Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 9, 2017

ရခိုင့် ပထမဆုံး စွန့်ဦးလုပ်ငန်းရှင် အမျိုးသမီး


ရခိုင့် ပထမဆုံး စွန့်ဦးလုပ်ငန်းရှင် အမျိုးသမီး

၁၉၅၆ ခုနှစ် မိုးကုန်လောက်မှာ မြောက်ဦးမြို့က ဟာရီတောာင်အောက်ခြေမှာ တပ်​မ​တော်​စစ်​သား​တွေ အလုပ်ရှုပ်နေကြပါတယ်။ တူးရွင်း၊ ကော်ပြားတွေနဲ့ မြေတူးတဲ့သူက တူး။ မြေသယ်တဲ့သူက သယ်။ သူတို့ရဲ့ တပ်ရင်းအခြေချ မြေနေရာအတွက် မြေညှိတာတွေ၊ မြေဖို့တာတွေ လုပ်နေကြတာပါ။ အဲသည်​အချိန်​ မြေတူးနေတဲ့ စစ်သားလေးတယောက်ရဲ့ အမှတ်မထင် လှမ်းအော်လိုက်သံက အရာရှိစစ်သည်တွေ၊ ရိုးရိုးတပ်သား​​တွေ အားလုံးကို အာရုံစိုက်စေပြီး၊ သူ့ဆီကို အကုန်လုံး အပြေးအလွှား ​ရောက်​သွားကြတယ်။ မြေတူးရင်း၊ ကျောက်ခေါင်းတလားတစ်လုံးကို အမှတ်မထင်တွေ့လိုက်ရတဲ့ အတွက်ကြောင့်ပါ။ အားလုံးက အဆိုပါ ကျောက်​ခေါင်းကို စိတ်ဝင်စားသွားကြတယ်။ ခေါင်းတလားကို ဖွင့်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် ဘယ်လိုမှ ဖွင့်မရပါ။ ​ကျောက်​ခေါင်းတလား နံဘေးနားမှာလည်း စာကြောင်းတွေပါတယ်။ ကျောက်​ခေါင်း ကလည်း ခေါင်းနဲ့တောင် မတူပါဘူး။ ပန်းပြောက် ခြူးနွယ်တွေနဲ့ အလွန်​တရာ လက်​ရာ​မြောက်​၊ အလှဆင်ထားတယ်။ ဘယ်လို့မှ ဖွင့်လို့မရတာနဲ့ မဉ္စူဆရာတော်ကို ပင့်ဖိတ်ပြီး၊ ခေါ်ပြတယ်။ ဆရာတော်က ခေါင်းတလားပါ စာကို ဖတ်ကြည့်ပြီး၊ မဖွင့်သင့်ကြောင့်၊ ဖွင့်ရင် အားလုံး အတိဒုက္ခရောက်မယ့်အ​ကြောင်း ပြန်ပြောပြတယ်။ ဒါပေမယ့် တပ်ရင်းမှူးက မရဘူး။ အားဓမ္မ ဖွင့်ခိုင်းတယ်။ ဆရာတော်က မတတ်သာတဲ့ အဆုံး၊ ခေါင်းတလားပါ လမ်းညွန်စာအတိုင်း ဖွင့်လိုက်တယ်။ ခေါင်းတလားပွင့်လာတော့ ၀ိုင်းကြည့်နေတဲ့ သူတွေ အကုန်​လုံး ပါးစပ် အ​ဟောင်​သား ဖြစ်ကုန်ကြတယ်။ အားလုံး မှင်သက်ပြီး၊ စကားမပြောနိုင်ကြပါဘူး။ ငါးမိနစ်လောက် ကြက်သေသေနေကြတယ်။ အဘယ်ကြောင့်ဆိုသော် ခေါင်းတလားထဲမှာ နန်းဝတ်နန်းစားတွေ၊ လက်ဝတ်ရတနာတွေနဲ့ ဆင်ယင်ထုံးဖွဲ့ထားပြီး၊ ပိုးသားလို ဖြူဖွေးတဲ့ အသားအရောင်နဲ့ အလွန်တရာ လှပတင့်တယ်တဲ့ မိန်းမပျိုတယောက်ကို ရုတ်တရက် တွေ့မြင်လိုက်ရလို့ပါ။ ဘယ်လောက်ထိ လှပသလဲဆိုရင် ဘယ်သူမှ ခိုင်းနှိုင်းမတတ်အောင် မထိ လှပတယ်။ အားလုံးက ခေါင်းတလားထဲက မိန်းမပျိုရဲ့ အလှရမက်ထဲမှာ ခဏတာ နစ်မွန်းပြီး၊ အသက်ရှုဖို့ကိုတောင် မေ့မျောနေကြတယ်။ ပါးလွာတဲ့ ဇာပုဝါခြုံလွာ​အောက်​က ပုရိဿတို့ တက်​မက်​ဖွယ် တင့်​တယ်​ ကိုယ်​ခန္ဓာ။ မို့​မောက်​ဖွံဖြိုး​နေတဲ့ သားမြတ်​တစ်​စုံ၊ ပျားဖ​ယောင်းလို့ ဖြူရွ၊ နုညံ့​ပျောအိဖွယ်​ သွယ်​လျဝင့်​ဝါတဲ့ ​ခြေတံတစ်​စုံ၊ စွံကား​နေတဲ့ တင်​သား​တွေဆီက​နေ မျက်​လုံး မခွာနိုင်​ကြပါဘူး။ ဒါပေမယ့် အဲသလို ပါးစပ်ဟောင်းလောင်းနဲ့ အံ့သြနေတုန်း၊ မိနစ်ပိုင်းအတွင်းမှာ အခိုးအငွေ့တွေပျံပြီး၊ ရုတ်တရက် ပျောက်ကွယ်သွားကာ လက်ဝတ်​လက်စား၊ သရဖူ၊ နန်းဝတ်တန်ဆာတွေသာ ကျန်ခဲ့တယ်။ လူသူအားလုံး ဟင်းခနဲ့ ဖြစ်သွားကြတယ်။ ခဏတာမေ့မျောရာကနေ ပြန်ပြီး သတိ​တွေ ၀င်လာကြတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့။ ဆရာတော်က ဖြစ်ပျက်သဘောကို ရှုမှတ်​ပြီး၊ တိတ်တိတ်လေး ပြန်ထွက်သွားတယ်။ နောက်တစ်လ အတွင်းမှာ ဟာရီတောင် တပ်ရင်းမှာ တပ်မတော်သားတွေ အနာရောဂါကျပြီး၊ အသက်တွေ ဆုံးရှုံးကြတယ်။ အခုတော့ အဲသည်ကျောက်ခေါင်းတလားက ဘယ်ဆီဘယ်ဝယ် ရောက်နေသလဲ။ ခေါင်းတလားထဲက လက်ဝတ်ရတနာတွေ၊ သရဖူနဲ့ တခြား ချပ်ဝတ်တန်ဆာတွေ ဘယ်ရောက်နေလဲ တယောက်မှ မသိကြတော့ပါ။
