CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 17, 2017
သဲခုံကျေးရွာတွင် သေနတ်ပြခြိမ်းခြောက် ဓါးပြတိုက်ခဲ့သူ အကြိုင်အား မွန်ပြည်သစ်ပါတီက မြို့နယ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်
ရေး ၊ မေ ၁၇
ရေးမြို့နယ်၊ ကော့လှိုင်ကျေးရွာအုပ်စု၊ သဲခုံကျေးရွာတွင် ယခုနှစ်ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းက သေနတ်ပြခြိမ်းခြောက်ကာ ငွေကြေးနှင့် ရွှေထည်ပစ္စည်းများဓါးပြတိုက်ခဲ့သူ အကြိုင်(ခ)မောင်ဝင်း အသက် (၄၂)နှစ်ဆိုသူအား မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်သစ်ပါတီထားဝယ်ခရိုင်၊ အမှတ်(၂)တပ်ရင်း၊ ၀ယ်ဇင်စခန်းတွင် ရေးမြို့နယ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
" တရားခံ နိုင်အကြိုင် ကို မွန်ပြည်သစ်ပါတီ ရေးတောင်ပိုင်းမှာရှိတဲ့ ဝယ်ဇင်စခန်းကနေ ရေးမြို့ နယ်ရဲတပ်ဖွဲ့ ကို လွှဲအပ်မယ်ဆိုတဲ့အတွက် ကျွန်တော်ဦးစီးပြီးတော့ ခေါဇာနယ်မြေရဲစခန်းမှူး ပါဝင်တဲ့ အဖွဲ့ ကနေ ယနေ့ မေလ (၁၇) ရက်နေ့  နံနက် (၁၀း၄၅) အချိန်မှာ ကောင်းမွန်စွာနဲ့ တရားခံလွှဲပြောင်းလက်ခံဆောင်ရွက်ခဲ့ပါတယ်။ တရားခံကိုတော့ အခင်းဖြစ်စဉ်မှာ သူအသုံးပြုခဲ့တဲ့ လက်နက်ခဲယမ်းနဲ့ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကိုတော့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းမရှိခဲ့ပါဘူး။ တရားခံ နိုင်အကြိုင်ကိုတော့ ရေးမြို့မရဲစခန်းကို ခေါ်ဆောင်ပြီးတော့ အသေးစိတ်စစ်ဆေးမေးမြန်းလျှက်ရှိပါတယ် " ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က သံလွင်တိုင်းမ်ကို ပြောသည်။
အကြိုင်ဆိုသူမှ သဲခုံကျေးရွာသို့ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့၊ ည ၇ နာရီအချိန်ကရောက်ရှိလာပြီး ယင်းကျေးရွာရာအိမ်မှူး ဦးမြင့်သိန်းအား ဘုန်းကြီးကျောင်းမှခေါ်ထုတ်၍ လမ်းတွင် သေနတ်ပြခြိမ်းခြောက်ကာ ၀တ်ဆင်ထားသည့် ရွှေ (၅)မူးသားလက်စွပ်(၁)ကွင်းတောင်းယူခဲ့ကြောင်း၊ ယင်းနောက် ရွာအတွင်းရှိ ဒေသခံများထံက ငွေကြေးနှင့် ရွှေထည် စုစုပေါင်း ၃၈ သိန်းကျော်ခန့်ယူဆောင်ခဲ့ကြောင်းနှင့် ယင်းအမှုနှင့်ပတ်သက်၍ ခေါဇာနယ်မြေရဲစခန်းက (ပ) ၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၉၂ အရ အမှုဖွင့်အရေးယူထားခဲ့သောအမှုဖြစ်ကြောင်း သိရသည်။
" လက်နက်ပြပြီး ငွေတောင်းတာတွေ ရွာတွေမှာလုပ်နေတဲ့သူပါ၊ ခုလို ဖမ်းဆီးရမိတဲ့အတွက် ဒေသခံတွေအတွက် သတင်းကောင်းပါပဲ " ဟု ခေါဇာမြို့ ဒေသခံတစ်ဦးက ပြောသည်။
ရေးမြို့နယ်ရဲတပ်ဖွဲ့ မှ တရားခံ နိုင်အကြိုင် (ခ) မောင်ဝင်း အား အသေးစိတ်စစ်ဆေးပြီးမှ ဖြစ်စဉ်အသေးစိတ်နဲ့ အတူ သက်သေခံပစ္စည်းတွေ ပြန်လည်ရရှိရေး၊ ၄င်းနှင့်အတူ ပါဝင်ခဲ့သ့်အဖွဲ့ များအား ထပ်မံဖေါ်ထုတ်စစ်ဆေးသွားရေး၊ စီမံလျှက်ရှိကြောင်း ရဲမှူးမြင့်သော်က ပြောကြားသည်။
နိုင်အကြိုင် (ခ) မောင်ဝင်း ဆိုသူမှာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်အခြေပြု ခလရ (၂၇၃) တွင် အလင်းဝင်ရောက်ခဲ့သည့် နိုင်မွန်ချမ်းအဖွဲ့မှဖြစ်ပြီး ၊ အလင်းဝင်ရောက်ပြီးနောက် ပေါက်ပင်ကွင်း-ရေး ကားလိုင်းပြေးဆွဲခြင်းလုပ်ငန်း လုပ်ကိုင်ခဲ့သူဖြစ်ကြောင်းလည်း သိရသည်။
သတင်း - ရဲနိုင်ဦး
Than Lwin Times
https://www.facebook.com/thanlwintimes9
သဲခုံကျေးရွာတွင် သေနတ်ပြခြိမ်းခြောက် ဓါးပြတိုက်ခဲ့သူ အကြိုင်အား မွန်ပြည်သစ်ပါတီက မြို့နယ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်
Reviewed by MP4 YoU
on
May 17, 2017
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment