Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 31, 2017

H1N1တုပ်ကွေးရောဂါကြောင့်သေဆုံးသူ ၁၀ ဦးထက်မနည်းရှိပြီ


 လောလောဆယ် H1N1ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေကို တွေ့ရှိရတဲ့ ဒေသတွေကတော့ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးတွေနဲ့ နေပြည်တော်တို့ ဖြစ်ပါတယ်
မြန်မာနိုင်ငံမှာ H1N1ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ တုပ်ကွေး ရောဂါကြောင့် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး ဒီကနေ့ ထပ်မံသေဆုံးခဲ့တဲ့ အတွက် ဒီရောဂါကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိသွားပြီ ဖြစ်ပါတယ်။

လောလောဆယ်မှာ ဒီရောဂါ ကူးစက်ခံရသူကလည်း စုစုပေါင်း ၅၁ ဦး ရှိသွားပြီ ဖြစ်ပြီး ဒီရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဋ္ဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ ဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံက ဒီရောဂါ ကူးစက်ခံရတဲ့ နှုန်းနဲ့ သေဆုံးသူ အရေအတွက်ဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ခဲ့တာနဲ့ ယှဉ်ရင် အများကြီး နည်းနေသေးပေမယ့် ကာကွယ်ရေးလုပ်ဆောင်မှုတွေ လုပ်နေဖို့ လိုအပ်ပြီး WHO ဘက်ကလည်း ဒီရောဂါကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ နည်းပညာ အကူအညီနဲ့ အကြံဉာဏ်ပေးတာတွေ လုပ်နေကြောင်း ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ WHO မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဒေါက်တာ စတီဗင် ပို့စ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တွေ့ရတဲ့ H1N1ပိုးအမျိုးအစားနဲ့ ထိုင်းနိုင်ငံက H1N1ပိုးအမျိုးအစားတို့ တူညီနိုင်တဲ့အတွက် လောလောဆယ်မှာ ထိုင်းနိုင်ငံက ရရှိထားတဲ့ ကာကွယ်ဆေး အရေအတွက် သုံးထောင်လောက်ကို ရောဂါတွေ့ရတဲ့ ဒေသတွေမှာပဲ ပေးဖို့ထားနိုင်ပြီး မြန်မာနိုင်ငံအတွင်းမှာ တွေ့ရတဲ့ H1N1ပိုးကိုတော့ ပိုပြီး ထိရောက်တဲ့ ကာကွယ်ရေး သိရှိနိုင်ရေး စစ်ဆေးဖို့အတွက် ဂျပန်နိုင်ငံကို ပို့ထားတယ်လို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က ပြောပါတယ်။

လောလောဆယ် H1N1ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေကို တွေ့ရှိထားတဲ့ ဒေသတွေကတော့ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးတွေနဲ့ နေပြည်တော်တို့ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

Sunday, July 30, 2017

လူပျောက်ရှာရာမှ အကြမ်းဖက်သမားများစခန်းနှင့် ရိက္ခာပစ္စည်းအများအပြား သိမ်းဆည်းရမိ



နိရဉ္စရာ၊ ဇူလိုင် ၃၀

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်း စေတီပြင်ကျေးရွာ အနီးရှိ ချွတ်ပြင်ကျေးရွာမှ ပျောက်ဆုံးနေသူ မောင်သန်းဌေးကို မေယူတောင်တွင် ဇူလိုင်လ ၃၀ ရက်နေ့ က လိုက်ရှာရာမှ အကြမ်းဖက်သမားများ၏ ရိက္ခာပစ္စည်း အမြောက်အများကို သူတို့ ခိုအောင်းနေထိုင်ရာ စခန်းများနှင့် အတူ သိမ်းဆည်းရမိခဲ့သည် သတင်းရရှိသည်။


သိမ်းဆည်းရမိသော ပစ္စည်းများထဲတွင် ဆန်အိတ်များ၊ ဆေးဝါးများ၊ စားဆီများ၊ ခေါက်ဆွဲခြောက်များ၊ ငရုတ်သီးခြောက်များ၊ ထမင်းချက် အိုးကြီးများ၊ ပန်းကန်များ အပါအ၀င် ပစ္စည်းအမျိုးအစား ၅၀ ခန့် သိမ်းဆည်းရမိသည်ဟု သိရသည်။


ယခု ပစ္စည်းများ သိမ်းဆည်းရမိသော နေရာသည် အထက်နန်းရာချောင်းအနီးရှိ မေယူတောင်တန်းမှ သင်္ကန်းနက်တောင်တွင် ဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသူ မောင်သန်းဌေး၏ အိတ်၊ လေးဂွနှင့် မျှားတို့ကို ၎င်းစခန်းတွင် တွေ့ရှိသော်လည်း လူကိုမူ ရှာဖွေ မတွေ့ရှိရသေးဟု သိရသည်။

(သိမ်းဆည်းရမိသော ပစ္စည်းများကို တွေ့ရစဉ်)

Narinjara
https://www.facebook.com/Narinjara

ဖမ်းဆီးခံရမှုအပေါ် မကျေနပ်ကြောင်း Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းပြော

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း (မတ်လ ၂၀၁၇
ပြည်ထဲရေးဝန်ကြီးဌာနက မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးတဲ့လုပ်ရပ်အပေါ် မကျေနပ်ကြောင်း Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ပြောကြားခဲ့တယ်လို့ သူ့ကိစ္စကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ Myanmar Now သတင်းထောက်ချုပ် ကိုထက်ခေါင်လင်းက ပြောပါတယ်။ ဒီဖမ်းဆီးမှုမှာ သံသယဖြစ်စရာ မေးခွန်းတွေရှိနေကြောင်းလည်း ဥပဒေရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

မတ်လက ဦးဝီရသူ ပါရာဇိကကျပြီး ရဟန်းဘ၀ နိဌိတံသွားပြီ လို့ ကိုဆွေဝင်းရဲ့ ကိုးကား ရေးသားချက်ဟာ ဥပဒေနဲ့ ညိစွန်းမှုမရှိဘူးလို့ သာသနာရေးဝန်ကြီးဌာနက ဧပြီလက သဘောထား ထုတ်ပြန်ထားတဲ့ကြားက ကိုဆွေဝင်းကို ပုဒ်မ ၆၆(ဃ) နဲ့ မနေ့ ဇူလိုင်လ (၃၀) ရက်နေ့က မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

အလုပ်ကိစ္စနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို တညအိပ်သွားမယ့် ကိုဆွေဝင်းကို ရန်ကုန် မင်္ဂလာဒုံလေဆိပ် က မထွက်ခင်မှာ လေဆိပ်ရဲတွေက ဖမ်းဆီးခဲ့တာပါ။ ကိုဆွေဝင်းအနေနဲ့ ပြည်ပခရီးမထွက်ခင် သက်ဆိုင်ရာ မန္တလေး မဟာအောင်မြေရဲစခန်းနဲ့ ညှိုနှိုင်းပြောဆိုမှုတွေ ရှိခဲ့ရဲ့သားနဲ့ မင်္ဂလာဒုံလေဆိပ်မှာ ရဲက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အမှုကို လိုက်ပါ ဆောင်ရွက်နေတဲ့ Myanmar Now သတင်းထောက်ချုပ် ကိုထက်ခေါင်လင်းက ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့က ဒီ ၂ ရက်နေ့ (သို့မဟုတ်) ၃ ရက်နေ့ကို ကျနော်တို့ မန္တလေးကို တက်ပြီးတော့ အဖမ်းခံမယ် ဆိုလိုချင်တာက တရားရင်ဆိုင်မယ်ပေါ့နော် အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ပြင်ဆင်တယ်။ ပြင်ဆင်တဲ့အချိန်မှာပဲ ကျနော်တို့က အားလုံးသဘောတူကြပြီးပြီ။ သဘောတူပြီးတော့ဒီနေ့ညနေပေါ့နော် ကိုဆွေက ဘန်ကောက်ရုံးကိုသွားတာ သွားတာကို ရန်ကုန်လေဆိပ်အရောက်မှာ သူ့ကိုဖမ်းဆီးလိုက်ပါတယ်။

မေး။ ။ ကိုဆွေဝင်းက မန္တလေးကို လာပြီး အမှုရင်ဆိုင်မယ်လို့ အဲဒီရဲစခန်းကို တရားဝင်အကြောင်းကြားထားရဲ့သာနဲ့ မင်္ဂလာဒုံလေဆိပ်မှာ ဘာလို့ အဖမ်းခံလိုက်ရတာလဲရှင့်။

ဖြေ။ ။ အတည်မပြုနိုင်သေးတဲ့ သတင်းတခုအရဆိုရင် ကိုဆွေအဖမ်းခံရတာ သိသိချင်း ကျနော်မန္တလေးကအဖွဲ့တွေကို ကျနော်စုံစမ်းကြည့်တော့ ကျနော်လိုက်ကြည့်တဲ့အခါမှာ ကျနော် ဘာသွားတွေ့ရသလဲဆိုတော့ မဟာအောင်မြေမြို့နယ်မှူး လက်မှတ်နဲ့ ကိုဆွေဝင်းကို တရားခံဆိုတဲ့ အသုံးအနှုန်းပါတယ် ပြီးရင် ကိုဆွေဝင်းအနေနဲ့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်နိုင်ခြေရှိတဲ့ အတွက် တားဆီးပေးပါရန်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်လေဆိပ်က ရဲကို ညွန်ကြားအကြောင်းကြားတဲ့ စာတခုထွက်လာပါတယ်။ ဒီနေ့ညနေမှာ ကျနော်တို့ နောက်ဆုံးရတဲ့အခြေအနေအရဆို၇င် ကိုဆွေဝင်းကို လာရောက်ခေါ်ယူဖို့ဆိုပြီးတော့ မန္တလေးကရဲတပ်ဖွဲ့ က ဆင်းလာပြီလို့ မင်္ဂလာဒုံစခန်းက ပြောပါတယ်။”

အခုလို မင်္ဂလာဒုံလေဆိပ် အများပြည်သူမြင်ကွင်းမှာ သူ့ကိုဖမ်းဆီးခဲ့ပုံနဲ့ ပတ်သက်လို့ တရားမျှတမှု မရှိဘူးလို့ ရဲစခန်းမှာတွေ့ဆုံခဲ့စဉ် ကိုဆွေဝင်းကပြောကြောင်း ကိုထက်ခေါင်လင်းကပြောပါတယ်။

“အဓိက ကိုဆွေဝင်းအနေနဲ့က နိုင်ငံခြားထွက်တယ်ဆိုတဲ့ ကိစ္စက သူက ကျနော်တို့ ရုံးပိုင်းဆိုင်ရာ လွဲပြောင်းဖို့အတွက် သူနိုင်ငံခြားကိုသွားတာ တညအိပ်ခရီးပဲ သူသွားတယ်။ ဒီနေ့ညနေထွက်ရင် မနက်ဖြန်ညနေ ပြန်လာမယ်ဆိုတဲ့ရည်ရွယ်ချက် သူ့မှာရှိပြီးသား။အခု မန္တလေးမဟာအောင်မြေရဲတပ်ဖွဲ့ က ထုတ်ပြန်ထားတဲ့ စာအရဆိုရင် သူက ရှောင်ပြေးချင်တယ်ဆိုရင် အခုမှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက ရှောင်ပြေးလို့ရပါတယ်။ အဲဒါကို သူ့ကို ရှောင်ပြေးတယ်ဆိုတဲ့ စကားလုံးတာ လုံးဝလက်မခံပါဘူး။ တာဝန်ယူမှု ၊ တာဝန်ခံမှု အပြည့်နဲ့ သူကိုယ်တိုင်ကိုက တောင်လျောက်အမှုဖြစ်စဉ်အကုန်လုံးမှာ ရဲရဲရင့်ရင့် ရင်ဆိုင်တယ်။ ပြီးကျရင် သူပြောစရာရှိတာပြောတယ်။ တာဝန်ခံတယ် ပြီးလို့ရှိရင် လုပ်ငန်းဆောင်တာတွေကို ဆက်လုပ်တယ်။ နောက်တချက်က ပြီးခဲ့တဲ့ အပတ်ကတည်းက မဟာအောင်မြေရဲတပ်ဖွဲ့နဲ့ သူနဲ့ သဘောတူညီမှု ယူပြီးသား၊ သူလာရောက်အဖမ်းခံမယ်ဆိုတာလည်းပြောပြီးသား ဒါပေမယ့် လုပ်ငန်းဆောင်တာကိစ္စကြောင့် သူဘန်ကောက်ကို ခဏထွက်သွားတာကို သူ့ကို အဲလိုစာထုတ်တယ်ဆိုတာ သူလုံးဝမကျေနပ်ဘူး။

လွန်ခဲ့တဲ့ မတ်လကတည်းက အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည် (မန်းဘသ) အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကျော်မျိုးရွှေကနေ မန္တလေး မဟာအောင်မြေ အမှတ် (၇) ရဲစခန်းမှာ ဦးဝီရသူကို အသေရေဖျက်မှုနဲ့ ကိုဆွေဝင်းကို ပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၂၉၅ (က) တို့နဲ့ အမှုဖွင့် တိုင်ကြားထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီတိုင်ကြားမှုနဲ့ ပတ်သက်လို့ ဧပြီလ (၅)ရက်နေ့က ထုတ်ပြန်တဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ သဘောထား ကြေညာချက်မှာ ဖြစ်စဉ်နဲ့ ဥပဒေပုဒ်မတွေကို ကိုးကားပြီး ကိုဆွေဝင်းရဲ့ ရေးသားပြောဆိုချက်တွေဟာ ဦးဝီရသူကို အသရေဖျက်ရာ မရောက်ဘူးလို့ သုံးသပ်ကြောင်း၊ သာသနာတော်နဲ့ ပတ်သက်ပြီး ဘယ်လိုညိစွန်းချက်မှ မပါရှိကြောင်း ဖော်ပြထားပါတယ်။

