Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 4, 2017

ဗိုလ်ချုပ် ထွန်းထွန်းတုမှ ခိုင်းစေသည်ဟုဆိုကာ ငွေဆောင်ဒေသခံများ ပိုင်ဆိုင်သောမြေပေါ်၌ အဆောက်အဦးများ ၀င်ရောက်ဆောက်လုပ်


ဇွန်လ ၄ ရက် (ငွေဆောင်)

ဗိုလ်ချုပ် ထွန်းထွန်းတုမှ ခိုင်းစေသည်ဟုဆိုကာ ငွေဆောင်ကမ်းခြေဒေသခံများ ပိုင်ဆိုင်သည့် မြေပေါ်တွင် မေလ ၃၁ ရက်နေ့ ည ၁၁ နာရီကစတင်၍ လူအုပ်စုဖြင့်အဆောက်အဦးများ ၀င်ရောက်ဆောက်လုပ် နေထိုင်မှုများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

မိမိတို့ ဘိုးဘွားစဉ်ဆက် မိသားစုပိုင်ဆိုင်ခဲ့သည့် ငွေဆောင်မြို့ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၃ လမ်းထိပ်၊ မြေကွက်အမှတ် N – 62 အကွက်ပေါ်၌ မေလ ၃၁ ရက်နေ့ညပိုင်းက လူ ၆ ဦး ပါသည့်အုပ်စုဖြင့် ၀င်ရောက်၍ မူလစိုက်ထူထားသည့်ခြံစည်းရိုးများကို ဖျက်ကာ ခြံစည်းရိုးအသစ်ကာရံ၍နေအိမ်ဆောက်လုပ်နေထိုင်မှုများ လုပ်ဆောင်ခဲ့ကြောင်း ငွေဆောင်ဒေသခံ ဦးအေးမြင့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ကျနော့်မြေကွက်ထဲကို လူအုပ်စုနဲ့ ည ၁၁ နာရီလောက်ကြီး ၀င်လာပြီး ကျနော်တို့ခတ်ထားတဲ့ ခြံစည်းရိုးတွေကို ဖျက်တယ်။ ပြီးတော့ ခြံအသစ် ပြန်ကာပြီး အိမ်ဆောက်ကာ လူတွေဝင်နေတာတွေ လုပ်တယ်။ အခု အဲ့ကိစ္စကို ငွေဆောင် အုပ်ချုပ်ရေးဌာနနဲ့ ရဲစခန်းကို တိုင်ထားတယ်”ဟု မူလမြေပိုင်ရှင် ဦးအေးမြင့်က ပြောသည်။


မူလမြေပိုင်ရှင် ဦးအေးမြင့်မိသားစုမှ ၎င်းတို့မြေကွက်အား မေလအတွင်းက ခြံစည်းရိုးအသစ်ပြန်ခတ်ချိန်တွင် ငွေဆောင်မြို့အုပ်ချုပ်ရေးဌာနမှ ခြံစည်းရိုးကာရံမှုအား ဆက်မလုပ်ရန် တားမြစ်စာ ထုတ်ပြန်ခဲ့ကြောင်း၊ တားမြစ်သည့်အကြောင်းရင်းအား ငွေဆောင်အုပ်ချုပ်ရေး ဌာနကို မေးမြန်းရာ ဗိုလ်ချုပ် ထွန်းထွန်းတုမှ တားခိုင်း၍ တားရခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားကြောင်း ဦးအေးမြင့်က ဆိုသည်။ ထိုသို့ ခြံစည်းရိုးခတ်မှုကို တားမြစ်ပြီးနောက် လူအုပ်စုဖြင့် မြေကွက်ထဲသို့ ၀င်ရောက်ကာ အဆောက်အဦး ဆောက်လုပ် နေထိုင်ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

