Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 26, 2017

ပျောက်ဆုံးနေတဲ့ ရေလုပ်သား ၄၈ ဦးထဲက ၁၂ ဦးကို ပြန်တွေ့

ငါးဖမ်းလှေတချို့ကို တွေ့ရစဉ်။ Photo: Min Thein Aung/RFA
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့က ရေမိုင် ၂၂ မိုင်အကွာ ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လေပြင်းတိုက်ခတ် ခဲ့တာကြောင့် ပျောက်ဆုံးနေဆဲဖြစ်တဲ့ ရေလုပ်သား ၄၈ ယောက်ထဲက ၁၂ ယောက်ကို ပြန်လည်ရှာတွေ့ထားတယ် လို့ ဖျာပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးက ဒီနေ့ ပြောပါတယ်။

ကျန်နေတဲ့ ကျားဖောင် ၁၄ ဖောင်နဲ့ ရေလုပ်သား ၃၆ ယောက်ကို ဆက်လက်ရှာဖွေနေတယ်လို့ ဖျာပုံမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူး ဒေါ်ဝါ၀ါသိန်း က ပြောပါတယ်။

" ၄၈ ယောက်ကျန်တဲ့ဟာလေ၊ ၉ ယောက်တွေ့တော့ မနေ့ကအထိကို ၃၉ ယောက်ကျန်တယ်၊ မနက်က နောက်ဆုံးသတင်းအရ နောက်ထပ် ၃ ယောက်ထပ်တွေ့တော့ ၃၆ ယောက်ပဲကျန်တော့တယ်၊ ကျားဖောင်ကလည်း ၁၄ ဖောင်ပဲကျန်တတော့တယ်၊ နောက်ဆုံး Update အခြေအနေပေါ့နော်။ "

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ရက်နေ့ ပင်လယ်ပြင်မှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ကျားဖောင် ၈၀ ကျော် နဲ့ ရေလုပ်သား ၂၅၀ ကျော်ရေထဲမျောပါ သွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ရေလုပ်သား ၂၁၀ ပြန်လည်ဆယ်ယူရရှိထားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ခါပြတ်ကျေးရွာက လုပ်ငန်းရှင် ၅ ဦးရဲ့ ကျားဖောင်တွေနဲ့ ရေလုပ်သားတွေ ပြန်မတွေ့သေး တာလည်း ဖြစ်ပါတယ်။

ပြန်တွေ့သူတွေဟာ ကျန်းမာရေးအခြေအနေတွေအားလုံးကောင်းမွန်ပြီး တချို့မှာ လုပ်ငန်းခွင်ထဲပြန်ဝင်နေကြ ပြီဖြစ်တယ်လို့ ဒေါ်ဝါ၀ါသိန်း က ပြောပါတယ်။

ပျောက်ဆုံးနေသူတွေကို လုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်ရေလုပ်သားတွေ၊ နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေက ဆက်လက်ရှာဖွေနေပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment