ရင်ဆိုင်ဆဲ မုဒိန်းမှုကို ယတြချေပေးစဉ် ဗေဒင်ဆရာက ထပ်မံမုဒိန်းကျင့်မှုဖြစ်ပွား
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, June 30, 2017
ရခိုင်မှာ အကြမ်းဖက်မှုနဲ့ ဆက်နွယ်တဲ့ တရားခံပြေး ၁၃၀၀ ကျော်ရှိ
ရခိုင်ပြည်နယ် မောင်တောခရိုင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နယ်ခြားစောင့် ရဲကင်းစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေနဲ့ ဆက်နွယ်ပြီး လူကြီးတရားခံ ၅၁၆ ဦးနဲ့ ကလေးတရားခံ ၅ ဦးကို တရားစွဲဆိုခဲ့ပြီး တရားခံပြေးကတော့ လူပေါင်း ၁၃၀၀ ကျော်အထိရှိတယ်လို့ ရခိုင်ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးကျောက်က ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။
နိုင်ငံတော်ဒုတိယသမ္မတရဲ့ လမ်းညွှန်မှုနဲ့ အမှုတွေကို ဘူးသီးတောင်မြို့ပေါ်မှာ မောင်တောခရိုင်တရားရုံးအဖြစ် သီးသန့်ဖွင့်လှစ်ပြီး စစ်ဆေးနေတယ်လို့လည်း ပြည်နယ်တရားသူကြီးချုပ်က ပြောပါတယ်။
ရခိုင်ပြည်နယ်တရားလွှတ်တော်နဲ့ လက်အောက်တရားရုံးအဆင့်ဆင့်တို့ရဲ့ တရားစီရင်ရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပြည်နယ်တရားသူကြီးချုပ် ဦးကျောက်က တင်သွင်းခဲ့ရာမှာ ထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
တရားစွဲဆိုထားတဲ့ ကလေးတရားခံတစ်ဦးက သေဆုံးခဲ့ပြီး အဲဒီအထဲက တချို့အမှုတွေက ပြီးပြတ်ပြီဖြစ်သလို တချို့အမှုတွေကိုတော့ ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့လည်း ပြည်နယ်တရားသူကြီးချုပ် ဦးကျောက် ကပြောပါတယ်။
ဒါ့အပြင် အဲဒီအကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ တရားခံတချို့ကို မောင်တောခရိုင်၊ မောင်တောမြို့နယ်နဲ့ စစ်တွေခရိုင်၊ စစ်တွေမြို့နယ် တရားရုံးတွေမှာလည်း စစ်ဆေးနေတယ်လို့သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု အသုံးပြုနေသူများကို ဖမ်းဆီး စစ်ဆေး
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများဖြင့် ဈေးဝယ်နေသည့်သူ (၅)ဦး အား ဇွန်လ(၂၉)ရက်က ဖမ်းဆီးကာ စစ်ဆေးနေကြောင်း ပေါက်တောမြို့မ ရဲစခန်းက သိရှိရသည်။
ပေါက်တောမြို့နယ်၊ ကံချောင်းကျေးရွာတွင် လူစိမ်း(၅)ဦးမှ တစ်သောင်းတန် ငွေစက္ကူများဖြင့် ဈေးဝယ်ရာမှ မသင်္ကာဖွယ်တွေ့ရှိ၍ ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်ဆေးရာ တစ်သောင်းတန် ငွေစက္ကူအတု (၁၂) ရွက်တွေ့ရှိခဲ့ကြောင်း သိရသည်။
“ဖမ်းမိတဲ့အထဲမှာ လင်မယားနှစ်ယောက်ပါတယ်။ တစ်သောင်းတန်တွေနဲ့ ဈေးဝယ်ရာကနေတဆင့် သူတို့ သုံးတဲ့ တစ်သောင်းကျပ်တန်တွေကို မသင်္ကာလို့ စစ်ဆေးရာကနေ ဖော်ထုတ်မိတာပါ။“ဟု ပေါက်တော မြို့မ ရဲစခန်းမှ ရဲအုပ်သန်းဌေး ကပြောသည်။
ဖမ်းဆီးရမိသူ (၅)ဦးတွင် ငွေစက္ကူအတုများ၏ ပိုင်ရှင်ဇော်ဝင်းထွဋ်(၂၆)နှစ်နှင့် လှခင်သိန်း(၂၃)နှစ်တို့ လင်မယား (၂)ဦးမှာ ရန်ကုန်တိုင်း၊ ရွှေပေါက်ကံမြို့တွင် နေထိုင်သူများဖြစ်ကြပြီး ကျန်(၃)ဦးမှာ ပေါက်တော မြို့နယ်၊ ကြံခင်းကျေးရွာနှင့် ငပြီတတ်ကျေးရွာတို့တွင် နေထိုင်သူများဖြစ်ကြကြောင်း သိရသည်။
အဆိုပါ (၅)ဦးကို ပေါက်တောမြို့မ ရဲစခန်းတွင် (ပ)၈၁/၂၀၁၇၊ ဗဟိုဘဏ်ဥပဒေပုဒ်မ(၁၀၅)၊ (၁၀၆) တို့ဖြင့် အမူဖွင့်၍ စစ်ဆေးနေကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ငါးနှစ်သမီးကို စိတ်ဖောက်ပြန်နေသည့် ၁၉ နှစ်သမီးက သတ်မှု ဖြစ်ပွား
အင်္ဂပူ ဇွန် ၃ဝ
ဧရာဝတီတိုင်း ဒေသကြီး အင်္ဂပူမြို့နယ် ကွင်းကောက်နယ်မြေ ရဲတပ်ဖွဲ့စခန်းအပိုင် ကညွတ်ကွင်း ကျေးရွာအုပ်စု ဝါဘိုကျေးရွာတွင် အသက် ငါးနှစ်အရွယ် မိန်ကလေး ငယ်ကို ၁၉ နှစ်အရွယ် အမျိုးသမီး တစ်ဦးကသတ်မှု ဇွန် ၂၈ ရက် မွန်းလွဲ ၃ နာရီက ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ကွင်းကောက်နယ်မြေရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲအုပ်ဇော်မင်း ထွန်းက ''ဟုတ်ပါတယ်။ မနေ့က ညနေပိုင်းကဖြစ်တာပါ။ သေဆုံး သွားတာက ငါးနှစ်အရွယ် မနှင်း နှင်းဝေဖြစ်ပါတယ်။ သတ်တာက မသဇင်(၁၉နှစ်) ဖြစ်ပါတယ်။ သတ်တဲ့ကောင်မလေးက ကျေးရွာ အုပ်ချုပ်ရေးမှူး ပြောပြချက်အရ တော့ သူက လွန်ခဲ့တဲ့သုံးလ လောက်ကတည်းက စိတ်ဖောက် ပြန်နေတယ်လို့တော့ ပြောထားပါ တယ်။ ခု သူက သူ့ကိုယ်သူ ခဲချွန် ဓားနဲ့လှီးထားတဲ့အတွက် ဒဏ်ရာ ပေါင်းကတော့ မရေတွက်နိုင်ပါ ဘူး။ ခုကွင်းကောက် တိုက်နယ် ပြည်သူ့ဆေးရုံတင်ပြီး ကုသနေ တယ်။ တစ်စုံတစ်ရာ ဘာမှတော့ မေးလို့မရပါဘူး။ ဆရာဝန်ရဲ့ ညွှန် ကြားချက်အပေါ်မူတည်ပြီး ဆက်ပြီး လုပ်ရမှာပါပဲ။ ရန်ကုန်စိတ်ရောဂါ ကုဆေးရုံတော့ ပို့ရလိမ့်မယ်ထင် ပါတယ်''ဟု ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်များကို ကွင်း ကောက်စခန်းမှူး ရဲအုပ်ဇော်မင်း ထွန်းက တရားလိုပြုလုပ်ပြီး အမှု ဖြစ်စဉ်အမှတ် (ပ)၈၅ ရာဇသတ် ကြီးဥပဒေပုဒ်မ ၃ဝ၂ လူသတ်မှု ဖြင့်အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။
အောင်ထူးမြတ်ပိုင်
The Union Daily
https://www.facebook.com/uniondaily.net
ပေါက်တောတွင် ငွေစက္ကူအတုသုံးစွဲသူ ၅ ဦးကို ဖမ်းဆီးရမိ
ဇွန် ၃၀ ၊ ပေါက်တော
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကန်ချောင်းကျေးရွာတွင် တစ်သောင်းတန်ငွေစက္ကူအတု သုံးစွဲနေတဲ့သူ ၅ ဦး ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ငွေစက္ကူအတု လက်ဝယ်ရှိသူများသည် ပေါက်တောမြို့နယ် ကန်ချောင်းကျေးရွာရှိ ဈေးဆိုင်များတွင် တစ်သောင်းတန်ငွေစက္ကူအတုများဖြင့် ဈေးဝယ်နေစဉ်မှာ ပိုင်ရှင်ဖြစ်သူက မသင်္ကာတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်တန်းပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ပေါက်တောမြို့နယ် ရဲစခန်းကို တိုင်တန်းခဲ့တာကြောင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငွေစက္ကူတွေကို မသင်္ကာတာကြောင့် ဈေးဆိုင်ပိုင်ရှင်နဲ့ အငြင်းပွားရာကနေ သတင်းလှမ်းပို့တာကြောင့် ဖမ်းဆီး ရရှိခဲ့တာဖြစ်တယ်လို့ ပေါက်တောမြို့မ ရဲစခန်းမှူး ဦးသန်းဌေးက ပြောသည်။
“ သူတို့တွေရွာက ဈေးဆိုင်မှာ အဲ့ဒီငွေစက္ကူအတုတွေနဲ့ဈေးဝယ်တယ်။ တစ်သောင်းတန်ကို သုံးရာဖို့လောက်ပဲဝယ်တာ။ အဲ့ဒီမှာ ဈေးပိုင်ရှင်က ဒီပိုက်ဆံကအတု မရဘူးဆိုပြီးပြောတယ်။ အငြင်းပွားကြတယ်။ အဲ့ဒီမှာ ဈေးဆိုင်ပိုင်ရှင်က သူတို့တွေကို မသင်္ကာလို့ အုပ်ချုပ်ရေးမှူးကို သွားရောက်တိုင်လိုက်တယ်။ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်သွားတယ်။ သူတို့ကို ကျနော်တို့ သေချာစိစစ်လိုက်တော့ ငွေစက္ကူအတု တစ်သောင်တန်အားလုံး(၁၂၀၀၀၀) တွေ့တယ်။ ငွေစက္ကူသုံးစွဲသူ ၅ ယောက်ကို ကျနော်တို့ ဖမ်းဆီးထားပါတယ်။ ” ဟု ဆိုသည်။
ငွေစက္ကူအတုသုံးစွဲနေသူများမှာ ရွာကန်ချောင်းကျေးရွာက ဒေသခံတွေမဟုတ်ဘဲ ရန်ကုန်၊ ရွှေပေါက်ကံက နှစ်ဦး၊ ပေါက်တောမြို့နယ်၊ ဗျိုင်းသစ်အုပ်စု၊ ကြံခင်းရွာကနှစ်ဦး၊ ပေါက်တောမြို့နယ်၊ င/ပြီတက်ကျေးရွာကတစ်ဦး တို့ဖြစ်ကြပြီး သူတို့တွေက ဆွေမျိုးသားချင်းတွေဖြစ်တယ်လို့လည်း ဦးသန်းဌေးက ပြောသည်။
ငွေစက္ကူအတုကိုသုံးစွဲသဖြင့် ဖမ်းဆီးခံရတဲ့သူများဖြစ်သော ဇော်ဝင်းထွဋ် (၂၆ နှစ်)၂၁ ပတ်လမ်း သပြေကုန်းရပ်ကွက် ရွှေပေါက်ကံ၊ ဒေါ်လှခင်သိန်း (၂၃နှစ်) ၂၁ ပတ်လမ်း သပြေကုန်းရပ်ကွက် ရွှေပေါက်ကံ၊ ဒေါ်ကြည်မေ ( ၆၀ နှစ်) ကြံခင်းရွာ ၊ မလှမောင်သိန်း (၁၉နှစ်) ကြံခင်းရွာ ၊ ကျော်နိုင်ဝင်း (၁၈နှစ်) င/ပြီတက် ကျေးရွာ တို့ကို (ပ)၈၁/၂၀၁၇/ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း ပေါက်တောရဲစခန်းက သိရသည်။
နေရောင်မင်း (စစ်တွေ) / DMG
Development Media Group
https://www.facebook.com/dmgnewsagency/
သတင်းသမားတွေ လွတ်မြောက်ရေး ရန်ကုန်မှာဆန္ဒပြ
သတင်းသမားတွေ လွတ်မြောက်ရေး ရန်ကုန်မှာဆန္ဒပြ။ (ဇွန် ၃၀-၂၀၁၇) |
ရန်ကုန်မြို့က ဆန္ဒပြပွဲမှာတော့ လက်ရှိ တပ်မတော်က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ဃနဲ့ တရားစွဲဆို ဖမ်းဆီးထားတဲ့ The Voice Weekly အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ အပါအဝင် မတရားသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး သီပေါ ရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးထားတဲ့ DVB က သတင်းထောက် ဦးအေးနိုင်နဲ့ ကိုပြည့်ဘုန်းနိုင်၊ ဧရာဝတီ သတင်းဌာနက သတင်းထောက် ဦးသိန်းဇော်ခေါ် လဝီဝမ်တို့ ကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့အကြောင်း ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။
" ကျနော်တို့သည် အုပ်ချုပ်ရေးမဏ္ဍိုင် တရားစီရင်ရေးမဏ္ဍိုင် ဥပဒေပြုရေးမဏ္ဍိုင် ဒီမဏ္ဍိုင်တွေကို ထိန်းကွပ်ရမယ့် မီဒီယာပေါ့နော် အဲ့တာကို ဒီမီဒီယာကို ဒီမီဒီယာသမားကို ၁၇-၁ နဲ့ဖမ်းမယ်။ ၆၆ဃ နဲ့ ဖမ်းမယ် ဆိုတဲ့ကိစ္စက ဘယ်လိုမှ လက်ခံလို့မရဘူး။ ၁၇-၁ နဲ့ ဖမ်းကြကြေးဆိုလို့ရှိရင် တပ်မတော်မှာလည်း ငြိမ်းချမ်းရေးအတွက် သူတို့သွားပြီးတော့ ဆွေးနွေးနေတဲ့ ဗိုလ်ချုပ်တွေရှိတယ်။ သူတို့လည်း ၁၇-၁ နဲ့ ငြိမှာပဲလေ။ အဲ့တော့ ဒေါက်တာတင်မျိုးဝင်းလည်း ၁၇-၁ နဲ့ ငြိမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်လည်း ၁၇-၁ နဲ့ ငြိမှာပဲ။ ဒီပင်လုံညီလာခံကြီးတခုလုံးလည်း ၁၇-၁ နဲ့ မငြိနိုင်ဘူးလား။ အဲ့တော့ ဥပဒေရဲ့သဘောတရားသည် ဥပဒေသည် မည်သူ့ကိုမျှ မျက်နှာလိုက်စရာမလို ဥပဒေသည် နိုင်ငံသားအားလုံးကို တပြေးညီ ဆက်ဆံရမယ်။ အဲ့တော့ သတင်းသမားတွေကို ၁၇-၁ နဲ့ ဖမ်းရင် ကျန်တဲ့သူလည်း ၁၇-၁ နဲ့ အကုန်ဖမ်း ဟုတ်တယ်မဟုတ်လား။ အဲ့တော့ ကျနော်တို့က သတင်းသမားတွေကိုမှ ရွေးပြီး ၁၇-၁ နဲ့ ဖမ်းတာ လုံးဝ လက်ခံလို့မရဘူး။ အဲ့တာကြောင့် ကျနော်တို့ ဒီနေ့ဆန္ဒပြပွဲကိုလုပ်တယ်။
နောက်တခုက ပုဒ်မ ၆၆ ဃ ဒီ ၆၆ဃ သည် နိုင်ငံတကာစံချိန်စံညွှန်းနဲ့ပဲ ကြည့်ကြည့် ဘ ယ်လိုပဲကြည့်ကြည့် ဘယ်လိုမှ ဒီမိုကရေစီနဲ့ မသင့်တော်တဲ့ဥပဒေ ဒါကြောင့်မို့လို့ ကိုကျော်မင်းဆွေ၊ ကိုအေးနိုင်၊ ကိုပြည့်ဘုန်းနိုင်၊ ကိုသိန်းဇော် ဒီလေးယောက်စလုံးကို ချက်ခြင်းလွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုတယ်။ အဲ့တော့ သူတို့ကို ဆွဲထားတဲ့ အမှုတွေသည် မတရားတဲ့ကိစ္စတွေဖြစ်တယ်။ အဖွဲ့အစည်းတရပ်ရပ်ကနေ ရည်ရွယ်ချက်ရှိရှိ ကျနော်တို့ကို နှိပ်ကွပ်တဲ့လုပ်ရပ်အနေနဲ့ ဆွဲတာဖြစ်တယ် အဲ့တာကြောင့် ကျနော်တို့ ဒီနေ့ဆန္ဒပြတယ် ဥပဒေဘောင်ထဲကနေ ဆန္ဒပြတယ်။ ရှေ့လျောက်လည်း ဥပဒေဘောင်ထဲကနေ ကျနော်တို့ ဆက်ပြီးတိုက်ပွဲဝင်မယ်။"
NLD အစိုးရသစ်လက်ထက် မီဒီယာဖိနှိပ်မှုက ပိုဆိုးလာတဲ့ အနေအထားမျိုးဖြစ်လာသလို ဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖော်နေတဲ့ အစိုးရရဲ့ စံနှုန်းကျလာတယ်လို့ သူကဆိုပါတယ်။
သတင်းမီဒီယာသမားတွေကို ဖမ်းဆီးထောင်ချမှုကို ကန့်ကွက်ဆန္ဒဖော်ထုတ်နေတဲ့ တချိန်တည်းမှာပါပဲ ပုဒ်မ ၆၆ဃ ဖျက်သိမ်းရေး လက်မှတ်ထိုးလှုပ်ရှားမှုကိုလဲ ပြုလုပ်ခဲ့ပြီး သတင်းသမားတွေနဲ့အတူ အရပ်ဖက်အဖွဲ့အစည်းတချို့နဲ့ ပြည်သူတွေ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ် မြန်မာပြည်ရဲ့ သတင်းစာလွတ်လပ်ခွင့် ညွှန်းကိန်း အရင်နှစ်တွေကထက် စာရင် တိုးတက် လာတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ပြီးခဲ့တဲ့ ဧပြီလက ထုတ်ပြန်ထားတာ ရှိပါတယ်။ ဒါပေမဲ့လဲ လက်ရှိ ဖြစ်ပေါ်နေတဲ့ မီဒီယာ ဖိနှိပ်မှုအခြေအနေအရ ဒါဟာ ဟန်ပြတိုးတက်မှု လား ဆိုတာ သံသယ ဖြစ်လာတယ်လို့ Equality Myanmar အဖွဲ့က ဦးအောင်မျိုးမင်းက ပြောပါတယ်။
"ကမ္ဘာမှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ တိုးတက်လာတယ်ဆိုတာ ကျနော် အများကြီးဂုဏ်ယူပါတယ်။ တကယ်လည်း တိုးတက်သင့်တာ ကြာလှပါပြီ။ ဒါပေမဲ့ အားနည်းချက်ကတော့ အခုလိုမျိုး ကိစ္စတွေ ဖြစ်လာတဲ့အချိန်မှာ တိုးတက်မှုတွေကို သံသယရှိလာကြတယ်။ ဟန်ပြရုံတိုးတက်မှုလား နိုင်ငံတကာ က အသိအမှတ်ပြုပြီး တိုးတက်ဟန်ပြပြီး ပြန်ပြီး နောက်ဆုတ်မှာလားဆိုတဲ့အရာမျိုး ဖြစ်လာတယ်။ အဲ့တာမျိုးဖြစ်လာရင် တိုင်းပြည်အတွက်လည်း မကောင်းပါဘူး။ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအရလည်း အားမကောင်းပါဘူး။ အဆိုးဆုံးကတော့ ဒီမှာရှိတဲ့သူတွေကိုယ်တိုင်က အခြေခံသတင်းမီဒီယာ လွတ်လပ်ခွင့် ထုတ်ဖော်ပြောဆိုခွင့် ထိခိုက်နေသမျှကာလပတ်လုံး ဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်လို့ ဘယ်လိုမှ ဂုဏ်ယူနိုင်မှာမဟုတ်ဘူး။"
လက်ရှိ NLD အစိုးရလက်ထက် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ဃနဲ့ တရားစွဲဆိုမှု၆၄မှု ရှိပြီး သတင်း မီဒီယာသမားတွေအပေါ် အရေးယူထားတဲ့အမှု ၉ မှုအထိရှိနေပြီး သတင်းသမား ၁၄ဦး တရားရင် ဆိုင် နေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ TNLA ခေါ် တအာင်း (ပလောင်)တပ်ဖွဲ့က လုပ်တဲ့ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို သွားရောက် သ တင်းယူခဲ့တဲ့ သတင်းထောက် ၃ဦးကို တပ်မတော်က သီပေါမြို့နယ်ရဲတပ်ဖွဲ့မှုရုံးမှာ မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ အမှုဖွင့်ထားပြီး လောလောဆယ်မှာတော့ သီပေါအကျဉ်းထောင်မှာ ထိန်းသိမ်းထားတာ လဲဖြစ်ပါတယ်။
မြင့်မြင့်ခိုင် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ပြည်သူ့စားဝတ်နေရေး တိုး တက်အောင် မလုပ်နိုင်သေးဘူးလို့ ဦးဝင်းထိန်ပြော
NLD ပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ကို ဇွန်လ ၃ဝ ရက်နေ့ကတွေ့ရစဉ် Photo: Win Ko Ko Latt/RFA |
ဒီကနေ့ နေပြည်တော် စည်ပင်ရိပ်သာက အစည်းအဝေးခန်းမမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်က ကျောင်းသား၊ ကျောင်းသူတွေနဲ့ တွေ့ဆုံရာမှာ ဦးဝင်းထိန်က အဲဒီလို ပြောတာပါ။
ဒါ့အပြင် အရင်အစိုးရလက်ထက်က သင့်ရာသင့်ရာအပေးယူလုပ်ပြီး စီးပွားရေးလုပ်လို့ ဆုံးဖြတ်ချက်မြန်ကြောင်း၊ အခုအစိုးရလက်ထက်မှာ အဂတိတရားမရှိအောင်ထိန်းလို့ လုပ်ငန်းလုပ်တဲ့သူတွေ မလုပ်တက်ဖြစ်ပြီး စီးပွားရေးနှောင့်နှေးရတယ်လို့လည်း ဦးဝင်းထိန် ကပြောပါတယ်။
နိုင်ငံတကာအကူအညီနဲ့ အလုပ်အကိုင်အချို့ အဆင်ပြေတာကြောင့် ၂၀၁၇ ဟာ နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ဆင်းရဲတွင်းက နုတ်နိုင်မယ့် ပထမဦးဆုံးနှစ်ဖြစ်မယ်လို့လည်း ဦးဝင်းထိန် ကပြောပါတယ်။