ဒါပေမယ့်---။ ဒါပေမယ့် အနှီကျောက်ခေါင်းတလားထဲက အလွန်တရာ လှပချောမောတဲ့ မိန်းမပျိုက ဘယ်သူလဲ။ ဘာဖြစ်လို့ အဲသည်ကျောက်ခေါင်းတလားမှာ ရောက်နေရတာလဲ။ ဘာဖြစ်လို့ အဲသလို ချပ်ဝန်တန်ဆာအပြည့်အစုံနဲ့ နန်းဝတ်နန်းစားတွေနဲ့ ရှိနေရတာလဲ။ ဘာဖြစ်လို့ ချက်ချင်း အခိုးအငွေ့ပျံပြီး၊ ပျောက်ကွယ်သွားရတာလဲ။ အားလုံးက ပဟေဠိ ဖြစ်ကျန်ခဲ့တယ်။ နောက်ဆုံး တွက်ဆ၊ မှန်းဆကြတာက အဲသည် ကျောက်ခေါင်းတလားထဲက အလွန်တရာ ချောမောလှပပြီး၊ ၀င့်ဝါစိုပြည်နေတဲ့ နန်းထိုက်တော်ဝင် မိန်းမပျိုက ၀ါလှဖြူ ဆိုတာပါပဲ။
ရခိုင်ရာဇ၀င်အကြောင်းကို ကြားဖူးနားဝ ရှိရင်တော ၀ါလှဖြူ နာမည်ကို ကြားဖူးမယ်ထင်ပါတယ်။ ၀ါလှဖြူကို စပြီးကြားဖူးတာက ရှစ်တန်း၊ ကိုးတန်းကျောင်းသားဘ၀တုန်းက။ အဲသည်တုန်းက ကျနော်တို့ကို သမိုင်းသင်ပြတဲ့ ဆရာမောင်ကျော်သာ(ကွယ်လွန်) က ‘၀ါလှဖြူ လုပ်လို့ ပြည်ပျက်တာ။ ၀ါလှဖြူကို ဖျောင်းဖျပြောဆိုဖို့အတွက် ဘုရင်​က ငကုသလအမတ်ကို လွှတ်လိုက်တယ်။ ငကုသလ ခန်းဆောင်ထဲဝင်လာတော့ ၀ါလှဖြူက သူရဲ့ ပေါင်တံကို လှစ်ခနဲ့ပြလိုက်တော့ ငကုသလက ၀ါလှဖြူ ရင်ခွင်ထဲ တုံးတုံးပက်လက် ကျလေသတည်း။’ အစချီတဲ့ ၀ါလှဖြူအကြောင်းကို စပြီးသိခွင့်ရတယ်။ ဒါနဲ့ ၀ါလှဖြူဟာ မကောင်းတဲ့ မိန်းမ၊ ပြည်ဖျက်မ၊ ရခိုင်ပြည် ပျက်တာ သူ့ကြောင့် စသည်ဖြင့် မ​ကောင်းတဲ့ဟာ​တွေက အသိစိတ်ထဲ စွဲနေခဲ့တယ်။ တက္ကသိုလ်တွေ ဘာတွေတက်၊ ကျောင်းတွေဘာတွေပြီးလို့ ရခိုင်သမိုင်းစာမျက်နှာတွေကို ဖတ်ရှုခွင့်ရတော့ ၀ါလှဖြူဟာ ဘယ်သူလဲ။ သူ ဘာလုပ်ခဲ့လဲ စတာတွေကို စူးစမ်းခဲ့တယ်။ ၀ါလှဖြူ နာမည်ဟာ ရခိုင်သမိုင်းမှာ အမည်းစက်ပဲ ကျန်ရစ်ခဲ့တာလား။ ဒါပေမယ့် သူမမှာ ကောင်းတဲ့ အရာတွေ မရှိတော့ဘူးလား။ တကယ်ပဲ ဆိုးခဲ့၊ မိုက်ခဲ့ပါသလား။
