တော့ လမ်းတလွဲဆီ ဖြစ်နေတယ်လို့ ထင်ပါတယ်။”
    အရင်က ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးမှာ လည်း ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခဲ့ပေမဲ့ - အခုလိုပဲ အငြင်းခံခဲ့ရပြီး၊ သူ့လိုပဲ Black List အသွင်းခံရတဲ့ အထင်ကရ နိုင်ငံရေးလှုပ်ရှားသူတွေလည်း ရှိပါတယ်။ မနှစ်တုန်းကလည်း ကျောင်းသားခေါင်းဆောင် မိုးသီးဇွန် ကို ဘန်ကောက်မှာ ရှိတဲ့ မြန်မာသံရုံး က Black List စာရင်းကြောင့် ဗီဇာ ငြင်းပယ်ခဲ့သလို၊ မကြာသေးခင်တုန်းက လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က မခ့် ဖာမနာ နဲ့ လုပ်ကြံခံခဲ့ရတဲ့ ကရင်ခေါင်းဆောင် ဖဒိုမန်းရှာရဲ့သမီး ဇိုယာဖန်း တို့ဟာလည်း Black List စာရင်းမှာ ပါဝင်နေတာပါ။
    ဒီလို မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ Black List စာရင်း အသွင်းခံရပြီး ပြည်ဝင်ခွင့် မပေးတဲ့ကိစ္စ အပါအ၀င် နယ်စပ်ရောက် မှတ်ပုံတင် မရှိကြတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို အစိုးရက ပြန်လက်ခံပြီး မြန်မာနိုင်ငံသားတွေ အဖြစ် ပြန်အသိအမှတ်ပြု မှတ်ပုံတင်တွေ ထုတ်ပေးဖို့ သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ထံ စာရေးတင်ပြခဲ့ဖူးပေမဲ့ - အကြောင်းတစုံတရာ ပြန်ကြားခဲ့ခြင်း မရှိဘူးလို့ လည်း ဒေါက်တာနိုင်အောင် ပြောပါတယ်။
    “ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အချိန်မှာ ဒီမိုကရေစီရေးကို ဆောင်ရွက်နေသူတွေ အားလုံး တတပ်တအား ပါဝင်နိုင်အောင် လမ်းဖွင့်ပေးရ မယ်။ နောက်ပြီး ကျနော်တို့ကိုယ်တိုင်ကိုက အပြင်မှာ လက်နက်ကိုင်ဘ၀နဲ့ရော ပြည်ပရောက်ဘ၀နဲ့ရော တလျှောက်လုံး ကိုယ့်တိုင်းပြည် ဒီမိုကရေစီ ရဖို့အတွက်ကို မိဘတွေနဲ့ဝေးပြီးတော့ တိုင်းပြည်နဲ့ဝေးပြီးတော့ တောက်လျှောက်လုပ်ခဲ့ကြတာပဲ။ နောက်တခုက ကျနော်တို့သည် နိုင်ငံသားပဲလေ။ ဗမာပြည်ကနေထွက်ပြီး ဗမာပြည်အရေးကို လုပ်နေတဲ့သူတွေဖြစ်တဲ့အတွက် ဗမာနိုင်ငံသားပဲဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က ကိုယ့်တိုင်းပြည် ပြန်လာဖို့အတွက်ကို ကျနော်တို့မှာ အခွင့်အရေးရှိတယ်လို့ကို ထင်ပါတယ်။ အဲဒီအခွင့်အရေးကိုလည်း အစိုးရက မြှင့်တင်ပေးသင့် တယ်လို့ ထင်ပါတယ်။ နောက်တခု ပိုပြီးတော့ စိတ်မကောင်းဖြစ်တာကပေါ့ တသက်လုံး တိုင်းပြည်ကို ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်တွေကျတော့ ဘာမှ ပြစ်ဒဏ်မခံရဘဲနဲ့ ဒီမိုကရေစီရေး လုပ်တဲ့သူတွေက ဆက် အပြစ်ဒဏ်ခံနေရတဲ့သဘောမျိုး ဖြစ်တာတော့ ကြေကွဲစရာ အကောင်းဆုံးပဲ။”
    မေး - တကယ်လို့သာ ဒေါက်တာနိုင်အောင်တို့ကို တရားဝင်ပေါ့လေ မြန်မာပြည်ကို ၀င်ခွင့်ပေးခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအတွက် ဘာတွေ လုပ်ပေးနိုင်မယ်လို့ ထင်လဲရှင့်။
    ဖြေ - အဓိကက ကျနော်တို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ယဉ်ကျေးမှုဆိုတာကို ကျနော်တို့ လူ့အဖွဲ့အစည်းထဲမှာ သေသေချာချာ လက်ခံသဘောပေါက်ပြီးတော့မှ မှန်မှန်ကန်ကန် ကျင့်သုံးနိုင်အောင်အတွက်ကို ကျနော်တို့ အများကြီး အကူအညီပေးနိုင်ပါတယ်။ နောက်တခုက အသွင်ကူးပြောင်းလဲရေးကာလထဲမှာ တကယ်ကိုပဲ ဒီမိုကရေစီအစိုးရလို့ပြောတဲ့ အာဏာ ၃ ရပ်ကို ခွဲခွဲခြားခြား လုပ်ဆောင်တဲ့ဟာမျိုးဖြစ်အောင် လူထုရဲ့အသံကို နားထောင်ပြီးတော့ လုပ်တတ်တဲ့အစိုးရမျိုးဖြစ်အောင်၊ ဒါမျိုးတွေကိုလည်း ကျနော်တို့ ကူညီနိုင်ပါတယ်လို့။ အထူးသဖြင့် ကျနော်တို့က နယ်စပ်မှာ နေလာတဲ့အခါကျတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေရဲ့ သဘောထား တွေကို ကျနော်တို့က ထဲထဲဝင်ဝင် နားလည်ခဲ့တဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဆိုင်တဲ့ နိုင်ငံရေးညှိနှိုင်းမှုတွေမှာလည်း ကျနော်တို့ အများကြီး ကူညီပေးနိုင်တယ်လို့ ထင်ပါတယ်။
    ပြည်ပရောက် မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူတွေကတော့ - ယခင်အစိုးရတွေကြောင့် နိုင်ငံတကာကို ရောက်နေကြတဲ့ အင်အားစုတွေ ပြည်တွင်း ပြန်လာခွင့်ရရေး NLD အစိုးရအနေနဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တရပ် အမြန်ဆုံး ကြေညာပေးဖို့ကို အရင်ကတည်းက တိုက်တွန်းနေကြ တာလည်း ဖြစ်ပါတယ်။
     နန္ဒာချမ်း  / ဗွီအိုအေ (မြန်မာပိုင်း)
    http://burmese.voanews.com
    အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများ အကြောင်း အပိုင်း (၄) - ဇော်သက်ထွေး
