Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 31, 2017

ချူနီဇန် (Chungneizang)


"ကမ္ဘာက ဘယ်လို ပုံလဲ"
(လုံးတယ် ဆရာ)

“တခြားလူ အတွက်တော့ ကမ္ဘာက လုံးတယ်၊ မင်းကမ္ဘာကတော့ လေးထောင့်ပဲ၊ ပေ ၂၀ ပတ်လည်ရှိတဲ့ ဒီကြိုးဝိုင်းဟာ အခု မင်းရဲ့ ကမ္ဘာပဲ”
(ဟုတ် ဆရာ)

မြန်မာ-အိန္ဒိယ နယ်စပ်၊ မဏိပူရနယ် တောရွာထဲက ဆင်းရဲတဲ့ မိသားစုက မွေးပြီး အရပ် ၅ ပေ ၂ လက်မပဲ ရှိတဲ့၊ ချူနီဇန် (Chungneizang) ဆိုတဲ့ ကောင်မလေးရဲ့  အိမ်မက်က ဘောက်ဆင် (Boxing) ထိုးချင်တာ၊ ရှေးရိုး အယူအဆ သိပ်ကြီးတဲ့ အသိုင်းအဝိုင်းမှာ ဒါကို လက်မခံနိုင်ဘူး …

သူအဖေဆို လုံးဝ ခွင့်မပြုဘူး၊ မျက်နှာ အလှအပ မရှိတဲ့ မိန်းကလေးကို ဘယ်ယောင်္ကျားက ယူမလဲတဲ့၊ အိမ်ထောင်မပြုနိုင်တဲ့ မိန်းကလေးဆို အိန္ဒိယမှာ ဂုဏ်မရှိဘူး၊ ဒီတော့ သူက အဖေ မသိအောင် လေ့ကျင့်တယ်၊ ပြင်းပြင်းထန်ထန်ကို လေ့ကျင့်တယ်၊ တနေ့ တော့ အဖေ သိမယ့် အချိန်ရောက်လာတယ်၊ ဘယ်အချိန်လဲဆိုတော့ သူ အသက် ၁၇ နှစ်မှာ ပြည်နယ် ဘောက်ဆင် ချန်ပီယံ ဆုရလို့  သတင်းစာထဲမှာ သူ့ ဓာတ်ပုံ ပါလာတဲ့ အချိန် …

"မင်း ဘောက်ဆင်နဲ့ ယှဉ်ရင် အကုန် စွန့် လွတ်ရဲရမယ်၊ မင်းပိုင်ဆိုင်တဲ့ အရာတွေ အချိန်တွေ၊ ပျော်ရွှင်မှုတွေ ... အိုကွာ မင်းရဲ့  ဖြစ်တည်မှုတောင် စွန့် လွတ်ရဲရမယ်၊ ဒီလိုလူတွေရဲ့  နာမည်ကိုပဲ သမိုင်းမှာ ရေးလို့ ရတယ်"
(ဟုတ် ဆရာ)

ပြည်နယ်ဘောက်ဆင် ချန်ပီယံ ဖြစ်တာ အဖေသိသွားတော့ ဒေါသူပုန်ထပြီး ဒီလိုမေးတယ် ...
“ငါ တခွန်းထဲ မေးမယ်၊ ဘောက်ဆင် ကို ရွေးမှာလား၊ အဖေကို ရွေးမှာလား”
(သမီး ဘောက်ဆင် ကို ရွေးတယ်)

ပြင်းပြတဲ့ ဆန္ဒဇောတွေနဲ့  ချူနီဇန် ဟာ မဏိပူရရဲ့  ရွာငယ်လေးကနေ ကမ္ဘာစင်မြင့်ပေါ် တက်ဖို့  အဆင်သင့် ဖြစ်နေပြီ ...
“သနားတာကို သူနာပြုတွေ လုပ်လိမ့်မယ်၊ ဆေးကုတာက ဆရာဝန်တွေ အလုပ်၊ မင်း အလုပ်က ပြိုင်ဘက်ကို ဆက်တိုက် ဆက်တိုက် ဆက်တိုက် ထိုးဖို့ ပဲ”
(ဟုတ် ဆရာ)

နာမည်ကျော် ဘောက်ဆင်နည်းပြ ဟာ သူကို သိပ်အားရနေတယ်၊ သူပုံသွင်းသလို ဖြစ်နေတဲ့ ချူနီဇန် ကို နာမည်သစ်တစ်ခု ပေးလိုက်တယ်၊ မယ်ရီကွန်း (Mary Kom) တဲ့၊ မယ်ရီကွန်းဟာ အိန္ဒိယ ဘောက်ဆင် သမိုင်းကို အသစ်ရေးဖို့  အဆင်သင့် ဖြစ်နေပြီ …

၂၀၀၁ အမေရိကန်မှာ ကျင်းပတဲ့ ကမ္ဘာ့ အမျိုးသမီး ဘောက်ဆင် ပြိုင်ပွဲမှာ ငွေတံဆိပ် စရတယ် ...
၂၀၀၂ တူရကီ ကမ္ဘာ့ အမျိုးသမီး ဘောက်ဆင် ပြိုင်ပွဲမှာ ရွှေရတယ်၊ အိန္ဒိယ ဇနပုဒ်က မယ်ရီကွန်း ကမ္ဘာ့ ချန်ပီယံ စဖြစ်ပြီ ...
၂၀၀၅ ရုရှားမှာ ဒုတိယ အကြိမ် ကမ္ဘာချန်ပီယံ ထပ်ဖြစ်တယ် ...
၂၀၀၆ မိခင်နိုင်ငံ အိန္ဒိယမှာ တတိယအကြိမ် ကမ္ဘာချန်ပီယံ ထပ်ဖြစ်တယ် …
သူရဲ့  အောင်မြင်မှု အထွတ်အထိပ်ရောက်နေပြီ၊ ဘောက်ဆင်ထိုးဖို့  အပြင်းအထန် ကန့်ကွက်ခဲ့တဲ့ ဖခင်ဟာ သမီး ပထမဆုံး ကမ္ဘာချန်ပီယံ ဖြစ်ထဲက ကန့် ကွက် တားဆီးခဲ့မှုတွေ အတွက် တောင်းပန်ခဲ့ပြီး သားအဖ ပြန်ပေါင်းထုတ်ခဲ့တယ် ...

အသက် ၁၇ နှစ်မှာ အဖေကို ပုန်ကန်ခဲ့တဲ့ မယ်ရီကွန်းဟာ အသက် ၂၃ မှာတော့ အချစ်ကို မတော်လှန်နိုင်တော့ဘူး၊ ၂၀၀၀ ခုနှစ်မှာ ခင်ပွန်း ဖြစ်လာမယ့် ဘောလုံး အားကစားသမား အွန်လာ (Ongler) နဲ့  စတွေ့ ပါတယ်၊ သူမ ဘန်ဂလော ကို သွားဖို့  ရထားပေါ်မှာ ခရီးဆောင်အိတ် ပျောက်တဲ့ အချိန် စတွေ့ ပြီး သူ့ ကို ကူညီခဲ့တဲ့သူပါ၊ သူ့ အနားမှာ အမြဲ အားပေးနေတဲ့ အွန်လာနဲ့  သူငယ်ချင်း အရင်ဖြစ်၊ နောက်တော့ ချစ်သူ ဖြစ်သွားပြီး ၄ နှစ် အကြာမှာ လက်ထပ်လိုက်ကြတယ်၊ ကမ္ဘာချန်ပီယံ သုံးခါ ရထားတဲ့ အားကစားသမား အတွက် အကောင်းဆုံး အချိန်ဖြစ်နေတော့ ဒီလက်ထပ်ပွဲကို သူရဲ့  နည်းပြ ဆရာက ခါးခါးသီးသီး ကန့် ကွက်တယ် …
“ဘောက်ဆင်က မင်းဘဝဆို၊ ကမ္ဘာ့ ချန်ပီယံ သုံးကြိမ်ရတာနဲ့  မင်းဘဝက ပြီးပြီလား”
(ကျွန်မ ဘောက်ဆင်ကို မစွန့် လွတ်ဘူး ဆရာ)

“လက်ထပ်ပြီးရင် အကုန် ပြောင်းလဲသွားမှာကို မင်း နားမလည်ဘူးလား၊ သံယောဇဉ်တွေ၊ ရိုးရာဓလေ့တွေက အကုန် အတားအဆီး ဖြစ်ကုန်မှာ၊ မင်းလက်အိတ် အိမ်ထောင့်မှာ ဖုန်တက်နေမှာကို မင်းလက်ခံနိုင်လား"
(အွန်လာက ဘောက်ဆင် ဆက်ထိုးဖို့ မတားပါဘူး ဆရာ)

“မင်းအခု ရွှေရောင်အချိန် ရောက်နေပြီ၊ နောက်နှစ်နည်းနည်းကြာမှ လက်ထပ်လို့  မရဘူးလား”
(တောင်းပန်ပါတယ် ဆရာ)
“ငါမင်းကို သိပ်မျှော်လင့်ခဲ့တယ် မယ်ရီကွန်း၊ အမျိုးသမီး ဘောက်ဆင်သမိုင်းကို အသစ်ရေးမယ့် သူလို့  တောင် ထင်ခဲ့တယ်၊ မင်းဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုကိုယ် အလဲပြန်ထိုးခဲ့တဲ့ ကစားသမားပဲ၊ ဒီဆုံးဖြတ်ချက်ကို တနေ့  မင်းနောင်တရလိမ့်မယ်၊ ငါဆီဘယ်တော့မှ ပြန်မလာနဲ့ တော့”

သူ အသက် ၁၆ နှစ်တုန်းက ဖအေနဲ့  ဘောက်ဆင် အတိုက်အခံ ဖြစ်တော့ ဘောက်ဆင်ကို ရွေးချယ်ခဲ့တယ်၊ ဒီတခါကျတော့ ငယ်ဆရာနဲ့ ချစ်သူကြားမှာ မျှော်လင့်ချက်တွေနဲ့  စွန့် စားပြီး အချစ်ကို ရွေးချယ် လိုက်တယ်၊ ဆရာကို မင်္ဂလာဆောင် ဖိတ်စာပို့ ပေမယ့် ဆရာက မလာတော့ပါဘူး၊ ကဲ ဘာတွေ ဆက်ဖြစ်မလဲ …
လေးကြိမ်မြောက် ချန်ပီယံဖြစ်ဖို့  လေ့ကျင့်တုန်း မရည်ရွယ်ဘဲ ကိုယ်ဝန် ရှိလာတယ်၊ ခင်ပွန်း ဖြစ်တဲ့ အွန်လာ ကတော့ ဝမ်းတွေသာ၊ မိသားစု ဘဝ ရပြီပေါ့၊ မယ်ရီကွန်းကတော့ ဝေခွဲမရ၊ မိသားစု အားလုံးရဲ့  ဆန္ဒနဲ့ ပဲ ဒီကိုယ်ဝန်ကို ယူလိုက်ပါတယ်၊ ပြိုင်ပွဲ ကို လက်လွတ်လိုက်ရတယ်၊ ကလေးကလည်း အမွှာမွေးလာတယ် …

ကလေးတွေက တော်တော် ချူချာတယ်၊ တစ်ယောက်က မွေးရာပါ နှလုံးမှာ အပေါက်ပါလာတယ်၊ ကလေးတွေ ပြုစုရတာနဲ့  ဘယ်ပြိုင်ပွဲမှ သူ မပြိုင်နိုင်တော့ပါဘူး၊ အိန္ဒိယ ကိုယ်စားပြု အမျိုးသမီး ဘောက်ဆင်ပွဲတွေ ရှုံးနေတာကို တီဗီကကြည့်တိုင်း ကလေးထိန်းရင်း ဒေါသထွက်နေ၊ ကြေကွဲနေတာက သူ …
မိန်းမ တစ်ယောက် အတွက် အောင်မြင်မှုနဲ့  မိသားစုကို ယှဉ်ရွေးရမယ် ဆိုရင် ဘာကို ဦးစားပေးကြမလဲ၊ မိခင်စိတ် သဘာဝ ပေါ်လာတော့ မယ်ရီကွန်းဟာ မိသားစုကိုပဲ ရွေးချယ်ဖို့  စီစဉ်ပါတယ်၊ မကျန်းမာတဲ့ ကလေးကို စောင့်ရှောက်ပြီး အိမ်ရှင်မပဲ လုပ်တော့မယ် ဆုံးဖြတ်တယ်၊ ဧည့်ခန်းမှာ ချိတ်ထားတဲ့ ဆုတံဆိပ်တွေကို ထုတ်ပြီး ဝတ်ကြည့်တယ်၊ ခင်ပွန်းကို လှမ်းခေါ်တယ် …