ဒါကြောင့် အခုလို ကိုဆွေဝင်း အဖမ်းခံရမှုမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုပ်ရပ်ဟာ တရားစီရင်ရေး အထက်မှာရှိနေတယ်ဆိုတာ ထင်ရှားနေကြောင်း AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ကိုဆွေဝင်းသာ တကယ်တန်း ထွက်ပြေးဖို့အတွက် ကြံစည်ခဲ့တာမှန်တယ်ဆိုရင် ဒီအမှုရင်ဆိုင်နေရတဲ့ ၄ လကာလအတွင်းမှာ အချိန်မရွေးထွက်ပြေးသွားနိုင်တဲ့ဟာဖြစ်တယ်။ အခုလိုတရားဝင်အသိပေးအကြောင်းကြားပြီးတော့မှ ခရီးထွက်တဲ့ကိစ္စကြုံလာတဲ့အခါမှသာ အခုလိုမျိုးဖမ်းလိုက်တာကတော့ ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ ပြည်သူအများပိုမိုသံသယဖြစ်စေတယ်လို့ကျနော်တို့ကတော့ မြင်ပါတယ်။ ဒါကလည်း မကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ ကျနော်တို့ကတော့ ပြောချင်ပါတယ်ခင်ဗျ။”

ဇန်န၀ါရီလက ရှေ့နေကြီးဦးကိုနီ မင်္ဂလာဒုံလေဆိပ် အများပြည်သူရှေ့ သေနတ်နဲ့ ပစ်သတ်ခံရမှုနဲ့ ပတ်သက်လို့ လုပ်ကြံ သတ်ဖြတ်သူတွေကို ကျေးဇူးတင်ကြောင်း ဦးဝီရသူက သူရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့တာနဲ့ ပတ်သက်လို့ Myanmar Now ကနေ “ရွေးကောက်ပွဲအပြီး အသံတိတ်သွားတဲ့ မဘသ ပြန်လာပြီ” ဆိုပြီး သတင်းဆောင်းပါး ရေးသားရာမှာ ဦးဝီရသူရဲ့ ပြောဆိုချက်ဟာ ရဟန်းဘ၀ကနေပြီးတော့ လုံးဝကုန်ဆုံးသွားစေတဲ့ ပြစ်မှုမျိုးဖြစ်ကြောင်း၊ ပါရာဇိက ကျပြီဆိုတဲ့ ရွှေဝါရောင် ဆရာတော်တပါးရဲ့ မှတ်ချက်ကို ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မဘသ ဆိုတဲ့အဖွဲ့အစည်းဟာ တရားမ၀င်ကြောင်း နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ပြီးခဲ့တဲ့ လပိုင်းတွေကပဲ ထုတ်ပြန်ကြေညာထားပါတယ်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုက အိမ်ဖေါ် မိန်းကလေးနှစ်ဦးအပေါ် လူမဆန်အောင် နှိပ်စက်ညှမ်းပန်းမှုကို သတင်းမီဒီယာကနေ ဖေါ်ထုတ်တင်ပြခဲ့ရာမှာ လူသိများလာခဲ့ပြီး ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရမှုမှာလည်း အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းဖေါ်ထုတ် ရေးသားခဲ့သူလည်းဖြစ်ပါတယ်။

အင်ကြင်းနိုင်   / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

အမကြီးရဲ့မိခငိစိတ်ဓာတ်










ငယ်ငယ်တုန်းကရော ခုထိရော 
ပြောနေကြတဲ့ ပြောဖူးကြတဲ့ စကားတခွန်း 
ပြန်ကြားယောင်မိတယ် …

မြန်မာပြည်မှာ ငတ်လို့ သေတဲ့ 
မသာ မရှိပါဘူးကွာ ဆိုတဲ့ စကားလုံးလေး 

သယံဇာတပေါင်းစုံ ပေါကြွယ်ဝလှတဲ့ နိုင်ငံ
အလှူ အတန်းနဲ့ ပတ်သတ်လာရင် အမြဲတမ်း
ထိပ်ဆုံးမှာ ရှိနေတဲ့နိုင်ငံ …

ရေခံမြေခံကောင်းလွန်းလို့ 
ကြိုက်တဲ့ မျိုးစေ့ တစ်စေ့ကို ကြိုက်တဲ့နေရာမှာ
ချစိုက်လိုက်. သေချာပေါက် အပင်ပေါက်တဲ့နိုင်ငံ 

ခုတော့ မူးယစ်ဆေးဆိုတဲ့ မျိုးစေ့ကို 
အစိုက်မှားအောင် ပြုလုပ်ခဲ့တဲ့ ဝိသမလောဘသား
လူတစုရဲ့ ဖန်တီးမှုတွေကြောင့် 
မြန်မာဆိုတဲ့ နိုင်ငံကြီးမှာ အဟာရ ချို့တဲ့လို့ 
သေဆုံးရတဲ့လူမမယ်ကလေးတွေ ပေါ်လာရပြီးလေ …

ပေါ်လာတာမှ ရင်ထဲနင့်နေအောင် 
ခံစားရတဲ့ ဖြစ်ရပ်နဲ့အတူ ပေါ်လာတာ 

အဟာရချို့တဲ့မှုတဖက် ရောင်းစားမခံရရေး 
ဆိုတဲ့ စိုးရိမ်စိတ်က တဖက်နဲ့ 
မျက်တွင်းဟောက်ပက်နဲ့ပိန်ပိန်ပါးပါး ၁၂ နှစ်အရွယ် 
အစ်မ (မိခင်ဟုသာတင်စားလိုက်သည်) ခမြာ 

၅ နှစ်အရွယ် မောင်ငယ်
၂ နှစ်အရွယ် ညီမငယ်
ရက်သားအရွယ် လူမမယ်လေးတွေကို ခက်ခက်ခဲခဲ
ရင်ဝယ်ပိုက်လို့ မူးယစ်သားကောင် မိဘအရင်း တွေရဲ့ လက်ထဲကနေ 

အချိန်မီမလားလို့ ရုန်းထွက်လာခဲ့ပေမဲ့
အခါမကောင်း အချိန်နှောင်းခဲ့ရတယ် … 

အမှတ်တမဲ့ ရိုက်မိထားကြတဲ့ ၁၂ နှစ်အရွယ် 
အစ်မရဲ့ ပူဆွေးသောက ရောက်နေရတဲ့ပုံတွေ 

ယခင်က အီသီယိုးပီးယားလို နိုင်ငံမျိုးမှာမှ 
တွေ့မြင်နိုင်လောက်တဲ့ အဟာရပြတ်လပ်လို့ 
အရိုးနဲ့ သားရေသာသာ ကျန်နေရတဲ့ ကလေးငယ်
လေးတွေရဲ့ ပုံရိပ်တွေက 

ဘယ်အချက်ကို မီးမောင်းထိုးပြနေလဲဆိုတာ 
နိုင်ငံတော်ကြီးနဲ့တကွ မိဘပြည်သူတွေ 
ထက်ထင်ရှားရှား မြင်တွေ့နေလောက်ပြီး ထင်ပါတယ်

အစ်မကြီးတော့အမိ ဆိုတဲ့ စကားပုံရဲ့ အဓိပ္ပါယ်နဲ့
အနှစ်သာရကို ဟန်ဆောင်မှုကင်းစွာ ရင်နင့်စရာ 
ကောင်းတဲ့ထိအောင် ဖော်ပြနေတဲ့ ဒီညီမလေး ရဲ့ 
ပူဆွေးဝမ်းနည်းမှု ပုံရိပ်တွေက ဘာကြောင့် ဖြစ်တည် 
လာရတာလဲ … 

သားသမီးတွေဆိုတဲ့ အသိစိတ်မရှိလောက်တဲ့
ထိအောင် မူးယစ်ဆေးနွံထဲ နစ်နေရတဲ့ သူတို့ရဲ့
မိဘအရင်းတွေရဲ့ ဖြစ်ရပ်တွေက ဘယ်အချက်ကို 
ပြသနေတာလဲ … 

အော်ငါတို့တတွေ ကြောက်ရွံ့ တွေဝေ
နှေးကွေးခဲ့လို့ ဒီလူမမယ်တွေ ရေတိမ်နစ်ခဲ့ရတာ

ဒီမူးယစ်ဆေး သံသရာကို နောက်တပတ် 
မလည်ရအောင် အသက်ပင် ရင်းပါရစေတော့
စုပေါင်းညီညာစွာ အမြစ်ပြတ် တွန်းလှန်သင့်ပြီးလေ …

ဒီ ၁၂ နှစ်အရွယ် ကလေးမလေးရဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့ အစ်မကြီးတယောက် ပီသလှတဲ့ စိတ်ဓါတ်ကို 
ဂုဏ်ပြုတဲ့ အနေနဲ့ ဒီကလေးမလေး လျှောက်လှမ်းရမဲ့ အနာဂတ် လမ်းလေး လှပဖို့ ဝိုင်းဝန်းကူညီ ဆောင်ရွက်
ပေးကြပါလို့လဲ တိုက်တွန်းလိုက်ပါတယ် … 

ကလေးမလေးတို့ မောင်နှမတွေကို ရပ်နီးရပ်ဝေးမှ 
ဆက်သွယ် လှူ ဒါန်းချင်သူများအတွက် 

မိုးမိတ်ကရုဏာသုခလူမှုကူညီရေးအသင်း 

မိုးမိတ်ပါရမီရှင် နာရေးကူညီမှုအသင်း
       09403723235

မိုးမိတ်အနာဂတ်အလင်းရောင်ပရဟိတအသင်း

Zin Moe 
Photo Cd - Ahmi Ahmi Ahm

ကိုဆွေဝင်း ဖမ်းဆီးခံရ

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မင်္ဂလာဒုံမြို့နယ်ရဲစခန်းက ဒီနေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။

လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ အဖမ်းခံမှာဖြစ်ကြောင်း ရဲစခန်းထံ အကြောင်းကြားပြီးချိန်မှာ ကိုဆွေဝင်းဟာ ဘန်ကောက်မှာရှိတဲ့ Myanmar Now ရုံးခွဲထံ သွားဖို့ ဒီနေ့ လေဆိပ်ရောက်ရှိချိန်မှာ ဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှာ ကိုဆွေဝင်းကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ မဘသ ဆရာတော် ဦးဝီရသူကို ပါရဇိက ကျသွားပြီလို့ မန္တလေးက ရဟန်းတော်တစ်ပါးက မိန့်ကြားထားချက်ကို ကိုးကားပြီး "အခြေခံ ဥပဒေပြင်လိုသူတွေကို မဘသ သတိပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ဖေဖော်ဝါရီလ ၂၇ နဲ့ ၂၈ ရက်နေ့တွေက သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဝေမျှ ခဲ့ပါတယ်။ အဲဒီလိုဝေမျှမှုကြောင့် ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ကိုကျော်မျိုးရွှေက မန္တလေးမြို့အမှတ် ၇ ရဲစခန်းမှာ မတ်လ ၇ ရက်နေ့က ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese/news/swewin-arrest-07302017094907.html

မထသစနစ်ကို ဖျက်သိမ်းလိုက်တဲ့အတွက် ၅ ဘီလီယံခန့် ကျွန်တော်တို့ လွှဲပြောင်းရယူခဲ့တာရှိပါတယ်


''မထသစနစ်ကို ဖျက်သိမ်းလိုက်တဲ့အတွက် ၅ ဘီလီယံခန့် ကျွန်တော်တို့ လွှဲပြောင်းရယူခဲ့တာရှိပါတယ်။
ဒီငွေတွေနဲ့ ကျောင်းသားတွေရဲ့ ရပ်တည်မှုအတွက်၊ ကျောင်း သွားတဲ့အခါမှာ လွယ်ကူချောမွေ့စေဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်'' -
ဦးဖြိုးမင်းသိန်း



ဘာဆုတောင်းမလဲ မိတ်ဆွေ


ဘာဆုတောင်းမလဲ မိတ်ဆွေ
“ပေါင်းသိင်္ဂီ ကျင်ခတ်နှင့်၊တင်ကလပ်ဆောင်ချီ၊ အရှင်မြတ်နောင်ညီကို၊တင်ပမည်မကြွား၊ ပွဲတော်ရောက် သူအစုကိုပါအောင်၊တူရှုပါမင်းမြတ်နှစ်ပါး။ အခုမှ ဘယ်အမှုမြိုတယ်၊ရွယ်ခုဆိုစကား၊ မယ်ဥလို ဖုရားက၊ကျားလွှတ်လို့ လှန့်ပါ၊ ချစ်ခင်လျှင် ပြစ်တင်ဦးပါနဲ့၊နှစ်စဉ်ဖူးရောက်ပါမည် ဖျာ၊ ချစ်ခင်ဦး သူပါလျှင်၊မဟူရာဖန်ခွက်နှင့် ““ ဗျန်”” အရက် မှန်းသွယ်ရည်၊ဘုန်းဆက်ပါ့မည်၊ အောင်လျှင်အဖြစ် မန်းနယ်ပြည်မှာ၊မှန်းရွယ်ရည် တင်ဦးဖျလေး.....။””