    သင်္ဃန်းကျွန်းမှ တက်သစ်စလူမိုက်လေး မိုးသူဟာ အမေကမွေး၊ ထောင်ကကျွေးဘ၀မှာ “တန်း” မရှိပေမယ့် “ဇ” ရှိပါတယ်။ တကယ်တော့ သင်္ဃန်းကျွန်းရဲ့ တန်းရှိတဲ့ ဆရာကြီးကတော့ (၄)ဆောင် (၆)ခန်းမှာ အခန်း လူကြီးလုပ်နေတဲ့ ယက္ခကြီးဖြစ်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်ရလာတော့ ထောင်ထဲမှာ ငြိမ်နေပါပြီ။ မိုးသူ ကတော့ အင်းစိန်ထောင်ရဲ့ တန်းဝင်လူမိုက်စာရင်းမှာ ပါရဖို့အတွက် ဘာမဆိုလုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားပုံ ပေါ်ပါတယ်။ ဒီအခြေအနေမှာ မိုးသူကို ငရှဥ့်က အိပ်မက်တွေပေးပြီး ကောက်စားလိုက်တာ ဖြစ်ပါတယ်။
    (၄)ဆောင်ရဲ့ တန်းစီးမြခေါင်နဲ့ ငရှဥ့်ရဲ့ ကမ္ဘာမကြေဇာတ်လမ်းကလည်း ရှိနေပါတယ်။ ငရှဥ့်ကို ပြန်ဖမ်းမိတော့ ထောင်က နောက်မှုဖွင့်တဲ့အတွက် ခြေကျင်းနဲ့နေရပါတယ်။ တိုက်ထဲမှာ လပေါင်းများစွာထားပြီး ငရှဥ့်ကို (၄)ဆောင်ပို့လိုက်တော့ မြဂေါင်က တန်းစီးဖြစ်ပြီး ကောင်းစားနေပါပြီ။ ဒါပေမဲ့ ဘ၀တူအချင်းချင်း သူ့ကိုမကြည့်ဘူးလို့ ငရှဥ့်က ခံစားနေရတယ်။ မြဂေါင်ကလည်း ငရှဥ့်တို့ကို အပူးမခံဘူး။ မိုးသူကတော့ မြဂေါင်နဲ့ ဘာဇယားမှမရှိပါဘူး။ နာမည်ကြီးချင်တာပဲ သိတယ်။ မိုးသူက ကျွန်တော်တို့နေတဲ့ အခန်း (၃) မှာပဲ နေပါတယ်။ မှတ်မှတ်ရရ ပြဿနာမဖြစ်ခင် သုံးလေးညလောက်က ကျွန်တော် အပေါ့သွားတော့ အိမ်သာနံရံကိုမှီပြီး မိုးသူက ထိုင်နေတယ်။ သူက ကျွန်တော့်လက်ထဲက ကိုင်ထားတဲ့ ကျောက်ဖရုံယိုကို ကြည့်နေတော့ သနားတာနဲ့ မစားဘဲသူ့ကိုပေးလိုက်တယ်။ နောက်တစ်နေ့ညကျတော့ သူက ကျွန်တော့်ကို ကျေးဇူးတင်တဲ့ပုံနဲ့ “အစ်ကိုက လူတွေကိုကြင်နာတတ်တယ်၊ ဘာပဲခိုင်းစရာရှိရှိ ကျွန်တော့်ကိုပြော၊ မကျေနပ် တဲ့လူရှိရင်လည်းပြော၊ ကျွန်တော်သတ်ပေးမယ်”လို့ ပြောပါတယ်။ သူ့စကား ကြားကြားချင်း ကြက်သီး မွေးညှင်းထပြီး ဆံပင်တွေတောင် ထောင်သွားတယ်။ ကပျာကယာပဲ “အာ...ဘာမှမရှိပါဘူး။ မကျေနပ်တဲ့ သူလည်း မရှိပါဘူး။ အေးအေးနေပါ ကိုယ့်လူရာ” လို့ ပြောပြီး အမြန်လှည့်ထွက်ခဲ့ပါတယ်။ ဒီလိုလူကို စည်းရုံးရတာ ငရှဥ့်အတွက် အင်မတန်လွယ်ကူပါတယ်။
    (၁)ခန်းထဲမှာကျတော့ ဂန္ထ၀င်လူမိုက်တွေက စုပြီးအိပ်ကြရပါတယ်။ ပြဿနာမဖြစ်ခင် တစ်ည ငရှဥ့်က အိပ်ချိန်မှာ မအိပ်သေးဘဲ ဘေးနားက လူတွေကို လိုက်စနေတယ်။ မြဂေါင်က အိပ်ချိန်ပေးနေချိန်မို့ ငြိမ်ငြိမ်နေဖို့ ငရှဥ့်ကို လှမ်းငေါက်တယ်။ ငရှဥ့်က နားမထောင်ဘူး။ မြဂေါင်က ဒေါသထွက်သွားပြီး ငရှဥ့်ကို မတ်တတ်ရပ်ခိုင်းကာ လက်ထဲက ၀ါးခြမ်းပြားသေးသေးလေးနဲ့ တင်ပါးကို သုံးချက်ရိုက်လိုက်တယ်။ ဒီဖြစ်ရပ်က ငရှဥ့်ကို အသားမနာစေပေမယ့် အသည်းနာသွားစေတယ်။ ဒါဟာ သူ့ကို အရှက်ခွဲပြီး လူမိုက်ဂုဏ်ကို ထိပါးတယ်လို့ ယူဆလိုက်တယ်။ ဒါကြောင့် နောက်တစ်နေ့မှာ မြဂေါင်ကို သတ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။
    နောက်တစ်နေ့မှာ ငရှဥ့်က မိုးသူကိုခေါ်ပြီး တိုင်ပင်တယ်။ မိုးသူကလည်း သဘောတူတယ်။ ဒါနဲ့ တောင်ယာပစ္စည်းတွေထားတဲ့ ဘုတ်တိုက်ထဲက ပေါက်ပြားတစ်လက်နဲ့ သံတူရွင်းတစ်ချောင်းကို ခိုးယူလိုက်တယ်။ အင်းစိန်ထောင်က နေ့လယ်ဘက်မှာ အကျဉ်းသားတွေကို တရေးတမောအိပ်ဖို့ ခွင့်ပြုထားတယ်။ တောင်ယာတွေက ၃ နာရီလောက်မှ အလုပ်လုပ်ရတာပါ။ နေ့လယ် ၁ နာရီကျော်ကျော်မှာတော့ အဆောင်မှာ အိပ်တဲ့သူအိပ်၊ လှဲတဲ့သူ လှဲနဲ့ အနားယူနေကြတယ်။ မြဂေါင်က (၄) ဆောင်ရဲ့ နောက်ဆုံးအခန်းဖြစ်တဲ့ (၈)ခန်းမှာ အိပ်နေတယ်။ အဲဒီအချိန်မှာပဲ ငရှဥ့်က ပေါက်ပြားကိုကိုင်၊ မိုးသူက သံတူရွင်းကိုကိုင်ပြီး (၈)ခန်းကို ထွက်လာကြတယ်။ သူတို့နှစ်ယောက်ကို ဘယ်သူကမှ သတိ မထားမိဘူး။ (၈)ခန်းရောက်တော့ မိုးသူက သံတူရွင်းကိုင်ပြီး အပေါက်ဝမှာ ရပ်စောင့်လိုက်တယ်။ ငရှဥ့်က ပေါက်ပြားကိုင်ပြီး အခန်းထဲကို ၀င်သွားတယ်။ မြဂေါင် ထွက်မပြေးနိုင်အောင်လို့ ဖြစ်ပါတယ်။ မြဂေါင်က ပုသိမ်သူလို့ တစ်ဆောင်လုံးကခေါ်တဲ့ တပ်ပြေးလေး တစ်ယောက်နဲ့ အတူဖက်ပြီး အိပ်နေတယ်။ ငရှဥ့်က အိပ်နေတဲ့ မြဂေါင်ကို ပေါက်ပြားနဲ့ ခုတ်လိုက်ပေမယ့် မြဂေါင်ကိုမထိဘဲ ပုသိမ်သူကို ထိသွားတယ်။ မြဂေါင်က နိုးလာပြီး အကျဉ်းသားတွေရဲ့ အိပ်ရာလိပ်တွေ ပုံထားတဲ့ ကစ်ပုံကို ကျွမ်းထိုးပြီး ကျော်သွားတယ်။ မြဂေါင်က ကျွမ်းထိုးတာတော်တယ်။ အခန်းဝမှာ မိုးသူက ပိတ်စောင့်နေတော့ မြဂေါင်က အခန်းထဲမှာပဲ ပတ်ပြေးနေတယ်။ ငရှဥ့်က ပေါက်ပြားနဲ့ လိုက်ခုတ်ပေမယ့် မြဂေါင်ကို မထိဘူး။ ငရှဥ့် မောနေပြီ။ တကယ့်တကယ် လက်ရုံးရည်အရဆိုရင်လည်း ငရှဥ့်က မြဂေါင်ကို မယှဉ်နိုင်ဘူး။ ဒါပေမဲ့ အခန်းထဲမှာ နှစ်ယောက် တစ်ယောက်ဆိုရင် အခြေအနေမလှမှန်းသိလို့ မြဂေါင်က မိုးသူကိုတွန်းပြီး အခန်းထဲကနေ တောင်ယာထဲကို ထွက်ပြေးသွားတယ်။ မိုးသူက သံတူရွင်းကိုင်ပြီး နောက်က ပြေးလိုက်နေတယ်။ ငရှဥ့်ကတော့ အမောဖောက်ပြီး ခပ်လှမ်းလှမ်းမှာ ပြတ်ကျန်ခဲ့တယ်။ မိုးသူက နောက်ကနေသာ လိုက်နေတာ မြဂေါင်ကို သံတူရွင်းနဲ့မရိုက်ရဲဘူး။ ရှိန်နေတာကိုး။ ဒီမြင်ကွင်းကိုကြည့်ပြီး ငရှဥ့်က စိုးရိမ်တကြီးနဲ့ မိုးသူကို လှမ်းအော်လိုက်တယ်။