(ငါကို ဒီ ဆုတွေနဲ့  ဓာတ်ပုံ ရိုက်ပေးပါ၊ ဒါ ငါ ဆုတံဆိပ် ဝတ်ရိုက်ရတဲ့ နောက်ဆုံး ဓာတ်ပုံပါပဲ၊ ဧည့်ခန်းဆိုတာ မိသားစုပုံပဲ ချိတ်သင့်ပါတယ်၊ ဒီဆုတွေ အကုန် သိမ်းလိုက်တော့မယ်)

အွန်လာလည်း ဇနီးသည်ကို ငိုင်ကြည့်နေမိတယ်၊ လက်ထပ်ခွင့်တောင်းတုန်းက ဇနီးရဲ့  တောင်းဆိုမှုကို ပြန်မြင်ယောင်လာတယ်၊ သူမကို တသက်လုံး ကြိုးဝိုင်းထဲကနေ ဆွဲ မထုတ်ဖို့  ကတိပေးပါတဲ့၊ သူကတိပေးခဲ့တယ်လေ …
(ယောင်္ကျားရေ ငါ ရယ်စရာ ပြောပြဦးမယ်၊ ဟိုနေ့က ငါကို ရှေ့မှာထားပြီး ကျောင်းသူလေးတွေက မယ်ရီကွန်းကို တွေ့ ရင် အမှတ်တရ လက်မှတ်ထိုးခိုင်းမယ်တဲ့၊ ငါကို ဘယ်သူမှန်းတောင် မသိတော့ဘူး)

ငိုနေတဲ့ မျက်လုံးတွေနဲ့  ရီပြီး ပြောနေတော့ အွန်လာ ဆုံးဖြတ်ချက် ပြတ်သားသွားတယ် …
(ကမ္ဘာကြီးက ငါကို မေ့သွားပါပြီ ယောင်္ကျားရေ)
“ဘယ်သူက ပြောလဲ၊ နင် ဘောက်ဆင် ပြန်ထိုးလို့ ရတယ်လေ”
(အွန်လာ ငါဘယ်လို ပြန်ထိုးရမှာလဲ၊ ဒီအခြေအနေနဲ့  ဘယ်သူက ထိုးနိုင်မှာလဲ)
“ဇနပုဒ်က လယ်သမားသမီး ဘဝနဲ့ တောင် နင် ကမ္ဘာချန်ပီယံ သုံးခါ ယူနိုင်ခဲ့တယ်လေ၊ ဒါမျိုးကော အရင်က ဘယ်သူ လုပ်နိုင်ဖူးလဲ”
(အဲတုန်းက ငါ ကလေး နှစ်ယောက် အမေမဟုတ်ဘူး၊ နင်သိလား ကလေးမွေးပြီးရင် မိန်းမတစ်ယောက်ရဲ့  ခန္ဓာကိုယ်က ဘယ်လောက်ပြောင်းသွားလဲဆိုတာ၊ ငါအရင်လို အင်အားတွေ မရှိတော့ဘူး၊ ကြိုးခဏ ပြန်ခုန်ရင်တောင် မောနေပြီ)
“ငါသိပါတယ်၊ ဒါကို ကျော်လွှားပြီး ချန်ပီယံ ပြန်ဖြစ်အောင် လုပ်နိုင်မယ့်သူ ကမ္ဘာမှာ တစ်ယောက်ပဲ ရှိတယ်ဆိုရင် အဲဒါ နင်ပဲ”
(နင် တကယ် ပြောနေတာလား၊ ဒါဆို ကလေးတွေကို ဘယ်သူကြည့်မှာလဲ)
“ငါကြည့်မယ်”
(နင် ဘောလုံး ဘယ်လို ကစားမလဲ၊ အလုပ်တွေ အကုန်ပျက်ကုန်မှာပေါ့)
“ဒါက ငါ စီစဉ်ပါမယ်၊ နင်မစဉ်းစားနဲ့ တော့၊ နင် ဘောက်ဆင် ပြန်ထိုးဖို့ သာ ပြင်တော့”
ယောင်္ကျားရဲ့  အားပေးစကားနဲ့  မယ်ရီကွန်း ဘောက်ဆင် ပြန်ထိုးပြီ၊ အွန်လာက မိသားစုနဲ့  ကလေးတာဝန် ယူပေးတယ်၊ မယ်ရီကွန်း အားကစား ပြန်လုပ်နိုင်အောင် စားစရာက အစ စီစဉ်ပေးတယ်၊ ပြန်လေ့ကျင့်ပေမယ့် အရင်က သက်လုံ မရတော့ဘူး ...

နိုင်ငံအဆင့် ပြိုင်ပွဲ ပြန်ဝင်တာ အမှတ်နဲ့  ရှုံးတယ်၊ ဒေါသထွက်ပြီး ဒိုင် ဆုံးဖြတ်ချက်ကို ကန့် ကွက်လို့  ဘောက်ဆင် ထိုးခွင့် ပိတ်ခံရတယ်၊ စိတ်ဓာတ်က အောက်ဆုံးရောက်နေပြီ၊ နောက်ဆုံးတော့ မယ်ရီကွန်း အဆက်အသွယ် ပြတ်နေတဲ့ ငယ်ဆရာဆီ ကလေး နှစ်ယောက်ကို ပိုက်ပြီး ရောက်လာတယ် …
“ဆရာ ကျွန်မ ဘောက်ဆင်လောကထဲ ပြန်လာပြီ၊ ဒါပေမယ့် မနိုင်တော့ဘူး၊ ကစားသမား ဘဝ အကောင်းဆုံး အချိန်မှာ လက်ထပ်ခဲ့တာကို စိတ်ဆိုးနေမှန်း သိပါတယ်၊ ချူနီဇန်ကို မိဘတွေက မွေးခဲ့ပေမယ့် မယ်ရီကွန်းကို ဆရာက မွေးခဲ့တာပါ၊ မယ်ရီကွန်းဟာ ခု ကလေးနှစ်ယောက် အမေဖြစ်နေပြီး အင်အား နည်းနေပါပြီ၊ အခု ဆရာ အကူအညီ လိုနေပါပြီ”

ဆရာလည်း သူမွေးထုတ်ခဲ့တဲ့ မယ်ရီကွန်းကို ကြည့်ပြီး မတ်တပ်ထရပ်တယ်၊ စိတ်ဓာတ်တွေ အောက်ဆုံးရောက်နေတဲ့ ၃ ကြိမ်ဆက်တိုက် ကမ္ဘာ ချန်ပီယံဟောင်းကို ဒီစကားလေး ပြောပါတယ် …
“မယ်ရီကွန်း မင်း သိလား၊ မိန်းမတွေမှာ ထူးခြားချက် ရှိတယ်၊ အမေဖြစ်သွားရင် အရင်ကထက် နှစ်ဆ ပိုသန်မာ လာတာပဲ၊ မင်းအင်အားက နှစ်ဆတိုးနေပြီ၊ နှစ်ဆ လေ့ကျင့်ဖို့ သာ ပြင်ပေတော့”တဲ့

ဆရာနဲ့  တပည့် ပြန်ပေါင်းထုတ်ကြတယ်၊ သူ ပြန်လေ့ကျင့်ပြီ၊ နှစ်နှစ်တာ ဝေးသွားတဲ့ လေ့ကျင့်မှုတွေ ပြန်စတယ်၊ နောက်ဆုံးတော့ အခက်အခဲ များစွာ ကျော်လွှားပြီး
၂၀၀၈ တရုတ်ပြည်မှာ ကျင်းပတဲ့ ကမ္ဘာအမျိုးသမီး ဘောက်ဆင်ပြိုင်ပွဲမှာ ရွှေတံဆိပ် ပြန်ရတယ် ...
၂၀၁၀ မှာလည်း ချန်ပီယံဆုကို ဆက်ထိန်းသိမ်းနိုင်ပြီး ငါးကြိမ်မြောက် ကမ္ဘာ့  ဘောက်ဆင် ချန်ပီယံ ထပ်ဖြစ်ခဲ့တယ် ...
၂၀၁၂ လန်ဒန် အိုလံပစ်မှာတော့ ကြေးတံဆိပ် ထပ်မံရရှိခဲ့ပြီး ဒီအတွက် အိန္ဒိယ အစိုးရက ဒေါ်လာ ၂၆၇၀၀၀ တန်ဖိုး ဆုချီးမြင့်ခဲ့ပါတယ် ...

သူမဟာ သမိုင်းတစ်လျှောက်မှာ တစ်ဦးတည်းသော ကမ္ဘာ့ ချန်ပီယံ ရွှေတံဆိပ် ငါးကြိမ်ရထားတဲ့၊ ငွေတံဆိပ် တစ်ကြိမ် ရထားတဲ့ ကစားသမား ဖြစ်ပါတယ် …
မယ်ရီကွန်း ရခဲ့တဲ့ တခြားသော ဆုတွေကတော့ ဝီကီမှာပဲ ရှာဖတ်ဖို့  ညွှန်ပါတယ်၊ ကမ္ဘာအဆင့် အမျိုးသမီး ဘောက်ဆင်ပွဲများ အတွက် Brand Ambassador အဖြစ်ဆောင်ရွက်နေသလို ၂၀၁၆ ကနေ ၂၀၂၂ သက်တမ်းကာလ အတွက် အိန္ဒိယ အထက် လွှတ်တော် အမတ် အဖြစ် ရွေးကောက်ခံထားရတယ် …

၂၀၁၃ မှာ မယ်ရီကွန်းဟာ တတိယသားကို ထပ်မွေးဖွားခဲ့ပါတယ်၊ ခုချိန်မှာ အောင်မြင်တဲ့၊ သာယာတဲ့ အိမ်ထောင်ရေးကို သူတို့ စုံတွဲ တည်ဆောက် ထားနိုင်ပါတယ် …

သူအကြောင်းကို နာမည်ကျော် ဘောလိဝုဒ်မင်းသမီး ပရီယန်ကာချိုပရာနဲ့  ရုပ်ရှင် ရိုက်ခဲ့ပါတယ်၊ မင်းသမီးက သူဘဝမှာ အခက်ခဲဆုံး ကြိုးစားခဲ့ရတဲ့ ရုပ်ရှင်လို့  ညွှန်းပါတယ်၊ မယ်ရီကွန်းလို အားကစားသမား ကိုယ်လုံးရဖို့  ၃ လ အပြင်းအထန် လေ့ကျင့်ခဲ့ရတယ် ဆိုတယ်၊ ရုပ်ရှင်ကို ဘတ်ဂျက် ရူပီး သန်း ၁၅၀ သုံးရိုက်ခဲ့ပြီး ရူပီး ၁.၀၄ ဘီလီယံ ဝင်ငွေ ရရှိ အောင်မြင်ခဲ့ပါတယ် …

ဒီရုပ်ရှင်လေးကို ကြည့်ပြီး စိတ်ဝင်စားသွားလို့  ဝီကီမှာ ရှာဖတ်ကြည့်ပြီး ရေးလိုက်တာပါ၊ ရေးနေရင်း တွေးမိတာက ကလေး အမေ ဘဝ၊ ခက်ခဲလှတဲ့ အနေအထားကနေ မယ်ရီကွန်း ကမ္ဘာ ချန်ပီယံ နှစ်ကြိမ် ပြန်ယူနိုင်ခဲ့တာကိုပါ၊ သူ့ ဆရာ နဲ့ ခင်ပွန်းဟာ မယ်ရီကွန်းကို ကမ္ဘာဘောက်ဆင် သမိုင်း စံချိန်တင်ဖို့ များစွာ အထောက်အကူ ပြုခဲ့ကြပါတယ် …

ဆရာကတော့ သူကို ယောင်္ကျားတစ်ယောက်ထက် ပိုမို မာကျောတဲ့ စိတ်ဓာတ် ဖြစ်လာအောင် ရိုက်သွင်းခဲ့တယ်၊ ကလေးမွေးပြီး ခန္ဓာဗေဒ အပြောင်းအလဲကြောင့် စိတ်ဓာတ်ကျနေတဲ့ ကမ္ဘာချန်ပီယံဟောင်းကို မိန်းမတွေဟာ မိခင်ဖြစ်ရင် ပိုတောင်သန်မာ လာတယ်လို့  အားပေးခဲ့တယ် …

ခင်ပွန်းကတော့ မယ်ရီကွန်း အတွက် ဘုရားကပေးတဲ့ လက်ဆောင် ပါပဲ၊ ဇနီးသည် ဆန္ဒကို ဖြည့်ဆည်း ပေးချင်လို့  ကလေးထိန်းတဲ့ တာဝန် ပြောင်းယူခဲ့ပါတယ်၊ ပတ်ဝန်းကျင်ရဲ့  ဝင်ငွေမရှာဘဲ အမျိုးသမီးနားမှာ မှီခိုစားတယ် ဆိုတဲ့ ဝေဖန်မှုတွေကို တောင့်ခံရင်း ပါရမီ ဖြည့်ခဲ့တယ်၊ မယ်ရီကွန်း အမေ့ခံဘဝကနေ ပြန်လည် နိုးထလာခဲ့ပြီး တကျော့ပြန် ကမ္ဘာ ချန်ပီယံ ပြန်ဖြစ်လာအောင် သူ့ ရည်မှန်းချက်နဲ့  အလဲအထပ် လုပ်ခဲ့ပါတယ် …

အောင်မြင်တဲ့ အမျိုးသားတွေ နောက်မှာ အမျိုးသမီးတွေ ရှိသလို အမျိုးသမီးတွေ နောက်ကွယ်မှာလည်း အမျိုးသားတွေ ရှိတာပါပဲ၊ ကန့် လန်ကာ နောက်ကွယ်ထဲမှာ ပတ်ဝန်းကျင် ဝေဖန်မှုတွေကို တောင့်ခံပြီး ချစ်သူကို ပါရမီဖြည့်နေတဲ့ အမျိုးသားတွေလည်း ရှိပါတယ်၊ နိုင်ငံတော် အတိုင်ပင်ခံရဲ့  နောက်ကွယ်မှာ ပါရမီဖြည့်ခဲ့တဲ့ ခင်ပွန်း ရှိခဲ့သလိုမျိုးပေါ့ ...