၁၉၄၆ ခုနှစ်က ထုတ်ဝေတဲ့ မြန်မာ့အလင်းသတင်းစာမှာ ပါရှိတဲ့ တေးထပ်လေးပါ။ ဒီတေးထပ်လေးက တောင်ပြုံးပွဲနဲ့ ပတ်သက်ပြီး ရေးစပ်ခဲ့တယ်ဆိုတာ သိသာပါတယ်။ အေဒီ ၁၀၄၄ကတည်းက အနော်ရထာမင်းစော တည်ထားခဲ့တဲ့ ဆုတောင်းပြည့်၊ဆုတောင်းရ ဘုရားနဲ့ ဆက်စပ်ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ မင်းညီနောင်ဇာတ်လမ်းဟာ မန်္တလေးမြို့အနီး တောင်ပြုံးအရပ်မှာသာမက တစ်ပြည်လုံး ပျံ့နှံ့ ထင်ရှားခဲ့ရာ ယနေ့ထက်တိုင်အောင်ပါပဲ။ တောင်ပြုံးပွဲတော်ကို နှစ်ပေါင်းရှည်ကြာစွာ ကျင်းပခဲ့တဲ့သက်တမ်းတစ်လျောက် အတွေးအခေါ်အယူအဆနဲ့ ပတ်သက်တဲ့ အတိုက်အခိုက်၊ အသုံးအသတ်၊ ဝေဖန်မှုတွေ အများကြီး ကြုံခဲ့ရပေမယ့် ဒီပွဲတော်နဲ့ ဒီအယူအဆက မြန်မာ့မြေပေါ်က ပျောက်မသွားဘဲ ပိုလို့သာ ထင်ရှားခိုင်ခန့်နေတာကလည်း စိတ်ဝင်စားစရာပါ။ မြန်မာနိုင်ငံ အနေနဲ့ ပဒေသရာဇ်တစ်ပိုင်း ကိုလိုနီတစ်ပိုင်း အခြေအနေမှာ ပဒေသရာဇ်ကို နွှယ်ပြီး တောင်ပြုံးကဲ့သို့သော ရိုးရာယုံကြည်မှုနဲ့ ပွဲတော် အခင်းအကျင်းက စရွေးကိုက်ဖြစ်နေပါတယ်။ တောင်ပြုံးမှာဘုရင်တွေ၊ မိဖုရားတွေ၊ မူးကြီးမတ်ရာစစ်သေနာပတိတွေ၊ လူပျိုတော်တွေ၊ အပျိုတော်တွေ၊ မင်းခမ်းမင်းနားတွေ၊ အဆောင်အယောင်တွေ၊ ထွက်စည်ဝင်စည်တွေ၊ ညီလာခံတွေ၊ ချိုးရေတော်သုံး တာတွေ စသဖြင့် စသဖြင့် ပဒေသရာဇ်ခေတ်ပုံစံအတိုင်း ခမ်းခမ်းနားနားကျင်းပလေတော့ ဘုရင်မျှော်တဲ့ ကိုလိုနီခေတ် မြန်မာနိုင်ငံသူ၊နိုင်ငံသားတိုင်းအဖို့ သည်းခြေကြိုက်ဖြစ်ခဲ့တာပေါ့။


လွတ်လပ်ရေးရပြီးနောက် တစ်ဖက်က အမှီအခိုကင်းပြီး အမျိုးသားနိုင်ငံရေး၊စီးပွားရေး လွတ်လပ်လိုမှု ရည်ရွယ်ချက်နဲ့ သဘောထားခြင်း ယှဉ်ပြိုင်ကြပြီး လက်နက်ဆွဲကိုင် တိုက်ခိုက်နေကြချိန် အာဏာရပါတီနဲ့ ၀န်ကြီးချုပ်အပါအ၀င် ခေါင်းဆောင်ကြီးတွေက ဆိုင်းသံ၊ဗုံသံ တညံညံနဲ့ ဗလိနတ်စာကျွေးကြ၊ ကနားပေးကြ၊ တိုင်တည်ကြ၊ ဆုတောင်းကြ၊ ကျိန်စာတိုက်ကြ၊ ပသကြ လေတော့ တောင်ပြုံးဟာ လုံခြုံရေးအစီအမံ နယ်ပါးတဲ့ နယ်စွန်နယ်ဖျား ရှိသည့်တိုင် တန်ခိုးထက်ခဲ့တယ်။ ဒါပေမယ့် ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုသလိုပါပဲ။ လက်နက်ကိုင် အဖွဲ့အစည်းလက်အောက် တဒင်္ဂ ကျရောက်တဲ့ အချိန်အခါမျိုးလည်း တောင်ပြုံးအဖို့ ကြုံရသေးပါတယ်။ ဒီအချိန်မှာတော့ နတ်ဒိုးသံ ဆိတ်တာပေါ့။ တစ်နှစ်ကများ မင်းကြီး၊မင်းလေးပုံတော်တွေ လက်နက်ကိုင် အဖွဲ့က ပြန်ပေးဆွဲသွားလို့ ပွဲတော်မကျင်းပရတဲ့နှစ်လည်း ရှိခဲ့ဖူးသတဲ့။ ဒါပေမယ့် စည်စည်ကားကား အုန်းအုန်းကြွက်ကြွက် ကျင်းပတဲ့ အ ချိန်ကာလက အများကြီးပါ။


တကယ်တော့ တောင်ပြုံးပွဲတော်ဟာ ယုံကြည်ကိုးကွယ်မှုနဲ့အတူ ရိုးရာယဉ်ကျေးမှုကလည်း ဆတူပါဝင်နေတော့ ဒီအချက်နှစ်ချက်စလုံးကို မြန်မာတွေက အူလှိုက်သည်းလှိုက် နှစ်သက်ခဲ့ကြတယ်။ ထေရ၀ါဒ ဗုဒ်္ဓဘာသာ ထွန်းကာတဲ့နိုင်ငံမှာ မိရိုးဖလာ အစွဲအလမ်းဆိုတာကလည်း မွေးရာပါဗီဇလို ဖြစ်နေလေတော့ ဘယ်လိုပဲပြောကြ၊ ဟောကြ၊ ရေးကြ၊ သားကြပါစေ ဆွေစဉ်မျိုးဆက် အမွေကိုတော့ စွန့်လွတ်နိုင်ကြဖို့ ခဲယဉ်းလှတယ်။ ဟောင်ကောင်ပြန်၊ စင်္ကာပူပြန်၊ ဘန်ကောက်ပြန် မြန်မာမမက မြန်မာမှုထဘီနဲ့ ဆံပင်ကို လုံးဝစွန့်လွှတ်မေ့ပျောက်ချင် မေ့ပျောက်မယ်။ သူ့ဗြူတီပါလာ ဆိုင်ဖွင့်ပွဲ ဆိုင်းဘုတ်တင်တော့ ကန်တော့ပွဲ မမေ့မလျော့ထိုးတာပါပဲ။ အင်္ဂလန်ပြန်၊အမေရိကန်ပြန် အိုင်တီပညာရှင် မြန်မာကိုကိုကလည်း မြန်မာစာ၊ မြန်မာစကား တစ်နေ့နေလို့ တစ်လုံးရေးဖြစ် ပြောဖြစ်ချင်မှ ပြောဖြစ်မယ်။ သူ့အိုင်တီ ကုမ်္ပဏီရုံးခန်း ဖွင့်ရမယ့်ရက်ကိုတော့ ဗေဒင်သွားမေးသေးတာပဲ။


လူကြီးသူမတွေ တစ်ခူးတစ်ခန့် အချိန်ပေးလာရောက်ပြီးဖဲကြိုးဖြတ် ပူဖောင်းလွှတ် ဖွင့်လှစ်ပေးမယ့်အချိန် မိုးလွတ်အောင် ရုံးခန်းထဲ ဖယောင်းတိုင်တွေထွန်းပြီး ထီးဇောက်ထိုးဖွင့်ထားသေးတာပဲ။ ပြောလက်စနဲ့ ပြောရဦးမယ် ဆယ်ကျော်သက် ဟစ်ဟော့ပ် အဖွဲ့တွေရဲ့ စတိတ်ရှိုးမှာလည်း ဆောင်းဘောက်ကြီးပေါ် အုန်းပွဲငှက်ပျောပွဲ ထိုးလို့။ တစ်နှစ်က ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတယ်။ ရန်ကုန်မြို့က နာမည်ကြီး ကနားစီး တစ်ဦးပြောတာတဲ့။ နတ်ကို ကိုးကွယ်ပူဇော်တာ မဟုတ်ပါဘူး။ ကိုးကွယ်ပူဇော်ဖို့က ရတနာသုံးပါးရှိပါတယ်။ နတ်ကို ရိုးရာအနေနဲ့ ယုံကြည်ပသ တာပါတဲ့။ ကောင်းတဲ့စကားပါ။ကဲ.....ထားပါတော့။


မြန်မာတွေ ရိုးရာအစွဲအလမ်းဖြစ်တဲ့ နတ်အပါအ၀င် ဗေဒင်၊ယတြာကိန်းခန်းတွေ ကိစ်္စကလည်း ဘယ်နေရာမှ လွှတ်ထားလို့မှ မရဘဲ။မည်သို့ပင် လက်တွေ့သဘောမပါတဲ့ ရုပ်ဝတ်္ထုမဟုတ်ဟု ဆိုစေကာမူ တစ်ချိန်က တိုင်းပြည်မှာ သန်းပေါင်းများစွာသော တိုင်းသူပြည်သားများ ဆန်္ဒနဲ့ ထပ်တူကျမျှ အရေးတကြီးလိုအပ်နေတဲ့ ငြိမ်းချမ်းရေးကိစ်္စမှာ ဗေဒင်၊ယတြာတွေပါဝင်ပတ်သက်ခဲ့တာဖတ်မှတ်ရဖူးပါတယ်။၁၉၅၀ခုဆိုတာ ပြည်တွင်းစစ်မီးကြီး အရှိန်ကောင်းနေဆဲ ကာလပေါ့။ အဓိက ထိပ်တိုက်ရင်ဆိုင်နေတာ အာဏာရပါတီနဲ့ ကွန်မြူနစ်တွေပါပဲ။ အာဏာရပါတီက ခေါင်းဆောင်တွေ၊ ကွန်မြူနစ်ပါတီက ခေါင်းဆောင်တွေ ဆိုတာကလည်း နိုင်ငံလွတ်လပ်ရေးအတွက် အသက်ကိုစတေးပြီး ထောင်ကို အိမ်ယာအမှတ်နဲ့ လက်တွဲဆောင်ရွက်လာကြသူတွေပါ။

ဒီတော့လည်း စိတ်မချမ်းမြေ့ဖွယ် စစ်တလင်းခင်းနေကြတာဟာ မတွေ့မကြုံ၊ မသိမကြား၊ မပေါင်းမသင်းဖူးသူတွေရဲ့ ညှိမရတဲ့ ပဋိပက်္ခတွေလို့ တိုင်းသူပြည်သားအားလုံးက မယူဆ ကြပါဘူး။ ရဲဘော်ရဲဘက်ချင်း၊ လုပ်ဖော်ကိုင်ဖက်ချင်း ပန်းတိုင်အတူတူ သွားနည်းသွား ဟန် ကွဲပြားကြလို့သာ ယာယီအဆင်မပြေမှုလို့ပဲ အားလုံးက သဘောပေါက်ကြတယ်။ ဒါကြောင့် တစ်ချိန်ချိန် သဘောထားချင်းညီမျှ အမြင်မှား တာတွေ သင်ပုန်းခြေပြီး စိတ်ရင်းစေတနာကောင်းမှန်စွာနဲ့ လက်တွဲကြလိမ့်မယ်လို့ တစ်တိုင်းပြည်လုံးက မျှော်လင့်ကြ တယ်။ လက်တွဲလည်း လက်တွဲစေချင်ကြတယ်။ သည်တော့လည်း မြန်မာလူမျိုးပီပီ ဗေဒင်၊ ယတြာကိန်းခန်း အလိုအရ ၁၉၅၀ခု၊ ဇွန်လ ၂၈ရက်၊ ၁၃၁၂ခု ပထမ၀ါဆိုလဆန်း ၁၄ရက် ဗုဒ်္ဓဟူးနေ့မှာ မန်္တလေးမြို့ထုတ် မြန်မာ့လမ်းစဉ် သတင်းစာက အခုလို ရေးသားခဲ့တယ်။

““ ကွန်မြူနစ်ပါတီနှင့် ရွေးကောက်ပွဲ””

ဒုတိယ၀ါဆိုလဆန်း ၁၄ရက်က မလွန်မှီ ကွန်မြူနစ်ခေါင်းဆောင်ကြီးများ အမြင်မှန်ရကြ၍ ရွေးကောက်ပွဲတွင် ၀င်အရွေးခံကြဖွယ်ရှိခြင်း.....။ ဆိုတဲ့ခေါင်းစဉ်အောက်မှာ သခင်သန်းထွန်း၊ သခင်တင်ထွန်းနဲ့ သခင်ဖေတင့်တို့ရဲ့ ဇာတာခွင်တွေကို ဖော်ပြထားပြီး ဇာတာခွင်တွေ အလိုအရ တွက်ချက်ကာ ““ .....အကြမ်းနည်းမှ အနုနည်းသို့ ပြောင်းလဲကာ ဒီမိုကရေစီ စည်းဝိုင်းအတွင်းသို့ ပြန်ဝင်လျက် လာမည့်ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးခံဖွယ်ရာရှိပေသည်။ဝန်ကြီးချုပ်ကလည်း ဖြူ၊နီ ကြောင်ကျားတို့အား ဒီမိုကရေစီ စည်းဝိုင်းအတွင်းသို့ ပြန်ဝင်ကြပြီး မိမိတို့နှစ်သက်ရာဝါဒကို ထူထောင်နိုင်သည်ဟု အတိအလင်းမြွတ်ဟထားခဲ့ပေရာ သခင်သန်းထွန်း ကြီးမှူးသော ကွန်မြူနစ်ပါတီသည် အကြမ်းနည်းများကို စွန့်ပစ်ကြလျက် ဒီမိုကရေစီ စည်းဝိုင်းအတွင်းမှနေ၍ ရွေးကောက်ပွဲကို ၀င်ရောက်ကြပါလျှင် ကောဇာကြာသပတေးင်္ဂြိုဟ်ကြီးသည် ကွန်မြူနစ်ပါတီအား ထူးခြားသော အခွင့်အရေးများကို ပေးနိုင်လိမ့်မည်ဟု ဗေဒင်နည်းဖြင့် ယူဆနိုင်လေသည်”” လို့ ရေးသားထားတာဖတ်ရတယ်။