တကယ်တော့ ၀ါလှဖြူဟာ အရပ်အခေါ် နာမည်ပါ။ သူမ ဘွဲ့ခံနာမည်​က နတ်သျှင်မေပါ။ တကယ်တော့ သူမဟာ ၁၆၂၂ ခုနှစ်၊ မြောက်ဦးထီးနန်းကို စိုးပိုင်ခဲ့တဲ့ သီရီသုဓ္ဓရာဇ ဘုရင်ရဲ့ မိဖုရားခေါင်ကြီး။ သူမနဲ့ သီရီသုဓ္ဓရာဇာဘုရင်နဲ့က မောင်နှမ တစ်​၀မ်းကွဲတော်စပ်​ပါတယ်။ ၁၆၀၀ ခုနှစ်နဲ့ ၁၆၁၀ ခုနှစ် ၀န်းကျင်လောက်မှာ မွေးဖွားခဲ့လိမ့်မယ်လို့ ထင်ရတယ်။ ဘုရင်မင်းခမောင်းနဲ့ ရှင်ထွေးတို့ရဲ့ သမီးတော်။ သူ့လင်တော်မောင် ဘုရင်နဲ့ အသက် အတူတူလောက် ရှိမယ်လို့ ယူဆရပါတယ်။ ခေါင်းတလား အနေအထားအရ အရပ် ၅ ပေ၊ ခြောက်လက်မလောက်ရှိတာမို့ သာမန်​ ရခိုင်​အမျိုးသမီး​တွေထက်​ ပိုရှည်​တယ်​လို့ ဆိုရပါမယ်​။ အသားအရောင်က ရွှေအဆင်းနဲ့ ဖြူဖွေးဝင့်​ဝါ၊ သွယ်​လျတဲ့ ခြေတံ၊ စွံကားတဲ့ တင်​ပါး၊ မြင့်​မြတ်​တဲ့ သားမြတ်​​တွေ ရှိတယ်လို့ ဆိုပါတယ်။ သူမရဲ့ အလှထဲမှာ ခံနိုင်ရိုးမရှိဘဲ ယစ်မှုးရစ်နွယ်ခံရသူချည်းလို့ ဆိုပါတယ်။ သူက အိန္ဒိယနိုင်ငံက ကာမအားဆေးတွေမှာယူပြီး၊ သင်းကွတ်ထားတဲ့ မိန်းမစိုးတွေနဲ့ ဖေါက်ပြန်တယ်လို့ ဆိုပါတယ်။ သူ့ချစ်သူ ငကုသလကို နန်းတင်လိုတဲ့အတွက် ဆယ်ကျော်သက်အရွယ် မိမိရဲ့ သားရင်း မင်းစနေကို သတ်တယ်လို့ ဖတ်​ရပါတယ်။ တချို့မှတ်တမ်းမှတ်ရာအရ မင်းစနေက ကျောက်ပေါက်လို့ သေတယ်လို့ ဆိုပြန်တယ်။
ငကုသလကို နန်းတင်ချင်လို့ သူ့မောင်တော် မင်းတရားကို အဆိပ်ခတ်လို့သတ်၊ သားအရင်းကို သတ်​၊ သူ့ကို ဆန့်ကျင်တဲ့ ၀န်ကြီးဝန်မင်းတွေကို တယောက်ပြီးတယောက်သတ်နဲ့ မြောက်ဦးထီးနန်းကို သွေးချောင်းစီပြီး၊ အနိုင်ပိုင်အုပ်ချုပ်ခဲ့တယ်လို့ ဆိုပါတယ်။ နတ်သျှင်မေ ကျေးဇူးကြောင့် ငကုသလက ​မြောက်​ဦး ထီးနန်းကို အုပ်​စီုးခွင့်ရပေမယ့် သူကိုယ်တိုင် ဘုရင်ဖြစ်လာတော့ နတ်သျှင်မေကို ကြောက်ရွံ့တုန်လှုပ်ပြီး၊ မြောက်ဦးမြို့ မြောက်ဖက်မှာ ​လေးဖက်​​လေးတံ တံတိုင်းကာထားတဲ့ နန်းတစ်​ဆောင်မှာ နေခိုင်းတယ်​လို့ ဆိုတယ်​။ နေအိမ်အခြေချုပ်နဲ့ ထားတယ်လို့ ဆိုပါတယ်။ သူ ဘာကြောင့် သေဆုံးရတယ်ဆိုတာ မသိ​ပေမယ့်​ သေဆုံးချိန် အသက် ၄၀ ကျော်လောက်ရှိမယ်​ ထင်​ရပါတယ်​။ စိတ်ကျရောဂါ၊ နှလုံးရောဂါတွေနဲ့ သေဆုံးခဲ့လိမ့်မယ်လို့ ထင်မှတ်ရတယ်။