တကယ်တော့ ချစ်ခြင်းမေတ္တာ စစ်ရင် ငါကပဲ ဦးဆောင်သူ ဖြစ်ရမယ် ဆိုတာ မရှိတော့ပါဘူး၊ ယောင်္ကျား၊ မိန်းမ မခွဲဘဲ လိုသလို ပါရမီ ဖြည့်သွားတာပါပဲ၊ ဒါကမှ တကယ့် Relationship Goal ဖြစ်ပါလိမ့်မယ် …
စာရေးသူ Ko Phyo Ko Ko Naing
https://en.wikipedia.org/wiki/Mary_Kom
https://en.wikipedia.org/wiki/Mary_Kom_(film)











ဆယ်နှစ်ကြာမှ အဖေနဲ့ ပြန်လည်တွေ့ဆုံခြင်း


ဆယ်နှစ်ကြာမှ အဖေနဲ့ ပြန်လည်တွေ့ဆုံခြင်း

လူ့ဘဝတုန်းက ဦးဇင်းအမည်က " ဟွန်ဇစ်" ပေါ့။ ချက်ဇ်သမ္မတနိုင်ငံမှာနေပါတယ်။ လွန်းခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက ရဟန်းဝတ်ဖို့အဖေ့ဆီမှာ ခွင့်တောင်းခဲ့ပါတယ်။ အမေကတော့ ဦးဇင်းအသက်က ၅နှစ်မှာ ဆုံးသွားပါတယ်။ ဦးဇင်းက တက္ကသိုလ်ဘွဲ့ရအောင် ကြိုးစားပါမယ်လို့ ကတိပေးပြီး အဖေဆီက ရဟန်းဝတ်ဖို့ခွင်တောင်းပါတယ်။ စာရွက်တစ်ရွက်ပေါ်မှာ ဓမ္မလမ်းကို ရှာဖွေသူတစ်ယောက်အတွက် အချိန်အကန့်အသတ်မထားဘဲ ရဟန်းဝတ်ချင်တဲ့အချိန်ဝတ်ဖို့ ခွင့်ပေးပါ၏လို့ ဦးဇင်းက ရေးပြီး အဖေ့ကို လက်မှတ်ထိုးခိုင်းပါတယ်။ အဖေကလည်း လက်မှတ်ထိုးပေးပါတယ်။ အဲဒီမှာ ဦးဇင်းရဲ့ဆယ်နှစ်ကြာမပြန်တော့မယ့် ဓမ္မခရီး စတင်ခဲ့တယ်။ ခရီးမထွက်ခင် အဖေနဲ့ လည်းချစ်ချစ်ခင်ခင်ဖက်ပြီး နှုတ်ဆက်ခဲ့တယ်။

သီရိလင်္ကာရောက်တော့ အဖေနဲ့ ခဏခဏ စကားပြောလေ့မရှိပါ။ လူကြီးတစ်ယောက်အနေနဲ့ခေတ်သစ် နည်းပညာဖြစ်တဲ့ ကွန်ပြူတာတွေဟာ သိပ်တော့ အဆင်မပြေဘူးလေ။ သီရိလင်္ကာမှာ တစ်နှစ်ကြာပြီး တက္ကသိုလ် (ဗုဒ္ဓဘာသာတက္ကသိုလ်) တက်ဖို့ ဝင်ကြေးတော့ အဖေ့ဆီက လှမ်းတောင်းရပါတယ်။ အဖေကလည်း လူကြုံတွေနဲ့ မရောက်ရောက်အောင် ပို့ပေးပါတယ်။ အဲ့ဒီအချိန် ဦးဇင်းက ကိုရင်ဖြစ်နေပါပြီ။ ပိုက်ဆံမကိုင်တဲ့ ဝိနည်းလိုက်နာတာမို့ အဖေပို့တဲ့ တက္ကသိုလ်ဝင်ကြေးကို ကပ္ပိယတွေကတစ်ဆင့် တက္ကသိုလ်ကိုသွင်းလိုက်ပါတယ်။
နောက်ထပ်၆-လအကြာ ဦးဇင်းသုံးနေတဲ့ လက်တော့ပ်(ရဟန်းတစ်ပါး စွန်းခဲ့တဲ့ လက်တော့အဟောင်း) က ပျက်ပြီး စာလုပ်ရတာ အဆင်မပြေတော့ဘူး။ အဖေဆီလက်တော့ပ်လိုချင်ကြောင်းမက်ဆေ့ခ်ျပို့လိုက်တယ်။
အဖေက ထွက်သွားချိန်ကစလို့ တစ်နှစ်အတွင်း တောင်းခဲ့ရင်ပေးပါတယ်တဲ့။ အခု တစ်နှစ်ကျော်ပြီး ပြည်ပမှာ နေတာကြောင့်မထောက်ပံ့တော့ဘူးတဲ့။

ဦးဇင်းအဖေ့ကို ထပ်ပြောကြည့်တယ်။ ပြည်ပနေရတဲ့ အကြောင်းအရင်းလေး။ အဖေရယ် ချက်ဇ်နိုင်ငံမှာ မိစ္ဆာဒိဋ္ဌိလူဆိုးတွေ များလို့ငါက ဒီမှာ ပိုအဆင်ပြေပါတယ်။ ဒီမှာ ငါယုံကြည်တဲ့အရာ သူတို့လည်း ယုံကြည်တယ်။ အမှန်ပြောတယ် အကောင်းလုပ်တယ်။
အဖေကပြန်ပြောတယ်။ ရတယ်လေ။ ငါ တစ်ခါတစ်ရံ မကြိုက်ပေမယ့် မင်းကြိုက်တဲ့ဟာ အားလုံး ခွင့်ပြုထားတယ်လေ။

အဲဒီမေ့ဆစ်ခ်ျဟာ နောက်ဆုံး မက်ဆေ့ခ်ျပါ။ နောက်ပိုင်း ဦးဇင်း ဘာပဲ ရေးရေး အဖေက ပြန်မဖြေတော့ပါဘူး။ အဲဒီက စလိုက်တာ ခုချိန်ထိဆိုပါတော့။ ရှစ်နှစ်ကြာပြီး ဦးဇင်းရဲ့ ညီမနှစ်ယောက်က ချက်ဇ်နိုင်ငံမှာ တရားစခန်းလုပ်ဖို့ ပင့်ကြတယ်။ ဦးဇင်းလည်း ချက်ဇ်ကိုရောက်တော့ အဖေ့အိမ်သွားပါတယ်။

အဖေ့အိမ်သွားတဲ့အခါ ဦးဇင်းရဲ့ ညီ၊ တူမလေးတို့ သားအမိနဲ့ အဖေ့အမျိုးသမီးလည်းပါပါတယ်။

အဖေတို့တိုက်ခန်းရှေ့ အဖေက တံခါးဖွင့်ဖွင့်ချင်း
ငါ့သား ဘယ်လိုခေါ်ရမလဲ။ "ပေါစရနေးယိ" (ပုဆိုးထဲ ချေးပါတယ်) လား ။ စရဏ ဟုတ်လား လို့ စ ပါတယ်။

(ဦးဇင်းရဲ့ နာမည် မြန်မာလို သရဏ ပါဠိလိုစရဏလို့ ထွက်ရပါတယ်။ ဦးဇင်းရဲ့ အဖေက ဗုဒ္ဓဘာသာနဲ့ မရင်းနှီးတာမို့ အသံထွက်လည်း မသိပါဘူး။ ဦးဇင်းရဲ့ဘွဲ့က ချက်ဇ်ဘာသာစကားမှာ ဆိုးရွာတဲ့စကားလုံး (မတော်တဆချေးပါလိုက်တာ)နဲ့ တူပါတယ်။ အဖေက ပြန်တွေ့တွေ့ခြင်း အဲဒီလို အဲ့လိုကြမ်းကြမ်းတမ်းတမ်း စနောက်လိုက်ပါတယ်။

စရဏပါ

အဖေက လက်ဆွဲနှုတ်ဆက်ဖို့ လက်ကို ကမ်းပေးလိုက်တယ်။

ရဟန်းတွေက လက်ဆွဲနှုတ်ဆက်ခြင်းကို မပြုရပါဘူအဖေ။

အဖွဲ့အစည်းသက်သက်ရှိရင် ကိုယ်ပိုင်စည်းကမ်းချက်တွေရှိမှာနားလည်ပါတယ်။ ဒါပေမယ့် လူတွေနဲ့ တွေ့တော့ လူလောကစည်းကမ်း လိုက်နာရတယ်လေ ဆိုပြီး အခန်းထဲ ဝင်ဖို့ ဖိတ်ပါတယ်။

ဦးဇင်းက မဝင်ခင် ခြေထောက်တွေ ဆေးချင်ပါတယ်လို့။ အဖေက မဆေးရဘူး ၊ ဝင် တဲ့။

ဦးဇင်းက အမြဲ ဖိနပ်မစီးလို့ မဝင်ခင် ခြေထောက်တွေ ဆေးရပါတယ်။ ရေတစ်ဖလားလောက်ရပါပြီလို့ပြောလိုက်ပါတယ်။

အဖေက နင်တို့စည်းကမ်းတွေဟာ လူ့စည်းကမ်းတွေမဟုတ်ဘူးလို့အပစ်တင်ပေမယ့် ဦးဇင်းတောင်းဆိုတာတွေ လုပ်ပေးပါတယ်။

တိုက်ခန်းထဲမှာ အားလုံးနေရာယူကြပြီး အဖေက သားကို Cheers လုပ်ချင်လို့ ဝိုင်အတု (နိုင်ငံခြားမှာ ကလေးတွေသောက်ဖို့ အရက်နည်း ဗီယာ၊ အရက်မပါတဲ့ ဝိုင် ရှိတယ်လေ) ထည့်လိုက်ဦးမယ်တဲ့။ အရက်မပါပေမယ့် ဦးဇင်းတွေဒါမသောက်သင့်ဘူးလို့ ပြန်ပြောပါတယ်။

ဒါလူ့လောကပါ။ မင်းလည်း လူပါ လို့ အဖေက ပြန်ပြောတယ်။

အဖေ ရဟန်းတွေ ဒါ မသောက်သင့်ဘူး။ ငါလည်း မသောက်ပါဘူး။

အဖေ့အမျိုးသမီးက မသောက်ချင်တာ အတင်းမတိုက်တွန်းပါနဲ့လို့ ဝင်ဖြန်ဖြေတယ်။

အဖေက ငါလည်း အတင်းတိုက်တွန်းတာမဟုတ်ပါဘူး။ လူတွေနေတဲ့နေရာ လူ့အလုပ်လုပ်ရတာပဲဟာ လို့ မကျေမနပ်နဲ့ ပြန်ပြောနေတယ်။

ဦးဇင်းညီရော တူမရော အားလုံးက မသောက်ချင်တာ မတိုက်တွန်းပါနဲ့ ။ သူ့စည်းကမ်းနဲ့ သူပဲဟာဆိုပြီး ဝိုင်းပြောကြပါတယ်။
အဖေ့အမျိုးသမီးကလည်း ဘာသောက်ချင်လဲမေးတော့
ရိုးရိုးရေဖြူဆိုရပြီ အဖေက မင်းမသောက်ချင်နေ။ ငါတို့တော့ သောက်မယ်လို့ ပြောပါတယ်။

ရဟန်းရှိရင် အရက်သောက်တာ မသင့်ပါဘူး။

အဖေက မင်းမသောက်ချင်တာ မင်းကိစ္စ။ ငါတို့သောက်တာလည်း လာမပြောနဲ့။ ဒါနဲ့ ဘာစားမလဲ။ ဂေါ်ဘီထုပ်ပူပူလေး ချက်ထားတယ်။ ငါ့အမျိုးသမီးလည်း တစ်ရက်လုံး အကောင်းဆုံး ချက်ဖို့ စီစဉ်ထားပါတယ်။

အချိန်က ညနေ ငါးနာရီလောက်....