ဒါ့အပြင် အစိုးရအနေနဲ့ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ကို နိုင်နိုင်နင်းနင်းကိုယ်တွယ်နိုင်ပေမယ့် တရား စီရင်ရေးကိုပြုပြင်ဖို့ ကြိုးစားဖို့ လိုတယ်လို့လည်းပြောပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင် ၅၀ ကျော်နဲ့ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးသိန်းဆွေ၊ ဦးမောင်မောင်ဦးတို့လည်း တက်ရောက်ခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
သူနာပြု သားဖွားတွေကို လစာတိုးပေးမည်
သူနာပြုဆရာမများကို တွေ့ရစဉ် Photo: RFA |
ဂန့််ဂေါမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်တင်သွင်းထားတဲ့ ကျန်းမာရေးအတွက် အဓိကကျပြီး အရေးပါတဲ့ သူနာပြုလောကကို ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး နိုင်ငံတော်ရဲ့ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ပေးပါ ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးအပြီး ပြန်လည် ရှင်းလင်းရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က အခုလိုထည့်သွင်းပြောဆိုသွားတာပါ။
ဘက်စုံသားဖွားဒီပလိုမာရထားတဲ့ သားဖွားဆရာမတွေကို လက်ရှိလစာနှုန်းထား တစ်သိန်းခွဲကနေ တစ်သိန်းခြောက် သောင်းငါးထောင်ကျပ်၊ သူနာပြုသိပ္ပံဘွဲ့ရထားတဲ့ သူနာပြုတွေကို တစ်သိန်းခြောက် သောင်း ငါးထောင်ကနေ တစ်သိန်းရှစ်သောင်းနှုန်း တိုးမြှင့်ပေးသွားမှာဖြစ်ပြီး သူနာပြုသားဖွားဒီပလိုမာ ရထားတဲ့သူတွေ ကိုတော့ လက်ရှိလစားနှုန်းထားဖြစ်တဲ့ တစ်သိန်းခြောက်သောင်းငါးထောင်အတိုင်းသာထားရှိသွား မှာဖြစ်ကြောင်း ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
ဒါ့အပြင် ကျေးလက်ကျန်းမာရေးဌာနတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သားဖွားဆရာမများကိုလက်ရှိ လစာနှုန်း ထား တစ်သိန်းငါးသောင်းကနေ တစ်သိန်းခြောက်သောင်းငါးထောင် အမျိုးသမီးကျန်းမာရေး ဆရာမများကို လက်ရှိလစာနှုန်းထား တစ်သိန်းခြောက်သောင်းငါထောင်ကနေ တစ်သိန်းရှစ်သောင်း အထိ တိုးမြှင့်ပေးဖို့ စီစဉ်နေကြောင်း ပြောပါတယ်။
သူနာပြုနဲ့သားဖွားဆရာမများရဲ့ လိုအပ်ချက်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီဌာနက ဖြည့်ဆည်းပေးနေတဲ့ အပြင် ကျန်တဲ့ကျွမ်းကျင်ဝန်ထမ်းတွေအတွက်လည်း စီစဉ်နေတာကြောင့် အဆိုကိုမှတ်တမ်းတင်ဖို့ ဒေါက် တာမြင့်ထွေးက ပြောဆိုတာကြောင့် အဆိုကို မှတ်တမ်းတင်စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ထိုင်ဝမ်ကို လက်နက်ရောင်းမယ့် အမေရိကန်အစီအစဉ် တရုတ်ကန့်ကွက်
ထိုင်ဝမ်-အမေရိကန်-တရုတ် နိုင်ငံ့ခေါင်းဆောင်များ။ |
အမေရိကန်ဘက်ခြမ်းက ဒီ မှားယွင်းတဲ့လုပ်ရပ်ဟာ သမ္မတနှစ်ဦးကြား Mar-a-Lago မှာရခဲ့တဲ့ တူညီတဲ့သဘောထား၊ အမေရိကန်-တရုတ် ဆက်ဆံရေးမှာ အပေါင်း လက္ခဏာဆောင် တိုးတက်မှုအရှိန်အဟုန်တို့နဲ့ ဆန့်ကျင်နေတယ်လို့ ၀ါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ တရုတ်သံရုံးကပြောပါတယ်။
လက်နက်ခဲယမ်းအရောင်းအ၀ယ်ကိစ္စကို ထရမ့်ပ်အစိုးရက ကြာသပတေးနေ့မှာ ကွန်ဂရက်လွှတ်တော်ကို အသိပေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Heather Nauert ကပြောပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့နေတဲ့ တိုင်ဝမ်ကျွန်းကို သူ့ရဲ့ပိုင်နက်အဖြစ် တရုတ်က သတ်မှတ်ထားတာပါ။ တိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတရပ်ဖြစ်ပြီး တိုင်ဝမ်ကို လက်နက်ခဲယမ်း ရောင်းတဲ့ ဒီကိစ္စကို အပြင်းအထန် ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Lu Kang က ဘေဂျင်းမြို့တော်မှာပြော ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားအန္တရာယ်ကို တားဆီးကာကွယ်ဖို့ အမေရိကန်နဲ့ တရုတ်တို့ ကြိုးပမ်းနေကြတဲ့ အကဲ ဆတ်တဲ့ ဆက်ဆံရေးကာလတခုကို ရောက်နေချိန်မှာပဲ ဒီ လက်နက်ခဲယမ်း ရောင်းတဲ့ကိစ္စဖြစ်လာတာပါ။ ဒီလက်နက်အရောင်းကိစ္စဟာ တိုင်ဝမ်ကျွန်းနဲ့ အမေရိကန်ကြား ဆက်ဆံရေးဆိုင်ရာအတွက် ပြဌာန်းထားတဲ့ တိုင်ဝမ်ဆက်ဆံရေး ဥပဒေကို မချိုးဖောက်ဘူးလို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Nauert ကပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
လူဝင်မှုကြီးကြပ်ရေး ဥပဒေကြမ်း ၂ ရပ် အမေရိကန်အောက်လွှတ်တော် အတည်ပြု
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ ကွန်ကရက်လွှတ်တော်။ |
Kate ဥပဒေလို့ အမည်ပေးထားတဲ့ဥပဒေကို အောက်လွှတ်တော်မှာ ထောက်ခံမဲ ၂၅၇ မဲ၊ ကန့်ကွက်မဲ ၁၆၇ မဲနဲ့ အတည်ပြုလိုက် တာပါ။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လက ဆန်ဖရန်ဆစ္စကိုမြို့မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ အသက် ၃၂ နှစ်အရွယ် Kate Steinle ရဲ့ နာမည်ကိုယူပြီး ဥပဒေကို အမည်ပေးထားတာဖြစ်ပါတယ်။ Kate ကိုသတ်ခဲ့တာကတော့ ငါးကြိမ်ထိ ပြန်ပို့ခံခဲ့ရဖူးတဲ့ Juan Francisco Lopez-Sanchez ဖြစ်ပြီး လူသတ်မှု၊ သေနတ်ပစ်မှုနဲ့ဆက်စပ်တဲ့ တခြားစွဲချက်တွေနဲ့ တရားရင်ဆိုင်နေရပါတယ်။
ဒီ Kate ဥပဒေအရ မူရင်းနိုင်ငံကို ပြန်ပို့ခံရပြီးတဲ့နောက် အမေရိကန်ကို နောက်တကြိမ်ပြန် ၀င်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်သူတွေအပေါ် ထောင်ဒဏ်ကို တိုးမြှင့်ချမှတ်မှာဖြစ်ပါတယ်။
ဒါ့အပြင် ရာဇ၀တ်လုပ်ရပ်အတွက် ဘေးကင်းခိုလှုံခွင့်မပြုရေးဥပဒေလို့ဆိုရမယ့် No Sanctuary for Criminals Act ဆိုတဲ့ ဥပဒေ ကိုလဲ ထောက်ခံမဲ ၂၂၈ မဲ၊ ကန့်ကွက်မဲ ၁၉၅ မဲနဲ့ အောက်လွှတ်တော်က အတည်ပြုခဲ့ပါသေးတယ်။ အထောက်အထားမဲ့ ရွှေ့ ပြောင်းဝင်သူတွေကို အရေးမယူဘဲ နေထိုင်ခွင့်ပေးထားတဲ့မြို့တွေကို ဖက်ဒရယ်အစိုးရ ရန်ပုံငွေမပေးဖို့ ဒီဥပဒေအရ ကန့်သတ် ထားသလို လူဝင်မှုကြီးကြပ်ရေး လုပ်ဆောင်ချက်တွေကို လိုက်နာစေဖို့ ဖက်ဒရယ်အစိုးရ လုပ်ပိုင်ခွင့်ကိုလဲတိုးချဲ့ပေးထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ရေမဆေးသမား ၁ဝဝဝ ကျော်ကို ပုဒ်မ ၅ ခုနဲ့ အမှုဖွင့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါကျဲမှော် ငွေဆင်ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ ရေမဆေးသမားတွေရဲ့ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်ဆိုတဲ့ ရေမဆေးသမား ၁၂၀၀ လောက်ကို လုံးခင်းရဲစခန်းမှာ ပုဒ်မ ၅ ခုနဲ့ အမှုဖွင့်ထားပါတယ်။
လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအပေါ် တာဝန်ဝတ္တရားနှောင့်ယှက်မှုတွေ အပါအဝင် ပုဒ်မ ၅ ခုနဲ့ အမှုဖွင့်တာဖြစ်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင် က ဒီကနေ့ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က လုံးခင်းနယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပြီး ဒီကနေ့အထိတော့ ဖမ်းဆီးရမိတာ မရှိတာသေးဘူးလို့ သိရပါတယ်။
မတရားချုပ်နှောင်ဖမ်းဆီးမှု၊ အကျိုးစီးပွားတစ်ခုကို မီးအသုံးပြုဖျက်ဆီးမှု၊ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်း ကို ဟန့်တားနှောင့်ယှက်ပြီး ထိခိုက်ဒဏ်ရာရအောင်ဆောင်ရွက်မှု၊ ပြစ်မှုကျူးလွန်ချိန်မှာ ညစ်ညမ်းစွာဆဲဆိုးမှု၊ ဝိုင်းဝန်းပူးပေါင်းကြံစည်မှု စတဲ့ ရာဇသတ်ကြီးပုဒ်မ ၃၆၅၊ ၄၃၆၊ ၃၃၃၊ ၂၉၄၊ ၁၁၄ တွေနဲ့ အမှုဖွင့်ထားတာပါ။
လုံးခင်းအုပ်စု ဝါကျဲမှော်က အစိုးရနဲ့ အကျိုးတူ လုပ်ကိုင်နေတဲ့ ငွေဆင်ကျောက်မျက်ကုမ္ပဏီမှာ ဇွန် ၂၅ ရက် ညနေပိုင်းက လုံခြုံရေးတာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ ခန့်မှန်း အယောက်တစ်ထောင်ကျော်လောက် ရှိတဲ့ ရေမဆေးသမားတွေ ပဋိပက္ခဖြစ်ပွားခဲ့တာပါ။
အဲဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် တစ်ဦးရဲ့ ခြိမ်းခြောက်ပစ်ခတ်မှုကြောင့် အသက်နှစ်ဆယ်ကျော်အရွယ် ရေမဆေးသမား တစ်ဦး သေဆုံးခဲ့ပါတယ်။ ရေမဆေးသမားတွေက ကုမ္ပဏီပိုင် ဘက်ဟိုးယာဉ်နဲ့ ကျောက်ဖောက်စက်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကိုလည်း ဖမ်းဆီးရိုက်နှက်ခဲ့လို့ အဲဒီရဲတပ်ဖွဲ့ဝင်ကို ဖားကန့်ဆေးရုံကနေတဆင့် မန္တလေးဆေးရုံမှာ ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။
ရေမဆေးသမားတစ်ဦး သေဆုံးအောင် သေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကိုလည်း သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တစ်နိုင်ငံလုံးကနေ လာရောက်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်း လုပ်သား နှစ်သိန်းဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အားလုံးနီးပါးဟာ ကျောက်စိမ်းနဲ့ ဆက်နွယ်တဲ့ စီးပွားရေးတွေကို လုပ်ကိုင်ကြပြီး အဲဒီထဲက အများစုဟာ တနိုင်တပိုင်ရေမဆေးကျောက် ရှာဖွေတူးဖော် လုပ်ကိုင်ကြသူတွေဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရုရှားက ဗစ်တာလီ ဘစ်ဒက်ရှ်နဲ့ သုဝဏ္ဏ မိုးလုံလေလုံကွင်းမှာ မကျေပွဲ ပြန်လည် ထိုးသတ်မယ့် မြန်မာ့ စပါးအုံး အောင်လအန်ဆန်
မြန်မာ့စပါးကြီးမြွေ အနိုင်ရခဲ့တဲ့ ONE CHAIRMANSHIP
အောင်လအန်ဆန်းဟာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာ ရုရှားက ဗစ်တာလီ ဘစ်ဒက်ရှ် ကို ၅ချီအပြီးမှာဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရပြီးရွှေခါးပတ်ရရှိခဲ့ကာ မြန်မာနိုင်ငံအတွက် ပထမဆုံးကမ္ဘာ့ချန်ပီယံဘွဲ့ကိုဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
ပထမအကြိမ်ထိုးစဉ်ကရှုံးနိမ့်ထားခဲ့တဲ့အောင်လဟာ ဒီတစ်ကြိမ်မှာတော့ နည်းစနစ်ပြောင်းလဲပြီး ထိုးသတ်ခဲ့ပါတယ်။သူကျွမ်းကျင်တဲ့ အချုပ်အစား အထိုးနည်းစနစ်နဲ့ ပြိုင်ဘက်ကို ယှဉ်ပြိုင်လာခဲ့တာပါ။ဒီပွဲမှာတော့ ဘစ်ဒက်ရှ်ဟာ ချုပ်ဖို့ကိုသာဦးစားပေးခဲ့တဲ့အတွက် အောင်လရဲ့ ထိုးချက်တွေအောက်မှာ ရှုံးနိမ့်ခဲ့တာပါ။
အနိုင်ရခဲ့တဲ့အောင်လကတော့ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တာဟာ သူ့ကြိုးစားမှုတွေအပြင် သူ့ရဲ့ အသင်းဖော်တွေ နဲ့ မြန်မာနိုင်ငံသားတွေကြောင့်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။နောက်ပြီးတော့ သူဟာချန်ပီယံဖြစ်ခဲ့တဲ့အတွက်လည်း တခြားသူတွေကိုပြန်လည်စိန်ခေါ်ခဲ့ပါတယ်။
DVB
အောင်လအန်ဆန်
အသက် - ၃၂
အရပ် - ၆ ပေ ၁ လက်မ
ကိုယ် အလေးချိန် - ၁၈၅ ပေါင်
မနက်ဖြန်ဆိုရင် ရုရှားက ဗစ်တာလီ ဘစ်ဒက်ရှ်နဲ့ သုဝဏ္ဏ မိုးလုံလေလုံကွင်းမှာ မကျေပွဲ ပြန်လည် ထိုးသတ်မယ့် မြန်မာ့ စပါးအုံး အောင်လအန်ဆန်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကြည့်ရအောင်ပါ။
အသက် ၃၂၊ အရပ် ၆ ပေ ၁ လက်မ၊ ကိုယ် အလေးချိန် ၁၈၅ ပေါင် ရှိတဲ့ အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်းမှာ ထိုးသတ် သူဖြစ်ပါတယ်။
ထိုးသတ်နည်းပေါင်းစုံကို ခွင့်ပြုတဲ့ One Championship ပွဲတွေမှာ မြစ်ကြီးနားဇာတိ ကချင်နွယ်ဖွား အောင်လအန်ဆန်ဟာ ၁၉ ပွဲနိုင်၊ ၁ဝ ပွဲရှုံးထားပါတယ်။
နိုင်ငံတကာ ဇာတ်ခုံပေါ်မှာ မြန်မာ ဆိုတဲ့ နာမည်ကို ဆောင်ကြဉ်းပေးတဲ့ လက်ရှိ ခေတ်ပြိုင် တွေထဲ အောင်လအန်ဆန် အပါအဝင်မို့ မြန်မာ နိုင်ငံသားတွေရဲ့ အကြီးအကျယ် အားပေးမှု ရရှိထားသူပါ။
အင်ဒိုနီးရှား ပွဲတုန်းက ပြင်ဆင်ချိန် ရက် အနည်းငယ်ပဲ ရခဲ့ပေမယ့် ပွဲမရှောင်ခဲ့ပဲ ကမ္ဘာ့ ချန်ပီယံ ဗစ်တာလီနဲ့ ၅ ချီပြည့် ထိုးသတ်ခဲ့သူမို့ အောင်လအန်ဆန်ကို ရဲရင့်တဲ့ နှလုံးသားမျိုး ရှိသူလို့ အများက လေးစား ခဲ့ပါတယ်။
အခုတော့ သူ့ကို ချစ်ကြတဲ့ မြန်မာ ပရိသတ်တွေရှေ့ အောင်လအန်ဆန်ဟာ ဗစ်တာလီနဲ့ မကျေပွဲ ပြန်ထိုးသတ်တော့မှာ ဖြစ်ပါတယ်။
BBC
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးဟု ဆိုသူကို PCMJ က အမှုဖွင့်လိုက်ကြောင်း သတင်းထုတ်ပြန်ခြင်း
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးဟု ဆိုသူကို PCMJ က အမှုဖွင့်လိုက်ကြောင်း သတင်းထုတ်ပြန်ခြင်း
=============================
ဇွန်လ ၃၀ ရက်နေ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ အမှု ရုံးချိန်းတွင် သတင်းမီဒီယာများက သွားရောက်သတင်းယူကြစဉ် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်ကြပ် စိုးမြင့်အောင် (ကိုယ်ပိုင်အမှတ် ၈၅၂၂၉ ၄) က တရားရုံး ပြင်ပတွင် သတင်းရယူနေသော သတင်းသမားများ၊ စာရေးဆရာ ဗြိတိသျှ ကိုကိုမောင်တို့၏ လှုပ်ရှားမှုမှန်သမျှကို သိသိသာသာရော မသိမသာပါ လိုက်လံ ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။ထိုသို့ လုပ်ဆောင်ရာတွင် ခွင့်ပြုချက်တောင်းခြင်းမရှိဘဲ မရိုးဖြောင်သော့ သဘောဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံရေးကို ထိခိုက်စေသည့် ရှုထောင့်မျိုးစုံမှ ရိုက်ကူးခဲ့သည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။
မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီ(PCMJ) မှ သတင်းသမားများက ၎င်းကို ခေါ်ယူ၍ ဘာကြောင့် သတင်းသမားများ၏ ဓာတ်ပုံနှင့် လှုပ်ရှားမှု များကို မှတ်တမ်းတင်ရသနည်းဟု မေးမြန်းရာ ရေရေရာရာ ဖြေကြားနိုင်ခြင်းမရှိဘဲ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှဖြစ်ကြောင်း ပြောဆိုသည်။ ၎င်းက သူ၏အထက်သို့ ဖုန်းဆက်မည်ဟု ပြောဆိုခဲ့သည်။ တပ်ကြပ်စိုးမြင့်အောင်နှင့်ပတ်သက်သည့် ဗီဒီယိုဖိုင်များ၊ သက်သေများကိုလည်း မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက ရရှိထားပြီးဖြစ်သည်။
၂၀၁၇ ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေအရ နိုင်ငံသားများဖြစ်သည့် သတင်းထောက်များ၏ လုံခြုံမှုနှင့် လွတ်လပ်မှုကို များစွာ ထိခိုက်ပါသောကြောင် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ဗဟန်းမြို့မရဲစခန်းတွင် ဇွန်လ ၃၀ ရက်နေ့တွင် အမှုဖွင့်တိုင်ကြားလိုက်သည်။
ယင်းသို့တိုင်ကြားမှုအပေါ် ဗဟန်းရဲစခန်းမှ ဒုတိယမြို့နယ်မှူးက တိုင်စာကို လက်ခံထားပြီး ဥပဒေအရ ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက အနီးကပ်စောင့်ကြည့်ပြီး လိုအပ်သော ဥပဒေဆိုင်ရာ ကိစ္စ ရပ်များကို ထပ်မံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီ
ရန်ကုန်မြို့
အမှောင်ဖုံးခဲ့တဲ့ မန္တလေးနေ့ရက်များ (သို့မဟုတ်) ဘုရားကြီးလည်း ဗိုက်ပေါက်ရ သံဃာရဲ့ ဦးခေါင်းပေါ်လည်း ခြေအနင်းခံရ
အမှောင်ဖုံးခဲ့တဲ့ မန္တလေးနေ့ရက်များ
(သို့မဟုတ်)
ဘုရားကြီးလည်း ဗိုက်ပေါက်ရ
သံဃာရဲ့ ဦးခေါင်းပေါ်လည်း
ခြေအနင်းခံရ
"မောင်နန်းဝေ( ဗန်းမော်)"
(မန္တလေး မဟာမုနိဘုရားကြီး
ဗိုက်ဖောက်ခံရတဲ့ အရေးအခင်းအကြောင်း)
..................
