Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 13, 2017

စင်ကာပူတွင် အိမ်အကူလုပ်ရင်း ခါးကျိုးခဲ့သည့်မိန်းကလေး ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူနေ၊ တရားမ၀င်အိမ်အကူစေလွှတ်သူအား လူကုန်တားမှ တရားလိုပြုအမှုဖွင့်



စင်ကာပူနိုင်ငံတွင် အိမ်အကူလုပ်ရင်း ခါးရိုးကျိုးခဲ့သည့် မိန်းကလေးအား တရားမ၀င်စေလွှတ်ခဲ့သူအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ဝင် ရဲအုပ်ဝေလွင်မှ တရားလိုပြုလုပ်၍အမှုဖွင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိန်းကလေးမှာ မဇင်ဇင် အသက် (၁၆)နှစ်ဖြစ်ပြီး မှတ်ပုံတင်မရှိသေးကြောင်းနှင့် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံသို့ အိမ်အကူစေလွှတ်ခွင့်မရှိသောကြောင့် တရားမ၀င် အိမ်အကူစေလွှတ်သူ ဗိုလ်တထောင်မြို့နယ် (၈) ရပ်ကွက် (၄၂) လမ်းနေ မသန္တာ(ခ) မစန္ဒာအား ဇွန် ၇ ရက်က အမှုဖွင့်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံတွင် အိမ်အကူ ၆ လ ခွဲခန့် လုပ်ကိုင်ခဲ့ပြီး မေ ၂၇ ရက်တွင် ပြတင်းပေါက်မှအ၀တ်လှန်းစဉ် တိုက်အမြင့်ကိုးလွှာမှ ပြုတ်ကျခဲ့ပြီး ကံကောင်းထောက်မစွာ ခုနစ်လွှာတွင်ချိတ်နေခြင်းကြောင့် ခါးရိုးတဆစ် ကြေမွဒဏ်ရာသာရရှိခဲ့ကြောင်း မဇင်ဇင်က ပြောသည်။

''အ၀တ်လှန်းတော့ ပြတင်းအပြင်ကို တက်လှန်းရတာ ခြေချော်ပြီး ပြုတ်ကျခဲ့တာပါ။ မိဘကို လုပ်ကျွေးချင်လို့ သွားတာ မှတ်ပုံတင်မရှိလည်း သွားလို့ရတယ်ဆိုပြီး သူတို့ဆီမှာ ရှိတဲ့မှတ်ပုံတင်နဲ့ ပတ်စပို့လုပ်ပေးပြီး ပို့ပေးခဲ့တာ''ဟု ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် မဇင်ဇင်က ဇွန် ၆ ရက်တွင် News Watch သို့ ပြောသည်။

လစာအဖြစ် တလလျှင် စင်ကာပူဒေါ်လာ ၅၀၀ ရရှိမည်ဖြစ်ပြီး (၇) လစာအား ၀န်ဆောင်စရိတ်အဖြစ် ဖြတ်တောက်မည်ဟုဆိုကာ သူမအား ခေါ်ယူစေလွှတ်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံသို့ ၂၀၁၆ နိုဝင်ဘာ ၂၁ ရက်နေ့တွင် သွားရောက်ကာ ASSET AGENCY PTE-LTD နှင့် ချိတ်ဆက်၍ လုပ်ကိုင်ခဲ့ကြောင်း မဇင်ဇင်က ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးကျော်ထင်ကျော်က ''အိမ်အကူစေလွှတ်ခွင့် တရားဝင်ခွင့်ပြုရင်ပြု၊ မပြုရင်လည်း သေချာ ဆောင်ရွက်ပေါ့၊ မှတ်ပုံတင်မရှိဘဲ သွားလို့ရတယ်။ စင်ကာပူကို လေဆိပ်ကနေပဲသွားလို့ရတာ သေချာ စစ်ဆေးပေါ့။ ခုတော့သွားလုပ်တဲ့လူက အလုပ်သမား အခွင့်အရေးမရှိဘူး။ အခုလို ခါးကျိုးမှပဲ သိရတော့တယ်''ဟု ပြောသည်။

အစိုးရမှ တရားဝင်ခွင့်ပြုခဲ့လျှင်ပင် ၄ လစာထက်ပို၍ ဖြတ်ခွင့်မရှိကြောင်းနှင့် ယခုလိုဖြစ်လျှင် နစ်နာကြေးရရှိမည်ဖြစ်ကြောင်း ဦးကျော်ထင်ကျော်က ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အသက်မပြည့်သူမိန်းကလေးအား အိမ်အကူအဖြစ် တရားမ၀င်စေလွှတ်သူ မသန္တာ(ခ) မစန္ဒာအား ပြည်ပပုဒ်မ(၂၆) (မည်သူမဆိုအကျိုးဆောင်လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားလျှင် ထိုသူကို ထောင်ဒဏ် ၇ နှစ်နှင့်ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်။) ဖြင့် အရေးယူပေးပါရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ဝင် ရဲအုပ်ဝေလွင်မှ တရားလိုပြုလုပ်၍ တိုင်ကြားခဲ့သဖြင့် ဗိုလ်တထောင်ရဲ စခန်းက (ပ) ၁၃၈ / ၂၀၁၇ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ကျော်
News Watch

No comments:

Post a Comment