အဖေ ရဟန်းတွေက မွန်းလွဲသွားရင် မစားရပါဘူး

ဘယ်လို ။ ဒါဆို မစားဘူးလား

ဟုတ်အဖေ။ ရဟန်းတွေဟာ ညစာမစားရပါဘူး။

သြော်.. မင်းတို့တွေက မိုးမလင်းသေးဘူး တစ်ခါ၊ မနက်တစ်ခါ၊ နေ့လည်တစ်ခါ သုံးခါတော့ စားကြတာပေါ့နော်။

မဟုတ်ပါဘူးအဖေ။ မနက်တစ်ခါပဲစားပါတယ်။ ညမှာ စားတာ မသင့်ပါဘူး။

ကောင်းတယ်။ မနက်စားပြီး ညစာမစားတာ။ ဒါနဲ့ တစ်နပ်ပဲစားရတာလား။

နေ့လည်ထိ ကြိုက်သလောက် စားနိုင်ပါတယ်။ တရားအားထုတ်ရတာ အဆင်ပြေအောင်လို့ တစ်နပ်ပဲ စားတာပါ။ ဒါပေမယ့် နေ့လည်နဲ့ ညနေတို့မှာ သစ်သီးဖျော်ရည်သောက်ပါတယ်။

အဲဒီအချိန်အဖေ့အမျိုးသမီးဟာ ဂက်စ်ပါတဲ့ ရေယူလာပါတယ်။ ဦးဇင်း သောက်လေ့မရှိပေမယ့် ဝိနည်းနဲ့ ညီလို့ အဲဒီတစ်ခေါက်မှာ သောက်ပါတယ်။

ငါ့သား။ ပြောပါဦး။ ရဟန်းဘဝမှာ ဘာအလုပ်တွေ လုပ်လဲ။ ဘာမှ မလုပ်ရတာနဲ့ အေးဆေးနေလိုက်တာပဲလား။

ဦးဇင်းညီနဲ့ တူမ က ဝင်ထောက်တယ်။ အဲလိုမပြောပါနဲ့။ တို့လိုလူတွေနဲ့ ဘယ်တူမလဲလေ။

ဟ. ငါက မေးတာလေ။

ညီ~ ဒါသူတို့ ဘာသာမှာ ဘဝတစ်ခုဖြစ်တယ်။ ဒီမှာ သာမန်လူ့ဘဝနဲ့ ဘယ်တူမလဲလေ။

တူမ~ ပြောပါဦး။ ကျောင်းမှာ နေရင် သာမန်တစ်ရက်မှာ ဘာလုပ်လေ့ရှိလဲ။

ဦးဇင်း~ မနက်၂ နာရီမှာ အိပ်ရာ ထပါတယ်။ အဲဒီနောက်မှ တစ်နာရီ တရားအားထုတ်တယ်။ တစ်နာရီ စာကျက်တယ်။ တစ်နာရီတရားအားထုတ်တယ်။ တစ်နာရီ စာကျက်တယ်။ ပြီးတော့ ခြောက်နာရီခွဲမှာ ဆွမ်းခံ ကြွပါတယ်။ ရွာထဲမှာ လူတွေက စားစရာ အများကြီး လှူကြတယ်။ ဆွမ်းလောင်းမယ့်သူတွေက လှူချင်လွန်းလို့ အိမ်အရှေ့မှာစောင့်နေကြတယ်။ ဦးဇင်းရထားတဲ့ ဆွမ်းမှ အပိုင်းကလေး စားပြီး ကျန်တဲ့ဟာ ဦးဇင်းတို့ ပရဟိတစာသင်ကျောင်းမှာ ကလေးတွေကို စွန့်လိုက်ပါတယ်။ ဒီလိုလူတွေအများကြီးမှာ အကျိုးကောင်းရကြပါတယ်။ အဲဒီနောက်မှာ ဦးဇင်းက တပည့်တွေကို တရားပြတယ်။ သူတို့အမေးတွေ ဖြေလိုက်ပါတယ်။ ပြီးတော့ တရားအားထုတ်တယ်၊ စာတွေ ကျက်တယ်။ စာကျက်တယ်ဆိုတာ တစ်ခါတစ်ရံ စာစီစာကုံးလည်း ပြုစုတယ် စာအုပ်တွေ ပရောဂျက်တွေ လုပ်တာပေါ့။ နေလည်၊ နေခင်းမှာ ဧည့်သည်လာရင် သူတို့ မေးစရာတွေ ပြောစရာတွေ အကုန် နားထောင်ရပါတယ။ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်လို အကောင်းဆုံး အကူအညီ ပေးရပါတယ်။ သူတို့ အိမ်ကိစ္စတွေ အကုန် သည်းခံပြီး နားထောင်ရတယ်။ လျှို့ဝှက်ချက်တွေကိုလည်း နားထောင်ပြီး ဘယ်သူ့ကိုမှ မပြောရဘူး။ လူတိုင်းအတွက် အကောင်းဆုံးမိတ်ဆွေဖြစ်ရပါတယ်။ ဒီလို စိုက်ကိုလိုဂျစ် (psychologist) ၊ စိုက်ကိုသယ်ရာပစ် (psychotherapist) အလုပ်လုပ်ရပါတယ်။ ညနေမှာ တပည့်တွေကို ထပ် တရားဟောပြီး ညနေ ၈ နာရီ ၉ နာရီလောက် အိပ်ရာ ဝင်လိုက်ပါတယ်။

တူမ~ သူတို့ဗုဒ္ဓဘာသာမှာလည်း အရင်ဘဝ နောက်ဘဝဆိုတာလည်း ရှိတယ် နော်။
ညီ~ အရင်ဘဝ နောက်ဘဝ .. အဲဒါ မရှိဘူးထင်တယ်။
အဖေ ~ အရင်ဘဝ နောက်ဘဝ မရှိဘူးလေ။ ဒါ ဘယ်ရှိမလဲ။ ဒီဘဝမှသေတော့ ဘာမှမရှိတော့ဘူးပေါ့။
တူမ~ ဟွန်းဇစ် (ဦးဇင်းရဲ့ လူနာမည်) ပြောပြမှာပေါ့။ ဟွန်းဇစ် ပြောပြပေးပါလား။
အဖေ ~ ဟုတ်တယ်။ ဟွန်းဇစ် ပြောမှာပေါ့ကွ။ ဟွန်းဇစ် ပြောလိုက်။ အရင်ဘဝနောက်ဘဝ ရှိလား မရှိဘူးလား ပြော ပြော။

(အဲဒီအခါမှာ ဦးဇင်းအဖေနဲ့ သူ့အမျိးသမီး ဖိနပ်တွေ စီးထားကြတယ်။ ကျန်တဲ့သူတွေ ခြေအိပ်တွေဝတ်ထားကြတယ်။)

မြတ်စွာဘုရားဟာ ရဟန်းတွေ တရားဓမ္မကိုလေးစားဖို့ သင်ပေးပါတယ်လို့ အစချီလိုက်တယ်။ ဥပမာ ဟိုးရှေးနှစ်ပေါင်းများစွာထဲက ချက်ဇ်နိုင်ငံကိုရောက်လာပြီး ဖြစ်တဲ့ အိန္ဒိယ ယဉ်ကျေးမှူ တစ်ခုလိုပေါ့။ အရေးကြီးတဲ့ကိစ္စတွေမှာ ဦးထုပ်ချွတ်ပြီးမှ ဝင်ကြရတဲ့ ဓလေ့အတိုင်းပါပဲ တရားဟောခြင်းတရားနာခြင်းစတဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာ ဦးထုပ်တွေ ကက်ဦးထုပ်တွေကို ချွတ်ရပါမယ်။ နေမကောင်းတဲ့အချိန်ဆိုရင်တော့ မချွတ်ပဲနေခွင့်ရပါတယ်။ အိန္ဒိယနိုင်ငံမှ မရောက်သေးတဲ့ နောက်ယဉ်ကျေးမှု ဓလေ့ထုံးစံတစ်ခုကတော့ အရေးကြီးတဲ့ကိစ္စတွေမှာ ဖိနပ်ရော ခြေအိတ်ရော ချွတ်ရပါမယ်။ ဦးဇင်းလည်း ဖိနပ်နဲ့ ခြေအိတ်တွေ မရှိတာမို့ ဖိနပ် ခြေအိတ် စီးနေတဲ့ ပုဂ္ဂိုလ်တွေကို တရား မဟောရပါဘူး။ နေမကောင်းရင်ပဲ ရပါတယ်။ နေကောင်းရင်တော့ ချွတ်ရပါမယ်။
အဖေ~ ဒီမှာ ချမ်းတယ်လေ။

ချွတ်ပြီး တဘက်နဲ့ ဖုံးလို့ ရပါတယ်။

အဖေ~ ဖိနပ်မှာ အပေါက်တွေပါတာပဲဟာ။ လေတောင်တိုးနေသေးတယ်။

ညီ~ မရဘူး။ တဘက်နဲ့ ဖုံးမှ ပါ။

အဖေက ဖိနပ်တွေ ချွတ်ပြီး ကိုယ့်ခြေထောက်ကို ဦးဇင်းဆီ မချီပြီး ဦးဇင်းဦးခေါင်းအနီးမှာ ခြေထောက်ကို ထိုးပြပါတယ်။ ဒီမှာ ချွတ်လိုက်ပြီနော်။ တရားဟောမှာသာ ဟောတော့။

ဦးဇင်း။ ဟုတ် ကောင်းပါတယ်။ ပြောပြဦးမယ်။ ဗုဒ္ဓဘာသာမှာ အရင်ဘဝ နောက်ဘဝဆိုတာ ရှိပါတယ်။ အရင်က ပြုလုပ်ထားတဲ့ ကံကြိုးဝိပါက်စနစ်အတိုင်း တစ်ဘဝမှ နောက်ဘဝသွားရပါတယ်။ အရင်ဘဝမှာ မကောင်းတာ လုပ်ခဲ့ရင် နောက်ဘဝမှာ ငရဲ၊ တိရစ္ဆာန်၊ သရဲဘဝ ရလိမ့်မယ်။ အရင်ဘဝမှာ ကောင်းတာလုပ်ခဲ့ရင်၊ ဒါန၊ သီလ၊ ဘာဝနာ - နောက်ဘဝမှာ ကောင်းတဲ့ဘဝ၊ လူနတ်ဗြဟ္မာဘဝ ရမယ်။ နောက်ဘဝမရှိဘူးလို့ ယုံကြည်ရင် မိစ္ဆာဒိဋ္ဌိလို့ ခေါ်ပါတယ်။ မိစ္ဆာဒိဋ္ဌိကြောင့် ငရဲဖြစ်ဖြစ် တိရစ္ဆာန်ဖြစ်ဖြစ် ဘဝ ရဦးမယ်။ ဒါကြောင့် မိစ္ဆာဒိဋ္ဌိကို ရှောင်ပါအဖေ။
မိစ္ဆာဒိဋ္ဌိကြောင့် ဘယ်လို ငရဲဘဝရမလဲဆိုတာ သေဆုံးသွားတဲ့ အခါ မိစ္ဆာဒိဋ္ဌိကို စွဲလမ်းမှု ဥပါဒါန်ထားရင် အဲ့ဒီစွဲလမ်းမှုဥပါဒါန်ဆိုးကြောင့် နောက်ဘဝကူးရမယ့်အခါ အမှန်ကို မြင်တော့ လန့်လာပြီး အဲဒီ ထိတ်လန့်လာမှုကြောင့် ငရဲကျဦးမယ်။ သို့သော်လည်း သေခါနီးမှာ ကိုယ့်ဘဝမှာ ကောင်းတာတွေလုပ်ခဲ့ရင် အလုပ်အကောင်း ပုညကုသိုလ်ကောင်းမှုတွေကို စိတ်မှာ တွေးလိုက်ရင် အရင်ဘဝကိုလည်း အမှန်အကန်ယုံကြည်ရင် လူဘဝ နတ်ဘဝ ရဦးမယ်။ အရင်ဘဝလည်း ရှိပါတယ်၊ နောက်ဘဝလည်း ရှိပါတယ်။