"မင်းကလူပဲ၊
ငါတို့ကို ဒကာလို့ခေါ်ဖို့မလိုဘူး၊
မင်းကသာ ငါတို့ကို ဆရာခေါ်ရမှာ
ခွေးမသား၊ဆရာလို့ခေါ်စမ်း"ဆိုပြီး
ထောက်လှမ်းရေးက
ဦးဇင်းကို လေးဖက်ထောက်ခိုင်းတယ်။
ဦးဇင်းမျက်နှာမှာ
မျက်နှာဖုံးစွပ်ခံထားရတာမို့
ဘယ်သူဘယ်ဝါ မမြင်ရပေမယ့်လည်း
ဦးခေါင်းပေါ် ဘွတ်ဘိနပ်နဲ့
တက်နင်းတာက(၂)ယောက်။
ဝိုင်းပြီးတော့ ကန်ကျောက်ကြတာက
(၃)ယောက်ပဲ။
ဒါတော့သိနေတယ်၊
ဦးဇင်းတော့ အဲ့တုန်းက ကိုယ့်ကိုကိုယ် အသက်ရှင်မယ်လို့တောင်
ထင်မထားတော့ဘူး"
ဒါကတော့
(၁၉၉၇)ခုနှစ်မှာ မဟာမုနိဘုရားကြီး
ဗိုက်ဖောက်ခံရတဲ့ကိစ္စ
သံဃာတွေအရေးဆိုကြတာနဲ့
ပတ်သက်ပြီး အဖမ်းခံရသူ
ဦးဇင်းဦးမဟောသဓ
(မန္တလေးမစိုးရိမ်တိုက်ဟောင်း)က
ထောက်လှမ်းရေး(၁၆)
စစ်ကြောရေး အတွင်း
သူအညှင်းပန်းခံရပုံအကြောင်း
ပြန်ပြောင်းမိန့်ကြားခဲ့တာပဲဖြစ်ပါတယ်။
"ဒကာကြီးတို့အနေနဲ့ 
ယဉ်ယဉ်ကျေးကျေး
သိမ်သိမ်မွေ့မွေ့လုပ်ကြပါ။
ဦးဇင်းတို့က
မကောင်းတာလည်းဘာတစ်ခုမှ
မလုပ်ခဲ့ဘူး၊
မုသာဝါဒကံကိုလည်း
မကျူးလွန်တဲ့ရဟန်းတွေပါ၊
ဒကာကြီးတို့ကိုလိမ်ပြောမှာလည်း
မဟုတ်ပါဘူးလို့
အဲသလို ဦးဇင်းကပြောတာကိုပဲ
"ဦးဇင်း"ဆိုပြီးသုံးနှုန်းနေတာတွေ၊
"ဒကာ"လို့ခေါ်တာတွေ
ထောက်လှမ်းရေးက မကြိုက်ဘူး။
ဦးဇင်းရဲ့ ခေါင်းကိုနင်းထားပြီး
ဦးဇင်းရဲ့ လူအမည် ဦးတင်ဝင်းဆိုတော့
"ကျွန်တော်..တင်းဝင်းပါ
ကျွန်တော်... တင်းဝင်းပါ.."ဆိုပြီး
အော်ခိုင်းတာမှ အကြာကြီးပဲ"လို့
ဦးမဟောသဓ ကမိန့်ဆိုပါတယ်။
ဦးမဟောသဓ "အပေါ်
ထောက်လှမ်းရေးက
ဘာလို့ခုလိုရက်ရက်စက်
နှိပ်ကွပ်ရလဲဆိုတော့
ဦးမဟောသဓ"ကိုယ်တိုင်က
ယခင်(၈၈)အရေးအခင်းအတွင်း
မစိုးရိမ်တိုက်ဟောင်းနေ
ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့အပြင်၊
ဘုရားကြီးအရေးမှာ အဓိကကျတဲ့
ဦးသံဝရ နောက်ကွယ်ကနေ
စာပေးစာယူလုပ်၊ အစီအစဉ်ဆွဲ၊
အဓိကအကြံပေးပေးနေသူဖြစ်တယ်လို့
ယူဆထားကြလို့ပါပဲ။
အစစ်ဆေးခံရတဲ့တစ်ပတ်လုံးလုံး
ရေချိုးခွင့်မပေး၊
(၃)ရက်ကျော် ထမင်းမကျွေး ရေမတိုက်ဘဲ စစ်မေးခံရတယ်။
ရာဘာတုတ်နဲ့ခေါင်းကိုချည်း
ရိုက်တာများတယ်၊
တင်ပါးကိုခြေနဲ့ကန်တာများဆို
မှောက်ပြီးထိုးလှဲအောင်ကို
ကန်တာ။
ဦးဇင်းဦးမဟောသဓ"ကို
ထောက်လှမ်းရေး(၁)ထဲ
ထပ်ခေါ်သွားပြီး အကြမ်းပတမ်း
ကန်ကျောက်ထိုးကြိတ်ကြတာ
မူးမေ့လဲကျသွားတဲ့အထိပဲ။
"ဦးဇင်းလည်းမခံနိုင်တော့တဲ့အဆုံး
"ခင်ဗျားတို့ဟာ
အင်မတန်မိုက်မဲတဲ့လူတွေပဲ။
ဘာမှ မဟုတ်တာကို ဒီလောက်ကြီး
ရိုက်နှက်စစ်ဆေးစရာလည်းမလိုဘဲနဲ့ ။
ခင်ဗျားတို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေမဟုတ်ဘူး။
မိစ္ဆဒိဌိ ဖက်ဆစ်ဝါဒီတွေပဲ"လို့
ပြောလိုက်ပါလေရော။
အဲ့ဒီမှာ အရာရှိက"ဖက်ဆစ်"လို့
ပြောတဲ့ကောင်၊ခေါ်ခဲ့စမ်းကွာ"ဆိုပြီး
"ငါက ဂျပန်ဖက်ဆစ် မဟုတ်ဘူး။
မြန်မာဖက်ဆစ် ကင်ပေတိုင်ပဲကွ"
အဲသလို ကြိမ်းမောင်းရင်း
မျက်နှာနဲ့ မျက်လုံးပေါ်
ဘာမှမမြင်နိုင်အောင် ဖုံးကွယ်ခံထားရတဲ့ ဦးဇင်းကို အသားကုန် တွယ်တော့တာပါပဲ"လို့
ဦးဇင်းဦးမဟောသဓက မိန့်ပါတယ်။
ဦးဇင်းကို
ထောက်(၁၆)နဲ့ (၁)နှစ်ခုစလုံးမှာ
စစ်ကြောရေးကာလနှစ်ပတ်ကြာပြီးမှ
ထောင်ထဲပို့ပါတယ်။
မဟာမုနိဘုရားဗိုက်တော်ကို
တိတ်တဆိတ် ဖွင့်ဖောက်တဲ့အပေါ်
အာဏာပိုင်အနေနဲ့ ဖြေရှင်းပေးဖို့ အရေးဆိုရာကနေ
ဇာတ်ရှိန်မြင့်လာမှာစိုးရိမ်လို့
ရဟန်းတွေကို ခုလိုမျိုးဖမ်းဆီးရတာဖြစ်တယ်။
ဖြစ်စဉ်ကိုပြန်ကြည့်ရင်
အချိန်က (၁၉၉၇)ခုနှစ်
မတ်လ(၁၆)ရက်၊တနင်္ဂနွေနေ့။
မဟာမုနိဘုရားကြီး ဝမ်းဗိုက်တော်
ဖွင့်ဖောက်ခံရခြင်းကိစ္စနဲ့ပတ်သက်လို့
မဟာမုနိဘုရားကြီး
မိုးကောင်းဓမ္မာရုံထဲမှာ
မန္တလေး လေးပြင်လေးရပ်
သံဃာတော်များ
ဒုတိယအကြိမ်စည်းဝေးကြတယ်။
"မဟာမုနိဘုရားကြီးရဲ့ ဝမ်းဗိုက်တော်
ညဖက်ကြီးကျမှ ဖွင့်ဖောက်ရသည့်ကိစ္စအပေါ်
ရဟန်းသံဃာထုအားလုံး
သံသယ ကင်းစေခြင်းငှာ
ရှင်းပြတော်မူဖို့ အကြောင်း"
ရေတော်ဆရာတော်နဲ့ 
ညောင်ကန်တိုက် သမုတိဆရာတော်တို့ထံ
ဦးဇင်း ဦးသံဝရ(နန္ဒီသေနရာမတိုက်)က
မိုက်ကရိုဖုန်းကိုင်ပြီး
သံဃာထုကိုယ်စား
တောင်းပန် မေးလျှောက်ပါတယ်။
ရေတော်ဆရာတော် ရှင်းလင်းပုံမှာ
"ယခင် ဘုရားကြီးကို မီးခခဲ့စဉ်က
အက်ကြောင်း လိုက်နေခဲ့လို့
ပြုပြင်တာဖြစ်ကြောင်း၊
မှတ်တမ်းတင် ဗီဒီယို ရှိကြောင်း၊အချိန်မရွေး
လာကြည့်နိုင်ကြောင်း"
ပြန်လည်ဖြေကြားတော်မူပါတယ်။
"လေးပြင်လေးရပ်
သြဝါဒစရိယဆရာတော် (၉)ပါးကရော
ဒီကိစ္စကိုသိပါသလား ?
သူတို့ရဲ့ ခွင့်ပြုချက်ကိုကော
ရယူပါသလား ?
ဘုရားဖူးများအနှောင့်အယှက်
မဖြစ်ရအောင် ညဖက်ကျမှ
လုပ်ဆောင်ရသည်ဆိုပါလျှင်
လူကြီး လမ်းကြောင်းရှိချိန်မှာတော့
ဘုရားဖူးပြည်သူများကို ဘာကြောင့်
ကန့်သတ်ပိတ်ဆို့ထားရပါလဲ ?
စသဖြင့် ဦးဇင်းဦးသံဝရက
မေးခွန်းများ ဆက်ထုတ်ခဲ့ပြီး
ရေတော်ဆရာတော်အား
မေးလျှောက်ခြင်းကို
တစ်ခန်းရပ်နားလိုက်တယ်။
ဘုရားကြီးအရေးအတွက်
မဟာမုနိဘုရားမှာပဲ
သပိတ်စခန်းထိုင်ဖို့အထိ
တပေါင်းလပြည့်နေ့လုပ်မယ့်
တတိယအကြိမ် အစည်းအဝေးကျရင်
ဆွေးနွေးကြဖို့ရာအစီအစဉ်ရှိထားကြပြီး
ဒီအချက်ကိုလည်း
ထောက်လှမ်းရေးကအနံ့ခံမိထားပုံပါပဲ။
စစ်အစိုးရ(အဲ့ဒီတုန်းအခါ မန္တလေးတိုင်း တိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်)က
ဖြစ်ပေါ်နေတဲ့ အခြေအနေ၊အခင်းအကျင်းအားလုံးရဲ့ လားရာကို
ကြိုတင်တွက်ဆမိပုံရပါတယ်။
ဘုရားကြီးအရေး ကျေလည်အောင်
ရှင်းလင်းပေးဖို့ လှုံ့ဆော်စာတွေ
ပြည်သူအကြား ဟိုနေရာဒီနေရာမှာ
လိုက်ကပ်နေတာမျိုး ရှိနေလေတော့
ဒီထက် ပိုကျယ်ပြန့်ပြီး
အကြီးအကျယ် ပေါက်ကွဲလာရင်
ထိန်းသိမ်းရ ပိုခက်ခဲသွားနိုင်တာ
အာဏာပိုင်က တွက်ဆထားတယ်။
မစိုးရိမ်တိုက်က ဦးဆောင်တယ်ဆိုပြီး
ယူဆတဲ့အတွက်
ဦးသံဝရ အစရှိတဲ့ သံဃာများကို
"ဒီကိစ္စ ဆက်မလုပ်ပါနဲ့ ။
ဒီမှာ ရပ်ထားလိုက်ပါ။
ကားလိုချင်သလား?
ကျောင်းလိုချင်သလား?