ဒါတွေက သမိုင်းစာမျက်နှာပေါ်က ၀ါလှဖြူရဲ့ အမည်းစက်တွေ။ ဒါပေမယ့် သူမမှာ ကောင်းကွက်တွေ မရှိဘူးလား မေးရင် ကျ​နော်​က​တော့ ရှိတယ်လို့ ဖြေရ ပါလိမ့်မယ်​။ နရပတီးကြီးဘွဲ့ခံ ငကုသလက တိုင်းပြည် စီးပွားရေးကို နိုင်နှင်းဟန်​ မတူပါ။ သူ့လက်ထက်မှာ ရခိုင်ပြည်​ရဲ့ ပညာရှိ အမတ်တွေ အသက်ခံရတယ်။ တိုင်းပြည်စီးပွားရေ အကြံပေးနဲ့ စစ်ရေးစစ်ရာတွေမှာ ထိန်းကွပ်မဲ့လူ မရှိတော့ဘူး။ သည်လို အခြေအ​နေမျိုးမှာ တိုင်းပြည်စီးပွားရေး၊ စစ်ရေး ဆုတ်ယုတ်တာ အဆန်းမှ မဟုတ်ပဲ။ ဒါကို ၀ါလှဖြူက သိနေလို့ သူမ ကိုယ်တိုင် စီးပွားရေးကို ဦးဆောင်လုပ်ခဲ့ဟန် တူပါတယ်။ သူမကိုယ်တိုင် ပင်လယ်ကူးသင်္ဘောတွေ တည်ဆောက်ပြီး၊ အိန္ဒိယအရှေ့ဖက်ကမ်းခြေ ကိုရိုမန်ဒတ်ကို ကုန်ကူးခဲ့တယ်လို့ ဆိုပါတယ်။ သင်္ဘောအစီး ၆၀ ပါဝင်တဲ့ ဘုရင်မ ၀ါလှဖြူရဲ့ ကုန်သွယ်မှုက ရခိုင်ပြည်စီးပွားရေးရဲ့ အဓိက မောင်းနှင်အားဖြစ်ပါလိမ့်မယ်။ ဆင်ကို အဓိက တင်ပိုပြီး၊ သံ၊ သံမဏီ၊ အထည်အလိပ်နဲ့ အခြားကုန်ပစ္စည်းတွေကို တင်သွင်းတယ်လို့ ဆိုပါတယ်။ ရခိုင်မှာ ဆင်တစ်​ကောင်ကို ဒင်္ဂါး ၁၃၀၀ ကနေ ၁၄၀၀ ပေးဝယ်ရပြီး၊ အိန္ဒိယမှာ ၇၀၀၀ ထောင်နီးပါး ရတာကြောင့် ငါးဆလောက်မြတ်တယ်လို့ ဆိုပါတယ်။ အာယုပ္ပချစ်တီး၊ ဗတ်ကတ္တချစ်တီး စတဲ့ နိုင်ငံတကာကုန်သည်တွေနဲ့ အပြိုင်နွဲတာလို့ ဆိုပါတယ်။ အဲသည်က ရလာတဲ့ ပိုက်ဆံတွေနဲ့ မြောက်ဦးနန်း အရှေ့ဖက် မင်းခေါင်ရွှေတူ စေတီကို ဆောက်လုပ်လှုဒါန်းတယ်လို့ မှတ်တမ်းဝင်ပါတယ်။ အဲသည်တုန်းက စီးပွားရေးကို ယောင်္ကျားအများစုက လုပ်ကိုင်ကြပေမယ့် မိန်းမသားတယောက်ဖြစ်တဲ့ နတ်သျှင်မေက