ညီ ~ ဟွန်းဇစ်ပြောတာ ထေ့လိုက်တာပေါ့နော်။ ဟေ့ နောက်ဘဝ ယုံကြည်ရင် လူနတ်ဖြစ်တယ်။ မယုံရင် ငရဲကျမှာကွ။

အဖေ။ ဟုတ်တယ်။ မှန်တယ်။ ဒါ ငါလေ့လာထားတဲ့ ရူပဗေဒသီအိုရီနဲ့ ညီတယ်။ ရုပ်မှာ ရုထောင့် (ဒိုင်မင်ရှင် dimensions) ဆယ်နှစ်မျိုးရှိပါတယ်။ x, y, z, နဲ့ အချိန်ဆိုတဲ့ ဒိုင်မင်ရှင် လေးခု မကဘူး။ ၁၂မျိုးရှိပါတယ်။ ၃၆လည်း ရှိနိုင်ပါတယ်၊ ဒါပေမယ့် ပညာရှင်တွေက မရေတွက်ရသေးဘူး။ အိုင်းရှတိုင်းရူပဗေဒပညာရှင်ကတော့ ရုထောင့် ၁၂ခု ရေတွက်ပြီသာ။ နင်းတို့ ဗုဒ္ဓဘာသာမှာဘယ်လိုသိလဲ ပြော။ နင်းတို့က ဒီဒိုင်မင်ရှင်တွေကို တရားအားထုတ်တဲ့အခါ ကိုယ့်ဘာသာဝင်စားနိုင်တယ် မဟုတ်လား။

ဦးဇင်း။ ဗုဒ္ဓဘာသာမှာ ရဟန်းတွေက ဈာန်ဆိုတာ ဝင်စားနိုင်ပါတယ်။ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဈာန် ဝင်စားနိုင်ပါတယ်။ ဒါ နိဝရဏငါးပါးကို နှိပ်ကွပ်ပြီးမှ ဖြစ်ပါတယ်။ နီဝရဏငါးပါးမှာ (၁) ကာမဂုဏ်မှီဝဲချင်စိတ်ရှိခြင်း၊ (၂) စိတ်ဆိုးခြင်း၊ (၃) ပင်ပန်းခြင်း၊ (၄) စိတ်မတည်ငြိမ်းခြင်းနဲ့ (၅) ယုံမှားသံသယ ရှိပါတယ်။ ဒီနီဝရဏငါးပါးကို နှိပ်ကွပ်ပြီး လက္ခဏာငါးချက်နဲ့ ပထမဈာန် အောင်ပါတယ် - (၁) အာရုံကို ကိုင်ခြင်း၊ (၂) အာရုံကို ခွဲခြားသိမြင်ခြင်း၊ (၃) စိတ်ချမ်းသာမှု၊ (၄) အေးဆေးတရားအားထုတ်နိုင်ခြင်းနဲ့ (၅) အာရုံတစ်ခုတည်းရှိတယ်ဆိုပြီး အာရုံတစ်ခုတည်းစိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီပထမဈာန်ကို စွန့်လွှတ်ပြီး အာရုံကို ကိုင်ခြင်းနဲ့ အာရုံကို ခွဲခြားသိမြင်ခြင်း လက္ခဏာနှစ်ချက်ကို စွန့်ရပါတယ်။ စွန့်ပြီး ဒုတိယဈာန်ရပါတယ်။ ပြီးတော့ စိတ်ချမ်းသာမှုလည်း စွန့်ပြီး တတိယဈာန်ရပါတယ်။ အဲဒီနောက်တော့ အေးဆေးတရားအားထုတ်နိုင်ခြင်းကိုလည်း စွန့်ပြီး အာရုံတစ်ခုတည်းရှိတယ်ဆိုပြီး အာရုံတစ်ခုတည်းစိုက်ခြင်းနှင့် ဥပေက္ခာ ဖြင့် စတုတ္တဈာန်ရပါတယ်။ စတုတ္ထဈာန်ရပြီး ဈာန် ပျံ လို့ရပါတယ်။ မြေ၊ ရေ၊ လေ၊ မီး ပြောင်းလဲပြီး တန်ခိုးဣဒ္ဓိအဖြစ်ပြုနိုင်ပါတယ်။ လေကို မြေလို့ သတ်မှတ်ပြီး ဈာန်ပျံနိုင်ပါတယ်။ မြေကို ရေလို့ သတ်မှတ်ပြီး မြေထဲ ဝင်လိုက်ပြီး ကြိုက်တဲ့နေရာမှာ ပြန်ပေါ်လို့ရပါတယ်။ ရေကို မြေလို့ သတ်မှတ်ပြီး ရေမျက်နှာပေါ် လမ်းလျှောက်နိုင်ပါတယ်။ နံရံ၊ တောင်စသည် လေလို့ သတ်မှတ်ပြီး နံရံ၊ တောင်တွေကို အကန့်အသတ်မရှိသလို ဖြတ်လို့ရပါတယ်။ အရင်ဘဝတွေကို မှတ်မိနိုင်ပါတယ်။ သူတပါးစိတ်ကိုသိနိုင်ပါတယ်။ ဒါ စတုတ္တဈာန်ကျော်ပြီး ကျင့်နိုင်မယ့် စိတ်အစွမ်းတွေပါ အဖေ။

အဖေတ~ ဟုတ် ကောင်းပါတယ်။ ဒါလူတွေ တော်တော်များများ ရနိုင်ကြတယ်။ မထူးဆန်းဘူး။

ဦးဇင်း~ စိတ်စွမ်း အနည်းငယ်လောက်ရနိုင်တဲ့သူတွေနှင့် မနှိုင်းယှဉ်ရဘူးအဖေ။ စိတ်စွမ်းအင်တွေကအမျိုးစုံ ရှိပါတယ်။ နီဝရဏငါးပါးကို မနှိပ်ကွပ်ဘဲ တစ်ချို့က အရင်ဘဝသိနိုင်တယ် သူတစ်ပါးစိတ်သိနိုင်တယ်။ ဒါပေမယ့် မှားတတ်တယ်။ ဒါအားလုံး ပထမဈာန်မရောက်ခင် အောင်ပါတယ်။ ငါပြောတာဟာ စတုတ္တဈာန်ကျော်ပြီး အောင်ထားတဲ့ စိတ်စွမ်းတွေပါ။

အဖေ~ ငါ့သားမှာလည်း လုပ်တတ်တာပေါ့နော်။

ဦးဇင်း~ သားမှာဒါမရှိပါဘူး။ ပထမဈာန်တောင် မရှိပါဘူး။ သားတို့ ရဟန်းတွေမှာ ဒီအစွမ်းတွေထက် ပိုစွမ်းတဲ့ ပိုမြင့်မြတ်တဲ့အစွမ်းတစ်မျိုးရအောင် ကျင့်ရပါတယ် အဖေ။ အဲဒီအစွမ်းနဲ့ ဒီအစွမ်းတွေနှိုင်းယှဉ်လျှင် ဒီအစွမ်းတွေ ကအပေါစား ဘာမှမထူးပါဘူး အဖေ။ အမြင့်မြတ်ဆုံး စိတ်စွမ်းက ဘယ်ဟာလဲဆိုတော့ ခုန ဈာန်တွေရတဲ့အခါ နီဝရဏငါးပါးကို နှိပ်ကွပ်ရတာပဲ။ မိန်းကလေးတစ်ယောက်နဲ့တွေ့ပြီး ကာမဂုဏ်မှီဝဲချင်စိတ်ပေါ်လာရင် အရင်က ပြောပြခဲ့တဲ့ အဲဒီစိတ်စွမ်းတွေအကုန် ပျောက်သွားတယ် မရှိတော့ဘူး။ စိတ်အညစ်အကြေးတွေ ပေါ်လာပြီး စိတ်စွမ်းအင်တွေ မရှိတော့ဘူး။ ဒါပေမယ့် ဦးဇင်းတို့မှာ အလွန် မြင့်မြတ်တဲ့ စွမ်းရည် ရှိပါတယ် - နိဗ္ဗာန်လို့ ခေါ်ပါတယ်။ နိဗ္ဗာန်အောင်မြင်ရင် နီဝရဏငါးပါး မပေါ်လာတော့ဘူး။ လုံးဝဖယ်လိုက်ပါတယ်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့အတိုင်း ဒါအမြင့်မြတ်ဆုံး အကြီးဆုံး စိတ်စွမ်းအင် ဖြစ်ပါတယ်။ ဒီထက်ပိုကြီးတဲ့ အောင်မြင်ခြင်းမရှိတော့ပါဘူး။

အဖေ~ ဈာန်တွေ လေးဆင့်ပဲ ရှိလား။

ဦးဇင်း~ ဈာန်တွေ ရှစ်ဆင့် ရှိပါတယ်။

အဖေ~ ကဲပြော။ ကျန်တဲ့ လေးဆင့် ပြောလေ။ ငါ ဖိနပ်တွေ ချွတ်ထားတယ်။

ဦးဇင်း~ ဟုတ်ကဲ့။ ပြောပါမယ်။ ငါးဆင့်မြောက်ဟာ အာကာသ(ကွက်လပ်)အကန့်အသတ်မရှိခြင်း။ ခြောက်ဆင့်မြောက်ဟာ ဝိညာဏ်အကန့်အသတ်မရှိခြင်း။ ခုနစ်ဆင့်မြောက်ကဘာမှမရှိခြင်းနဲ့ ရှစ်ဆင့်မြောက်က သညာ(သိမြင်နားလည်ခြင်း) ရှိမရှိမသဲကွဲနိုင်သောအဆင့်ဖြစ်ပါတယ်။

အဖေ~ အာကာသ(ကွက်လပ်) အကန့်အသတ်မရှိခြင်းနဲ့ ဘာမှမရှိခြင်း ဘာလို့ မတူရတာလဲ။

ဦးဇင်း~ ဒါကိုယ့်ဘာသာ အောင်မြင်မှ သိမယ် အဖေ။ ပြောပြနိုင်မယ့်ဟာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ အောင်ပြီး ကိုယ့်ဘာသာသိမယ်။ ငါမှာလည်း မရှိပါ။

အဖေ~ ဟုတ်။ ရတယ်လေ။ ဒါ မင်းက ငါးနှစ် ဆယ်နှစ်အတွင်း ဈာန် ၈ပါးလုံး ရမှာပေါ့လေ။ အန္တရာယ်ဘေးဒဏ်မဖြစ်ရင် ငါရှိမယ်။ နားထောင်မယ်။
ဦးဇင်း~ ငါလည်း ဒါ ရမယ်ဆိုရင်တောင် မပြောပြနိုင်ဘူးအဖေ။ အဖေက ရဟန်းဝတ်ပြီး ကိုယ့်ဘာသာ ကျင့်လိုက်ပါ။

အဖေ~ ငါရဟန်းမဝတ်ချင်ဘူး။ စာအုပ်တွေမှ ရူပဗေဒသီအိုရီဖတ်ရတာနဲ့ ပိုအဆင်ပြေပါတယ်။

ဦးဇင်း~ ရဟန်းအဖြစ်လည်း စာအုပ်တွေဖတ်လို့ ရပါတယ်။

အဖေ~ ဟုတ်တယ်။ ဒါပေမယ့် ငါ ကာမဂုဏ်တွေလည်း မစွန့်လွှတ်ချင်ဘူး။

ဦးဇင်း~ ရပါတယ်အဖေ။ အေးဆေးပဲ။ ကိစ္စမရှိပါဘူး။

အဖေ~ ကဲ သား နောက်အခါ ချက်ဇ်နိုင်ငံကို ဘယ်တော့ ပြန်ရောက်မလဲ။

ဦးဇင်း~ နောက်နှစ် ဖေဖော်ဝါရီ မတ်ခ်ျလ တွေ ခရီးထွက်ဖို့ စီစဉ်ထားပါတယ်။ ရဟန်းကို ပင့်ဖိတ်မှဘဲ ခရီးထွက်ရပါတယ်။ ပင့်ဖိတ်တယ်ဆိုတာ လေယာဉ်လက်မှတ်နဲ့ တခြားလိုအပ်တာအကုန် လှူဒါန်းပေးဖို့ ဆုံးဖြတ်တဲ့ ဒကာ၊ ဒကာမတွေ ရှိရင်ပဲ ဖြစ်ပါတယ်။

အဖေ~ သြော်ရပါတယ်။ ငါလည်း ဆင်းရဲပေမယ့် နောက်နှစ်ရောက်တဲ့အထိ ပိုက်ဆံတွေစုလိုက်ဦးမယ်။ မင်းကို ငါ နောက်နှစ် ပင့်လိုက်မယ်။ ဘယ်လောက် ကျမလဲ။