အရှင်ဘုရားတို့လိုချင်တာပြောပါ"ဆိုပြီး
တောင်းပန်ညှိနှိုင်းတာမျိုး အရင်လုပ်ဆောင်ခဲ့တယ်လို့
ဦးမဟောသဓ"က မိန့်ပါတယ်။
သံဃာထု ဆန္ဒအတိုင်းသာ
လုပ်ဆောင်ရမှာဖြစ်ကြောင်း
တုံ့ ပြန်လိုက်တဲ့အခါ
ချော့လို့မရမှန်းသိသွားကြတယ်။
ဒါကြောင့် ဘုရားကိစ္စ
မျက်ချေဖြတ် အာရုံလွှဲဖို့ရာက
ဘာသာခြားနဲ့ ရန်တိုက်တဲ့နည်း
သုံးရတော့တာပါပဲ။
စုဝေးနေကြတဲ့ သံဃာတော်တွေရဲ့ 
အမြင်သဘောထား၊အကြံပြုစာတွေကို
အများကြားအောင်
ဦးသံဝရ ဖတ်ပြနေတုန်းမှာ
ဘုရားကြီးဖြစ်စဉ်ကြီးကို
လက်စဖျောက် ဖုံးကွယ်ဖို့
လူမျိုးရေးအဓိကရုဏ်းဖြစ်အောင်
တမင်ရှို့ လိုက်တဲ့ မီးတစ်စအဖြစ်
စာတစ်စောင်က ခုလို
ရောက်ရှိလာပါရော။
"(၂၆)ဘီလမ်း၊ချမ်းသားကြီးဘုရား
အနောက်ဖက်၊
(..........)အထည်ဆိုင်ပိုင်ရှင်
"ရှဖီးနဲ့ အေးနိုင်"
ဘာသာခြား ညီအကို နှစ်ယောက်က
မင်းကွန်း ညောင်ပင်စောက်ရွာနေ
ဘုန်းကြီးတူမ နွားနို့သည်မလေး
မ.......အပေါ်အနိုင်ကျင့်ခဲ့ပေမယ့်
ငွေအင်အားသုံးဖြေရှင်းခဲ့လို့
အရေးယူခံရခြင်း မရှိကြောင်း"
အဲ့ဒီစာ ဖတ်လိုက်တာနဲ့တစ်ပြိုင်နက်
သံဃာအုပ်ကြီးထဲက အချို့ဟာ
ထိမ်းမနိုင်၊သိမ်းမရတော့ဘဲ
အော်ဟစ်၊ဆူပူ၊ညာသံပေးရင်း
တွေ့ရာ ကားတွေ တားစီး၊
ရှဖီးအိမ်"သွားဝိုင်းပြီး
ဆော်ကြနှက်ကြတော့တာကိုး။
ပြဿနာစတက်တော့
အချိန်က ညနေစောင်း(၆)နာရီ။
ရှဖီးဆီကနေ ပြန်လာတဲ့
အကြမ်းဖက်အုပ်စုကြီးဟာ
ထောက်လှမ်းရေးဆင်တဲ့ ဂွင်ထဲ
ကျွံမိသွားရာကနေ
တွေ့ရာလူမျိုးခြားရဲ့ ဈေးဆိုင်တွေ
ရိုက်ချိုးကြ၊
ဗလီတွေ ဖျက်ဆီးကြနဲ့ 
လျှပ်စစ်မီးတွေဖြတ်တောက်ထားရာ
လမ်းကြောင်းတစ်လျှောက်
ထင်တိုင်းကြဲကြတော့တာကလား။
ထုံးစံအတိုင်းပေါ့။
နောက်ရက်ကျ
အစိုးရကပုဒ်မ(၁၄၄)ထုတ်လိုက်တယ်။
(၁၉၉၇)မတ်လ(၁၈)ရက်
မနက်(၉)နာရီဝန်းကျင်ကျတော့
သံဃာတော်တွေပါတဲ့ ကား(၉)စီးက
(၄၁)လမ်းကနေ (၈၅)လမ်းကိုအကွေ့။
သားရေစက်ရုံထဲကနေ
စစ်ကားထွက်လာပြီး ရပ်တန့်ခိုင်းတော့
ဦးသံဝရလိုက်ပါလာတဲ့ 
နောက်ဆုံးကားက
ရပ်ပြီး ပြန်မောင်းအထွက်၊
ဦးဇင်းတစ်ပါး ကားပေါ်ပြန်အတက်မှာပဲ
သူ့ ခြေဒကောက်ကွေးကို
သေနတ်ကျည်ဆံမှန်ပါလေရော။
ကားခေါင်းထဲပါတဲ့
ဦးသံဝရ နံဘေးက ဦးဇင်းတစ်ပါးလည်း
ဦးခေါင်းကို ရှပ်ပြီးမှန်ရုံမို့
တော်သေးတာ။
ဝိသုဒ္ဓါရုံထဲ ရောက်တဲ့အချိန်
သေနတ်မှန်တဲ့ကိုယ်တော်က
သွေးတော်တော်လွန်နေပြီ။
ဆေးရုံကို ပို့ဆောင်ပေမယ့်
ပျံလွန်တော်မူရှာပါတယ်။
အဲဒီဦးဇင်း(ဘွဲ့အမည် စုံစမ်းဆဲ)က ဗန်းမော်ကနေ
မန္တလေး ပတ္တမြားတိုက်
ရောက်လာတာမှ မကြာသေဘူး။
ပတ္တမြားတိုက်က သူ့သီတင်းသုံးဖော်
ဦးဇင်းဦးတေဇဝံသ(ရှမ်းကိုယ်တော်)နဲ့
ကိုရင်ဇော်မင်းတို့ (၂)ပါးလည်း
ဆေးရုံကို လိုက်သွားပြီးစုံစမ်းရင်း ထောက်လှမ်းရေး အဖမ်းခံထိလို့
အိုးဘိုထောင်မှာ(၇)နှစ်ကြာအောင်
သီတင်းသုံးလိုက်ရတယ်။
(၁၉၉၇)ခု မတ်လ(၂၃)ရက်လည်းရောက်ရော
မစိုးရိမ်တိုက်၊နန္ဒီတိုက်နဲ့
ညောင်ကန်တိုက်ကဦးဇင်းတွေကို
အဝင်အထွက် လက်မှတ်ထိုးပြီးမှ ဆွမ်းခံထွက်ခွင့်ပေးတာမျိုးလုပ်တယ်။
မြတောင်ကျောင်းကျတော့
ကျောင်းနေ သံဃာတွေကို
တိုကင်လက်မှတ်ဝေတယ်။
တပေါင်းလပြည့်နေ့မှာ
ဆက်လက် ပြုလုပ်ဖို့
သတ်မှတ်ထားကြတဲ့
ဘုရားကြီး တတိယအကြိမ်အစည်းအဝေး
မဖြစ်မြောက်အောင် ရှဖီးနဲ့လမ်းလွဲခဲ့ပြီး
အဲ့ဒီနေ့ကျတော့
လမ်းပေါ် ဝါဝါမြင်သမျှ
သိမ်းကျုံးဖမ်းဆီးတယ်။
ဦးသုဇာတ(အနောက်တိုက်တော်)
ကတော့
(၁၉၉၇)မတ်(၂၇)ရက်နေ့ညပိုင်းအချိန်
မန္တလေး အနောက်မြောက်မြို့နယ်
မ-ဝ-တရုံးမှာ
ဧည့်စာရင်းတိုင်ဖို့ရောက်နေတုန်း
စစ်ကား(၂)စီးက ရုံးရှေ့  လာရပ်ပြီး
ဖမ်းဆီးခဲ့တာပါ။
"ဦးဇင်း"လို့ နှုတ်ကထွက်မိတိုင်း
ဦးဇင်း မဟုတ်ဘူး၊
လူဖြစ်သွားပြီ"ဆိုပြီး
ငထောက်တွေက
နာရင်းချည်းအုပ်တော့တာပဲ။
လက်သီးနဲ့အထိုးခံရလို့
စိုက်ထားတဲ့ငွေသွား"တောင်
ကျိုးသွားသေးတာ"လို့
ဦးသုဇာတ"က မိန့်ပါတယ်။
အသွင်ယူထားသူ သံဃာအချို့က
အစည်းအဝေးရှိတယ်ဆိုပြီး
လိမ်လည်ခေါ်ဆောင်တာကို
လိုက်သွားမိရင်း
ဗားကရာတိုက်ထဲ
အဖမ်းခံရသူ "ဦးကေသရ"ကတော့
"ဦးဇင်းတို့ကို နန်းတွင်းထောင်ထဲမှာ
(၁၃)ရက်ကြာအောင်
စစ်ကြောရေး လုပ်တယ်
အိုးဘိုထောင်ပို့ဖို့
စစ်ကားနဲ့ တင်ခေါ်တော့
လျှာထိုးဦးထုပ်တွေ ဆောင်းခိုင်းပြီး
ဘေးနဲ့ နောက်ကနေ စစ်သားတွေပိတ်"ကာ"
ထိုင်ထားကြတာ"လို့
မိန့်ပါတယ်။
ဦးဇင်းဦးဉာဏ ကိုတော့
ဘုရားကြီးအရေး ဖြစ်ပြီး
တစ်လ ဝန်းကျင်အကြာ၊
ဘုန်းကြီးကျောင်းပိုင် ဂျစ်ကားနဲ့ 
အလှူပစ္စည်း သွားအဝယ်
ကြာနီကန်နဲ့ တောင်ပြုန်းကြားက
လမ်းပေါ်မှာဖမ်းဆီးခဲ့တာပါ။
့
"လက်မ"နှစ်ခုကိုပဲ ခတ်လို့ရတဲ့
လက်ထိပ်သေးသေးလေးနဲ့ ခတ်ပြီး
ထောက်လှမ်းရေး(၁)ကို
ဖမ်းခေါ်သွားတယ်။
(၃)ရက်လုံးလုံးအိပ်ခွင့်မပေးဘဲ
စစ်ဆေးခံရတာ"လို့
ဦးဇင်း ဦးဉာဏက မိန့်ပါတယ်။
့
တပေါင်းလပြည့်နေ့မှာ
တတိယအကြိမ် အစည်းအဝေး
မဖြစ်မြောက်စေဖို့
လမ်းပေါ်တွေ့သမျှသံဃာတွေ
သိမ်းကျုံးဖမ်းဆီးရာမှာ
ကိုယ်တော်စုစုပေါင်း(၁၄၄)ပါးအထိ
အထိမ်းသိမ်းခံရတယ်။
အကျဉ်းထောင်ထဲ
တစ်လကြာနေခဲ့ရသူ ကိုရင်နေမျိုးလှိုင်
(တံခွန်တိုင်၊တန့်ကြည်တောင် ကျောင်းတိုက်)ဆိုရင်
အသက်(၁၃)နှစ်ပဲ ရှိပါသေးတယ်။
(၁၄၄)ပါးထဲကနေ(၁၃)ပါးကို
ပြစ်ဒဏ်(၇)နှစ်(၈)နှစ်အသီးသီး
စီရင်ချက်ချခဲ့ရာမှာ
သူတို့တွေကတော့ -
၁/ဦးသံဝရ(နန္ဒီသေန ရာမတိုက်)
၂/ဦးကေသရ(နန္ဒီသေန ရာမတိုက်)
၃/ဦးမဟောသဓ(မစိုးရိမ်တိုက်ဟောင်း)
၎/ဦးဇနိန(မစိုးရိမ်တိုက်ဟောင်း)
၅/ဦးဝိမလ(မစိုးရိမ်တိုက်ဟောင်း)
၆/ဦးသုဇာတ (အနောက်တိုက်တော်)
၇/ဦးဓမ္မ(အနောက်တိုက်တော်၊
ဓမ္မသုခကျောင်း)
၈/ကိုရင်သုဒဿန
(အနောက်တိုက်တော်ဓမ္မသုခကျောင်း)
၉/ဦးသာသန(အနောက်တိုက်တော်၊
အလယ်တိုက်)
၁၀/ဦးစက္ကပါလ(စိတ္တရ ရာမတိုက်၊၁၂ လမ်း)
၁၁/ဦးဉာဏ(ဘုရားကြီးတိုက်)
၁၂/ဦးတေဇဝံသ(ပတ္တမြားတိုက်)
၁၃/ကိုရင်ဇော်မင်း(ဘွဲ့အမည်စုံစမ်းဆဲ)(ပတ္တမြားတိုက်)ပါပဲ။
ထောင်ဗူးဝက ရုံးမှာတင်
လက်ထိပ်တန်းလန်းနဲ့ 
ရုံးချိန်း(၂)ကြိမ်သာထုတ်
အကျဉ်းရုံးစစ်ဆေးပြီး
(၁၉၉၇)မေလ (၅ )ရက်နေ့မှာ
လျှော့ရက်မရှိ၊
အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၇)နှစ်
အမိန့်ချခဲ့တာဖြစ်ပါတယ်။
ဦးဇင်းဦးဉာဏ"ကျတော့
နောက်ထပ်အမှုအတွက် ခြေကျဉ်းပါ
အခတ်ခံရတယ်။
အမိန့်ချမယ့်နေ့မှာ