    “မိုးသူ မင်း မြဂေါင်ကို ဒီတိုင်းလွှတ်ပေးလိုက်တော့မလား”
    ငရှဥ့်စကားကို ကြားတဲ့ မိုးသူက ချက်ချင်းအသိဝင်လာတယ်။ မြဂေါင်နောက်ကို အရှိန်မြှင့်လိုက်ရင်း ခေါင်းကို သံတူရွင်းနဲ့ ရိုက်ချလိုက်တယ်။ မြဂေါင်က ခေါင်းထိပြီး ခရမ်းပင်တွေကြားကို ခွေခနဲကျသွားတယ်။ မိုးသူက မြဂေါင်ကို ဘာမှ ဆက်မလုပ်ဘဲ ကြောင်ပြီးရပ်နေတယ်။ အဲဒီအချိန်ကျမှ ငရှဥ့်ရောက်လာပြီး လဲနေတဲ့ မြဂေါင်ကို ပေါက်ပြားနဲ့ စိမ်ပြေနပြေ ခုတ်သတ်လိုက်တယ်။ တကယ်တော့ မြဂေါင်ဟာ မိုးသူရဲ့ လက်ချက်နဲ့တင် အသက်ထွက်သွားပါပြီ။ ဒါပေမဲ့ ငရှဥ့်က သူ့အခန်းကဏ္ဍမပါရင် သိက္ခာကျမှာစိုးလို့ ပွဲကို အပြီးသတ်နေပါတယ်။ တစ်ဆောင်လုံး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ထောင်တွင်းက လူသတ်ပွဲကိုကြည့်နေကြတယ်။
    (၄)ဆောင် အဆောင်မှူး ထောင်မှူး ဦးစိုးဝင်းက ပြေးလာပြီး “မင်းတို့ ဆက်မလုပ်ကြနဲ့”လို့ လှမ်းအော်တယ်။ ငရှဥ့်က ဦးစိုးဝင်းကို လှမ်းကြည့်ပြီး ““အေး ...ခင်ဗျားကိုပါ ခုတ်မယ်၊ လာခဲ့” လို့ လှမ်းပြောတော့ ချက်ချင်းပဲ မိန်းဂျေးလ်အထိ ထွက်ပြေးသွားပါတယ်။ မိန်းဂျေးလ်မှာ တာဝန်ကျနေတဲ့ ထောင်မှူးကြီး ဦးစောထွန်းသိတော့မှ ငရှဥ့်တို့ဆီကို ကိုယ်တိုင်လိုက်လာပါတယ်။ ဦးစောထွန်းကိုတော့ အင်းစိန်ထောင်ထဲက လူမိုက်ကြီးတွေက ချစ်ကြောက်ရိုသေကြတယ်။ ဦးစောထွန်းက သူ့ရဲ့ ယူနီဖောင်းကိုချွတ်လိုက်ပြီး ပေါက်တူးတွေ၊ သံတူရွင်းတွေ ကိုင်ထားတဲ့ ငရှဥ့်တို့ဆီကို လှမ်းကြည့်ပြီး “မင်းတို့ လာမလား၊ ငါလာရမလား”လို့ လှမ်းပြောတယ်။ ငရှဥ့်တို့ တွေဝေနေရာကနေ စွပ်ကျယ်ချိုင်းပြတ်နဲ့ ဦးစောထွန်းကို “ဆရာလာရင် လက်နက်ချမယ်”လို့ ပြန်ပြောတယ်။ ဦးစောထွန်းက ယုံယုံကြည်ကြည်ပဲ ငရှဥ့်နဲ့ မိုးသူကို ပခုံးဖက်ပြီး မိန်းဂျေးလ်ကို ခေါ်သွားတော့တယ်။ ဒါတွေက ထောင် “အထာ” ရှိမှ လုပ်ရဲကြတာပါ။ ဒါကြောင့်လည်း ငရှဥ့်တို့က ဦးစောထွန်းကို ရန်မပြုတာပေါ့။ ဒီတော့မှ ခရမ်းခင်းထဲမှာ သွေးအလိမ်းလိမ်းနဲ့ လဲကျနေတဲ့ မြဂေါင်ကို ၀န်ထမ်းတွေနဲ့ အကျဉ်းသားတွေက ဘာဘူစောင်နဲ့ထုပ်ပြီး ဆေးရုံကိုအမြန်ပို့တယ်။ ဒါပေမဲ့ မြဂေါင်က အသက်မရှိတော့ပါဘူး။
    ကျွန်တော်တို့အားလုံး ခရမ်းခင်းထဲက ခြေရာတွေနဲ့ သွေးတွေကို ဓာတ်ပုံရိုက်မှတ်တမ်းတင်နေတဲ့ ၀န်ထမ်းတွေကို တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြတယ်။ အင်မတန် ကြောက်စရာကောင်းတဲ့ ပတ်ဝန်းကျင်မှာ လူတစ်ယောက် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း အသက်ထွက်သွားပုံကို ဘယ်သူမှ မယုံကြည်နိုင်ကြဘူး။ ဓာတ်ပုံရိုက်တဲ့လူတွေ ပြန်သွားတော့ ခရမ်းပင်ပေါ်မှာပြန့်ကျဲပြီး ကျန်ရစ်ခဲ့တဲ့ မြဂေါင်ရဲ့ ဦးနှောက်တွေကို ကျီးကန်းတွေက ကောက်ချီပြီး စားသောက်နေကြတယ်။ တကယ့်ကို Jungle Law တစ်ခုပါပဲ။
    မိန်းဂျေးလ်မှာ ထောင်ဝါဒါတွေက ငရှဥ့်နဲ့ မိုးသူကို ခြေကျင်းတွေ ခတ်လိုက်တယ်။ သူတို့နှစ်ယောက်ကတော့ ခပ်အေးအေးပုံစံပဲ။ အချင်းချင်းစနောက်နေကြတယ်။ မိုးသူက ငရှဥ့်ကို မြဂေါင်သေသွားတဲ့ အိုက်တင် လုပ်ပြနေတယ်။ ငရှဥ့်က အားပါးတရရယ်နေတယ်။ ပြီးတော့ သူတို့ကို စစ်ခွေးတိုက်ဆီခေါ်သွားကြတယ်။
    ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် သတင်းတစ်ခုကတော့ မြဂေါင်သေပြီး တစ်လမပြည့်ခင်မှာပဲ စစ်ခွေးတိုက်မှာ ငရှဥ့်ဟာ ထူးဆန်းစွာ သေသွားခဲ့ပြန်ပါတယ်။
    (ဆက်လက်ဖော်ပြပါမည်)
    ဇော်သက်ထွေး
    http://www.tomorrow.com.mm/?q=articles/3286
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း (၁)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း (၂)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း (၃) - 
  • ဦးကိုနီကို လုပ်ကြံခံရမှုမှာ ပါဝင်တဲ့ ဇေယျာဖြိုးသည် ယခင် ဗထလ ဗဟိုထောက်လှမ်းရေးတပ်(ရေကြည်အိုင်) မှ သင်တန်း နည်းပြတစ်ဦးဖြစ်နေ
     မြန်မာသတင်း — February 22, 20The Speaker သတင်းဂျာနယ်
    အတွဲ(၁)၊ အမှတ် (၁၄) မှ ကူးယူဖော်ပြသည်။
    ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်၏ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ သေနတ်ဖြင့် ပစ်သတ်ခံရခဲသော ကိစ္စနှင့် ပတ်သက်၍ တရားခံ ကြည်လင်း၊ စေခိုင်းသူ အောင်ဝင်းဇော် တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့် အပြင် ငွေပေးစေခိုင်းသူ အောင်ဝင်းခိုင်မှာ ထွက်ပြေးလွတ်မြောက်နေကြောင်း နိုင်ငံတော် သမ္မတ ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်တို့နှင့် အတူ ဦးကိုနီ လုပ်ကြံမှုတွေပါဝင်ခဲ့သူ ဇေယျာဖြိုးကိုလည်း သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေး ဖမ်းဆီးခဲ့ကြောင်းသိရသည်။
    အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်တို့နှင့် အမှုတွဲ ဇေယျာဖြိုးသည် ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်ကုန်းရှိ ကျောင်းကုန်းကျောင်းကြီး ပရိယတ္တိ စာသင်တိုက်တွင် ရဟန်းဝတ်နေစဉ် ဖေဖော်ဝါရီ ၃ ရက်က သက်ဆိုင်ရာမှ လာရောက်ခေါ်ဆောင်မှုကြောင့် သိက္ခာချ လူဝတ်လဲကာ လိုက်ပါသွားခဲ့ကြောင်း အဆိုပါကျောင်တိုက်ရှိ ကျောင်းထိုင် ဆရာတော်က မိန့်ကြားသည်။
    “ခရီးသွားနေတော့ သိပ်ပြီးတော့ မသိဘူး။ သုံးရက်တောင် မပြည့်ဘူး ၊ ၁ ရက်နေ့မှာ စတက်တယ်။ ၃ ၇က်တောင် အပြည့်မရဘူးလို့ ပြောပါတယ်။ အဲလို ကိစ္စ တွေဖြစ်တဲ့အခါကျတော့ ၃ ရက်နေ့ကျတော့ သိက္ခာချပြီး လူဝတ်လဲပြီး ခေါ်သွားတယ်လို့ ဦးပဉ္ဖင်းလဲ အဲ့လိုပဲ ကြားတာပဲ။ သက်ဆိုင်ရာတွေရော ပါသလား တော့ မသိဘူး။ ဒကာတွေတော့ လာကြတယ်လို့ ကျောင်းက ဦးပဉ္ဖင်းတွေက ပြောတယ်။ အ၇ပ်ဝတ်တွေနဲပ လာတယ်လို့တော့ ပြောတယ်။ မနက်ကိုးနာရီ လောက် လာခေါ်တယ်လို့ ပြောကြတာပဲ ” ဟု ကျောင်းထိုင်ဆရာတော်က The Speaker သို့ မိန့်ကြားသည်။
    ကျောင်းကုန်းကျောင်းကြီး ပရိယတ္တိ စာသင်တိုက် ကျောင်းထိုင်ဆရာတော်သည် မအူပင်သို့ ခရီးသွားရန် ရှိသည့် အတွက် ဆရာတော် ခရီးမသွားမီ ဇေယျာဖြိုးအား ရဟန်းဝတ်ပေးခဲ့ပြီး ခရီးသွားနေခဲ့သဖြင့် ဇေယျာဖြိုးကို လာခေါ်သည့် ညနေတွင် ဆရာတော်အား ဖုန်းဆက်လျောက်ထားခဲ့ကြောင်း သိရသည်။
    “ဦးပဉ္ဖင်းက ခရီးသွားစရာရှိတယ်ဆိုတော့ ဦးပဉ္ဖင်းရှိတုန်း ဝတ်လိုက်မယ်ဆိုပြီး တော့ ညနေမှာ ဝန်လိုက်တာ ။ နောက် သုံးရက်လောက်နေတော့ ခေါ်သွားတယ်။ သိက္ခာချပြီးတော့ အိမ်ခဏပြန်သွားတယ်။ ဦးပဉ္ဖင်း ကို သူညနေကျတော ဖုန်းဆက်တယ်။ သိက္ခာချလိုက်တဲ့ အကြောင်း လှမ်းဆက်တာ” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
    ဇေယျာဖြိုး သည် နှစ်စဉ် ဖေဖော်ဝါရီလ တွင် ရဟန်းဝတ်နေကျဖြစ်ကြောင်း ယခုနှစ်သည် ကိုးကြိမ်မြောက် ဝတ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ရဟန်းဝတ်ပါက တစ်ပတ်ခန့် ဝတ်လေ့ရှိကြောင်း ကျောင်းကုန်းပရိယတ္တိ စာသင်တိုက်တွင်မူ လွန်ခဲ့သည့် လေးနှစ်၊ ငါးနှစ် ခန့်က တစ်ကြိမ်၊ ယခုတစ်ကြိမ် နှစ်ကြိမ်သာ ရဟန်းဝတ်ခဲ့ဖူးကြောင်း သိ၇သည်။ ဘာသာရေး အလွန်လိုက်စားသူတစ်ဦးဖြစ်ရာ ရဟန်းဝတ်နေစဉ် အချိန်တွင်လည်း တရားရှုမှတ်နည်းများကို ပြပေးရန်မလိုဘဲ ၄င်းကိုယ်တိုင်ပင် ရှုမှတ်အားထုတ်နိုင်သည်ဟု ဆိုသည်။
    ဇေယျာဖြိုးသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၆) ဆင်းတစ်ဦးဖြစ်ပြီး ဗဟိုထောက်လှမ်းရေး တပ် ဗထလ(ရေကြည်အိုင်) တွင် သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပီး စစ်ခွေး အထူးလေ့ကျင်ရေး နှင့် ပတ်သက်၍ အိန္ဒိယတွင် သင်တန်း တက်ရောက်ခဲ့ကြောင်းသိရသည်။
    ဦးကိုနီအား သေနတ်ဖြင့် လုပ်ကြံရန် ငွေပေးစေခိုင်းသူ အောင်ဝင်းခိုင်နှင့် ပတ်သက်ဆက်နွယ်သူများကို သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးလျက်ရှိရာ ဇေယျာဖြိုးကိုသာမက အောင်ဝင်းခိုင်ခေါ်ဆိုခဲ့သော ဖုန်းကောလ်များမှ ဦးကိုနီသေဆုံးသည့် နေ့ မတိုင်မီ တစ်ပတ်အတွင်းခေါ်ဆိုခဲ့သော ဖုန်းနံပါတ်များကို ဆက်သွယ်၍ ခေါ်ယူစစ်ဆေးခဲ့ရာ လူဦးရေ ၆၀ ကျော် စစ်ဆေးခံခဲ့ရကြောင်း သိရသည်။
    ဇေယျာဖြိုးနှင့် ၄င်း မိသားစုသည် အမှတ် D-8 မင်္ဂလာလမ်း တာမွေလေးရပ်ကွက်တွင် နေထိုင် ကြပြိး ၄င်း အိမ်သို့ The Speaker မှာ သွားရောက်ရာတွင် အိမ်တံခါးများ သော့ပိတ်ထားသည်ကို တွေ့ရှိခဲ့သည်။ အိမ်နီးချင်းများကလည်း ၄င်းတို့ကို မတွေ့သည်မှာ တစ်ပတ်ခန့် ရှိပြိဖြစ်ကြောင်း ပြောကြသည်။
    ” မတွေ့တာ တော့ ကြာပြီ။ တစ်ပတ်လောက်ရှိပြီ ။ ခါတိုင်း သတင်းစာပို့နေကျ ကောင်လေးတောင် လာမပို့တော့ဘူး” ဟု ဇေယျာဖြိုး ၏ အိမ်နီးချင်းကပြောသည်။
    အဆိုကိစ္စ နှင့် ပတ်သက်၍ တာမွေလေး ရပ်ကွက် အုပ်ချူပ်ရေးမှုးထံသို့ သွားရောက်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၄င်းမှာ ထိုကိစ္စ နှင့် ပတ်သက်၍ ဘာမှ သိရှိမှု မရှိကြောင်းနှင့် တာမွေ ရဲစခန်းသို့သာ ဆက်သွယ်မေးမြန်းရန်ပြောခဲ့သည်။
    တာမွေရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ စခန်းမှ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)မှ တာဝန်ရှိသူများကို ဇေယျာဖြိုး၏ အိမ်သို့ လိုက်လံပို့ဆောင်ပေးခဲ့ရာ ဇေယျာဖြိုးအား စရဖ မှ ခေါ်ဆောင်သွားပြေီး ခေါ်ဆောင်သွားသည့် နေရာကိုတော့ မသိရှိကြောင်း တာမွေ မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
    ဇေယျာ၊ လင်းလင်း
    အက်ဆီးဒန့် ၄၅ ရာနှုန်းလျှော့ချနိုင်မယ့် ခါးပတ်ဒီဇိုင်းသစ်
    ဒီနေရာ (၇)ခု မှာ တစ်နေရာလောက် မှဲ့ပါတဲ့သူဆို လုံးဝ လက်လွှတ်မခံနဲ့နော်.
    ဒီနေရာ (၇)ခု မှာ တစ်နေရာလောက် မှဲ့ပါတဲ့သူဆို လုံးဝ လက်လွှတ်မခံနဲ့နော်..။ ဘယ်နေရာတွေလဲဆိုတာ…!
    ByHan Lu -
    မှဲ့ နဲ့ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိကြပါတယ်။ မှဲ့တစ်ခုစီတိုင်းမှာ ဘဝနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားတဲ့ မက်ဆေ့ခ်ျ တစ်ခုစီရှိပါတယ်လို့ မှဲ့ပညာရှင်တွေက ဆိုကြပါတယ်။
    ခန္ဓာကိုယ်ရဲ့ နေရာအမျိုးမျိုးမှာ မှဲ့တွေရှိနိုင်ပြီး အခုဖော်ပြမယ့် နေရာတွေမှာရှိတဲ့မှဲ့တွေကတော့ ကံကောင်းခြင်းနဲ့ စည်း စိမ်ဥစ္စာကြွယ်ဝခြင်းကို ပေးနိုင်ပါတယ်တဲ့။
    နှုတ်ခမ်းအပေါ်ဘက်မှာရှိတဲ့မှဲ့
    အရမ်းကို ကောင်းတဲ့မှဲ့တစ်မျိုးဖြစ်ပြီး ရွယ်တူတန်းတူတွေထက် ငွေကြေး၊ အောင်မြင်မှု ပိုမိုရရှိတတ်တဲ့မှဲ့လို့ ဆိုနိုင်ပါတယ် ။ ဒီလိုမှဲ့ပိုင်ရှင်တွေက ခေါင်းနည်းနည်းမာတဲ့ သဘာဝရှိပေမဲ့ ဘာပဲလုပ်လုပ်အရမ်း ကို မြန်မြန် ဆန်ဆန်ေ အာင်မြင်တတ် တဲ့သူတွေ ဖြစ်ပါတယ်။
     နှာခေါင်းပေါ်မှာရှိတဲ့မှဲ့
    နှာခေါင်းရဲ့တစ်ဘက်တစ်ချက်မှာမှဲ့ရှိနေမယ်ဆိုရင် သေချာပေါက်ချမ်းသာမယ်ဆိုတဲ့လက္ခဏာဖြစ်ပါတယ်။ ဒါပေမဲ့ အော င်မြင်မှုနဲ့ ငွေကြေးနှစ်ခုစလုံးက အသက် ၃၀ နောက်ပိုင်း ဒါမှမဟုတ် အိမ်ထောင်ကျပြီးမှ ရရှိတတ်ပါတယ်။
    ညာဘက်ပါးပြင်ပေါ်ကမှဲ့
    ညာဘက်ပါးပေါ်မှာ ထင်ရှားပြီး ပြတ်သားတိကျတဲ့ မှဲ့တစ်လုံးရှိမယ်ဆိုရင် အိမ် ထောင်ပြုပြီးနောက်မှာ အရမ်းကို ချမ်းသာကြွယ်ဝလာမယ်လို့ သိနိုင်ပါတယ်။
    မျက်ခုံး/မျက်လုံးနှစ်ခုကြားကမှဲ့
    မျက်ခုံးနှစ်ခုကြားမှာဖြစ်ဖြစ်၊ မျက်လုံးနှစ်လုံးကြားမှာဖြစ်ဖြစ် မှဲ့တစ်လုံး ရှိမယ်ဆိုရင် ချမ်းသာပြီး ဘဝတစ်ခုကို သာသာ ယာယာနဲ့ အခြေချနိုင်မယ့် သူတစ်ဦးဖြစ်ပါလိမ့်မယ်။ ဘဝမှာ တောင့်တစရာမလို ဘဲ ငွေကြေးပြည့်ပြည့် စုံစုံနဲ့ နေရ တတ်ပါတယ်။
    ခါး
    ခါးရဲ့ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ မှဲ့က ကံကောင်းခြင်းရော ကံဆိုးခြင်းရော နှစ်မျိုးစလုံးဖြစ်စေနိုင် ပါတယ်။ ဥစ္စာပစ္စည်းပြည့်စုံကြွယ်ဝပြီး ကြီးပွားတိုးတက်မှာ ဖြစ်ပေမဲ့ ဘဝရဲ့အချိန်တော်တော်များများမှာ ဝမ်းနည်းစရာ၊ စိတ်မချမ်းမြေ့စရာတွေကြုံရမှာ ဖြစ်ပါတယ်။
    ညာဘက်လက်ဝါးပြင်ကမှဲ့
    ညာဘက်လက်ဝါးပြင်မှာ မှဲ့ရှိရင် ဘဝမှာ အောင်မြင်မှုနဲ့ ကြွယ်ဝမှုနှစ်မျိုးလုံး ရနိုင်ပါတယ်။ ဒါပေမဲ့ ကံကောင်းမယ့်အချိန် က လက်ဝါးပြင်ပေါ်က မှဲ့ရဲ့ တည်နေရာအပေါ်မှာမူတည်ပါတယ်။ မှဲ့က လက်ဝါးရဲ့ အပေါ်ပိုင်းမှာရှိမယ်ဆိုရင်ငယ် ရွယ် တဲ့အချိန်ကစပြီး အောင်မြင်ပြည့်စုံမှာဖြစ်ပြီးလက်ဝါးရဲ့ အောက်ပိုင်းမှာ ရှိမယ်ဆိုရင် အသက်ရလာတဲ့အချိန်မှာမှ စည်းစိမ် ဥစ္စာနဲ့ အောင်မြင်မှုတွေရရှိနိုင်မှာပါ။
    ရင်ဘတ်ပေါ်မှာရှိတဲ့မှဲ့
    ရင်ဘတ်ရဲ့ ညာဘက်အခြမ်းမှာရှိတဲ့မှဲ့က စည်းစိမ်ဥစ္စာ အများအပြားပိုင်ဆိုင်စေပြီး ဘဝကို အေးအေးချမ်းချမ်းပျော်ပျော် ရွှင်ရွှင် ဖြတ်သန်းနိုင်ခြင်းကို ပြတဲ့မှဲ့ဖြစ်ပါတယ်။
     မေးစေ့ပေါ်မှာရှိတဲ့မှဲ့
    မေးစေ့ပေါ်မှာရှိတဲ့မှဲ့က စည်းစိမ်ဥစ္စာနဲ့ ပတ်သက်ရင် ကံကောင်းခြင်းကို ပြပေမဲ့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ရင် အား နည်းပြီး အထီးကျန်နေရတတ်တဲ့သူတွေဖြစ်ပါတယ်။
    Credit: Search Myanmar
    အချိန်တန်ရင်အားလုံးအဖြေပေါ်မှာပါ(အင်းစိန်အောင်စိုး)
    အချိန်တန်ရင်အားလုံးအဖြေပေါ်မှာပါ(အင်းစိန်အောင်စိုး)
    ဦးကိုနီအား လုပ်ကြံရန် နဂါးလေးကို ငွေပေး ကမ်းလှမ်းခဲ့သည်ဟုဆို
    ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
    ရဲတပ်ဖွဲ့က မြေလှန်ရှာဖွေ ဖမ်းဆီးခဲ့သည့် နဂါးလေး(ခ)အောင်နိုင်မြင့်မှာ ရှေ့နေ ဦးကိုနီကို လုပ်ကြံပေးရန် ငွေဖြင့် ကမ်းလှမ်းခံရသူဖြစ်ကြောင်း အမည်မဖော်လိုသည့် အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
    “မူးယစ်ပြတိုက်မှာ မနက်ဖြန်လုပ်မယ့် သတင်းစာ ရှင်းလင်းပွဲကျရင် ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး နဂါးလေးရဲ့အကြောင်း ပါလာလိမ့်မယ်။ သူက လုပ်ကြံမှုမှာ တိုက်ရိုက် မပတ်သက်ခဲ့ပေမယ့် တစ်စိတ်တစ်ပိုင်း ဆက်နွယ်နေတယ်”ဟု ၎င်းက ပြောဆိုသည်။
    ဦးကိုနီကို အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့သည့် သေနတ်သမား ကြည်လင်းနှင့် နောက်ကွယ်မှ ငွေပေးစေခိုင်းသူ အောင်ဝင်းဇော် ယင်းအပြင် အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ကို ဖမ်းမိခဲ့ပြီး စစ်ဆေးရာမှ ယင်းအမှုနှင့် ပတ်သက်ဆက်နွယ်နေသူဟုဆိုသူ တရားခံပြေး နဂါးလေး(ခ) အောင်နိုင်မြင့် ပါဝင်နေသောကြောင့် ၎င်းကို ရဲတပ်ဖွဲ့က မြေလှန်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းထံမှ သိရသည်။
    အဆိုပါ နဂါးလေး(ခ)အောင်နိုင်မြင့်မှာ ဦးကိုနီအား လုပ်ကြံပေးရန် ငွေပေးပြီး ကမ်းလှမ်းခံရသည့် အင်းစိန်မြို့နယ်မှ ကိုအောင်စိုးပြီးလျှင် ၎င်းမှာ ဒုတိယ ကမ်းလှမ်းခံရသူဖြစ်ပြီး ကြည်လင်းမှာ တတိယမြောက် ကမ်းလှမ်းခံရသူဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။
    The Voice
    တရားလွှတ်တော်ရှေ့နေဦးကိုအားလုပ်ကြံသတ်ဖြတ်သူကြည်လင်းအားဖမ်းဆီးမှုမှတ်တမ်း 
    Thursday, February 23, 2017
    ပိုက်ဆံမရှိရင်တောင် ထမီပေါင်ပြီး SMS vote ပေးမယ်ဆိုတဲ့ ရဲနောင်ရဲ့ အမာခံပရိဿတ်တွေ
    Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲရဲ့ ဇကာတင် (၁၀)ဦး ရွေချယ်မှုကစလို့ တစ်ဆင့်ခြင်း ယှဉ်ပြိုင်ခဲ့ရာမှာ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်အိမ်ပြန်ခဲ့ကြရပြီး အခုဆိုရင် ဇကာတင် (၆)ဦးသာ ကျန်ရှိပါတော့တယ်။ 
    ပထမဦးဆုံး အိမ်ပြန်ခဲ့ရသူကတော့ အေမီစံဖြစ်ပြီး အဲဒီနောက်မှာတော့ ဖြူလေး၊ ယွန်း၊ ချမ်းငြိမ်းတို့ အသီးသီး အိမ်ပြန်ခဲ့ကြရပါတယ်။ ပြိုင်ပွဲဝင်ဖို့ ဆက်လက် ကျန်ရှိနေသူတွေကတော့ ရဲနောင်၊ သားငယ်၊ ဇင်ကြီး၊ မိုင်းမိုင်ဆိုင် နဲ့ ပိုးမီတို့ပဲ ဖြစ်ကြပါတယ်။
    ကျန်ရှိနေခဲ့တဲ့ ပြိုင်ပွဲဝင် (၆)ဦးထဲမှာ မဲအနဲဆုံးသူတွေ ထိုင်ရလေ့ရှိတဲ့ Bottom Three ဆိုတဲ့ ထိုင်ခုံမှာ ခုချိန်ထိလုံးဝ(လုံးဝ) မထိုင်ဖူးသေးတဲ့ ပြိုင်ပွဲဝင်နှစ်ဦး ထူးထူးခြားခြားရှိနေပါသေးတယ်။ 
    "သားငယ်" နဲ့ "ရဲနောင်" တို့ပဲဖြစ်ပါတယ်။
    သူတို့နှစ်ဦးစလုံးဟာ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အသံရှိကြသူတွေ ဖြစ်တဲ့အတွက် ဒိုင်တွေရွေးချယ်ခဲ့တဲ့ (Judges Audition) အဆင့်အားလုံးကို အောင်မြင်စွာ ကျော်ဖြတ်ကာ ဇကာတင် (၁၀)ဦး Top Ten ထဲမှာ ပါဝင်ခဲ့ကြသူ နှစ်ဦးဖြစ်ပါတယ်။
    Top Ten သီဆိုယှဉ်ပြိုင်မှုကစလို့ ပရိဿတ်က ပေးပို့လာတဲ့ SMS voting မဲရလဒ်အပေါ် မူတည်တာကြောင့် ဒိုင်လူကြီးများအနေနဲ့ သီချင်းသီဆိုပုံ သီဆိုဟန်နဲ့ ပက်သက်ပြီး ကောင်းသည်၊ ဆိုးသည်၊ လိုအပ်သည်များကို ပြောကြားပေးရုံကလွဲ၍ ဆုံးဖြတ်ပေးပိုင်ခွင့် မရှိတော့ပါဘူး။ 
    ယှဉ်ပြိုင်မှုအဆင့်ဆင့်မှာ "ကြယ်ငါးပွင့်သင်္ဘောကြီး"လို့ မြန်မာပြည်သိန်းတန် တင်စားခဲ့တဲ့ "သားငယ်"ဟာ ဒိုင်တွေ အားလုံးရဲ့ ချီးကျူးပြောဆိုမှုတွေကို ရရှိခဲ့ပေမယ့် "ရဲနောင်" ကတော့ ဒိုင်တွေ သိပ်အားမရတဲ့ ပြိုင်ပွဲဝင် တစ်ဦးသာ ဖြစ်ခဲ့ပါတယ်။ ဒိုင်တွေတင်ပဲလားဆိုတော့ မဟုတ်ပါဘူး အဆိုပိုင်းနည်းပြအဖြစ် တာဝန်ယူထားကြတဲ့ ကိုဥက္ကဦးသာနဲ့ မထရေစီတို့ကပါ သိပ်အားရမှုမရှိတာကို အင်တာဗျူးဗီဒီယိုတွေမှာ မြင်တွေ့နိုင်ပါတယ်။
    သူ့ရဲ့ သီဆိုဖျော်ဖြေမှုတွေ အပြီးမှာ အောင်မြင်မှုမှတ်တိုင်တွေကို စိုက်ထူနိုင်ခဲ့တဲ့ နိုင်ငံကျော်အနုပညာရှင် ဒိုင်လူကြီးမင်း သုံးဦးကတော့ သိပ်အားမရတဲ့ မှတ်ချက်တွေ ပေးသွားမြဲဖြစ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ဒိုင်လူကြီးတွေ မှတ်ချက်ပြုသမျှကို ရဲနောင်က အပြုံးမပျက်ပဲ ခေါင်းငုံ့ နာခံနေတတ်ပါတယ်။ 
    နောက်တစ်နေ့ Result ထွက်တဲ့အခါ ရဲနောင်ကတော့  မဲရလဒ်အများဆုံးနဲ့ ပွဲစဉ်တိုင်းကို လွတ်လွတ်ကင်းကင်း ကျော်ဖြတ်သွားခဲ့တာချည်းပဲဖြစ်ပါတယ်။
    ဒါဆိုရင် ရဲနောင်ရဲ့ နောက်မှာ သူ့အတွက် SMS နဲ့ မဲတွေအလုံးအရင်း ပေးနေတဲ့ ပရိဿတ်ကြီးရှိနေတာ သေချာနေပြီဖြစ်ပါတယ်။
    အချို့ပရိဿတ်က ရဲနောင်ဟာ အဆိုပညာသိပ်မကောင်းပေမယ့် စန်းတက်နေတာကြောင့် မဲရနေတာလို့ ဆိုခဲ့သလို၊ အချို့ကလည်း ဒိုင်က သူ့ကိုဖိပြောလေ လူတွေက သနားပြီး သူပိုမဲရလေလို့ မှတ်ချက်ပေးသကဲ့သို့ MPT SIM ကဒ်ကို တစ်ကူးတက ဝယ်ပြီး ပိုက်ဆံမရှိရင်တောင် ထမီပေါင်ပြီး ရဲနောင်ကို မဲပေးမယ်လို့ ဧရာဝတီတိုင်းသား အချို့က ဆိုကြပါသတဲ့..။
    တစ်ကယ်တော့ Myanmar Idol ရဲ့ ပြိုင်ပွဲရင် အမှတ်စဉ်(၁) ရဲနောင်ဟာ ပရိဿတ်နဲ့ ဒိုင်လူကြီးမင်းများကြား အားပြိုင်မှုမှာ ညပ်နေခဲ့ရတဲ့ ဆားတစ်ပွင့်ဖြစ်ပါတယ်။ Result Show တစ်ခုပြီးလို့ အလားအလာကောင်းတဲ့ ပြိုင်ပွဲဝင်တစ်ယောက် ထွက်ရတိုင်း ရှိုက်ကြီးတငင်ငင် ငိုကြွေးခဲ့ရသူက ရဲနောင်ဖြစ်ပါတယ်။ 
    ပြိုင်ပွဲဝင်တယ်ဆိုကတည်းက လူတိုင်းဟာ အနိုင်လိုချင်ကြပါတယ် ဒါပေမယ့် ကိုယ့်ရဲ့ အရည်အသွေးကိုတော့ ကိုသာလျှင် အသိဆုံး ဖြစ်ပါတယ်။ မည်သူမဆို ကိုယ့်ထက်တော်နေ၊ သာနေသူတွေနဲ့ ယှဉ်ပြိုင်ရာမှာ နောက်တစ်လှမ်း ဆုတ်ခဲ့ရလို့ ဝမ်းမနည်း တတ်ပါဘူး၊ ဖြေနိုင်ပါတယ်၊ ဖြေသာပါတယ်။ ဒါပေမယ့် ဒီလိုပင်ကိုယ် အရည်အချင်းပေါ်မှာ မမူတည်ပဲ ထွက်လာအဖြေမျိုးဆိုရင် လက်ခံဖို့ ခက်ခဲတာ သဘာဝပါ။
    ဒါတွေအားလုံးဟာ ရဲနောင်မှာ အပြစ်မရှိသလို ဒိုင်တွေမှာလည်း အပြစ်မရှိပါဘူး။ ရဲနောင်က တတ်စွမ်းသလောက် အကောင်းဆုံး ဖျော်ဖြေတယ်၊ ဒိုင်တွေက ပညာရှင် နား၊ မျက်စိတို့နဲ့ စေတနာထားပြီး ပိုကြိုးစားလာအောင် မှတ်ချက်ပေးတယ်။ ပရိသတ်က မဲပေးဆုံးဖြတ်တယ်။ 
    တစ်ကယ်တော့ရှင်းရှင်းလေးပဲ ဖြစ်ပါတယ်...
    ဒါပေမယ့် ပရိဿတ်တွေရဲ့ စိတ်ထဲမှာသာ Myanmar Idol အစီစဉ်ကို အဆိုတော်ဖြစ်လာနိုင်သူ တစ်ဦးကို ရွေးချယ်နေတဲ့ သီချင်းဆို ပြိုင်ပွဲတစ်ခုအနေနဲ့ ရိုးရိုးလေးပဲ မြင်အောင် ကြည့်ပြီး သမာသမတ်ကျကျ မဲပေးမယ်ဆိုရင် Myanmar Idol ဟာ သိပ်အငြင်းပွားစရာ ဖြစ်လာလိမ့်မယ်လို့ မထင်ပါဘူး။​ေ
    ရဲနောင် အစွမ်းရှိသလောက် ရှေ့ဆက်လျှောက်လှမ်းနိုင်ပါစေ...
    ပရိဿတ်ကြီးလည်း ရိုးရိုးလေးပဲ တွေးပြီး မဲပေးနိုင်ကြပါစေ....
    နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များအား ထိပါးလာမှုများကို တပ်မတော်မှ ကာကွယ်စောင့်ရှောက်မည်ဆိုသောအချက်ကို ၇၂ နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်တွင် စတင်ထည့်သွင်း
    နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်အရပ်ရပ်ကို ထိ ပါးလာမှုများကို တပ်မတော်မှ ကာကွယ်စောင့်ရှောက်ရေးဆို သည့်အချက်ကို မတ်လ ၂၇ရက် တွင် ကျရောက်မည့် (၇၂)နှစ် မြောက်တပ်မတော်နေ့ဦးတည် ချက်များ၌ ထည့်သွင်းဖော်ပြလိုက်သည်။
    ၁။ (၇၂)နှစ်မြောက်တပ်မတော် နေ့ဦးတည်ချက်တွင် အချက်လေး ချက်ပါဝင်ကာ ပထမဆုံးအချက် သည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ ပြည် သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်အရပ်ရပ်ကို ထိပါးလာမှုများအား တပ်မတော်မှ ကာကွယ်စောင့် ရှောက်ရေးဖြစ်သည်။
    ၂ ။ ထို့အပြင် နိုင်ငံတော်တည် ငြိမ်အေးချမ်းရေး၊ စည်းလုံးညီ ညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုက ရွေးချယ်သော ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ခိုင်ခိုင်မာမာလျှောက် လှမ်းနိုင်ရန် ထိန်းသိမ်းဆောင်ရွက် ရေးတို့ကို တပ်မတော်၏ ရပ် တည်ချက်အဖြစ် မြဲမြံစွာခံယူလုပ် ဆောင်ရေးကို ဒုတိယအချက်အ ဖြစ် ဖော်ပြထားသည်။
    ၃။ တတိယဦးတည်ချက်မှာ ထာဝရ ငြိမ်းချမ်းရေးတည် ဆောက်ရာတွင် ချမှတ်ထားသော တပ်တော်၏ ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်ဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပါဝင်ဆောင် ရွက်ရေးဟု ပါရှိသည်။
    ၄။ နောက်ဆုံးအချက်မှာ နိုင်ငံ တော်ကာကွယ်ရေးနှင့် ဘက်စုံလုံ ခြုံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်စွမ်းရည်ထက် မြက်သည့် တပ်မတော်တည် ဆောက်ရေးဖြစ်သည်။
    7 day
    အမှုမှန် ဖော်ထုတ်ဖို့ ဖိအားပေးရင် ရင်ကြားစေ့ရေးကို ထိခိုက်နိုင်သလား
    အမျိုးသား လွှတ်တော်က NLD နဲ့ တပ်မတော်သား ကိုယ်စားလှယ်များ
    NLD ပါတီ ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီလုပ်ကြံခံရတာ အခုဆို တစ်လနီးပါး ရှိလာပါပြီ။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ တစ်လပြည့် အခမ်းအနားလုပ်ဖို့ ရှိပါတယ် ။
    အဲဒီ အခမ်း အနားကိုဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့ တက်ရောက်မှာ ဖြစ်ပါတယ် ။
    ဦးကိုနီကို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး လူ နှစ်ယောက်ကို ဖမ်းထားပေမဲ့ သံသယ ရှိသူ တပ်မတော် အရာရှိ ဟောင်း တစ်ယောက် ကတော့ လွတ်မြောက် နေပါ သေးတယ်။
    ဦးကိုနီ အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်ပိုင်းမှာ ပြောဆို ဆောင်ရွက်တာ မရှိဘူးလို့ ဝေဖန်မှု တွေရှိနေ ပေမဲ့ လွှတ်တော်မှာ ထူးထူး ခြားခြား အဆိုပြု တင်ပြ လာတာတွေ မရှိသေးဘူးလို့ ပြည်သူ့ လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။
    အမှုမှန် ဖော်ထုတ်ရေးမှာ အစိုးရကို ဖိအား ပေးရင် ရင်ကြားစေ့ရေးကို ထိခိုက်မှာ စိုးရိမ်ရတယ်လို့ လည်း သူက ပြောပါတယ်။
    ဒီလိုပြောရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဦးခင်မောင်ဝင်းကို ဘီဘီစီက မေးကြည့် ရာမှာ ဦးကိုနီဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ပြင်းပြင်း ထန်ထန် ကြိုးပမ်းခဲ့ပြီး တပ်မတော် အပါအဝင် အစိုးရ အဆက်ဆက်နဲ့ ပတ်သက်လို့ လည်း နက်နက် ရှိုင်းရှိုင်း ဝေဖန် ထောက်ပြ တာတွေ ရှိခဲ့လို့ တဘက်က ခံစားမှုတွေ ရှိကောင်း ရှိနေနိုင်တယ်လို့ ပြောပါတယ်။
    ဒါကြောင့် အခုလို အချိန်မှာ ဆင်ဆင်ခြင်ခြင် ကိုင်တွယ်တာက ပိုမှန်ကန်တယ်လို့ ထင်ကြောင်း သူက ဆက်ပြောပါတယ်။
    အမှုအခင်း တွေကို အရေးယူနိုင်မှုမှာ အရင်ကထက် အားနည်းပြီး လုံခြုံရေးကို ကြိုတင် ပြင်ဆင် တာထက် အမှု အခင်း ဖြစ်မှ နောက်ကနေ လိုက် နေရတဲ့ အခြေ အနေ ဖြစ်နေတယ်လို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။
    အမှုအခင်းတွေကို ဖော်ထုတ် အရေးယူ နိုင်ခြင်းမရှိဘဲ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ကိုင်တွယ် နိုင်မှုလည်း အားနည်းတယ်လို့ သူက သုံးသပ် ပါတယ်။
    BBC Burmese
    http://www.bbc.com/burmese
    အမျိုးသား ၂ ဦးကို ဦးကိုနီအမှုနှင့် ဆက်စပ်ပြီး တာမွေမြို.တွင် ဖမ်းဆီးခဲ့
    ပုံစာ။ တပ်မတော် ထောက်လှမ်းရေးဗိုလ်ကြီးဟောင်း ဦးဇေယျာဖြိုးအား ရန်ကုန် အင်းစိန်မြို.နယ်ရှိ အမျိုးဘာသာ သာသနာစောင့်ရှောက်အဖွဲ.ဥက္ကဌ ဆရာတော်ဦးတိလောကဘိဝံသနှင့် သီတဂူဆရာတော် အရှင်ဥာဏိဿရတို့ ၂၀၁၅ ခုနှစ်ခန့်က တွေ့ဆုံပွဲဓာတ်ပုံမှတ်တမ်းတွင်တွေ့ရစဉ်။
    ရန်ကုန် (Myanmar Now)--အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ပါတီ၏ ဥပဒေအကြံပေး ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနှင့် စပ်လျဉ်း၍ အမျိုးသားနှစ်ဦးကို ရန်ကုန်တိုင်း တာမွေမြို.တွင် လွန်ခဲ့သည့် ရက်သတ္တပတ်ကျော်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
    တာမွေမြို.နယ်ရှိ တာမွေလေးရပ်ကွက်တွင် ဦးဇေယျာဖြိုး ဆိုသူအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လည်းကောင်း၊ ဦးတင်ထွန်းအောင်ဆိုသူအား ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တာမွေမြို.နယ် မာန်အောင်ရပ်ကွက်တွင် လည်းကောင်း ရဲတပ်ဖွဲ.ကဖမ်းဆီးခဲ့ကြောင်း တာမွေမြို.နယ် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောကြားသည်။
    ဦးဇေယျာဖြိုးကို ဖမ်းဆီးခဲ့ရာတွင် ၀န်ထမ်းသက်သေခံကဒ် သုံး၊ လေးကဒ် တွေ.ရှိခဲ့ပြီး၊ ဦးတင်ထွန်းအောင်ကို ဖမ်းဆီးခဲ့ရာတွင် တပ်မတော် ထောက်လှမ်းရေးအကူတပ်အဖွဲ.၀င် ကဒ်ပြားတွေ.ရှိခဲ့သည်ဟု သိရကြောင်း ဦးလှသိန်းက Myanmar Now ကိုပြောကြားသည်။
    “သူတို့တွေက ဒီဒေသခံမဟုတ်ဘူး။ ဒီမှာလာပြီး ပုန်းအောင်းနေတာလို့သိရတယ်” ဟု ဦးလှသိန်းကဆိုသည်။
    ၁၉၇၄တွင် မွေးဖွားခဲ့သော ရန်ကုန်မြို.ဇာတိ ဦးဇေယျာဖြိုးသည် စစ်တက္ကသိုလ်အမှတ်စဉ် ၃၈ ဆင်းဖြစ်ပြီး၊ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့်ဦးဆောင်သော တပ်မတော်ဗဟိုထောက်လှမ်းရေးတပ်ဖျက်သိမ်းမခံရခင် ၂၀၀၄ခုနှစ် အောက်တိုဘာလထိ ဗိုလ်ကြီးအဆင့် ဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်ဟု သူနှင့်နီးစပ်သူစစ်ဖက်အသိုင်းအ၀ိုင်းက Myanmar Now ကိုပြောဆိုသည်။