ဦးဇင်း~ မသိဘူး အဖေ။ ဒကာ၊ ဒကာမတွေ စီစဉ်ပြီး အီးမေးလ်ဖြင့် လေယာဉ်လက်မှတ်ကိုပဲ ပို့ကြတယ် အဖေ။ ညီမဆီ မေးလိုက်ပါ၊ ဒီတစ်ခေါက်မှာ သူပင့်ဖိတ်ပါတယ်။

အဖေ။ နှစ်နှစ်လောက်က မင်းလွှတ်လိုက်တဲ့ မိန်းကလေးလာတယ်။ ဗုဒ္ဓဆင်းတုတော်ယူလာတယ်။ မင်းလိပ်စာလည်း ပေးတယ်။ ဒါပေမယ့်ဘယ်ထားလိုက်မိလဲမသိတော့ဘူး။ မင်းက ဒီ (နဂါးရုံ)ဆင်းတုတော်ကို ရှင်းပြမယ်တဲ့။

ဦးဇင်း~ ဟုတ်တယ် အဖေ။ ဒါ အဖေအတွက် ဆိုင်မှာ ရွေးပြီး သူကတစ်ဆင့် ပို့ထားပါတယ်။ ဒါ နဂါးရုံဆင်းတုတော်။ မြတ်စွာဘုရားဟာ ဘုရားဖြစ်ပြီး မိုးရွာတဲ့တစ်နေ့နဂါးမင်းကြီးက သူ့အမြီးကို ခုနစ်ကြိမ်ရစ်ပြီး မြတ်စွာဘုရားအတွက် ပလ္လင်ပြုလုပ်ပေးပါတယ်။ သူ့ပါးပြင်းထောင်လိုက်ပြီး မြတ်စွာဘုရားကိုမိုးရေမှ ကာကွယ်ပါတယ် အဖေ။

(ဦးဇင်းအဲဒီညမှာ ဦးလေးအိမ်မှာ အိပ်မလို့ အစီအစဉ်ရှိပါတယ်။ ဦးလေးလာပြီး ဦးလေးအိမ်သွားရပါတယ်။ ဦးဇင်းအဖေ တိုက်ခန်းမှာ နေလို့ ရဟန်းတို့ ဝိနည်းနဲ့ အိပ်လို့ မသင့်ပါဘူး။ တိုက်ရဲ့ ခေါင်မိုးအောက်တွင် အမျိုးသမီး ရှိရင် ညမှာ တစ်ပြိုင်နက် လဲလျောက်ရင် အာပတ်သင့်ပါတယ်။ ဒါကြောင့် ဦးဇင်းက တိုက်ခန်းမှာ အိပ်ရရင် တစ်ညလုံး မလဲလျောင်းပဲ နေရပါတယ်။ ဦးလေးအိမ်မှာ သက်သက် ကားရုံရှိတယ် အဲဒီမှာ ဦးလေးက ဝိနည်းနဲ့အညီ အိပ်ရာ စီစဉ်ပေးပါတယ်။)

နောက်တစ်ရက်မှာ ဦးဇင်းက အိုင်ဒီကဒ် (နိုင်ငံသားလက်မှတ်) နဲ့ ပတ်စ်ပို့ အသစ်တွေကို မြို့တော်ခန်းမမှာ လာယူတဲ့အခါ အဖေလည်း လာပါတယ်။ အိုင်ဒီကဒ်အဟောင်းက အဖေဆီမှာရှိပါတယ်။ အဲဒီအချိန်မှာ ဦးဇင်းက ပရာဟာ (Pragueမြို့တော်) နဲ့ လိဘယ်ရက်စ် (Liberec)မြို့မှာ တရားဟောရမယ်ဆိုတော့ သူလည်း လိုက်ချင်ပါတယ်။

နောက်ရက်မှာ ပရာဟာကို အဖေက ပင်ပင်ပန်းပန်း မီးရထားနဲ့ ခရီးထွက်ပြီး ဦးဇင်းရဲ့ တရားပွဲမှာ လာနားထောင်ပါတယ်။ နောက်ထပ်တစ်ရက်မှာလည်း လိဘယ်ရက်စ်ကို အဖေက တစ်ရက်လုံး ခက်ခက်ခဲခဲနဲ့ ခရီးထွက်ပြီး ဦးဇင်းရဲ့ တရားပွဲမှာ လာနားထောင်ပါတယ်။ အဲဒီနောက်ရက်မှာတော့ ဦးဇင်း ဆွီဒင်နိုင်ငံသွားရမယ့်ရက်ပါ။ လေဆိပ်ကို အဖေလာနှုတ်ဆက်ပါတယ် ကူညီလည်း ပေးပါတယ်။ နောက်အခါချက်ဇ်နိုင်ငံကို ပင့်ဖိတ်မယ်လို့ ပြောပြီး နှုတ်ဆက်လိုက်ပါတယ်။

ဦးဇင်းရဲ့ အဖေကို မဂ်ဖိုလ်လမ်းပြဖို့ အကောင်းဆုံး အခွင့်အရေးရသွားပါပြီ။

စာကို ပိုချောအောင်ပြင်ထားခဲ့တဲ့ Ei Ei Thike နဲ့ ဆု ရည် မွန် တွေကို ကျေးဇူးတင်ပါတယ်။

#သာသနာပြုခရီ #အဖေနဲ့တွေ့ဆုံခြင်း #ဆယ်နှစ်ကြာမှအဖေနဲ့တွေ့ခြင်း
Ashin Sarana

အလုပ်သမား အငြင်းပွားမှု ဥပဒေကြမ်းပါ အချက် ၂ ချက်ပြင်ပေးဖို့ တောင်းဆို

အထည်ချုပ်လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် ကိုတွေ့ရစဉ်။ Photo: Thant Zin Oo/RFA
အလုပ်သမားဝန်ကြီးဌာနကနေ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို မနေ့က တင်ပြလိုက်တဲ့ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ မူကြမ်းမှာ ပါဝင်တဲ့ အချက်၂ ချက်ကို ပြင်ဆင်ပေးဖို့ အလုပ်ရှင်တွေက တောင်းဆိုထားတယ်လို့ အထည်ချုပ် လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှာ ပြုလုပ်တဲ့ အလုပ်သမား ဥပဒေများ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲမှာ အလုပ်ရှင်တွေဘက်က ပြင်ဆင်ပေး ဖို့ တောင်းဆိုထားတဲ့ အချက် ၂ ချက်နဲ့ပတ်သက်ပြီး ဒေါ်ခိုင်ခိုင်နွယ်က အခုလိုပြောတာပါ။

"ဥပဒေကြမ်းထဲမှာ အလုပ်ရှင်များကို ထောင်ဒဏ်လို့ချထားတာရှိပါတယ်၊ အလုပ်ရှင်တွေအနေနဲ့ ဒီဟာကို ပယ်ဖျက်ဖို့အတွက် တောင်းဆိုထားတာရှိပါတယ်"

ဒါ့အပြင် လက်ရှိဥပဒေကြမ်းဟာလည်း အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရ သုံးပွင့်ဆိုင်ဆွေးနွေးရေးဆွဲထားတာ မဟုတ်လို့ အစိုးရအနေနဲ့ လွှတ်တော် ကော်မရှင်ကို တင်ပြရုံပဲ တင်ပြလို့ရတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် ကပြောပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်ကတော့ စက်ရုံအလုပ်ရုံတွေပိတ်သွား ရင် အဲဒီစက်ရုံပိုင်ရှင်တွေက အခြားအလုပ်ပြောင်းလုပ်လို့ရလို့ အခက်အခဲမရှိနိုင်ပေမယ့် အလုပ်သမားတွေ မှာတော့ အခက်အခဲဖြစ်နိုင်တာကြောင့် ဥပဒေတွေရေးဆွဲတဲ့အခါ နှစ်ဦးနှစ်ဖက်မျှတအောင်ကြည့်ပြီးမှ ဆွဲဖို့လိုတယ်လို့ အကြံပြုပါတယ်။

၂ဝ၁၆ ခုနှစ်ထဲမှာ တစ်နိုင်ငံလုံး အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုကြောင့် ခုံသမာဓိကောင်စီမှာဖြေရှင်းပေး ခဲ့ရတဲ့အမှု ၁၂၃၈ ခုရှိကာ ၂၀၁၇ ခုနှစ် မတ်အလအထိလည်း အမှုပေါင်း ၃ဝ၅ ခုရောက်လာခဲ့ပါတယ်၊ အဲဒီအ မှုတွေထဲမှာ ခုံသမာဓိကောင်စီမှာပြေလည်မှုမရလို့ နောက်ဆုံးအဆင့်ခုံကောင်စီကို ၄၈မှု ရောက်ခဲ့တယ်လို့ အလုပ်သမား ညွှန်ကြားရေးမှူးဦးစီးဌာန စာရင်းဇယားတွေအရ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

BGF တပ်ဖွဲ့ ဖမ်းထားသည့် ရွာသားများကို အမြန်ဆုံးပြန်လွတ်ပေးရန် မိသားစုဝင်များလိုလား



မေလ ၃၁ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကြီးအုပ်ကျေးရွာအုပ်စု ကရင်လိုင်ကျေးရွာ ဒါလီသစ်တောကြိုးဝိုင်းတွင် မေလ ၂၃ ရက် နေ့က ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) အမှတ် ၁၀၂၁ တပ်ရင်း၏ ဖမ်းဆီးခြင်းခံရပြီး ပြန်လည်လွတ် မြောက် လာခြင်းမရှိသေးသည့် ကရင်လိုင်ကျေးရွာသား ဒေသခံ ၂ ဦးအား အမြန်ဆုံးပြန်လွတ်ပေးရန် မိသားစုဝင်များက လို လား လျှက်ရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ကရင်လိုင်ကျေးရွာသား ဦးတင်ထွန်လေး၏ ဇနီးဖြစ်သူ နော်ဖလေးဝါးက “ဘာအကြောင်း ကိစ္စမှန်းမသိ ဖမ်းထားတာ ရက်ကြာလာတော့ ဘယ်လိုနေ ဘယ်လိုစားရမှန်းမသိ စိတ်ပူတယ်။ ဘယ်သူမှ အကြောင်းမကြားလာတော့ အရမ်းသွားတွေ့မရဲဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတာပါ။ ယောက်ျားလဲမရှိတော့ ကလေးတွေလည်းကျောင်းမအပ်နိုင် သေးဘူး။ စာဝတ်နေရေးလည်း အခက်အခဲရှိတယ်။ အမြန်ဆုံးပြန်လွတ်ပေးဖို့ အထက်လူကြီတွေကို တောင်းဆိုချင်ပါ တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဒါလီသစ်တောကြိုးဝိုင်းအတွင်း ရာဘာစိုက်ပျိုးရန် ခုတ်ထွင်ရှင်းလင်းမှုများပြုလုပ်နေသည့် က ရင်လိုင်ကျေးရွာသား ၄ ဦးကို နယ်ခြားစောင့်တပ် BGF အမှတ် ၁၀၂၁ တပ်ရင်းမှ တပ်ဖွဲ့ဝင် အင်အား ၂၀ ကျော် ရောက်ရှိ လာပြီး အဆိုပါ ဒေသခံများအား လက်ထိပ်ခတ်ကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခံ မိသားစုဝင်များဘက်က ပြောသည်။

နယ်ခြားစောင့်တပ်၏ ဖမ်းဆီးခြင်းခံထားရသူ ၄ ဦးအနက် ၂ ဦးသာ ပြန်လည်လွတ်မြောက်လာသေးပြီး ဆက်လက်ဖမ်း ဆီး ခံထားရဆဲဖြစ်သည့် ကရင်လိုင်ရွာမှ စောတင်ထွန်းလေးနှင့် ဦးတရုတ်တို့ ၂ ဦးအတွက် မိသားစု ၀င်များအနေဖြင့် ၎င်းတို့ အား အမြန်ဆုံးပြန်လွတ်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