ရုံးခန်းဘုရားစင်ပေါ်က ပန်းအိုး
သူ့ဘာသာပြုတ်ကျတာတွေ၊
မျက်နှာကျက်ဒလက်ပန်ကာ
လည်နေတဲ့ကြားကို
စာငှက်လေး တိုးဝင်မိပြီး
သေဆုံးတာတွေ ဖြစ်ပါသေးတယ်။
"ဘာအပြစ်ရှိလို့
ခုလို ထောင်ချရတာလဲမေးတဲ့အခါ
ပုသိမ်ကြီးမြို့နယ်တရားသူကြီးက
ဘာပြောလဲဆိုတော့
ရုန်းရင်းဆန်ခတ်ဖြစ်လို့
ပြည်သူတွေ အထိတ်တလန့်ဖြစ်
ဈေးချိုပိတ်ထားရတယ်။
ဈေးချိုပိတ်တာ ခင်ဗျားတို့အပြစ်ပဲလို့
ဆိုကြောင်း ဦးမဟောသဓက
ရယ်စရာ တစ်ခုအဖြစ် ပြန်ပြောင်းမိန့်ဆိုပါတယ်။
ထောက်လှမ်းရေးရဲ့ ညှင်းပန်းမှုကို
နောက်ထပ်ပြင်းပြင်းထန်ထန်ခံရသူက
အစည်းအဝေးတက်ကြဖို့ရာ
ဆွမ်းခံကြွရင်းသံဃာတွေဖိတ်ကြားခဲ့သူ
ကိုရင်သုဒဿန(ကိုရင်ကြီးသိန်းထိုက်
ပါပဲ။
ကိုရင်သိန်းထိုက်ခမျာ
အဲဒီစစ်ကြောရေးကရတဲ့
စိတ်ဒဏ်ရာဒဏ်ချက်တွေအပေါ်
အိုးဘိုထောင် မေလ (၃၀)
ထောင်တွင်း ရိုက်နှက်ပွဲအတွင်း
နှိပ်ကွပ်ခံရမှုတွေ
ထပ်ဆင့်ကျရောက်ခံရတဲ့အခါ
စိတ်ကျန်းမာရေး
ယိုယွင်းသွားရတဲ့အထိပါပဲ။
အခု ကျောက်ပန်းတောင်းမှာ
လူဝတ်ကြောင်ဘဝနဲ့ 
စိတ်ပုံမှန်အခြေအနေမရှိရှာတော့ဘဲ
ဘဝကို ဖြတ်သန်းနေရရှာကြောင်း
သိရတယ်။
ထောင်ထဲမှာ(၇)နှစ်ကြာနေပြီး
လွတ်ရက်စေ့လို့ လွတ်မယ့်ရက်ကျတော့လည်း
သကောင့်သား ထောက်လှမ်းရေးက
အာဏာပါဝါ လာပြတာ
ရှိသေးတယ်။
"နိုင်ငံရေး မလုပ်ပါနဲ့။
ဘယ်မှာ ကျောင်းထိုင် လုပ်ချင်လဲ
ကြိုက်တဲ့ကျောင်းသာ ပြော။
ကျောင်းပေးမယ်ဆိုပြီး
လွတ်မယ့်နေ့
(၂၀၀၃)အောက်တိုဘာ(၃၁)မှာ
ထောက်လှမ်းရေး အရာရှိက
လာပြောလို့ ငြင်းရသေးကြောင်း
ဦးသုဇာတ (အနောက်တိုက်တော်)က
မိန့်ဆိုပါတယ်။
ထောင်ထဲမှာနေရတုန်း
အမိန်မချခင်အတွင်း
ချို့ချို့ငဲ့ ငဲ့ ငတ်ငတ်ပြတ်ပြတ်နေခဲ့ရပြီး
ခု ဘုရားကြီးအရေးကို
လမ်းချော်သွားစေဖို့ အသုံးချခံရရင်း
ထောင်ထဲအတူရောက်လာရသူ
ဘာသာခြား"ရှဖီး"က စားစရာသောက်စရာလေးတွေ
လာပေးလို့
သူ့ဆီက မုန့်ဟင်းတွေ
ဘုန်းပေးခဲ့ရကြောင်း
ဦးမဟောသဓ"က
မှတ်မှတ်ရရ မိန့်ပါတယ်။
ကြာတော့ကြာခဲ့ပါပြီလေ။
ဒါပေမယ့်ခုလိုမျိုး
အနှိပ်စက်ခံဦးဇင်းများနဲ့  ပြန်တွေ့ဆုံ
အင်တာဗျူး လုပ်ရတဲ့အခါ
စိတ်ထဲမှာတော်တော်လေးကို
နာကျင်ခံခက် သွေးပွက်ပွက်ဆူလာမိပါတယ်။
သြော်..သြော်...
ဘုရားတည်၊ထီးတင်၊ဗုဒ္ဓသာသနာပြု မင်းကောင်းမင်းမြတ်ကြီးတွေလို့
ကိုယ့်ကိုယ်ကို ထင်နေကြပြီး
လုပ်ဆောင်ချက်နဲ့စိတ်စေတနာ၊
သဘောထားများကျတော့
ယုတ်မာ၊ပက်စက်၊
အောက်တန်းကျချက်ကတော့
အံ့သြကုန်နိုင်ဖွယ်ပါပဲလို့တွေးရင်း
နာကျည်း ကြေကွဲမိရပါတော့တယ်။
မောင်နန်းဝေ (ဗန်းမော်)
၂၀၁၇ ဇွန် ၃၀ သောကြာနေ့
၁/ယခုဆောင်းပါးအတွက် တွေဆုံမေးမြန်းခွင့်၊အင်တာဗျူးခွင့်
ပေးခဲ့ တဲ့  ဦးဇင်း(၆)ပါးအား ကျေးဇူးမှတ်တမ်းတင်အပ်ပါကြောင်း
လျှောက်ထားအပ်ပါတယ်ဘုရား
၂/ယခုဆောင်းပါးအား
မည်သူမဆို ကော်ပီယူနိုင်၊မျှဝေနိုင်ပါတယ်(ခရက်ဒစ်တော့
ပေးကြစေလိုပါတယ်)
၃/ပုံနှိပ်မီဒီယာမှာ ဖော်ပြရန်အတွက်ကတော့
အသိပေးဖို့၊ခွင့်ပြုချက်တောင်းခံဖို့၊
လိုပါကြောင်း သိစေအပ်ပါတယ်။
ခရက်ဒစ် မောင်နန်းဝေဗန်းမော်
Thursday, June 29, 2017
နေပြည်တော်၊ ဇွန် ၂၉
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းအပိုင်တွင် ဖြစ်ပွားခဲ့သော (၄)လောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိမှုအခြေအနေ သတင်းထုတ်ပြန်ခြင်း
နေပြည်တော်၊ ဇွန် ၂၉
၁။ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပတ္တမြားမြို့သစ်၊ မြအေးချမ်းသာလမ်း၊ အမှတ် (မရှိ)ကျူးကျော်နေ ဒေါ်ရီရီနွဲ့သည် ၂၀-၈-၂၀၁၆ ရက် နံနက် ၀၆၀၀ အချိန်ခန့်တွင် ရွှေပြည်သာ မြို့နယ်မှ ပြန်လာစဉ် ခြံဝန်းတံခါးနှင့် အိမ်ရှေ့တံခါးမကြီးမှာ ပိတ်ထားသဖြင့် အိမ်နီးချင်း မခင်မာချို၊ မအိဖြူနှင့် ကိုကျော်ရွှေတို့နှင့်အတူ ခေါင်းရင်းဘက်ရှိ ပြတင်းတံခါးမှတစ်ဆင့် နေအိမ် အတွင်း ဝင်ရောက်ကြည့်ရှုရာ သားမက်ဖြစ်သူ စိုးနောင်(၃၇)နှစ်နှင့် မြေးဖြစ်သူ မောင်ဟန်သူရ (၁၃)နှစ်တို့သည် အိမ်ရှေ့ခန်း၌ လည်းကောင်း၊ သမီးဖြစ်သူ မချယ်ရီပွင့်(၃၄)နှစ်သည် မီးဖိုခန်း၌ လည်းကောင်း၊ မြေးဖြစ်သူ မောင်စွမ်းထက်မြတ်(၈)နှစ်သည် အိပ်ခန်းအတွင်းရှိ အိပ်ယာပေါ်တွင် လည်းကောင်း၊ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိသဖြင့် ထောက်ကြန့်နယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ပြီး ယင်းအမှုကို မှုခင်းရဲတပ်ဖွဲ့မှ လွှဲပြောင်းလက်ခံစစ်ဆေးခဲ့ပါသည်။
၂။ စစ်ဆေးတွေ့ရှိချက်အရ သေဆုံးသူစိုးနောင်သည် ဧည့်ခန်းအတွင်း၌ အဝတ်အစားမပါရှိဘဲ ပက်လက်အနေအထားဖြင့် ရင်ဘတ်တွင် ဓားသွားကန့်လန့်ထိုးသွင်းဒဏ်ရာ(၄)ချက်၊ ဇနီးဖြစ်သူ မချယ်ရီပွင့်သည် မီးဖိုချောင်ခန်းအတွင်း၌ မျက်နှာ၊ ရင်ဘတ်၊ ကျောတို့၌ ဓားထိုးသွင်းဒဏ်ရာ (၁၂)ချက်၊ သားအကြီးဖြစ်သူ မောင်ဟန်သူရသည် ဧည့်ခန်းအတွင်း၌ ယာဘက်နံစောင်းတွင် ဓားထိုးသွင်းဒဏ်ရာ(၅)ချက်နှင့် သားငယ်ဖြစ်သူ မောင်စွမ်းထက်မြတ်သည် အိပ်ခန်းအတွင်း အိပ်ယာပေါ်၌ ဓားသွားကန်လန့်ထိုးသွင်းဒဏ်ရာ(၄)ချက်တို့တွေ့ရှိပြီး သေဆုံးသူစိုးနောင်၏ ဝဲဘက် လက်အနီးတွင် အရိုး(၄)လက်မ၊ အသွား(၇)လက်မရှိ သတ္ထုလက်ကိုင် တပ်ဆင်ထားသော သွေးစွန်း နေသည့် သက်သေခံဓားတစ်ချောင်းတွေ့ရှိ သိမ်းဆည်းရရှိခဲ့ပါသည်။
၃။ သေဆုံးသူ စိုးနောင်၏ အလောင်းအနီးမှ သွေးကွက်အတွင်း၌ ခြေရာအချို့နှင့် သေဆုံးသူ မောင်စွမ်းထက်မြတ်၏ ခုတင်ဘေးမှ သွေးစွန်းနေသော ကြမ်းပြင်ပေါ်၌ ဖိနပ်ရာတစ်ခု၊ သွေးများ ပေကျံနေသည့် စွပ်ကျယ်တစ်ထည်နှင့် သွေးများပေကျံနေသည့် ခြင်ထောင်အား သက်သေခံ အထောက်အထားများ အဖြစ်စနစ်တကျသိမ်းဆည်းခဲ့ပါသည်။ နေအိမ်အတွင်းသို့ ပြစ်မှုကျူးလွန် သူများ ဝင်/ထွက်နိုင်သည့် လမ်းကြောင်းနှင့် အခြားထူးခြားမှု သဲလွန်စများဖော်ထုတ် တွေ့ရှိမှု မရှိခြင်း၊ နေအိမ်ဧည့်ခန်းအတွင်းရှိ စားပွဲပေါ်တွင် အခင်းမဖြစ်မီညက သေဆုံးသူ မချယ်ရီပွင့်၏ ဖခင် ဦးခွန်နောင် ပေးထားသော ငွေစက္ကူရောရာ (၁၀၅,၀၀၀)ကျပ်မှာလည်း ပုံမပျက်ရှိနေခြင်း၊ သေဆုံးသူ မချယ်ရီပွင့်၏ စိန်နားကပ်မှာ ဝတ်ဆင်ထားလျက် တွေ့ရှိရခြင်းတို့ကြောင့် ပစ္စည်းတစ်စုံ တစ်ရာ ရယူလိုမှုကြောင့် လူသတ်လုယက်ခံရခြင်းမဟုတ်ကြောင်း ယူဆနိုင်ခဲ့ပါသည်။
