Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 22, 2017

UNFC မှ ၄ ဖွဲ့ နှုတ်ထွက်


(ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပစဉ်) Photo: Aung Moe Myint/RFA
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ တတိယနေ့ အစည်းအဝေးကနေ နှုတ်ထွက်ခွင့်တင်ထားတဲ့ ကေအိုင်အို အပါအဝင် အဖွဲ့ ၄ ဖွဲ့ကို နှုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။

အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခွင့် စာတင်ထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ တအာန်းပလောင် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA ကိုးကန့်နဲ့ ဝ အမျိုးသားအဖွဲ့ချုပ် WNO အဖွဲ့ ၄ဖွဲ့ကို နှုတ်ထွက်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ကိုတော့ တက်ရောက်လာတဲ့ ညီလာခံ ကိုယ်စားလှယ်တွေက UNFC မှာ ဆက်လက်ရပ်တည်သွားဖို့ တောင်းဆိုခဲ့ကြပေမယ့် KIO ကိုယ်စားလှယ်တွေက သူတို့ဟာ မြောက်ပိုင်းအဖွဲ့နဲ့ ဆက်လက်ရပ်တည်သွားတော့မှာဖြစ်လို့ UNFC အဖွဲ့ကနေ နှုတ်ထွက်ကြောင်း ပြောဆိုပြီး UNFC အဖွဲ့နဲ့ ဆက်စပ်ဆောင်ရွက်နိုင်အောင် လေ့လာသူပုံစံမျိုးနဲ့ KIO အဖွဲ့ဝင် ဒေါက်တာ လဂျာနဲ့ ဗိုလ်မှူးကြီး လအောင်တို့ကို တာဝန်ပေးအပ်ထားမယ်လို့ သိရပါတယ်။

ဒီလိုနှုတ်ထွက်ခွင့်ပြုတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အလွတ်သဘော မေးမြန်းမှုကနေ သိရှိရတာဖြစ်ပြီး UNFC တာဝန်ရှိသူတွေက ပြောဆိုခြင်း မရှိပါဘူး။

ဒါ့အပြင် ၂ဝ၁၅ အောက်တိုဘာလက အစိုးရနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ထိုးခဲ့ကြတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ချင်းအမျိုးသား တပ်ဦး CNF အဖွဲ့တွေကို UNFC က အဖွဲ့ဝင် အဖွဲ့အစည်းအဖြစ် ယာယီရပ်စဲထားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ မနက်ဖြန် ဇွန်လ ၂၃ ရက်နေ့မှာ ဆက်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကို လွန်ခဲ့တဲ့၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၂ ဖွဲ့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာ အဖွဲ့ ၄ ဖွဲ့ ထပ်မံနှုတ်ထွက်သွားတာကြောင့် ၅ ဖွဲ့သာ ကျန်ရှိပါတယ်။

ကျန်တဲ့ ၅ ဖွဲ့ကတော့ MNSP မွန်ပြည်သစ်ပါတီ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ ANC ရခိုင်အမျိုးသားကောင်စီနဲ့ LDU လားဟူဒီမိုကရက်တစ် အစည်းအရုံး တို့ ဖြစ်ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/