“ငွေဆောင်ထွေအုပ်ကို မေးတော့ ဗိုလ်ချုပ် ထွန်းထွန်းတုလို့ ပြောတယ်။ ကျနော့်မြေထဲ ၀င်ကျူးကျော်တဲ့ လူတွေကို သွားမေးတော့ သူတို့ကို ဗိုလ်ကြီး အောင်မျိုးသူက ခိုင်းလို့ လုပ်တာလို့ ပြောတယ်။ ဒါဆို ခင်ဗျားတို့မှာ ပိုင်ဆိုင်မှုဘာရှိလဲ ပြပါဆိုတော့ ဘာမှ မပြနိုင်ဘူး။ ရဲတပ်ဖွဲ့က သွားမေးတော့လည်း ဗိုလ်ကြီး အောင်မျိုးသူခိုင်းလို့ လုပ်တာပဲ ပြောတယ်”ဟု ဦးအေးမြင့်က ပြောသည်။

လူအုပ်ဖြင့် ခြံခတ်ကာ အိမ်ဝင်ဆောက်သည့်ကိစ္စနှင့် ပတ်သတ်၍ ငွေဆောင်ဒေသခံတစ်ဦးကလည်း “ကျနော်တို့ တွေ့တာကတော့ ဦးအေးမြင့်မြေကွက်ထဲကို လူ ၆ ဦးနဲ့ ခြံဝင်ကာ အိမ်ဝင်ဆောက်ပြီးနေတယ်။ ဆောက်တာတော့ အလုပ်သမားတန်းလျားပုံစံမျိုး ဆောက်တာတွေ့ရတယ်။ နောက်တော့ လူ ၄ ဦး ပြန်သွားတယ်။ အခုလက်ရှိ ၂ ဦး နေနေတာ တွေ့ရတယ်”ဟု ပြောသည်။

ငွေဆောင်ဒေသတွင် ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ စီမံကိန်ုးအမျိုးမျိုးအကြောင်းပြု၍ ဒေသခံတို့၏ လယ်ယာ ဥယျာဉ်ခြံမြေများအား ဧက ရာနှင့်ချီ၍ သိမ်းယူမှုများ ရှိခဲ့သည်။

၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် စီမံကိန်းအကောင်အထည် မဖော်သည့်မြေများအား မူလပိုင်ရှင်ထံ ပြန်ပေးရန် အမိန့် ထုတ်ပြန်ခဲ့ပြီးနောက် မြေသိမ်းခံ ဒေသခံများမှာ ၎င်းတို့ မြေကွက်များအား ခြံစည်းရိုးများခတ်၍ ပြန်လည် ရယူမှုများ ရှိခဲ့သည်။

“ငွေဆောင်မြို့ကွက် တိုးချဲ့စီမံကိန်းဆိုပြီး ကျနော့်မြေ ၂ ဒဿမ ၈ ဧကကို ၂၀၁၀ ခုနှစ်မှာ သိမ်းတယ်။ ပြီးတော့ ဘာစီမံကိန်းမှ မလုပ်ဘဲ ESR ကုမ္ပဏီက စားသောက်ဆိုင်ဆောက်တယ်။ သူတို့ စားသောက်ဆိုင် ဆောက်လို့ကျန်နေတဲ့ မြေလေးကို ဘာစီမံကိန်းမှ မလုပ်လို့ ၂၀၁၄ ခုနှစ်မှာ ကျနော်က ခြံစည်းရိုးခတ်ပြီး ပြန်ယူခဲ့တာ။ အဲဒါကို ဗိုလ်ကြီး အောင်မျိုးသူခိုင်းလို့ဆိုပြီး ကျန်နေတဲ့မြေကွက်ကို အတင်းဝင်လုတာ ခံနေရတယ်”ဟု ဦးအေးမြင့်က ပြောသည်။

ငွေဆောင်ဒေသတွင် ဟိုတယ်ဇုန်တည်ဆောက်ခြင်း၊ မြို့ကွက်သစ်ဖော်ထုတ်ခြင်း စီမံကိန်းများကြောင့် ဒေသခံ အမြောက်အမြား မြေသိမ်းဆည်းမှုခံခဲ့ရသည့်အတွက် ယခင် စစ်အစိုးရနှင့် ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက် ဆောင်ရွက်မပေးခဲ့သည့် မြေသိမ်းခံရမှုပြဿနာများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD အစိုးရအနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးစေလိုကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဓာတ်ပုံ - A Times သတင်းဌာန
ဧရာဝတီတိုင်းမ်
Ayeyarwaddy Times
https://www.facebook.com/ayetimes

No comments:

Post a Comment