    “(အခြားထောက်လှမ်းရေးအဖွဲ.၀င်တွေလို) သူကထောင်တွေဘာတွေမကျဘူး။သူ ထောက်လှမ်းရေးက ထွက်ရပြီးနောက်ပိုင်း စီးပွားရေးကုမ္ဗဏီတွေ အများကြီးလုပ်နေတာ” ဟု သူနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
    ရန်ကုန် အင်းစိန်မြို.နယ်ရှိ အမျိုးဘာသာ သာသနာစောင့်ရှောက်အဖွဲ.ဥက္ကဌ ဆရာတော်ဦးတိလောကဘိဝံသနှင့် သီတဂူဆရာတော် အရှင်ဥာဏိဿရတို့ ၂၀၁၅ ခုနှစ်ခန့်က တွေ့ဆုံပွဲကိုရိုက်ကူးခဲ့သော ဓာတ်ပုံထဲတွင်ပါရှိသူ လူလတ်ပိုင်းအမျိုးသားတစ်ဦးအား ဦးဇေယျာဖြိုးဆိုသူဟု လူမှုကွန်ယက်တွင် ပြောဆိုနေမှုများရှိရာ ထိုအချက်မှာ မှန်ကန်ကြောင်း ၄င်းနှင့်ရင်းနှီးသိကျွမ်းသူများက အတည်ပြုပြောဆိုသည်။
    ဦးဇေယျာဖြိုးဖမ်းဆီးခံရမှုသတင်းကို ပြည်တွင်းထုတ် ၇န်ကုန်အခြေစိုက် Speaker ဂျာနယ်က ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကနဦးရေးသားခဲ့ခြင်းဖြစ်သည်။
    နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တိကျသည့်ဖြေကြားမှုမပြုလုပ်ဘဲ မကြာခင် သတင်းထုတ်ပြန်မှု ပြုလုပ်မည်ဟု သာဆိုသည်။
    ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အနီးကပ် သေနတ်ပစ်လုပ်ကြံသတ်ဖြတ်ခံရသော ဦးကိုနီအမှုနှင့်ဆက်စပ်၍ ဦးကြည်လင်းနှင့် ဦးအောင်ဝင်းဇော်ဆိုသူအား ဖမ်းဆီးထားကြောင်း နှင့် ၄င်းတို့ နှစ်ဦးအား ငွေပေးခိုင်းစေသူ ဦးအောင်ဝင်းဇော်၏ညီ ဒုတိယဗိုလ်မှုးကြီးဟောင်း ဦးအောင်ဝင်းခိုင်ကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း အစိုးရကထုတ်ပြန်ထားသည်။
    ဆွေဝင်း/Myanmar Now
    https://www.facebook.com/myanmarnownews/
    တရားလွှတ်တော်ရှေ့နေဦးကိုအားလုပ်ကြံသတ်ဖြတ်သူကြည်လင်းအားဖမ်းဆီးမှုမှတ်တမ်း 
    ဦးကိုနီ တလပြည့် အခမ်းအနား ဒေါ်အောင်ဆန်းစုကြည်တက်မည်
    ဦးကိုနီ တလပြည့် အခမ်းအနား ဒေါ်အောင်ဆန်းစုကြည်တက်မည်
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီနှင့် ယာဉ်မောင်း ဦးနေဝင်းတို့၏ တလပြည့်အောက်မေ့ဖွယ်အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
    NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက “ကျနော်သိသလောက်က ဒေါ်အောင်ဆန်းစုကြည် တက်မှာပါ၊ စာနာမှုကို ပြသတဲ့အနေနဲ့ ဒီပွဲကိုလုပ်မှာဖြစ်ပါတယ်”ဟု ဧရာဝတီကိုပြောသည်။
    အောက်မေ့ဖွယ်အခမ်းအနားကို NLD မှ ဦးစီးပြီး လာမည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် တော်ဝင်နှင်း ဆီ ခန်းမ၌ ကျင်းပမည်ဖြစ်ပြီး ဘာသာအလိုက် ဆုတောင်းပေးခြင်းများလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
    ဦးနေဝင်း၏ ဇနီးမစုသက်ခိုင်က “ဒီအမှုနဲ့ပတ်သက်လို့ ဘာမှတော့မပြောချင်ပါဘူး၊ သူတို့အလုပ် သူတို့အကောင်းဆုံးလုပ်နေတယ်လို့ထင်ပါတယ်၊ အမှုကိုလည်း အမှန်အတိုင်းဖော်ထုတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
    ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ NLD ပါတီ CEC များ၊ ဦးကိုနီမိသားစုနှင့် ပါတီဝင်များ၊ စိတ်ဝင်စားသူ ပြည်သူများ တက်ရောက်ကြလိမ့်မည်ဟု NLD အသိုင်းအဝိုင်းမှ သိရသည်။
    Topics: ဦးကိုနီ
    ဧရာဝတီ
    ဦးကိုနီလုပ်ကြံမှုတွင် သံသယရှိသူ ရဟန်းဝတ်နေသဖြင့် သိက္ခာချဖမ်းဆီး
    ဦးကိုနီလုပ်ကြံမှုတွင် သံသယရှိသူ ရဟန်းဝတ်နေသဖြင့် သိက္ခာချဖမ်းဆီး
    ဦးကိုနီလုပ်ကြံမှုတွင် ပူးပေါင်းပါဝင်သည်ဟု သတင်းထွက်နေသူ ဗဟိုထောက်လှမ်းရေးတပ်နည်းပြဟောင်း ဇေယျာဖြိုးကိုရဟန်းဝတ်ဖြင့်ရှိနေစဉ်သက်ဆိုင်ရာကဖေဖေါ်ဝါရီလ၃ရက်နေ့ကလုပ်ထုံးလုပ်နည်းနှင့်အညီဖမ်းဆီးသွားကြောင်း The Speaker ဂျာနယ်ကဖေါ်ပြလိုက်သည်။
    NLD ပါတီ ဥပဒေအကြံပေး ဦးကိုနီအား လုပ်ကြံရာတွင်ပါဝင်သူဟုစွပ်စွဲခံထားရသည့် ဇေယျာဖြိုးသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက် တွင်ရဟန်းဝတ်ဖြင့်သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ကြောင်း၊သာသနာ့ဘောင်ဝင်ရောက်အပြီး ၂ ရက်အကြာတွင် သက်ဆို်င်ရာတာဝန်ရှိသူများက ရဟန်းဝတ်နေသည့် ဇေယျာဖြိုးကို သိက္ခာချ လူထွက်စေကာ ဖမ်းဆီးခဲ့ကြောင်း ကျောင်းထိုင်ဆရာတော်၏ စကားကို ကိုးကားကာ အထက်ပါသတင်းရင်းမြစ်တွင်ဖေါ်ပြထားသည်။
    “၁ရက်နေ့မှာ စတက်တယ်။၃ရက်တောင်အပြည့်မရဘူးလို့ပြောပါတယ်။အဲ့လိုကိစ္စတွေဖြစ်တဲ့အခါကျတော့ ၃ ရက်နေ့ကျတော့ သိက္ခာချပြီး လူဝတ်လဲပြီးခေါ်သွားတယ်လို့ ဦးပဉ္ဖင်းလဲ အဲ့လိုပဲကြားတာပဲ”ဟု ကျောက်ကုန်းကြီးကျောင်းကြီး ပရိယတ္တိစာသင်တိုက်ကျောင်းထိုင်ဆရာတော်က ပြောကြောင်း The Speaker ဂျာနယ်ကဖေါ်ပြသည်။
    ဇေယျာဖြိုးဆိုသူကိုဦးကိုနီအားလုပ်ကြံမှုဖြင့်ဖမ်းဆီးကြောင်းကိုနိုင်ငံတော်အဆင့်သတင်းထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ဇေယျာဖြိုးနေထိုင်သည့် အမှတ်  D ၈ မင်္ဂလာလမ်း တာမွေလေးရပ်ကွက် အိမ်တွင်သော့ပိတ်ထားကြောင်းနှင့်ဇေယျာဖြိုးအားစရဖမှခေါ်ဆောင်သွားကြောင်းတာမွေရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောကြားထားကြောင်းအထက်ပါသတင်းရင်းမြစ်တွင်ဖေါ်ပြထားသည်။
    ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ရေးအတွက် အစိုးရကို ဖိအား မပေးခြင်းမှာ ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြောင်း Myanmar Now သတင်းဌာနက ရေးသားဖေါ်ပြထားသည်။
    ဇေယျာဖြိုးဆိုသူသည်စစ်တက္ကသိုလ်အပတ်စဉ်၃၆ဆင်းတစ်ဦးဖြစ်ပြီးဗဟိုထောက်လှမ်းရေးတပ်(ရေကြည်အိုင်)တွင် သင်တန်းနည်းပြတစ်ဦးအဖြစ်ဆောင်ရွက်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်သည်။
    ဦးကိုနီအားလုပ်ကြံမှုဖြင့် စစ်မေးခံနေရသူ ဇေယျာဖြိုးအား အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အသင်း ၂ နှစ်ပြည့်အခမ်းအနား အထူးသီးသန့်နေရာတွင် သီတဂူဆရာတော်၊ မဘသ ဥက္ကဌဆရာတော် တို့နှင့်တွေ့ရပုံကိုလည်း ဖဘသုံးစွဲသူအချို့က ဖြန့်ဝေလျှက်ရှိသည်။
    ဟိန်းအောင်
    Myanmar Muslim Media
    ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၇ 
    တရားလွှတ်တော်ရှေ့နေဦးကိုအားလုပ်ကြံသတ်ဖြတ်သူကြည်လင်းအားဖမ်းဆီးမှုမှတ်တမ်း