၄။ လူမှုကွန်ရက်ပေါ်တွင် ဖော်ပြနေကြသော လေးလောင်းပြိုင်လူသတ်မှုနှင့် စပ်လျဉ်းပြီး မသင်္ကာဖွယ်လူ(၃)ဦး၏ ဓာတ်ပုံနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ တရားလိုဒေါ်ရီရီနွဲ့၏ ထွက်ဆိုချက်အရ အခင်းမဖြစ်မီ တစ်ပတ်ကျော်ခန့်က မချယ်ရီပွင့် နေအိမ်အတွင်း ရှိနေစဉ် အိမ် အရှေ့ ခြံစည်းရိုးဘက်၌ ဓာတ်ပုံရိုက်နေသော လူ(၃)ဦးအား မသင်္ကာသဖြင့် မချယ်ရီပွင့်မှ ၎င်း၏ လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူထားခဲ့သည့် (၃)ဦးအား ဆက်လက်စုံစမ်းဖော်ထုတ်ဆဲဖြစ်ပါသည်။
၅။ သေဆုံးသူ စိုးနောင်သည် ရွှေပြည်သာမြို့နယ်၊ (၁၈)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းရှိ သဲ/ကျောက် အရောင်းဆိုင်ဖွင့်လှစ်ထားသူ ဦးမြင့်ကြိုင်၊ ဒေါ်တင်တင်ငြိမ်းတို့ထံမှ အုတ်/သဲ/ကျောက် များကို အကြွေးဝယ်ယူပြီး ၂၀၁၆ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် အကြွေးကျပ်(၂၇)သိန်း တင်ရှိခဲ့ရာ ဒေါ်တင်တင်ငြိမ်းမှ ဖုန်းဖြင့် အကြိမ်ကြိမ်တောင်းခံမှုကြောင့် ၂၉-၂-၂၀၁၆ ရက်တွင် စိုးနောင်မှ ငွေကျပ်(၁၀)သိန်းပေးဆပ်ခဲ့ကြောင်း စစ်ဆေးသိရှိရပါသည်။
၆။ အခင်းဖြစ်နေအိမ်ခြံဝန်းအတွင်းနှင့် ခြံဝန်းအပြင်တို့ကို စစ်ဆေးချက်အရ သေဆုံးသူ မိသားစု၏ ဗေဒင်၊ ယတြာချေထားသော ပစ္စည်းများတွေ့ရှိခြင်း၊ သေဆုံးသူ မချယ်ရီပွင့်၏ ခြေဖဝါးနှစ်ဖက်တွင် အကြွေးပေးရန်ရှိသူ၏ အမည်အား မှင်ဖြင့်ရေးသား၍ ယတြာချေထားသည်ကို တွေ့ရှိခြင်း၊ နေအိမ်ဘီရိုအတွင်းမှ သေဆုံးသူမိသားစု ဝယ်ယူဖတ်ရှုထားသော မှော်၊ ကဝေ၊ သရဲ၊ တစ္ဆေ၊ ဝိဉာဉ်နှင့် ဂမ္ဘီရစာများ စသည့် အကြောင်းအရာပါ စာအုပ်များတွေ့ရှိသိမ်းဆည်းရရှိခဲ့ပါသည်။ အမှုစစ် ရဲတပ်ဖွဲ့အနေဖြင့် တရားလိုနှင့် လွတ်လပ်သော သက်သေ(၁၅၆)ဦး၊ သင်္ကာမကင်းသူ (၇)ဦးတို့အား အသေးစိတ်စိစစ်ခဲ့ရာ အမှုနှင့်ဆက်စပ်သည့် အခြင်းအရာများ ကျူးလွန်သည့် အချက်အလက်အထောက်အထား တစ်စုံတစ်ရာ ပေါ်ပေါက်ခြင်း မရှိခဲ့ပါ။
၇။ သက်သေခံအဖြစ် သိမ်းဆည်းရရှိခဲ့သည့် ခြေရာများမှာ သေဆုံးသူ စိုးနောင်၏ ခြေရာများ ဖြစ်ကြောင်း ခုတင်ဘေးတွင် တွေ့ရှိသော ဖိနပ်ရာမှာ တရားလို ဒေါ်ရီရီနွဲ့၏ ဖိနပ်ရာဖြစ်ကြောင်း စိစစ်အတည်ပြု ရရှိခဲ့ပါသည်။
၈။ သေဆုံးသူ မချယ်ရီပွင့်သည် တစ်ခါတစ်ရံတွင် အရက်နှင့် ဝိုင်ကို သောက်လေ့ရှိကြောင်း၊ အခင်းဖြစ်နေရာများ စစ်ဆေးစဉ် ထမင်းစားခန်းတွင် သောက်လက်စ Grand Royal ဝီစကီ ပုလင်းမှ အရက်လေးပုံတစ်ပုံကျန်နှင့် ရေခဲသေတ္တာအတွင်း၌ ဝိုင်အသစ်(၂)ပုလင်းတို့အား စစ်ဆေး တွေ့ရှိရပါသည်။ ဓာတုဗေဒဝန်ရုံးမှ စစ်ဆေးချက်အရ စိုးနောင်၏ အစာအိမ်အရည်တွင် အရက်ပါဝင်မှု မတွေ့ရှိရဘဲ မချယ်ရီပွင့်၏ အစာအိမ်အရည်တွင် အရက်ပါဝင်မှု (၀.၁၆)ရာခိုင်နှုန်း တွေ့ရှိသည်ဟု ပြန်ကြားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
၉။ သေဆုံးသူ စိုးနောင်အနီးမှ တွေ့ရှိသိမ်းဆည်းရရှိသော ဓားမှာ သေဆုံးသူ စိုးနောင်၏ ကိုယ်ပိုင်ဓားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး DNA နည်းပညာဖြင့် စစ်ဆေးချက်အရ ဓားရိုးတွင် သေဆုံးသူ စိုးနောင်၏ DNA စိစစ်တွေ့ရှိရခြင်း၊ ဓားသွားပေါ်ရှိ သွေးများမှာလည်း သေဆုံးသူ စိုးနောင်၊ မချယ်ရီပွင့်၊ မောင်ဟန်သူရနှင့် မောင်စွမ်းထက်မြတ် တို့၏ DNA များသာ တွေ့ရှိ ရကြောင်း၊ သက်သေခံသိမ်းဆည်းရမိထားသော စွပ်ကျယ်မှာ သေဆုံးသူ စိုးနောင်၏ စွပ်ကျယ် ဖြစ်ပြီး သွေးများအား ချွတ်၍ သုတ်ထားသည့် အနေအထားဟုယူဆရပါသည်။ ထို့အပြင် စွပ်ကျယ် တွင် ဓားဖြင့်ထိုးထားသော အပေါက်အရာ မရှိခြင်း၊ ခြင်ထောင်ရှိ သွေးများနှင့် စွပ်ကျယ်တွင် ပေကျံနေသည့်သွေးများကို DNA စစ်ဆေးခဲ့ရာ သေဆုံးသူ (၄)ဦးတို့၏ DNA သာတွေ့ရကြောင်း၊ အခြားပြင်ပ DNA မတွေ့ရကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
၁၀။ သေဆုံးသူ စိုးနောင်၏ ဝဲဘက်လက်သန်းတွင် သွေးခြေဥဒဏ်ရာ တွေ့ရှိရသဖြင့် မှုခင်းဆရာဝန်မှ စစ်ဆေးခဲ့ရာ သက်သေခံဓား၏ သတ္ထုအရိုးအား တင်းကြပ်စွာကိုင်ဆောင်၍ အချက်ပေါင်းများစွာထိုးစဉ် ရရှိနိုင်သော သွေးခြေဥဒဏ်ရာဖြစ်ကြောင်းနှင့် သေဆုံးသူ စိုးနောင်မှာ ဘယ်သန်ဖြစ်ကြောင်း၊ ထို့အပြင် သေဆုံးသူတစ်ဦးချင်းစီတွင် တွေ့ရှိရသော ဓားဒဏ်ရာများမှာ သိမ်းဆည်းရမိခဲ့သည့် သက်သေခံဓားဖြင့် ထိုးသွင်းရရှိခဲ့သော ဒဏ်ရာများဖြစ်ကြောင်း အတည် ပြုနိုင်ခဲ့ပါသည်။ သေဆုံးသူ စိုးနောင်၏ ကိုယ်ပေါ်တွင် တွေ့ရှိရသော ကန်လန့်ပုံ ဓားထိုးသွင်း ဒဏ်ရာ(၄)ချက်သည်လည်း သေဆုံးသူအနေဖြင့် စိတ်အခြေအနေမှာ ပုံမှန်မဟုတ်သော စိတ်ခံစား မှုမျိုး ဖြစ်ပေါ်ချိန်၌ မိမိကိုယ်ကို ထိုးသွင်းရရှိသည့် ဒဏ်ရာဖြစ်ကြောင်း မှုခင်းဆရာဝန်ကြီးမှ အတည်ပြုပြောကြားခဲ့သည့်အပြင် အလားတူ အခြားသာဓက ဖြစ်စဉ် မှုခင်းများလည်းရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
၁၁။ သေဆုံးသူ စိုးနောင်သည် ဒဿနိက ဗေဒဘွဲ့ရရှိထားသူဖြစ်ပြီး စိတ်မြန်လက်မြန် ဆောင်ရွက်တတ်သူဖြစ်ကြောင်း၊ တုတ်/ဓားလက်နက်ကိုင်ဆောင်တတ်သည့် အလေ့အထရှိကြောင်း၊ ၎င်းတို့ဇနီးမောင်နှံသည် အိမ်ထောင်မပြုခင်အချိန်မှစ၍ သေဆုံးချိန်အထိ အိမ်ထောင်ရေး ပြဿနာများ၊ လူမှုရေးပြဿနာများရှိနေခဲ့ကြောင်း၊ အခင်းမဖြစ်မီ (၃)လခန့်မှစ၍ မိသားစု စီးပွားရေးအကြပ်အတည်းများ ကြုံတွေ့နေရကြောင်း၊ လင်မယားမကြာခဏ စကားများမှုရှိ ကြောင်း၊ ထိုအချက်များအပေါ်တွင် အကြောင်းပြု၍ စိုးနောင်သည် အအိပ်အစားပျက်မှုများ၊ စိတ်မတည်ငြိမ်မှုဖြစ်ပေါ်လျက်ရှိကြောင်း ပတ်ဝန်းကျင်သက်သေများ၏ ထွက်ဆိုချက်များအရ သိရှိရပါသည်။ ထို့အပြင် ၎င်းတို့မိသားစု၏ အိမ်ထောင်ရေး၊ လူမှုရေးပြဿနာများအား ကောင်းစွာ သိရှိသူ (၈)ဦးမှလည်း သက်ဆိုင်ရာတရားရုံးတွင် ကြိုတင်ထွက်ဆိုချက်များ ပြည့်စုံစွာထွက်ဆို ပေးထားပြီး ဖြစ်ကြောင်းနှင့် သက်သေ၊ ကျွမ်းကျင်သူပညာရှင်များ၊ သက်မဲ့သက်သေအထောက် အထားများမှ စစ်ဆေးပေါ်ပေါက်ချက်များအရ အမှုအား ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့
http://www.myanmarpoliceforce.org/mm/index.php…