ဆက်ပြီး အဲဒီ ၁၃၁၂ခု၊ တူရာသီ သီတင်းကျွတ်လဟာ မြန်မာ့နိုင်ငံရေး ကံကြမ်္မာကို ဖန်တီးမည့်လလို့လည်း ဆက်လက်ဟောကိန်း ထုတ်ထားတယ်။ ဘာပဲပြောပြော ဒီနှစ်က ၁၃၇၉ခုပါ။ဒီဟောကိန်းထုတ်ခဲ့တာ ခုဆိုရင် ၆၇နှစ်ပြည့်ပါပြီ။ဟောကိန်း မှန်ခြင်း၊မှားခြင်း ကိစ်္စကလည်း ဖြစ်ပျက်ခဲ့ပြီးပြီမို့ ပြောစရာမလိုတော့ပါဘူး။တကယ်တော့ ရုပ်ဝါဒီ ကွန်မြူနစ်ခေါင်းဆောင်ကြီး သုံးဦး နဲ့ အာဏာရ အစိုးရအဖွဲ့အစည်း အဆင်ပြေကြပြီး အဲဒီကာလ လတ်တလော အနေအထားအရ ကွန်မြူနစ်ပါတီနဲ့ အဆင်ပြေပြီး တိုင်းပြည်ကြီးငြိမ်းချမ်းစေချင်တာ ပြည်သူပြည်သားတိုင်းရဲ့ ဆန်္ဒအစစ်အမှန်မို့ ဗေဒင်ကိန်းခန်းဆိုတဲ့ မြက်တစ်ပင်ကို ဆွဲမိဆွဲရာ ဆွဲတဲ့သဘောပါပဲ။


ကိုင်း.....ခုလည်း တောင်ပြုံးပွဲတော် ရက်ရွေ့ခံလိုက်ရတဲ့ အရှင်နှစ်ပါးဆီ ဘာဆုတောင်းမလဲ မိတ်ဆွေ။ အခု မြန်မာပြည်အတွက် ပြည်သူလူထုကြီး အလိုအပ်ဆုံး ဘုံဆန္ဒက ဘာဖြစ်နိုင်မလဲ။ ပြောကြည့်လေ။ ရင်ထဲပေါ့သွားအောင်ပေါ့..။

ဆူးငှက်
https://www.facebook.com/sue.hnget.3/posts/1537490266289511

ချင်းတက္ကသိုလ်ကျောင်းသားတစ်ဦး နိုင်ငံရေးမကင်းရှင်းဟုဆိုကာ ကျောင်းထုတ်ခံရ



ခိုနူမ်းသုန်သတင်း၊ ၂၉ ဇူလိုင် ၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ အုန်းတောကျေးရွာတွင် ဖွင့်လှစ်ထားသော ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တွင် ပညာသင်ကြားနေသော ချင်းကျောင်းသားတစ်ဦး ဆလိုင်း နိန်ထွန်းသည် နိုင်ငံရေးနှင့်မကင်းရှင်းဟု ဆိုကာ ဇူလိုင်လ ၂၈ ရက်နေ့က ကျောင်းထုတ်ခံလိုက်ရသည်ဟု သိရသည်။

ရူပဗေဒမေဂျာယူထားသည့် ဒုတိယနှစ် ကျောင်းသား ဆလိုင်းနိန်ထွန်းသည် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် နိုင်ငံရေးစာများရေးသားမှုများပြုလုပ်ခြင်းကြောင့်ဟုဆိုပြီး ယခုကဲ့သို့ ကျောင်း ထုတ်ခံရခြင်းဖြစ်သည်ဟု ဆလိုင်းနိန်ထွန်းက ခိုနူမ်းသုန်ကိုပြောသည်။

“ အဲဒီကျောင်းမှာက ပါတီနိုင်ငံရေးကင်းရှင်းရမယ်လို့ပြောတယ် ဒါပေမယ့်ကျနော်က ဘယ်နိုင်ငံရေးပါတီမှ ၀င်ထားတာမရှိဘူး အမျိုးသားနိုင်ငံရေးကိုလည်း လုပ်တာလည်းမဟုတ်ဘူး စာတွေလေ့လာတယ် ဖတ်တယ် ပြီးရင် အွန်လိုင်း Facebook နှစ်ဖက်မြင်လူသားဆိုပြီး အဲဒီအကောင့်ကနေ အဲဒီဖတ်ထားတဲ့ဟာ ဖြစ်ပျက်နေတာ လေ့လာတယ် သုံးသပ်တယ် ဝေဖန်တယ် အဲလောက်ဘဲ ကိုယ်ဟာကိုလည်းနိုင်ငံရေးလုပ်တယ်လို့မထင်ဘူး ကိုယ်သိသလိုသူများကိုလည်း သိစေချင်တယ် ကိုယ့်ရဲ့ဝေဖန်သုံးသပ်ချက်ကိုလည်း သူများသိစေချင်တယ် ဒါပေမယ့် သူတို့က ကျနော့ကိုနိုင်ငံရေးလုပ်တယ်ဆိုပြီး ခုထုတ်လိုက်တယ်’’ ဟု သူကပြောသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံတက်ရောက်ပြီး ကျောင်းသားပေါင်း ၈၀၀ ကျော်ခန့်တက်ရောက်သည့် အဆိုပါကောလိပ်တွင် ပညာသင်ကြားသည့် ကျောင်းသူကျောင်းသားများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဟု သတ်မှတ်ထားသည်ဟု သိရသည်။

ဆလိုင်းနိန်ထွန်းသည် “ နှစ်ဖက်မြင်လူသား” ဆိုသည့် Facebook အကောင့်တွင် ၎င်းဖတ်ရှူလေ့လာသော စာများ ရှယ်ခြင်း၊ မိမိထင်မြင်ချက်၊ ဝေဖန်ချက်များသာ ရေးသား ခြင်းသာဖြစ်ပြီး မည်သည့်ပါတီဝင်မှမဟုတ်သကဲ့သို့ မိမိကိုယ်ကိုယ်နိုင်ငံရေးလုပ်ဆောင်နေသည်မယူဆကြောင်း ဆလိုင်း နိန်ထွန်းက ခိုနူမ်းသုန်ကိုပြောသည်။

“ နိုင်ငံရေးလုပ်တာလည်းမဟုတ်ဘူး လိုင်းပေါ်မှာဒီလိုရေးတာနဲ့ ကျောင်းထုတ်ခံရတယ်ဆိုတော့ စိတ်မကောင်းတော့ဖြစ်မိ တယ်၊ သူများတွေပြောပြောနေတဲ့ ဒီမိုကရေစီဆိုတာ ဒါလုံးဝမဟုတ်ဘူး ဒါတကယ့်အာဏာရှင်စနစ်ပဲ” ဟု ဆလိုင်းနိန်ထွန်း ကပြောသည်။

ယခုကဲ့သို့ ချင်းကျောင်းသားတစ်ဦး ကျောင်းထုတ်ခံရသည့်အပေါ် ဘယ်လိုမှလက်ခံနိုင်စရာမရှိပဲ၊ အဓိပ္ပါယ်မရှိသည့်လုပ်ရပ်ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာချင်းကျောင်းသားများသမဂ္ဂအဖွဲ့ အထွေထွေအတွင်းရေးမှူးဆလိုင်းထန်းလွန်းကပြောသည်။

“ ကျနော့်အနေနဲ့လုံးဝကိုစဉ်းစားလို့မရတဲ့အခါကျတော့ လက်မခံဘူး ဘာလို့လက်မခံနိုင်လဲဆိုတော့ နိုင်ငံသားတစ်ယောက် မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ပြီး ကျောင်းတက်နေတဲ့ ဘယ်လူမျိုးမဆို ကျောင်းသားတစ်ယောက်ကို ဒီလိုမျိုးထုတ်ပယ်တာက လုံးဝကိုအဓိပ္ပါယ်မရှိဘူး နိုင်ငံသားတစ်ယောက်မှာနိုင်ငံရေးလုပ်ပိုင်ခွင့်အပြည့်အ၀ရှိတယ်၊ နိုင်ငံသားတစ်ယောက်ဟာ သူနေမကောင်းတာလည်း နိုင်ငံရေးကြောင်းပဲ။ ထမင်းစားတာလည်းနိုင်ငံရေးကြောင့်ပဲ၊ ဒါကြောင့် ဒီလိုထုတ်ပယ်တာကို လုံးဝလက်မခံဘူး’’ ဟု ဆလိုင်းထန်းလွန်းကပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာချင်းကျောင်းသားများသမဂ္ဂအဖွဲ့အနေဖြင့် အဆိုပါကောလိပ်မှ တာဝန်ရှိသူများကိုလည်း သွားရောက်တွေ့ဆုံသွားရန် စီစဉ်နေကြသည်ဟုလည်း သိရသည်။

ယခုကိစ္စအပေါ် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ် ရီရီညွန့်ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်းမရှိခဲ့ပေ။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese

တောင်ပြုံးပွဲအပါအ၀င် တိုင်းအတွင်းကျင်းပမယ့် ပွဲတော်အားလုံး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို တွေ့ရစဉ်။ Photo: Hset Paing Toe/ RFA
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှာ ကျင်းပတဲ့ တောင်ပြုံးပွဲတော်အပါအ၀င် တိုင်းအတွင်း ကျင်းပမယ့် ပွဲတော်အားလုံးကို ရာသီတုပ်ကွေး A(H1N1) ရောဂါ ထိန်းချုပ်နိုင်တဲ့ ကာလအထိ ပွဲကျင်းပခွင့်ရွှေ့ဆိုင်း လိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ရောဂါပျံနှံ့မှုကို ကြိုတင်ကာကွယ်တဲ့ နည်းနဲ့သာ တားမြင့်နိုင်မှာဖြစ်တဲ့အတွက် အခုလို ခွင့်ပြုမိန့် ပိတ်သိမ်းတာဖြစ် တယ်လို့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။

မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးမှာ တိုင်းအစိုးရအဖွဲ့၊ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့နဲ့ တောင်ပြုံးပွဲတော်ကျင်း ပရေးကော်မတီတို့ ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် တောင်ပြုံးကျေးရွာ အနီးတဝိုက်နဲ့ မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေကိုလည်း ယာယီ ပိတ်ထားဖို့လိုအပ်လာရင် ပိတ်သွားမယ်လို့ ဆိုပါတယ်။

မနက်ဖြန် ဇူလိုင်လ ၃၁ ရက်နေ့မှာ ကျင်းပမယ့် တောင်ပြုံးပွဲတော်ကို အနယ်နယ်အရပ်ရပ်က ဈေး သည်တွေရောက်ရှိနေကြပြီဖြစ်သလို ပွဲတော်ဧရိယာ အတွင်း ရောက်ရှိနေသူတွေကို မန္တလေးတိုင်းအစိုးရအဖွဲ့က ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အဲဒီလိုစစ်ဆေးရာမှာ ရာသီတုပ်ကွေး A(H1N1) ကူးစက်ခံရသူတွေ့ရှိရင် မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ကုသပေးနိုင်အောင် ကြိုတင်စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

Saturday, July 29, 2017

မော်လမြိုင် စမ်ကြီးတာဝန်ကျ ယာဉ်ထိန်းရဲပါး၃ချက်ရိုက်ခံထိ


မော်လမြိုင် စမ်ကြီးတာဝန်ကျ ယာဉ်ထိန်းရဲပါး၃ချက်ရိုက်ခံထိ

ဒီနေ့ မနက် သတင်းတစ်ခုကြားတယ် …
ယာဉ်ထိန်းရဲ ပါး၃ချက် ရိုက်ခံထိတယ်တဲ့… ထ(ခွဲ)စမ်ကြီးကျောင်းရှေ့ ကျောင်းသားတွေ မျဉ်းကြားက ကူးနေချိန် တာဝန်ကျရဲက တားထားတာ ဆိုင်ကယ် အရှိန်နဲ့ ဖြတ်မောင်းတယ်၊သားအမိနှစ်ယောက်ပါ။

ယာဉ်ထိန်းရဲလည်း အဖွားကြီး ဘယ်ငေး မောင်းတာလဲလို့လှမ်းအော်ပါတယ်(သူ မှန်တယ်…ကလေးတွေ ဖြတ် နေချိန် အော်ရမှာပဲလေ)…

ဆိုင်ကယ်က လွန်သွားပြီး စမ်းကြီး အင်းဝိုင်းထိပ်ရောက်မှ ပြန်လှည့်လာပါတယ်။ယာဉ်ထိန်းရဲကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး နင့် သောက်ဆင့်ဘယ်လောက်ရှိလဲ ငါတို့ဘာလည်းသိလား တပ်ထဲကတဲ့… ဒီကျောင်းရှေ့ရောက်ရင် တိုင်းမှူးတောင် ကားရပ်ပေးတယ်လို့ ဆရာမတစ် ယောက် ပြောပြပါတယ်။

ရဲလည်း မှတ်တမ်းယူမို့ ဆိုင်ကယ်ကြည့်တော့ နံပတ်ပြားမပါ လိုင်စင်မပါ ဆိုင်ကယ်ဦးထုတ်မပါ ပါဘူး။ဆိုင်ကယ်ကို ဓာတ်ပုံရိုက်တော့ ပါး၃ချက် ဝင်ရိုက်ပါတယ်တဲ့ (ယာဉ်ထိန်းရဲ ပြောပြတာပါ)

ယာဉ်ထိန်းရဲက ရုံးပြန်ပြီး စာတင်တရားစွဲဖို့ ပြင်ဆင်ပါတယ်။မွန်းလွဲ ၂နာရီမှာ နှစ်ဖက်ချိန်းပြီး အမှုနားထောင်ဖို့ ယာဉ်ထိန်းရဲ ၃ပွင့်၂ယောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျောင်းအကျိုးဆောင်များ ကျောင်းအုပ်ဆရာမကြီး တာဝန်ကျဆရာမများ အခင်းဖြစ်ပွားသူများ ရောက်လာကြပါတယ်။
(ယာဉ်ထိန်းအရာရှိ နှစ်ယောက်နဲ့ ရဲဘော်လေးက အစောဆုံးရောက်ပြီး ဟို သားအမိကို မပြန်လာလို့ သွားခေါ်ရပါတယ်)