သူကိုယ်တိုင် ဦးစီပြီး စွန့်စားလုပ်ဆောင်ခဲ့တာကြောင့် ကျ​နော့်​အတွက်​​တော့ ရခိုင့်ပထမအဆုံး အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်လို့ ဂုဏ်ပြုသမုတ်မိပါတယ်​။ ၁၇ ရာစုမှာ မိန်းမတစ်​ယောက်က စီပွားရေးလုပ်တယ်ဆိုတာ ခေတ်ရှေ့ရောက်လွန်းလှပါတယ်။ ရခိုင်မှ မဟုတ်၊ မြန်မာပြည်မှာတောင် အစောဆုံး စွန့်ဦး စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးလို့ ဆိုထိုက်မယ်လို့ ယုံကြည်​ပါတယ်။
လူဆိုတာ အမှားနဲ့ မကင်းကြပါ။ လူတိုင်း မှားကြပါတယ်​။ နတ်​သျှင်​​မေလည်း လူ့သဘာဝအတိုင်း မှားခဲ့တာ​တွေ ရှိပါလိမ့်​မယ်​။ သို့အတွက်​လည်း သူမရဲ့ အမှားအတွက်​ ​နောက်​ပိုင်း အထီးကျန်​ခံရ၊ ဘဝကို အချုပ်​အ​နှောင်​​အောက်​မှာ ဖြတ်​သန်းခံခဲ့ရတယ်​။ ဘုရင်​မဘဝ နန်းစည်း ဇိမ်​က​နေ ​လျော့ကျပြီး သာမန်​အဆင့်​မှာ ဖြတ်​သန်းခဲ့ရတယ်​။ ဒါ​​ပေမယ့်​ သူမရဲ့ အမှားတစ်​ကွက်​က ရခိုင်​သမိုင်းမှာ အမည်း စက်​အဖြစ်​ ကျန်​ရစ်​ခဲ့တယ်​။ ဖျက်​ပစ်​လို့ မရတဲ့ အမှားမျိုး။ တချိန်​တည်းမှာပဲ သူမဟာ ရခိုင်​ပြည်​ရဲ့ ပထမဆုံး ရခိုင့် စွန့်​ဦးလုပ်​ငန်းရှင်​ အမျိုးသမီးတ​ယောက်​အဖြစ်​ တင်​ကျန်​ရစ်​ခဲ့တယ်​။ အဆိုး​တွေ၊ ​အ​ကောင်း​တွေနဲ့ ​ရော​ထွေး​နေတဲ့ ဝါလှဖြူရဲ့ တခဏတာ ဘဝက သံ​ဝေက ယူစရာပါ။ ဘာပဲဖြစ်​ဖြစ်​ သမိုင်းတကွေ့မှာ မ​ကောင်းမှု​ရော ကောင်းမှုရော၊ ရောလုံးယှက်တင်နေတဲ့ အရှေ့တိုင်းက ကာလီယိုပတ်ထရာ ဘုရင်မနတ်သျှင်မေ ခေါ် ၀ါလှဖြူကတော့ ရခိုင်သမိုင်းစာမျက်နှာမှာ ကမ္ဘာတည်သရွေ့ ရှိနေဦးမှာ မလွဲဟုပင်​ ဆိုချင်​မိပါတယ်​။

မောင်​နှင်းခိုင်​(ပုဏ္ဏားကျွန်း)

ပစ္ဆိမရပ်ဝန်း မဂ္ဂဇင်း၊ ၂၀၁၂ ပါ Dr U Saw Min ရဲ့ The First Woman Entrepreneur of Arakan ကို မှိငြမ်း ပါတယ်​။

Photo နဲ့ မသက်​ဆိုင်​ပါ။