နိရဉ္စရာ၊ မေ ၃၀
မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏ အလွန်များပြားသော ရခိုင်ပြည်နယ်တွင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး အတွက် ရခိုင်ပြည်နယ် အစိုးရကက်ဘိနပ် အစည်းအဝေးကို ယနေ့ ညနေပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရုံးတွင် ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
![]() |
(ရခိုင်ပြည်နယ် ၀န်ကြီးချုပ် စစ်တွေတွင် ယနေ့ နေ့လယ်က ကြည့်ရှု စစ်ဆေးနေစဉ်/ ဓာတ်ပုံ- Laywaddy Tunsawkhine) |
ရခိုင်ပြည်နယ်မှ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ မြောက်ဦး၊ ရသေ့တောင်၊ ပေါက်တော၊ မောင်တော၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များ ရာနှင့်ချီ၍ ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။
ပုဏ္ဍားကျွန်း မြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ သူက “ အခု စာရင်းတွေ လိုက်ကောက်နေတုန်း ဖြစ်ပါတယ်။ ဖုန်းလိုင်းတွေအကုန်လုံး ပြတ်တောက်နေတဲ့ အတွက် အဆက်အသွယ်မရပါဘူး။ လက်ရှိ စာသင်ကျောင်းပေါင်း တစ်ဆယ်ကျော် ခေါင်းမိုးတွေလန်ပြီး ပျက်စီးသွားတဲ့ စာရင်းတွေတော့ ရထားပါတယ်။ ဘုန်းကြီးကျောင်းတစ်ချို့လည်း ပျက်စီးသွားပါတယ်” ဟု ပြောကြားသည်။
ပုဏ္ဍားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာတွင်လည်း စာသင်ကျောင်း၊ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ ပြိုပျက်သွားကြောင်း၊ သို့သော် မြို့နယ်သို့ အစီရင်ခံစာ မတင်ရသေးသဖြင့် အသေးစိတ် မပြောနိုင်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
Narinjara
https://www.facebook.com/Narinjara