နှစ်ဖက်ပြောကြားချက် သက်သေထွက်ဆိုချက်တွေအရ သားအမိ အမှားပါ…
သို့သော် အတော်တင်းမာသောပုံစံ လုပ်နေတာက သူတို့ပါ…
တပ်ထဲကတော့ ဟုတ်မှာပါ…သူတို့ သားအမိနှစ်ယောက်တည်း လာပါတယ်…
အတန်ကြာမှ သူတို့မှားတယ်တဲ့ တောင်းပန်တယ်တဲ့…
သူတို့အရှိန်များနေလို့ မရပ်တာ တဲ့…
အရှိန်များလို့ မရပ်ရင် ဘာကြောင့်ပြန်လှည့်လာပြီး ပါးလာရိုက်သလဲ ပြဿနာ လာရှာသလဲ တဲ့…
(ရဲအရာရှိ အမေးပါ)

ယာဉ်ထိန်းရဲရဲ့ သဘောကိုမေးတော့ လူအများရှေ့ မှာ ယူနီဖောင်းနဲ့တာဝန်ချိန်မှာ သူ့ကို အရှက်တကွဲဖြစ်အောင် အစုံပြောတယ် ပါးရိုက်တယ်။သူ တရားစွဲပါမယ်တဲ့။အစ်မတို့ သားအမိလည်း တရားစွဲချင်စွဲတဲ့။
သက်သေတော့ ခိုင်လုံပါစေတဲ့။

ဆရာမတွေရဲ့ စကားကတော့ ဒီမှာ ကြေအေးရင် နောက်တစ်ခါ နောက်ထပ်တွေများစွာနဲ့ ထပ် ထပ် ပါးလိုက်ရိုက်နေပါမယ် တဲ့။ ယာဉ်ထိန်း ယူနီဖောင်းနဲ့တောင် ဒီလိုလုပ်ရင် ဆရာမတွေချည်းပဲ တားရင် ဘယ်လိုတောင်လုပ်မလဲ ဆရာမတွေ တွေးပူကုန်ကြပါတယ်။
(ဘယ်လို နိဂုံးချုပ်လည်း ကျမ မသိတော့ပါ။)

အဲ့ဒီကျောင်းရှေ့မှာ ကြာသပတေးနေ့ကပဲ ယာဉ်ထိန်းရဲတာဝန်မရှိချိန် လမ်းဖြတ်ကူးတဲ့ ကလေးနဲ့ နည်းပညာကျောင်းသားတွေ ဆိုင်ကယ်တိုက်မိတာ ခုထိဆေးရုံမှာ အမှု မကြေအေးသေးပါဘူးတဲ့။

အခြေခံကျောင်းရှေ့တိုင်းမှာ ယာဉ်ထိန်းရဲ ရှိခြင်းကြောင့် ကလေးတွေအတွက် အန္တရာယ်ကင်းပါတယ်။ မိုးရေထဲမှာ သူတို့လည်း အသက်အန္တရာယ်ရှိစွာနဲ့ လမ်းလယ်မှာ ပြည်သူတွေအတွက် တတ်နိုင်သမျှ လုပ်ပေးနေတာပါ။ တားနေရင်းက အရှိန်နဲ့ဖြတ်မောင်းကြလို့ တိုက်ပါပြီးတဲ့။
ဒါ ဘယ်သူ့တာဝန်ချိန်လည်း ဆိုတာ ရင်ဆိုင်ရပါတော့မယ်။

ပြည်သူများ အနေဖြင့်လည်း နားလည်ပေးကြပါ။ ကူညီပေးကြပါ။ ကလေးတွေကျောင်းလွှတ်ချိန် ခဏလေးရပ်စောင့်ပေးလိုက်ကြပါရှင်။ မိမိသားသမီးများ လမ်းဖြတ်နေတယ်လို့ ခဏလောက် တွေးပေးလိုက်ကြပါ။

ကူညီကြခြင်းဖြင့် ပြည်သူများအတွက် ပြည်သူများ အတူတူ ကြိုးစာကြရပါမယ်။ကျေးဇူးတင်ပါတယ်။

#ငယ်ငယ်
Crystal White
https://www.facebook.com/permalink.php?story_fbid=353009775128638&id=100012588547873

ကျွန်နော့်ကိုရိုက်တဲ့ သားးအမိ နှစ်ယောက်ပုံပါ ကျွန်နော့် ဘက်ကတော့ လုံးဝ အလျှော့ပေးမှာမဟုတ်ပါဘူး သူ့ပါစပ်ကသာ တပ်က လို့ ပြောတာပါ ကျောင်းလာပို့ တဲ့ အရာရှိ တစ်ဦးအမျိုးသမီးကတော့ သူတို့ဟာ တပ်က ထွက်သွာတာ ကြာပြီလို့ သိရပါတယ် အခု ရခိုင်ကုန်းမှာ Taxi ဆွဲနေတယ်လို့သိရပါတယ်
တစ်ကယ်တော့ အခုမြင်နေရတာ သားအမိပါ သမီးမှားနေရင်တောင် အမေ လုပ်သူကတားရမှာ အခုတော့ အမေ လုပ်သူကိုယ်တိုင်က လက်ညှိုးငေါက်ငေါက် ထိုးပြီး ပြောဆိုသွာတာ ကျောင်းသားမိဘ ဆရာဆရာမနဲ့ ဖြတ်သွာဖြတ်လာတွေ ရှေ့မှာပါ
သူတို့ လာတောင်းပန်တာက ကျောင်းအုပ်ဆရာမကြီးရုံးခန်း ထဲမှာပါ ဒါကိုတောင် သမီးလုပ်တဲ့သူက ရှက်လို့ တဲ့




ရန်ကုန်ရေကြောင်းဖယ်ရီအဖြစ် ပြေးဆွဲလုပ်ကိုင်မည့် တင့်တင့်မြန်မာကုမ္ပဏီမှ သြစတေးလျနိုင်ငံထုတ် သင်္ဘော များနှင့် မြန်မာနိုင်ငံထုတ် သင်္ဘောများ


ရန်ကုန်ရေကြောင်းဖယ်ရီအဖြစ် ပြေးဆွဲလုပ်ကိုင်မည့် တင့်တင့်မြန်မာကုမ္ပဏီမှ သြစတေးလျနိုင်ငံထုတ် သင်္ဘော များနှင့် မြန်မာနိုင်ငံထုတ် သင်္ဘောများကို အသုံးပြု၍ပြေးဆွဲသွားမည်ဖြစ်ကြောင်း သဘောင်္ပုံများကို ယနေ့ ဇူလိုင်၂၉တွင် ထုတ်ပြန်လိုက်သည်။
"မြန်မာပြည်မှာက ၇ စင်းနဲ့ နိုင်ငံခြားက ၆ စင်း ၊ အားလုံး ၁၃ စင်းနဲ့စပြီးတော့ ၁၆ စင်းနဲ့ဆွဲမှာပေါ့နော်"ဟု ရေကြောင်း ဖယ်ရီပြေးဆွဲခွင့်ရသည့် တင့်တင့်မြန်မာကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ဇူလိုင်၁၃ရက်နေ့က မဇ္ဈိမကို ဖြေကြားထားသည်။
ရန်ကုန်ရေကြောင်းဘတ်စ် ၁၃စင်းဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး ကျန် ၃ စင်းကို အရန်ထားရှိသွားမည်ဖြစ်သည်။
ရေကြောင်းဖယ်ရီအတွက်သင်္ဘောများကို ထိုင်းနိုင်ငံ၊ သြစတေးရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံထုတ်သင်္ဘောများကို အသုံးပြုသွားမည်ဖြစ်ကြောင်း မေလ ၅ရက်တွင်ပြုလုပ်ခဲ့သော၎င်းတို့၏သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ပြေးဆွဲမည့်ကာလအတိအကျကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
သတင်း-မျိုးပြည့်သင်း
ဓာတ်ပုံ-Yangon Water Bus









MLM အကြောင်းလေးပါ


MLM အကြောင်းလေးပါ

A.စက်ဘီးတစ်စီး ရောင်းမယ် ။ တစ်ကျပ်ပဲပေး …
.
B.ဟာ တန်လှချည်လား ?စက်ဘီးတစ်စီးကို ၅ ကျပ်တောင် ပေးနေရတာ တစ်ကျပ်ဆိုတော့ တန်တာပေါ့။
.
A.အေး တန်တယ်။ ၁ ကျပ်ပဲပေး။
ဒါပေမယ့် ငါတို့ဆိုင်က ရောင်းတဲ့ ကူပွန် ၄ခု ဝယ်ရမယ်။
ကူပွန် တစ်စောင် = ၁ ကျပ်ပေး။
.
B.အမ်
.
A.မအမ်နဲ့…
စက်ဘီးတစ်စီးကို တစ်ကျပ်နဲ့ ဝယ်ချင်တဲ့သူတိုင်း
ကူပွန် ၄ ကျပ်ဖိုးဝယ်ရမယ်။
.
B.ဒါဆို ကျွန်တော်က စက်ဘီးကို ၅ ကျပ်နဲ့ ဝယ်သလို ဖြစ်နေမှာပေါ့။
.
A. No No !
ကူပွန်လေးခုကို မင်းက အပြင်မှာ လိုက်ရောင်းလိုက်လေ ။
ကူပွန်တစ်စောင် တစ်ကျပ်နဲ့ ရောင်း။
၎ ကျပ်ကို မင်းပြန်ရလိမ့်မယ်။

"ကူပွန်တစ်ခုရှိတာနဲ့ ငါ့ဆိုင်မှာ စက်ဘီး တစ်စီးကို တစ်ကျပ်နဲ့ လာဝယ်ခွင့်ရှိမယ်လို့"ကြော်ငြာပေးပေါ့။
အခုတော့ မင်းက ငါ့ကို ငါးကျပ်ပေးခဲ့။
.
B. အော် ဟုတ်ပီလေ။ရော့ ရော့ ၅ ကျပ်။
ပေး စက်ဘီးနဲ့ ကူပွန် ၄ စောင်။
.

ဒီလိုနဲ့ပဲ B ဟာ ကူပွန်လေးစောင်ကို လူလေးယောက်စီ ရောင်းလိုက်တယ်။
၎ ကျပ်ပြန်ရသွားတယ်။
သူက စက်ဘီး တစ်စီးကို ၁ ကျပ်နဲ့ ရလိုက်သလိုဖြစ်သွားတယ်။သူပျော်တာပေါ့။
.
သူရောင်းလိုက်တဲ့သူတွေကလဲ စက်ဘီး တစ်စီးကို တစ်ကျပ်နဲ့ဆိုတော့ ကူပွန်တစ်စောင် တစ်ကျပ်ပေးဝယ်ပီး စက်ဘီးဆိုင်သွားဝယ်တယ်။
.
ကူပွန်နဲ့ လာဝယ်တဲ့ သူကို A က စက်ဘီး တစ်စီးပေးပီး ကူပွန် ၄ စောင် ပြန်ရောင်းတယ်။
.
စက်ဘီးကို ငါးကျပ်နဲ့ ပေးဝယ်ခဲ့ရတော့ ကူပွန်တွေကို ရောင်းထုတ်နိုင်မှ စက်ဘီးဝယ်ခ သက်သာမှာလေ အဲ့တော့ အပြင်းအထန် လိုက်ရောင်းကြတယ်။
.
စက်ဘီးရောင်းတဲ့ A ကလဲ စက်ဘီး တစ်စီးကို ၅ ကျပ်နှုန်းနဲ့ပဲ ရနေသလို မရှုံးတဲ့အပြင် တစ်နေ့ တစ်နေ့ စက်ဘီးတွေ အများကြီး ရောင်းနေရတယ်။
.
ဆိုင်ကို အရင်ဆုံးလာဝယ်တဲ့သူတွေကလဲ ကူပွန်ရောင်းနိုင်တော့ စက်ဘီးတစ်စီးကို တစ်ကျပ်နှုန်းနဲ့ ပိုင်သွားကြတယ်။
.
ပြသနာက ကူပွန်တွေများလာတာပဲ။
တစ်စီးလာဝယ်တိုင်း ၄ စောင်ရောင်းနေတော့ လူတိုင်းမှာ ကူပွန်တွေ ကိုယ်စီ ဖြစ်ကုန်တယ်။
.
ဘယ်သူမှ ကိုယ့်ကူပွန်ကို မဝယ်တော့ဘူး။
.
ကွကိုယ် စက်ဘီးသွားဝယ်လဲ ဆိုင်ရှင်က စက်ဘီးတစ်စီးကိုကူပွန် ၄ စောင်နှုန်းပြန်ရောင်းဦးမှာ ။
.
အဲ့တော့ ဒီ Network မှာ စက်ဘီး အရင်ဝယ်လိုက်တဲ့သူတွေပဲ အကျိုးအမြတ်ရပီး ။
စက်ဘီး ဆိုင်ရှင်ပဲ ချမ်းသာသွားတယ်။
.
ကူပွန်တွေ ပိုက်ဘော မိတဲ့သူတွေ ခံပေါ့။

ဒါပေမယ့် အခုဟာက စက်ဘီးဆိုတော့ အသုံးဝင်သေးတယ်။ မတန်လဲ အသုံးပြုလို့ရသေးတယ်။

တချို့လုပ်ငန်းတွေက အကျိုးမရှိ ၂ ပြားမတန်တဲ့ ပစ္စည်းတွေကို အဆပေါင်းများစွာ ဈေးတင်ရောင်းတယ်။

မက်လုံးပေးပီး မြူဆွယ်တယ်။

အရင်လူတွေ ကောင်းစားပြီး အောက်ခြေလူတွေ ခံရမယ်။ ဒီကြားထဲ member ဝင်ရင် တစ်လ အနည်းဆုံး စက်ဘီး ဘယ်နှစ်စီး ဝယ်ကိုဝယ်ရမယ်ဆို သေပီပေါ့။

ကူပွန်မရောင်းနိုင်တော့ အောက်ခြေကလူတွေကို
အထက်က လူတွေက ခင်ဗျားတို့ အစွမ်းအစမှ မရှိတာလို့ အပြစ်တင်မယ်။

တကယ်တမ်းက ကူပွန် ဖောင်းပွနေတော့ ဘယ်သူမှ မဝယ်တော့တာ။ အောင့်အီး ဝယ်ရအောင်လည်း ဘာမှ မတန် အသုံးမကျတာတွေလေ။

အဲ့တော့ ဘာလုပ်ပါ ဘာမလုပ်နဲ့ ဆိုတာထက်။
လုပ်သင့်မလုပ်သင့် သေချာစဉ်းစားပါ။

လောကမှာ ဖြတ်လမ်းဆိုတာ မရှိပါဘူးဗျ။

အခုလို ဖတ်ပေးတာ ကျေးဇူးပါ။

လင်းလင်းမောင်
Sep 9, 2016

နှလုံးသွေးကြောကျဉ်း ရောဂါ လုံးဝ ပြန်မဖြစ်စေနိုင်တော့သောကိုယ်တွေ့ ဆေးနည်းကောင်း တစ်လက်


နှလုံးသွေးကြောကျဉ်း ရောဂါ လုံးဝ ပြန်မဖြစ်စေနိုင်တော့သောကိုယ်တွေ့ ဆေးနည်းကောင်း တစ်လက်

ကျွန်တော် နှလုံးရောဂါ ပြင်းထန်စွာခံစားရချိန် ကျွန်တော် နေထိုင်ရာပုသိမ်မြို့ ရှိပုသိမ် ဆေးရုံကြီး နှဇီဝကအထူးကု ဆေးခန်းတို့ တွင်တက်ရောက်ကုသခဲ့ ရာဆေးစစ်ချက်အရ နှလုံးသွေးကြော သုံးချောင်းကျဉ်းနေပြီးတစ်ချောင်းမှာ ကောင်းစွာအလုပ်မလုပ်တော့သော ကြောင့် နှလုံးစက် ထည့်ရမည့်အခြေနေဖြစ်ခဲ့ပါသည်-
ထိုအချိန်တွင်မိတ်ဆွေတစ်ယောက်မှ ကျွန်တော့် လို ခွဲစိပ်ခါနီးလူနာတစ်ဦး မခွဲစိပ်ရပဲသက်သာပျောက်ကင်းသွား သည်ဆိုသောဆေးနည်းကိုပေးသဖြင့် ရန်ကုန် ၌ဆေးကုသခံရန်ပြင်ဆင်နေချိန်တွင်ခုနှစ်ရက်မျှဆက်တိုက်သောက်ခဲ့ပါသည်-
ထို့ နောက်ရန်ကုန်အာရှတော်ဝင် အထူးကု ဆေးခန်း တွင်သွားရောက်စမ်းသပ်ရာနှ လုံးသွေးကြော ပိတ်ဆို့ မှုများမရှိ
တော့ပဲအကောင်းပကတိဖြစ်နေကြောင်းအံ့သြဖွယ်တွေ့ရှိရပါသည်-
ဆရာမကြီးမှာပုသိမ်မှဆေးစစ်ချက်များကိုကြည့်၍မယုံနိုင်ဖြစ်ကာသေချာစေရန် မဟာမြိင် အထူးကုဆေးခန်း၌24နာရီ
စက်ဖြင့်ထပ်မံစမ်းသပ်ရာနှလုံးသွေး ကြောများပုံမှန်ကောင်းမွန်နေကြောင်း သေချာသွားတော့သည်-
ကျွန်တော်ခံစားနေရသောရင်ဘတ် အောင့်ခြင်းနှင့်ဘယ်ဘက်လက်မောင်း ကို်က်ခြင်းဝေဒနာများလည်းပျောက်ကင်း
သွားပါသည်-
ထို့ ကြောင့် ကျွန်တော့် လို နှလုံးသွေးကြောကျဉ်း ဝေဒနာခံစားနေရသူများအတွက်စေတနာရှေ့ ထား၍ကျွန်တော့်ကိုယ်တွေ့ ဆေးနည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်-
ဆေးနည်းမှာ –
၁- ကြွက်နားရွက်မှိုနှစ်ကျပ်ခွဲသား
၂-တရုတ်ဇီးသီးငါးလုံး
၃-ချင်း(ဂျင်း)တက်လက်တစ်ဆစ်ခန့် 
၎-ဆားအနည်းငယ်တို့ ကိုရေဖန်ခွက် ခြောက်ခွက် ထည့် နှစ်ခွက်ကျန်အောင်ကျိုပြီးမနက်တစ်ခွက် ညတစ်ခွက်သောက်ရုံပင်ဖြစ်ပါသည်-
ဆေးနည်းပေးသူမိတ်ဆွေအားကျေးဇူး
အထူးတင်ပါသည်။
Credit ( Ko Sai )

H1N1 ထက်ပိုကြောက်စရာကောင်းတဲ့ မြန်မာပြည်က စီးပွားရေးသမားတွေရဲ့စိတ်ဓါတ်


H1N1 ထက်ပိုကြောက်စရာကောင်းတဲ့ မြန်မာပြည်က စီးပွားရေးသမားတွေရဲ့စိတ်ဓါတ်

N95 mask တစ်ခုကို ပုံမှန်ဈေး 500 Ks လောက်ကနေ တစ်ခု 4000 Ks နဲ့အမြတ်ကြီးစားတင်ရောင်းတယ်။ အဲ့လောက်တင်ရောင်းလို့လည်း ကျိကျိတက်ချမ်းသာမသွားပါဘူး။ ဒါပေမယ့် ကူးစက်တာပိုများလာလို့ Control မလုပ်နိုင်တော့ရင် ဒီလူတွေလည်း မလွတ်နိုင်ပါဘူး။ ဒီလောက် အရေးကြီးတဲ့အချိန် သေရေးရှင်ရေးဖြစ်နေကြတဲ့အချိန်မှာတောင် ဒီလိုစိတ်ဓါတ်တွေနဲ့လူလုပ်နေကြတာ ဘယ်လောက်ရှက်ဖို့ကောင်းလဲဆိုတာတောင် နားမလည်တော့လောက်တဲ့အထိကို စိတ်ဓါတ်တွေ အောက်တန်းကျ ယုတ်မာနေလိုက်ကြတာ။

အမှန်ဆို ကိုယ့်ဆီမှာ ရှိနေရင် အလကားတောင်လိုက်ပြီး ဝေပေးရဦးမှာ။ ကိုယ်ပေးလိုက်တဲ့ mask တွေ တပ်ထားတဲ့သူတွေကို ကျေးဇူးတောင်တင်ရဦးမယ် ဝိုင်းပြီးကာကွယ်ပေးကြလို့။ သူများနိုင်ငံတွေမှာ SARS တို့ MERS တို့ဖြစ်ကြတုန်းကဆို TV News တွေမှာကြည့်လိုက်ရတယ် Mask တွေကိုအလကားလိုက်ဝေပေးနေကြတာ။ ယူပြီး သေချာတပ်တဲ့သူတွေကိုလည်း ပေးသမားတွေက လေးလေးစားစား နှုတ်ဆက်ပြီး ကျေးဇူးတွေတင်လို့။ အာ့ကြောင့် သူများဆီမှာ ဘယ်လောက်လူဦးရေများများ ဒီ ရောဂါ တွေကို ထိန်းနိုင်ကြတယ်။ မြန်မာပြည်မှာဖြစ်နေကြတဲ့ခုလိုစိတ်ဓါတ်မျိုးနဲ့ဆိုရင် ဒီနိုင်ငံဟာ လက်ရှိဖြစ်နေတဲ့ H1N1 ဆိုတဲ့ ကပ်ကြီးကို ကျော်နိုင်ပါ့မလား။

– မြန်မာပြည် က ပြည်သူပိုင် တွေကို ခိုးထား ဓါးပြတိုက်ထားတဲ့ ဟိုသူခိုးဓါးပြအုပ်စုတွေလည်း ခိုးထားတဲ့ထဲက နည်းနည်းလောက် ဝိုင်းပြီးပြန်လှူသင့်တယ်။ ဒီ ရောဂါ သာ ပိုပြီး ကြီးကြီးကျယ်ကျယ် ဖြစ်လာရင် လေထဲကနေကူးစက်တာမို့လို့ ဘယ်သူမှမလွတ်နိုင်ဘူး။ အဲ့ခါကျမှ အဲ့ခိုးထားတဲ့ပတ်ဆံတွေနဲ့ ဘားမှလုပ်မရဘူး။ လေယာဉ်တွေ ရဟတ်ယာဉ်တွေပိုင်လို့ သူများနိုင်ငံထွက်ပြေးမယ်ဆိုရင်တောင် သူများက သူတို့နိုင်ငံထဲအဝင်ခံပါ့မလား။ သူတို့လူတွေပါ ကူးမှာစိုးလို့ မြန်မာကလာတဲ့လူဆိုရင် ဝိုင်းပြီးပိတ်ထားမှာပဲ။ မဖြစ်လာနိုင်ပါဘူးလို့ ပြောလို့မရပါဘူး။ ဒီတစ်ခါတော့ စိတ်ထားလေး လူဆန်ပေးကြပါ။
ခုဆို ဆရာဝန်တောင်ကူးကုန်ပြီ။ သူတို့မှာ PPE မရှိဘူး mask လည်း လုံလုံလောက်လောက်မရှိဘူး။ ကူးမှာစိုးလို့ လူနာတွေကိုပစ်ထားပြီး ရှောင်နေခွင့်လည်းမရှိဘူး။ ဘာဆေးဝါး ပစ္စည်းမှ မပြည့်စုံပဲ အသက်နဲ့ရင်းပြီး ကုပေးနေရတာ။ ဒီလောက်သေရေးရှင်ရေး ကပ်ကြီးဆိုက်နေတာတောင် ဒီလိုထိုင်ကြည့်နေကြမယ်ဆိုရင် မြန်မာပြည် ဟာ ငရဲပြည် နဲ့တူတူပါပဲ။

*** လောလောဆယ် N95 mask မရှိသေးရင် ရိုးရိုး Surgical mask ကိုပဲ ၂ထပ် ၃ထပ် လုပ်ပြီး တပ်ထားကြပါ။ လက်ကို ခဏခဏ ဆေးကြပါ။ အတတ်နိုင်ဆုံး အိမ်ထဲမှာပဲနေကြပါ။ *** 😷

Credit : Nay Nay

မူးယစ်ဆေးစွဲသည့် မိဘနှစ်ဦး၏ ရောင်းစားခံရမည်ကို စိုးရိမ်သည့်အတွက် ထွက်ပြေးတိမ်းရှောင်လာ သည့် ကလေးငယ် ၃ဦးထဲမှ ၂ဦး အာဟာရပြတ်ကာ သေဆုံး



ဇူလိုင် ၂၉ရက်၊ မားနဂါး၊ မိုးမိတ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် ကျောက်လုံးကြီးကျေးရွာတွင် မူးယစ်ဆေးစွဲနေသည့် မိဘနှစ်ဦးက သားသမီး သုံးဦးကို ရောင်းစားရန်စီစဉ်နေသည့်အတွက်ကြောင့် အကြီးဆုံးဖြစ်သူ ၁၂နှစ်အရွယ်သမီးက ဦးဆောင်ကာ နှစ်နှစ်အ ရွယ်နှင့် ရက် ၂၀ အရွယ်ရှိ မိန်းကလေးနှစ်ဦးကို ဇူလိုင်လ ၂၃ရက်နေ့၌ မိုးမိတ်သို့ခေါ်ယူထွက်ပြေးလာရာ ဇူလိုင်လ ၂၄ ရက် နံနက် ၁၀နာရီတွင် ၂နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဇူလိုင်လ ၂၈ရက် နံနက် ၁၀ နာရီတွင် ကျန်ရှိသည့် ကလေးငယ်နှစ်ဦးကို မိုးကုတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယနေ့ နံ နက် ဇူလိုင် ၂၉ ရက် ၈ နာရီ၌ ရက် ၂၀ သာရှိသေးသည့် လသားမိန်းကလေးငယ်တစ်ဦး ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။


မိုးမိတ်မြို့ခံဖြစ်သူ ကိုထွန်းထွန်းက “မိဘနှစ်ပါးက မူးယစ်ဆေးဖိုးအတွက် တစ်သိန်းနဲ့ရောင်းမလို့လေ။ အဲဒါကို အကြီး ဆုံး အစ်မက ညီမလေးနှစ်ယောက်ကိုခေါ်ပြီး ၂၃ရက်နေ့က ထွက်ပြေးလာတာ။ သူတို့ အဟာရဓာတ်လည်း မရှိတော့ ဘူး။ သူတို့ရွာကနေ ရွာသားတွေကို အကူအညီတောင်းခံပြီးတော့ ပြေးလာတာ။ ဆေးရုံရောက်တော့ ကောင်မလေး လက်ထဲ ပိုက်ဆံ သုံးထောင်ပဲရှိတယ်။ မိုးမိတ်ရောက်ပြီး အကြောင်းကြားတော့ အဒေါ်ဖြစ်သူက ဒေါ်လှလှဝင်းက လာ ကူညီပေးတယ်။ ကျန်တဲ့ လူမှုအဖွဲ့အစည်းတွေလည်း လာရောက်ကူညီပေးခဲ့ကြတယ်” ဟု ပြောပါသည်။

မိုးမိတ်ဆေးရုံတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၄ရက်တွင် သေဆုံးသွားသည့် ၂နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးမှာ အာဟာရ ဓာတ် ချို့တဲ့မှုဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မိုးမိတ်ဆေးရုံအုပ်ကြီး ဒေါက်တာစိုးညီညီက အတည်ပြု ပြောကြားခဲ့ သည်။