ဒေသခံများ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ BGF အမှတ် ၁၀၂၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောဘီလူးက “ BGF မဖြစ်ခင်က တည်းက ထိန်းသိမ်းခဲ့တဲ့ မြေနေရာမှာ လာပြီးလုပ်လို့ ခေါ်ပြီးတော့ နားလည်အောင်ရှင်းပြတာပဲ ဖမ်းဆီးတာ မဟုတ်ဘူး။ အဲ ဒီမှာရှိတဲ့ ရွာတိုင်းကို ပေးစိုက်ထားတာ သူများတွေ ရာဘာခြစ်စားကုန်ပြီး။ အဲဒီရွာကပဲ စိုက်လိုက်၊ ရောင်း စားလိုက်နဲ့၊ မ ထိန်းသိမ်းပဲ သူများရောင်းစားလို့ ကုန်တာကြာပြီး။ အဲနေရာ တစ်ကွက်ပဲ ကျန်ပါတယ်။ ကျေးရွာ တာဝန်ရှိသူ တွေအနေနဲ့ လာပြီးတွေ့ဆုံတာ မရှိဘူး ။ အချိန်မရွေး ပြန်လွတ်လို့ရတယ်” ဟု မေလ ၃၀ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ယင်းဒါလီကြိုးဝိုင်းအတွင်း ရွာသားများ သစ်ပင်သွားရောက်စိုက်ပျိုးသည့် မြေနေရာကို အစိုးရက တရားဝင်ချထားပေးသည့် မြေဧရိယာအတွင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသလို BGF ဘက်ကလည်း ၂၀၁၂ ခုနှစ်အတွင်းက တပ်မြေ အဖြစ် သတ်မှတ်ထားသည့် မြေဧရိယာ ၆၀၀ အတွင်း ပါဝင်သည်ဟု ပြောဆိုသည့်အတွက် အငြင်းအပွား မြေနေ ရာများ ဖြစ်သည်ဟု သိရသည်။

၂၀၁၅ ခုနှစ် ဒါလီသစ်တောကြိုးဝိုင်းတွင် နိုင်ငံတော်မှ ဒေသခံ ၃၀ ဦးကို စိုက်ပျိုးမြေ ၈၆၄ ဧက စိုက်ပျိုးခွင့်ပေးခဲ့ခြင်းဖြစ် သည်ဟုသိရပြီး ဒေသခံများက ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီပင်များ စိုက်ပျိုးရန်အတွက် ယခင်လကတည်းက BGFမှ တား ဆီးမှုများပြုလုပ်ခဲ့သေးကြောင်းလည်း စိုပြည်စိမ်းလန်း မြန်မာတစ်ဝှမ်း ကြီးငယ် သစ်ပင် စိုက်ပျိုးရေးအဖွဲ့ ဥက္ကဌ စောဖုန်း နိုင်က ပြောသည်။

ယင်းကိစ္စအပေါ် ကျိုက်မရောမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူးဦးဆန်းဝင်းထွန်းက “ဒါလီသစ်တောကြိုးဝိုင်းမှာ ၁၆၊ ၂ဝ၊ ၂၁၊ ၂၃၊ အကွက်တွေမှာ ၂၀၁၄ ခုနှစ်က ရာဘာစိုက်ပျိုးဖို့ ဒေသခံ ၃၀ ဦး လျှောက်ထားတယ်။ ဧကပြည့်မီအောင် စိုက်ပျိုး ဖို့ ညွှန်ကြားထားတယ်။ ၈ဝ၅ ဧကတောင်းခံထားတာ ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ ၃.၂၅ ဧကပဲ စိုက်ထားတယ်။ ၇၀ ရာ ခိုင်နှုန်းမပြည့်လို့ စာချုပ်မချုပ်ပေးသေးဘူး။ BGFရဲ့ တိုက်ရိုက်စိုးမိုးမှု ဧရိယာ နယ်မြေတော့မသိဘူး ။ ရွာရဲ့အနေအထားနဲ့ အဖွဲ့အစည်းရဲ့အနေထား မပြောနိုင်သေးဘူး” ဟု မေလ ၃၁ ရက်နေ့တွင် ကေအိုင်စီသို့ပြောသည်။

ဒါလီသစ်တောကြိုးဝိုင်း ဧရိယာအတွင်း ဖြစ်ပွားသည့် ကိစ္စနှင့်ပတ်သက်၍ မွန်ဒေသမြေယာ အသုံးချမှု ကွန်ယက်အဖွဲ့မှ မေလ ၂၉ ရက်နေ့က မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံသို့ စာရေးတင်ပြထားကြောင်း လည်း သိရသည်။

 ကေအိုင်စီ
http://kicnews.org

Tuesday, May 30, 2017

နာမည်ကြီး``ကျွန်´´ရုပ်ရှင်ထဲက၇အိမ်တန်းဆိုတာ


နာမည်ကြီး``ကျွန်´´ရုပ်ရှင်ထဲက၇အိမ်တန်းဆိုတာ
**********************************
``ပခုက္ကူနားက/ရွာကလေလို့ပြောလိုက်တော့´´ ရုပ်ရှင်ရုံထဲမှာ
၇အိမ်တန်းဆိုတာဘာလဲမသိကြတဲ့ ပခုက္ကူသူပခုက္ကူသားတွေ
ဟာကနဲဟင်ကနဲ အံ့သြသွားကြလေရဲ့။တစ်ချို့ဆို ``ကျွန် ဇာတ်ကား
ကြည့်ပီးတော့ Lineပေါ်မှာ ပခုက္ကူသားအချို့သောင်းကျန်းကြလေရဲ့
ဒါသက်သက်မြို့ကိုသိက္ခာချတာ ဘယ့်နှယ့်မရှိပဲနဲ့ ကွာ. .တောက်စ်?
အဲ့ချိန်မှာ အကုန်ပတ်ရမ်းပါလေရော့ ဒါရိုက်တာ စာရေးဆရာပါမကျန်
ငါပခုက္ကူမှာနေလာတာ အသက်၂၀ကျော်ပီ အာမခံတယ်မရှိဘူး
အဲ့ရွာက ပခုက္ကူမှာမရှိဘူး ပုဂံနားမှာရှိတာ တစ်ယောက်ကလဲ ကျောက်ပန်းတောင်းနားစသဖြင့်ပေါ့ပြောကြဆိုကြတယ်။အဲ့ချိန်မှာကျွန်တော့စိတ်ထဲတွေးမိတယ် သူတို့ကမြို့မှာနေပီး
မြို့ရဲ့အရာတစ်ချို့ကိုစိတ်မဝင်စားကြတာပဲ ဆိုပီး တွေးမိလေရဲ့
ကဲထားတော့ရှေ့ထက်ဆက်မယ်
၇အိမ်တန်းဆိုတာ ပခုက္ကူမြို့ ဆင်ပေါက်လှဘက်မှာရှိတယ်
ကားကွင်းနဲ့နီးတယ်. . . .ပြောရမယ်ဆိုရင်ဆင်ပေါက်လှတံတား။ရဲ့
ညာဘက်လမ်းကျဉ်းလေးတိုင်း ၃မိနစ်ခန့်စီးပီး ထနောင်းပင်တစ်ပင်
တွေ့တဲ့ခါ ဘယ်ဘက်က်ုချိုးလိုက်ပါပီးရင်လမ်းတစ်ဖြတ်ကျညာက်ု
ထပ်ချိုးလိုက်ပါ ဓမ္မာရုံက်ုအရင်ဆုံးတွေ့ရလိမ့်မယ်အဲ့ဒါ၇အိမ်တန်းပဲဗျို့။
နောက်တစ်ချက်က ဥပမာအနေနဲ့ ``ကျွန်´´ဇာတ်လမ်းထဲမှာ ဝတ်မှုံရွှေရည်ရဲ့အမေ အနာကြီးရောဂါသည်
ပုံစံမျိုးဟာ အပြင်မှာ မဟုတ်တော့ဘူးဆိုတာ
သိစေချင်ပါတယ်။ဇာတ်သရုပ်ကိုပီပြင်ဖို့ မိတ်ကပ်ပညာနဲ့
အနာကြီးရောဂါ အနာတွေကို ဆိုရွဲနေပီး အဖတ်တွေပါမစ ထည့်ထားတာလေး အားလုံးတွေ့ကြမယ်ထင်ပါတယ်။
တစ်ချို့သောနားမလည်တဲ့သူတွေရဲ့စိတ်ထဲ အပြင်မှာလဲအဲ့လိုပဲလား
ဆိုပီးထင်ကြမှာဆိုးလို့ပါ။ဆေးပညာတွေခောတ်မှီလာတဲ့နောက်ပိုင်းမှာ
MDTလို့ခေါ်တဲ့ပိုးသတ်ဆေးတစ်မျိုးကြောင့်အခုဆိုအားလုံးပျောက်ကင်းကုန်ကြပီဖြစ်သလိုထပ်ပီးဖြစ်ပွားတာမျိုးကူးစပ်တာမျိုးတွေမရှိ
အောင်ထိန်းချုပ်နိုင်ခဲ့ပါပီ။ဇာတ်လမ်းကိုအနုပညာအနေနဲ့ကြည့်ကြဖို့တိုက်တွန်း
ချင်ပါတယ်။ကျွန်ဇာတ်ကားဟာတကယ်ကောင်းပါတယ်။
လူထဲကလူပါပဲ ဆိုတဲ့ Messageကိုအကြိုက်ဆုံးပဲ။
အပြင်မှာလဲ ခွဲခြားဆက်ဆံတာမျိုးတွေလက်တွေ့ရှိနေဆဲပါ။
အမှန်ကကျွန်တော်တို့အားလုံးဟာ လက်တွဲခေါ်ကြရမှာဖြစ်သလို
အားငယ်သူတွေကို စဉ်ဆက်မပြတ်အားပေးကြရမှာပါ။
ဘယ်လိုလူမျိုးပဲဖြစ်ပါစေ အားလုံးဟာ တန်းတူညီမျှ
ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်တဲ့လူထဲကလူတွေပါပဲ။
ပိုက်ဆံမရှိပေမယ့် စိတ်ဓါတ် ကောင်းတွေရှိကြလို့ဘဝက်ုသမာအာဇီ
ဝကျကျဖြတ်သန်းလို့သူတို့ဟာအဆင့်တန်းရှိသူတွေပါပဲ။
အနာကြီးရောဂါ စောင့်ရှောက်ရေးဂေဟာ ၇အိမ်တန်းရှိလို့
ပခုက္ကူသားဖြစ်တဲ့ကျွန်တော်တို့အားလုံး မျက်နှာငယ်ရမှာမဟုတ်ပါဘူး
တကယ်တော့ မြို့အတွက်ကျေနပ်စရာပီတိဖြစ်စရာပါပဲ
တစ်ခြားသောမြို့တွေမှာ ဒါမျိုးစောင့်ရှောက်ပေးတဲ့ဂေဟာတွေ
မရှိကြသလို လက်ချိုးရေလို့ရပါတယ်။
ပခုက္ကူမှာနေပီး ၇အိမ်တန်းဘာဆိုတာမသိကြသေးသူတွေအတွက်
ကျွန်တော် ၂၀၁၆ မတ်လ ၂၇ရက်နေ့က သွားရောက်ပီးလှူတုန်းမှာ
ရေးသားဖော်ပြပီးအလှူခံခဲ့တဲ့၇အိမ်တန်းအကြောင်းအသေးစိတ်ရေးထားတာလေးအောက်မှာထပ်ပီးတင်ပေးလိုက်ရပါတယ်။ မသိရှိကြသေးတဲ့သူတွေကိုယ့်မြို့ဘယ်နေရာဘာရှိတယ်ဆိုတာ ဒီမြေမှာမွေးဒီရေသောက်ဒီလေခံပီးကိုယ်မြို့ကိုစိတ်ဝင်တစားရှိကြဖို့ရာ ပြန်လည်တင်ပြပေးလိုက်ရပါတယ်
ပခုက္ကူသူသားမှန်ရင်၇အိမ်တန်းဆိုတာသိနေရမယ်
ဘာလို့လဲဆိုတော့ ဂေဟာကိုစောင့်ရှောက်တဲ့သူတွေနဲ့
လက်ရှိချိန်ထိလှူနေကြတဲ့သူတွေကို အားနာမိလို့ပါပဲ။
##################################
2016 Mar 27ကရေးခဲ့တဲ့၇အိမ်တန်းအကြောင်း👇👇👇
အလှူရှင်အချို့နဲ့ လိုအပ်ချက်များရှိနေသေးတဲ့ ၇အိမ်တန်းအကြောင်း
************************************************
အလှူရှင်အရောက်အပေါက်နည်းတဲ့ ၇အိမ်တန်း....
လိုအပ်ချက်တွေရှိနေသေးတဲ့မပြည့်စုံမှုကြားက ၇အိမ်တန်း
လောကဓံနဲ့ လူ့အသိုက်အဝန်းကြား သီးသန့်ကမ္ဘာတစ်ခုအနေနဲ့
မရှိဆင်းရဲ့ချို့တဲ့အနာကြီးရောဂါသည်များနေထိုင်တဲ့ ၇အိမ်တန်း
သူတို့ရဲ့ဘဝတွေ သူတို့ရဲ့မျှော်လင့်ချက်တွေ
သူတို့ရဲ့စိတ်ကူး အိမ်မက်တွေ အနာဂါတ်ရဲ့ လှပတဲ့ပန်းချီကားတစ်ချက်အနေနဲ့ရှိနေချင်တဲ့သူတို့ရဲ့ဆန္ဒ
ဒီအကြောင်းအရာတွေကို ပခုက္ကူမြို့သူမြို့သားအားလုံး
သိစေရန်ရည်ရွယ်၍် ခုလိုရေးသားတင်ပြပေးလိုက်ရပါတယ်.