မွေးချင်း ၅ ဦိးအနက် ၁၂နှစ်အရွယ်ရှိ သမီးငယ်လေးမှာ အကြီးဆုံးဖြစ်ပြီး အာဟာရဓာတ်ချို့တဲ့နေသည့် ညီမလေးနှစ် ဦးကို ခေါ်ယူကာ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်ပြီး ရွာတွင်လည်း မိဘများ မူးယစ်ဆေးစွဲနေသည့်အတွက် လယ်ယာ လုပ်ငန်းဖြင့် မိဘများကို ပြန်လည်လုပ်ကျွေးနေရကြောင်း၊ ကလေးငယ် ၂ဦးသည်လည်း ကျေးရွာတွင် ကျန်ခဲ့ကြောင်း ၎င်းမိန်းကလေး၏ ပြောပြချက်အရ သိရသည်။

Photo- Ko Tun Tun
Marnagar News Journal
https://www.facebook.com/marnagarnewsjournal

မြန်မာ ၄ဝဝ ကျော် မလေးမှာ ဖမ်းဆီးခံထားရ

မလေးရှားနိုင်ငံ အကျဉ်းစခန်း ၁၁ ခုမှာ ထိန်းသိမ်းဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၁၃ဝ ကျော်ဟာ ရန်ကုန်မြို့ကို ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၈ ရက်ညပိုင်းက ပြန်လည်ရောက်ရှိလာစဉ်။ Photo: Aung Thain Kha /RFA
မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးတဲ့ စီမံချက်အရ ဇူလိုင်လအတွင်း မြန်မာနိုင်ငံသား ၄ဝဝ ကျော် ဖမ်းဆီးခံထားရတယ်လို့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ မလေးရှားနိုင်ငံရဲ့ ဥပဒေအရ ထောင်ဒဏ်ကျခံရနိုင်တယ်လို့ မလေးရှားနိုင်ငံအခြေစိုက် သီတဂူ အထောက်အကူပြုအဖွဲ့က ဦးသီဟမောင်မောင်က ပြောပါတယ်။

"ဇူလိုင် ၁ ရက်နေ့က စပြီးတော့ ဖမ်းထားတဲ့သူတွေဖြစ်တဲ့အတွက် အဲဒီ သူတွေက တစ်လအတွင်းမှာပဲ ဖမ်းထားတဲ့ သူတွေပေါ့နော်။ ဒီ ၄ဝဝ က။ ပုံမှန်အားဖြင့် ကျနော်ပြောသလိုပေါ့။ နဂိုက ဖမ်းထားတဲ့ သူတွေလည်းရှိတယ်ဆိုတော့ နဂိုကဖမ်းထားတဲ့ သူတွေက ပြစ်ဒဏ်ကျခံပြီးပြီ။ ထောင်ကျပြီးပြီဆိုရင် ကမ့်တွေထဲ ပို့တယ်။ အဲဒီ လူတွေကတော့ Process (လုပ်ငန်းစဉ်) မြန်သွားပြီပေါ့နော်။ ဒီ ၄ဝဝ ကတော့ ထောင်ကျတဲ့ အထဲတော့ ပါသွားမှာပေါ"

မြန်မာသံရုံးနဲ့ ရွှေ့ပြောင်းလုပ်သား ကူညီရေးအဖွဲ့တွေအနေနဲ့ ဖမ်းဆီးခံထားရသူတွေ ထောင်ဒဏ် ကျခံပြီးနောက် မှသာ နိုင်ငံသားအဖြစ် အတည်ပြုပြီး ဆွေမျိုးသားချင်းတွေနဲ့ ပြန်လည် ဆက်သွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ ပြော ပါတယ်။

တရားမဝင် အလုပ်သမားတွေကို မလေးရှား အစိုးရက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စပြီး ယာယီနေထိုင်ခွင့် ကတ် (E card) တွေထုတ်ပေးခဲ့ပါတယ်။ အဲဒီလို ကတ်ထုတ်ပေးပြီး ၄ လကျော် ကြာပြီးနောက် ဇူလိုင် ၁ ရက်နေ့ကစပြီး ယာယီကတ် မရှိသူတွေကို ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံရဲ့ ဥပဒေအရ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို ကြိမ်ဒဏ် ၃ ချက် အပြစ်ပေးဖို့ ပြဌာန်း ထားပေမယ့် ပြစ်မှုကျူးလွန်ထားသူမဟုတ်တဲ့ သာမာန် တရားမဝင် အလုပ်သမားတွေကို ကြိမ်ဒဏ်မပေး ဘဲ ထောင်ဒဏ်သာ ချမှတ်လေ့ရှိတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ကျပ်သိန်း(၁၀၀၀)ကျော်တန်ဖိုးရှိ ကျောက်စိမ်းတုံးများနှင့် လက်ကောက်များ ဖမ်းဆီးရမိ


ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဇူလိုင်(၂၈)ရက်က မန္တလေးကနေမူဆယ်ကို သွားရောက်မယ့် AD Van (၂)စီးနဲ့Ipsum(၁)စီးတို့ကို စစ်ဆေးရာမှာ ကျောက်စိမ်းတုံးအရွယ်စုံနဲ့ ကျောက်စိမ်းလက်ကောက်တွေ စုစုပေါင်း ခန့်မှန်း တန်ဖိုးကျပ်သိန်း (၁၀၀၀)ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။


 ယာဉ်တွေပေါ်မှာ ဖုံးအုပ်ပြီး အံဝှက်ပြုလုပ် သယ်ဆောင်လာတဲ့ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်တာမရှိတဲ့ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးအရွယ်စုံ အတုံး(၇၀၀)ကျော်(၁၅၀၀)ကျော် ကီလိုဂရမ်နဲ့ ကျောက်စိမ်းလက်ကောက်လို့ ယူဆရတဲ့ ကျောက်လက်ကောက်အကြမ်းကွင်း(၃၅၀) (၂၅)ကီလိုဂရမ် နဲ့ သယ်ဆောင်တဲ့ယာဉ်(၃)စီးကို ဖမ်းဆီးရမိ ခဲ့တာဖြစ်ပါတယ်။


 စစ်ဆေးရေးစခန်းတွေက တင်သွင်း/တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးဆောင်ရွက်လျက်ရှိရာ အဲဒီနေ့မှာ ရေပူနဲ့မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းက စုစုပေါင်းတားဆီးမှု(၁၀)မှု၊ ခန့်မှန်းတန်ဖိုးကျပ်သိန်း(၁၅၀၀) ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

 (၁၆)မိုင်ကျောက်ကျော စစ်ဆေးရေးစခန်း တာဝန်ကျ အကောက်ခွန်စစ်ဆေးရေးအဖွဲ့က ဇူလိုင်(၁၅)ရက်က ကျောက်စိမ်းတုံး ဆိုဒ်စုံ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း(၃၅၀)နီးပါးဖိုးနဲ့ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း က ဇူလိုင်(၁) ရက်မှာ ကျောက်စိမ်းတွေ ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း(၂၂၀၀)ကျော်ဖိုးကို တွေ့ရှိ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb

ယုံကြည်ရာဆရာတော်


``တောဘုန်းကြီး´´
……………………
"အရှင်ဘုရား ရပ်တော်မူပါဦးဘုရား :-( "
မလှမ်းမကမ်းမှ အော်သံကြောင့် ရှင်ဇနိတ ခြေစုံရပ်လိုက် မိသည်။ရုံထားသော သင်္ဃန်းစ ကို
သပ်သပ်ရပ်ရပ်ဖြစ်စေရန် ဆွဲဆန့်ပြုပြင်ရင်း စက္ခုနှစ်စုံ
အသာချကာလက်ထဲကသပိတ်ကို ကျနစွာဖွင့်ရန်ပြင်၏။
အသက်(၅၀)ဝန်းကျင်ခန့်ဒကာမကြီးတစ်ဦးနှင့်၅နှစ်သား
အရွယ် ကောင်လေးတယောက် အိမ်တအိမ်ထဲမှထွက်
လာလေသည်။
"အိမ်ပေါ်ကိုကြွပါဦး ဘုရား "
ကလေးလေးတစ်ဖက်နဲ့မို့ အဆင်မပြေဖြစ်နေပုံရသည်။
ရှင်ဇနိတ ခြံဝင်းအတွင်းတည်ငြိမ်သောခြေလှမ်းများဖြင့်
လှမ်းသည်။အိမ်ပေါ်အရောက်
"ဟင်​ ! … လူတွေများလှချည်လား :-D :-D "
"တင်ပါ့ ဘုရား ဒီနေ့ တပည့်တော်မရဲ့ခင်ပွန်း ဆုံးတာ
၁၀ နှစ်ပြည့်ပါ ဘုရား … အိမ်မှာလည်း အလှူလေးလုပ်
အရှင်ဘုရားတို့ကျောင်းလည်း ဆွမ်းချိုင့်လေးပို့ဖြစ်ပါ
တယ် ဘုရား  :-( :-("
"သြော် ……☺ ☺ "
"အခု သွားလေသူကြီးရဲ့အမျိုးတွေ ရောက်နေတာပါဘုရား … လူစုံပဲဆိုပါတော့ ဘုရား :'( :'( "
လူစုံ … အင်း လူကတော့ တော်တော်စုံပုံရသည်။အနည်း
ဆုံးမရှိဘူးဆိုရင်တောင် အယောက် ၂၀လောက်ရှိသည်။
တစ်ယောက်က ရှင်ဇနိတ ထိုင်ဖို့ဖျာလေးခင်းပေးသည်။ ရှင်ဇနိတ လက်ထဲက သပိတ်ကိုရှေ့ချကာအိမ်ခေါင်းရင်း
ရှိဘုရားကျောင်းဆောင်ကိုဦးချ(ကန်တော့)သည်။ဘုရား
ရှိခိုးပြီး နောက်လှည့်သော အခါလူစုကြီးက သူ့ရှေ့တည့်
တည့် ကြမ်းပြင်ပေါ်မှာ လက်အုပ်ချီလျက်သား။
အမျိုးသမီးတစ်ဦးက သပိတ်ကို ယူကာ ဆွမ်း(ထမင်း)
များ ထည့်သည်။အခြား အမျိုးသမီးက ဟင်းချိုင့်အတွင်း
သို့ဟင်းများထည့်သည်။မြန်မာလူမျိုးများဟာဘာသာရေး သာသနာရေးနှင့်ပတ်သက်လျှင်တော်တော်ကိုထက်သန် ကြပုံကိုလည်း မြင်ရသည်။ဒါကြောင့်လည်းဗုဒ္ဓဘာသာ
ဟာ ဒို့မြန်မာပြည်မှာ မတိမ်ကောဘဲအဓွန့်ရှည်တည်တန့်
နေတာ ဖြစ်မှာပဲဟုလည်း ရှင်ဇနိတတွေးမိနေသေးသည်။
"သာဓု သာဓု သာဓု ယခုကဲ့သို့ ကပ်လှူပူဇော်ရသော …
ကုသိုလ်ကံစေတနာတို့ကြောင့် စိတ်၏ချမ်းသာခြင်း၊ကိုယ် ၏ကျန်းမာခြင်းများနှင့်ပြည့်စုံ
နိုင်ကြပါစေ။အန္တရာယ်ခပ်သိမ်း ကြောင့်ကျခပ်သိမ်းတို့မှ
ကင်းဝေးနိုင်ကြပါစေ။စိတ်သွားတိုင်းကိုယ်ပါ၍ လိုရာဆန္ဒ မတောင့်မတမကြောင့်မကျပြည့်စုံကြပါစေ :-( "
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ ဘုရား … အရှင်ဘုရား ငါးပါးသီလ
လေး ပေးပါဦးဘုရား"
အင်း… ခက်ချေပြီ။ရှင်ဇနိတတစ်ယောက် အဲ့လေ တစ်ပါး
အခက်ကြုံလေပြီ။အမှန်တော့ ရှင်ဇနိတ ပဉ္ဇင်းတက်တာ
ဒီနေ့နှင့်မှ ၃ ရက်သာရှိသေးသည်။၃ရက်သား ရဟန်းပျို
တစ်ပါးအနေဖြင့် ငါးပါးသီလပေးဖို့ရန် ရှင်ဇနိတ စိုးရွံ့နေ
မိသည်။အရင်ရှေ့ရက်တွေ ဆွမ်းခံကြွတုန်းက စီနီယာ
သံဃာ တစ်ပါးမဟုတ် တစ်ပါး ပါသည်။ဒီနေ့ကျမှ သူ
တစ်ပါး တည်း ။ဒါကလည်း ဒီလို …
ရှင်ဇနိတ ပဉ္ဇင်းတက်သော ကျောင်းက ရှင်ဇနိတ၏ ဘ
ကြီး အရင်းခေါက်ခေါက်ကျောင်းထိုင်ရာ တောကျောင်း
ငယ်လေး။ကိုယ့်ဘကြီးကျောင်းဆိုတော့ နေရပြုရတာ
အဆင်ပြေမှာပဲဟု လည်း တွက်လိုက်မိတာကိုး။အတွက်
အချက်မှားသွားမှန်း နောက်မှသိတော့သည်။ တောကျောင်းပီသစွာတော်တော်လေးပင်တောကျသည်
ပို့ဆွမ်းမရှိ။တောသူတောင်သား မအားတာကများသည်။ ကိုယ့်ကျောင်းအတွက်ဆွမ်း ကိုယ့်ဘာသာ ဆွမ်းခံကြွရ
ပေသည်။ဘုန်းကြီးကျောင်းသားလား ? ကပ္ပိယလား?
မြန်မာပြည်သိန်းတန် စတိုင်လ်ဖြင့် No ပါ ဟု ဖြေလိုက်
ချင်သည်။ရှိကို မရှိတာ။အေးရော။ကိုယ့်သပိတ်ကိုယ်
လွယ် ဟင်းချိုင့်လေးကိုယ့်ဘာသာကိုယ်ကိုင် ကိုယ့်ဘာ
သာကိုယ် ဆွမ်းတော်ဟစ် ဒါပဲ။
ကျောင်းမှာက ရှင်ဇနိတ အပါအဝင် ဘုန်းကြီး ၄ ပါးသာ
ရှိသည်။တစ်ပါးက ကျောင်းထိုင်(ဘကြီး)။ဒီတော့ ကျန်
တဲ့ ၃ ပါးက ရွာနီးစပ်ချုပ်ဆွမ်းခံကြွ။ယခင်က ၂ ပါးသာ
ကြွသည်။ထို ၂ ပါးက ရွာ ၂ရွာ ခွဲကြွသည်။ယခု ရှင်ဇနိတ
တစ်ပါးတိုးလာသည်။ဒါလည်း အဆင်ပြေသေးသည်။
ရှင်ဇနိတ က ထိုကိုယ်တော် ၂ ပါးထဲက တစ်ပါးပါးဖြင့်
ကပ်လိုက်ရင်း ဟင်းချိုင့်ကိုင်ပေးရုံသာ။အပန်းမကြီး။
ဒီနေ့ ကိုယ်တော်တစ်ပါးက ကျောင်းအတွက်အလှူခံ
ရန် မြို့သို့ကြွသည်။ကျောင်းထိုင်ဘုန်းကြီးက ထိုကိုယ်
တော်အစား ဆွမ်းခံကြွရန် အမိန့်ရှိသည်။ရှင်ဇနိတ မငြင်း ရဲ။စစ်တပ်မှာဆိုရင် မလုပ်နိုင်လျှင် သတင်းပို့။
ဖြစ်သေးသည်။ဘုန်းကြီးကျောင်းမှာ တော့မရ။ ကြိမ်လုံး
နှင့် တင်ပါး နှစ်ပါးသွား ကရမည်။မကရလျှင်တောင် အနည်း
ဆုံး ပုံးကြောင်(ထမင်းငတ်)လိမ့်မည်။ထမင်းတော့ငတ်
၍မဖြစ်…တစ်နေ့မှ တစ်နပ်သာ စားရတာကိုး။ဒီတော့
ဆွမ်းခံထွက်ရတာပေါ့။ကိုယ်လည်း ၅ရက်ထဲ ဝတ်တာ
ပဲလေ။ဒီလောက်တော့ လုပ်ရမှာပေါ့။
ခု ကိုယ်တစ်ပါးတည်း ဆွမ်းခံထွက်ကာမှ ဒုက္ခကြုံရပြန်
သည်။သြော် … ဒကာကြီးရယ် ပထမနေ့တွေက သေရင်
လည်းသေ မသေလည်း မနက်ဖြန်လောက်မှသေရင်
တော်သေးတာပေါ့ဟု မတော်တရော်တွေ တွေးမိသေး
သည် :-D ။
ပရိတ်သတ်ကတော့ လက်အုပ်လေးတွေချီကာ တရား
စောင့်နေလေသည်။မတတ်နိုင်ဘူး။ဟောတတ်သမျှ
တော့ ဟောရမှာပ။
"အဟမ်း အဟမ်း"
(ပရိတ်သတ်ကြီး လည်ပင်းထောင်လာကြသည်)☺ ☺
"ဆုံးသွားတဲ့ဒကာကြီးက ဘယ်သူ"
""ကိုအောင်ဝင်းခိုင်ပါဘုရား "
"ဟင် !… ကိုအောင်ဝင်းခိုင် :-D :-D "
"တင်ပါ့ … အရှင်ဘုရား သိလို့လား ဘုရား"
"အင်!မသိ… မသိပါဘူးကွယ်(အမှုကြီးအောင်လုပ်နေတာ)"
"အင်း … ကွယ်လွန်သူ ဦးအောင်ဝင်းခိုင်အတွက်ရည်စူးပြီးတော့
အခုလို ဒါနပြုလုပ်ကြတဲ့ ကျန်ရစ်သူ မိသားစုများက …
ငါးပါးသီလ ဆောက်တည်ကြမယ် … ဟုတ်ပြီလား… :-D "
"တင်ပါ့ဘုရား":'(
"ကဲ သြကာသလေး လိုက်ဆိုကြ"
"သြကာသ သြကာသ သြကာသ ……………………………
……………………………………………နိဗ္ဗာန်ချမ်းသာ တရားတော် မြတ်တို့ကို ရလိုပါ၏ ဘုရား။"
"အဟံဘန္တေ
အဟံဘန္တေ
တိသရဏေန သဟ
တိသရဏေန သဟ
-
-
-
-
"သာဓု သာဓု သာဓု ပါ ဘုရား"
ဟူး…တော်သေးတာပေါ့ :-D ။အဆင်ပြေသွားလို့။
ငါးပါးသီလ က ငယ်ငယ်လေးထဲက ကျွမ်းဝင်ခဲ့တဲ့အရာ
မို့လို့တော်သေးသည်။ရှင်ဇနိတ ရင်ထဲက အပူလုံးကြီး
ခုမှကျသွားတော့သည်။ငါကွ ဟု၍လည်း ကိုယ့်ကိုယ်ကို
အထင်ကြီးမိသွားသည်။ပြန်ကြွဖို့ထလေ၏။
"အရှင်ဘုရား တရားတပုဒ်လောက်ချီးမြှင့်တော်မူပါဦးဘုရား":'(
ဟိုက်! … သောက်ကျိုးနည်းပြီ။နဖူးထက်ဆီမှ ချွေးစေးများ ကျလေပြီ။ဒီတစ်ခါမှ game over မဖြစ်ရင်
နောက် ဘယ်တော့မှ မဖြစ်ဘူး။သေဟ။
အရပ်သားဘဝ စစ်သားဘဝတုန်းက တရားနာရင်တောင် ငိုက်တတ်တဲ့ ရှင်ဇနိတသည် ဘယ်
နိပါတ်တော်မှ ကောင်းကောင်းမသိ။ဘယ်တရားမှလည်း
ကျကျနန မနာဖူးခဲ့။တရားပွဲပြီးလျှင် ကျွေးမည့်အစား
အသောက်မှတစ်ပါး မြတ်နိုးဖွယ်ရာမရှိခဲ့။
ခုတော့ ထိပြီ။ထိတာမှ ထိချက်ပြင်းသောတရားတစ်စင်း
ဆိုပြီး နာမည်တပ်ရလောက်အောင်ကို ထိလေသည်။
တရား?!!!! :-D
"တင်ပါ့ ဘုရား  :'( "
"သွားလေသူကြီးအတွက် ရင်ထဲမချိလို့ပါဘုရား
…တရားတစ်ပုဒ်လောက်ဟောပေးပါဘုရား"
"သြော် ...ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတယ် ထင်ရဲ့"
"တင်ပါ့ ၆၇ နှစ်သားမှာ ကွယ်လွန်သွားတာပါဘုရား"
အွမ့် (မေးမိတာငါ့အမှား!)
ဖျတ်ခနဲ အကြံတစ်ခုရသည်။
"အဟမ်း ဟမ်း!… အေးပေါ့လေ လူရယ်လို့ဖြစ်လာရင် အိုရမယ်
နာရမယ် သေရမယ် ဟုတ်တယ်မို့လား?"
"တင်ပါ့ဘုရား"
"ဒီသေခြင်းတရားကို လွတ်မြောက်စရာလမ်းရှိသလား"
"မရှိပါဘူးဘုရား(တညီတညွတ်တည်း)"
"မလွတ်မြောက်နိုင်တဲ့ဒီသေခြင်းတရားကို ကြောက်စရာ
လိုသေးရဲ့လား"
"မလိုပါဘူးဘုရား"
"အေး တစ်ခုပဲ ရေဘူးနဲ့ဖိနပ်မပါရင် …"
"ဆရာမက ဆူမှာပေါ့ "
"အမ်… ဟိုကလေး အိမ်ရှင်အဖွားရဲ့မြေးပေါက်စ … "
"ဟဲ့ !… ဘာတွေလျှောက်ပြောနေတာလဲ ဘုန်းဘုန်းက
သီလပေးနေတဲ့ဟာကို "
အမယ်အိုကြီးက လှမ်းဟန့်သည်။
(သူလုပ်တာနဲ့ ပြောလက်စလေးတောင်ဘယ်ရောက်
သွားသည်မသိ )
"အဟမ်း… ရေဘူးနဲ့ဖိနပ်မပါရင် နွေအခါမှသိ
ဒါနနဲ့ သီလမပါရင် သေခါမှ သိမယ် မဟုတ်လား"
" တင်ပါ့ "
"ဆိုတော့ မသေခင် ဒါနနဲ့သီလပါအောင်ယူမသွားသင့်
ဘူးလား"
"ယူသွားသင့်ပါတယ် ဘုရား"
(အဟေးး ဒီအထိတော့ key မချိန်းသေးဘူး အဆင်ပြေ သား ;-) )
"လူရယ်လို့ဖြစ်လာရင် ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ်
မရှိဘူးလား"
"ရှိပါတယ် ဘုရား"
"ဖြစ်ချင်တာက ဘာလဲ ?"
"စပိုက်ဒါမန်း ပါဘုရား "
"ဟင် !!!! ဒင်းးး ဟိုကလေးပဲ :-D "
"ဟဲ့ !ဘာတွေလျှောက်ပြော"
"ဟာ !ဖွားကလည်း သားလည်းမေးလို့ဖြေတဲ့ဟာကို
သားက စပိုက်ဒါမန်းလို လက်ထဲကနေ ကွိကွိနဲ့ ပင့်ကူမျှင် တွေထွက်ချင်တာလေ :-P "
"ဟဲ့ !ဒီမှာက တရားနာနေတာ သွားသွား! အောက်ဆင်း
ဆော့ချေ .. ဒီကလေးနဲ့တော့ ခက်ပါတယ် :'( "
"ရပါတယ် ဒကာမကြီးရယ် ထားလိုက်ပါ ကလေးပဲ :-D "
"တင်ပါ့ဘုရား အားနာမိပါတယ် မိန့်ပါဦးဘုရား"
"ဖြစ်ချင်တာတွေအကုန်ဖြစ်လို့ရလား"
"မရပါဘူးဘုရား"
"ဖြစ်သင့်တာတွေရော အကုန်လုပ်ဖြစ်ကြရဲ့လား "
"မလုပ်ဖြစ်ပါဘူး ဘုရား☺ "
"အေး !ဒီတော့ လိုက်ဆို "
{ရှုံးနိမ့်မှုတွေ များစွာက နှိပ်ဆက်လို့နေ
(ရုံးနိမ့်မှုတွေ များစွာက နှိပ်ဆက်လို့နေ)
သောကရဲ့မီးလျှံတွေကြားမှာ လှောင်ပိတ်လို့
(သောကရဲ့မီးလျှံတွေကြားမှာလှောင်ပိတ်လို့)
သံသယတွေကတော့ ခေါင်းထဲမှာအပြည့်နဲ့ပါ
(သံသယတွေကတော့ခေါင်းထဲမှာအပြည့်နဲ့ပါ) :-P }
"ဒါတွေကို ကြုံရမှာ ပူစရာလိုသလား"
"မလိုပါဘူးဘုရား"
"စိတ်ကိုလျှော့စရာကော လိုလား"
"မလိုပါဘူးဘုရား "
"မျှော်လင့်ချက်ဆိုတာမျိုးကတော့ ဖြစ်လာမှာမလား"
"ဖြစ်လာမှာပါဘုရား"
"အေး! လူဆိုတာကတော့အမြဲ ယုံကြည်ရာတစ်ခုအတွက်
အသက်ရှင်ရတာမဟုတ်လား "
"တင်ပါ့ဘုရား "
"ကိုယ့်ရဲ့ဘဝမှာ ဘာကိုယုံကြည်သလဲ စဉ်းစားရမယ် :-( "
"မှန်ပါ့ :'( "
"ဘာကို ယုံကြည်သလဲဟေ့ :-( "
"ဘုရား တရား သံဃာ ပါဘုရား""(နိပ်သဟ) :-P "
"ကိုယ်ယုံကြည်ရာကို အဆုံးထိလျှောက်လှမ်းဖို့ရော? :-( "
"လိုပါတယ်ဘုရား"
"ရောက်နိုင်ပါ့မလားဟေ့ :-( "
"ရောက်နိုင်ပါတယ် ဘုရား "
"အေး ဒါပဲ ယုံယုံကြည်ကြည်လျှောက် ဦးဇင်းကတော့
ဒါပဲ ပြောချင်တယ် "
"တင်ပါ့ဘုရား ..ကျေးဇူးတင်ပါတယ်ဘုရား ခုလိုရှင်းပြပေး
လို့ နားလည်သွားပါပြီ ဘုရား "
"ကဲ !ဦးဇင်းလည်းကြွတော့မယ် ဆွမ်းစားချိန်လည်းနီးပြီ"
"တင်ပါ့ဘုရား …တရားအမည်လေးအမိန့်ရှိပါဘုရား :-D "
"ယုံကြည်ရာ တရားလို့ခေါ်တယ် ဒကာမကြီး "
"ဟာ!…… ဖွားကလည်း ဒါတောင်သိဘူးလား
အဲ့ဒါလေးဖြူသီချင်းလေ သားတောင်ရတယ် :-D "
(Cမ့် … ဒီကလေး သိလည်းအေးဆေးနေတာမဟုတ်ဘူး)
"ဟဲ့ !တယ် ဒီကလေးနဲ့တော့ "…
ရှင်ဇနိတ လည်း ခပ်သုတ်သုတ်ဆင်းချလာရသည်။
တော်ကြာ ဒီကလေးက သီချင်းကောက်ဆိုပြမှဖြင့် မဟာ
အရှက်တော် ကွဲရချည်သေးရဲ့။
ဒါတောင်နောက်နေ့ ဆွမ်းခံကြွတော့ အဲ့အိမ်က လေးဖြူ
ရဲ့ ယုံကြည်ရာ သီချင်းဖွင့်သံခပ်သဲ့သဲ့ကြားရသည်။
ရွာထဲမှာတော့ ရှင်ဇနိတ အတွက် ဘွဲ့တော်တစ်ခု ထပ်တိုး သွားလေသည်။
"ယုံကြည်ရာဆရာတော် "ဟူသတတ်။
Credit.
Saw Khun Naung