မြို့ပေါ်မှဝန်းရံသူများဖြစ်ကြသော
တိလောကကျောင်းမှဆရာတော်ဦးပညာဝံသ
အာယုသုခဆရာတော်ဦးပညာဇောတနှင့်
မြို့ပေါ်မှပရဟိတအသင်းများနှင့်အလှူရှင်တစ်ချို့သာဝန်းရံပီး
ကူညီစောင့်ရှောက်မှုရှိနေပါသေးတယ်။

ဘဝဇာတ်ခုံကြားက ခုနှစ်အိမ်တန်း
#################
၇အိမ်တန်းဆိုတစ်ချိန်တုန်းက ပခုက္ကူမြို့နယ်တစ်ဝှိုက်က
ပေါက်မြို့၊ရေစကြိုမြို့၊မြိုင်မြို့နယ်အစရှိတဲ့မြို့တွေမှာရှိကြတဲ့။
အနာကြီးရောဂါသည်တွေကိုစုပေါင်းပီး ပထမဆုံးအနေနဲ့။
လက်ရှိမျက်မမြင်ကျောင်းနေရာမှာ ဆေးကုရိပ်သာအဖြစ်နဲ့
စတင်ပီးတည်ထောင်ခဲ့တာပါ။ထိုစဉ်အခါကတော့ရောဂါသည်စုစုပေါင်း
(၇၅)ဦးရှိခဲ့ပါတယ်
1979ခုနှစ်နောက်ပိုင်းနေရာသစ်သို့ပြောင်းလဲလိုက်တဲ့အခါမှာတော့
စုစုပေါင်းယခင်လူနာဦးရေ (၄၅)ဦးခန့်သာကျန်ရှိပါတော့တယ်။။။။
ထို့နောက်ခောတ်မှီဆေးများအား NGOနှင့်အခြားသောအဖွဲ့အစည်းများ
ရဲ့ပံ့ပိုးမှုကြောင့်ဝေဒနာရှင်အချို့ရောဂါဆက်လက်ပြန့်ပွားမှုမရှိအောင်။
ခောတ်မှီဆေးဖြစ်တဲ့(MDT)ပိုးသက်ဆေးကြောင့်ရောဂါပျောက်ကင်း
အောင်မကူးစပ်အောင်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ယခုအခါမှာတော့ တစ်ချိန်က ဝေဒနာသည်(ရောဂါပျောက်ကင်း)သူ (၁၁)ဦးခန့်သာကျန်ရှိနေပါတော့တယ်။
သူတို့ရဲ့ဘဝတွေဟာ စိန်ခေါ်မှုတွေနဲ့ကြုံတွေ့နေရပါတယ်။
ပခုက္ကူမှာရှိကြတဲ့မြို့သူမြို့သားတွေကို ၇အိမ်တန်းနဲ့ပက်သက်ပီး
အချက်အလက်များစုစည်းမေးမြန်းပီး Listထုတ်ကြည့်ရာမှာတော့
မေးမြန်းကြည့်တဲ့လူ10ဦးမှာ7ဦးလောက်သာသိပါတယ်။
ဒါတောင်ကျန်တဲ့3ဦးမှာသိပင်သိငြားသော်လည်းပဲဘာမှန်းသိပ်ပီးသေချာမသ်ကြတဲ့ဇဝေဇဝါသမားတွေပါပဲ။
ကျွန်တော်တို့သိထားရမယ် ကျွန်တော်တို့
မြို့မှာဒီရပ်ကွက်လေးရှိနေသေးတယ်ဆိုတာ
ကျွန်တော်တို့သိထားရမယ် ဘယ်လိုကူညီထောက်ပံ့ရမလဲဆိုတာ။
ကျွန်တော်တို့မြို့ကိုကျွန်တော်တို့ မြို့သားတွေပဲဝန်းရံကြရမယ်။
သူတို့ဟာလဲ လူသားထဲက လူသားတွေပါပဲ

မလိုအပ်တဲ့နေရာတွေမှာ ပိုလျှံနေသလောက်တကယ်လိုအပ်တဲ့
နေရာတွေမှာမပိုမလျှံဖြစ်ပီးလိုအပ်ချက်ရှိနေတယ်ဆိုတာကိုလေ့လာပီး။
အလိုအပ်ဆုံးနေရာတွေကို ကျွန်တော်တို့ဝန်းရံကြရမယ်။

ကျွန်တော်တို့တွေမြို့ထဲကအခြေနေတွေကိုပဲလေ့လာနေကြတယ်
ပတ်ဝန်းကျင်နဲ့ လျစ်လျူရှုခံနေရာတွေကို ပစ်ထားကြတယ်။။။။။
ကျွန်တော်တို့မြို့ကိုယ်ကျွန်တော်တို့ ထာဝရဝန်းရံကြရမယ်။
မြို့သူမြို့သားတွေသိရှိနိုင်အောင်နဲ့ အနာကြီးရောဂါ(၁၁)ဦးအတွက်
ထိရောက်တဲ့အလှူရှင်ပေါ်ပေါက်အောင် သင့်ရဲ့Shareတစ်ချက်ဖြင့်
လူအများအားမျှဝေပေးပါရန်အကျိုးမြော်ပီးတိုက်တွန်းလိုက်ပါရစေ။

အလှူရှင်တစ်ချို့တွေနဲ့ မြို့ပေါ်ကပိုက်ဆံရှိ အသိုင်းဝိုင်းကလူတွေကိုလဲထို ၇အိမ်တန်းလေးအား
ဝန်းရံပေးကြပါလို့တောင်းဆိုရင်း။ လမ်းညွှန်မှုပြုလိုက်ရပါတယ်

လှူတန်းထောက်ပံ့မှုပြုလိုပါက
ဦးကျော်အောင်(တာဝန်ခံ)>>09401511835
ထူးထူး (ဝန်းရံသူ) >>09776899313
သို့ဆက်သွယ်၍မေးမြန်းလှူဒါန်းနိုင်ပါတယ်ခင်ဗျာ။
နယ်မှလှူဒါန်းချင်သူများအတွက် လဲ ကူညီဆောင်ရွက်ပေးပါမည်။

မေတ္တာဖြင့်
HtooHtoo(Pku)
စီစဉ်တင်ဆက်>> Htoo Htoo
https://www.facebook.com/htoo.pku/posts/476309112708240












တိုက်ချင်းပစ် ဒုံးရန်ကာကွယ်ရေး ဒုံးခွင်းဒုံး ကန် စမ်းသပ် အောင်မြင်

အမေရိကန်က စမ်းသပ် ပစ်လွတ်လိုက်တဲ့ ဒုံးခွင်းဒုံး
တိုက်ချင်းပစ် ဒုံးရန်ကာကွယ်ရေးအတွက် ဒုံးခွင်းဒုံး ပထမဆုံးအကြိမ် စမ်းသပ်မှု အောင်မြင်တယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့က စမ်းသပ်မှုကို သီးခြားဒုံးကျည် ၂ ခု ပစ်လွှတ်ပြီး စမ်းသပ်ခဲ့တာပါ။ ပစိဖိတ် သမုဒ္ဒရာထဲမှာရှိတဲ့ ကျွန်းတခုကနေ တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးကျည်တခုကို တိုက်ခိုက်တဲ့ ပုံစံမျိုး ပစ်လွှတ်ခဲ့ပါတယ်။

ကာလီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ Vandenberg လေတပ်အခြေစိုက်စခန်းကနေ အဲဒီဒုံးကို ဖြိုခွင်းဖို့ ဒုတိယဒုံးကျည်ကို ပစ်လွှတ်ခဲ့တာမှာ လမ်းခုလတ်မှာတင် ပထမဒုံးကျည်ကို ကြားဖြတ် ဖျက်ဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပဲ့ထိန်းတပ် တိုက်ချင်းပစ် ဒုံးရန်ကို ကြားဖြတ် ဖြိုခွင်းနိုင်ခဲ့တာဟာ မယုံကြည်နိုင်လောက်တဲ့ အောင်မြင်မှုဖြစ်တယ် လို့ ဒုံးရန် ကာကွယ်ရေးအေဂျင်စီက ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Jim Syring က ပြောကြားခဲ့ပါတယ်။

တဖက်သေနတ်ကပစ်လိုက်တဲ့ ကျည်ကို နောက်ကျည်တခုနဲ့ ပစ်ချခဲ့တယ်ဆိုတာမျိုး ဒုံးခွင်းဒုံး စမ်းသပ်မှုကို ပင်တဂွန် စစ်ဌာနချုပ် တာဝန်ရှိသူတွေက နှိုင်းယှဉ် ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားလို ရန်လိုနေတဲ့နိုင်ငံတွေက ပစ်လိုက်နိုင်တဲ့ ဒုံးကျည်ရန်ကို ကာကွယ်နိုင်ဖို့ အဲဒီဒုံးခွင်းဒုံးစနစ်ကို ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက တနင်္လာနေ့က နောက်ဆုံး ပစ်လွှတ်ခဲ့တဲ့ ပဲ့ထိန်းတပ်ဒုံး စမ်းသပ်မှု အောင်မြင်တယ်လို့ အင်္ဂါနေ့ အစောပိုင်းမှာပဲ ကြေညာခဲ့တာပါ။ တာတို ပဲ့ထိန်းဒုံးဖြစ်ပုံရတဲ့ ဒုံးကျည်တခု လေထဲမှာ ၆ မိနစ်လောက်သွားခဲ့ပြီး ဂျပန်ရေပိုင်နက်ထဲကို ကျသွားခဲ့တယ်လို့ အမေရိကန်စစ်တပ် ပစိဖိတ် ဒေသကွပ်ကဲရေးဌာနက ပြောကြားခဲ့ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com

အိမ်ဖြူတော် ပြန်ကြားရေး အကြီးအကဲ ရာထူးက နုတ်ထွက်

မှတ်တမ်းပုံ - အိမ်ဖြူတော် ပြန်ကြားရေး အကြီးအကဲ Mike Dubke။ ဧပြီလ ၂၀ ရက် ၂၀၁၇။
အိမ်ဖြူတော် ပြန်ကြားရေး အကြီးအကဲ Mike Dubke တာဝန်ကနေ နုတ်ထွက်သွားပါပြီ။ သမ္မတ Donald Trump ရဲ့ အနီးကပ် အကြံပေးတွေနဲ့ ရုရှားကြား အဆက်အသွယ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ အပေါ် အိမ်ဖြူတော်ရဲ့တုံ့ပြန်မှုကို ထိန်းချုပ်ဖို့ သမ္မတက ကြိုးစားနေတာနဲ့ အတူ သမ္မတ Trump ရဲ့အကြီးတန်း အရာရှိတချို့ ကြား ရှိလာနိုင်တဲ့ အပြောင်းအလဲ တွေရဲ့အစလို့ မြင်နိုင်ပါတယ်။

Republican အတိုင်ပင်ခံ တယောက်ဖြစ်တဲ့ Mike Dubke ဟာ အိမ်ဖြူတော် ပြန်ကြားရေး ညွှန်ကြားရေးမှူး တာဝန်ယူပြီး ၃ လအကြာမှာပဲ ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။ Mr. Dubke ဟာလွန်ခဲ့တဲ့ သီတင်း ၂ ပတ်ထဲက ထွက်စာ တင်ထားခဲ့တာ ဖြစ်ပြီး သမ္မတရဲ့ပထမဆုံး နိုင်ငံခြားခရီး ဖြစ်တဲ့ ဥရောပနဲ့ အရှေ့အလယ်ပိုင်း ဒေသခရီးစဉ်တွေ ပြီးတဲ့အထိ တာဝန်ဆက် ထမ်းပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို သမ္မတ Trump လက်ခံခဲ့တာ ဖြစ်ပါတယ်။

သူ့နေရာမှာ အစားထိုးမယ့်သူ ရှိလာတဲ့အထိ Mike Dubke က အိမ်ဖြူတော် ပြန်ကြားရေး ညွှန်ကြားရေးမှူး တာဝန်ကို ယူထားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ Trump အစိုးရအပေါ် အမေရိကန် မဲဆန္ဒရှင်တွေရဲ့ အမြင် ပိုပြီး ကောင်းမွန်စေဖို့ ရည်ရွယ်ချက်နဲ့ အိမ်ဖြူတော် ထိပ်ပိုင်းတာဝန် တချို့အပြောင်းအလဲလုပ်ဖို့ သမ္မတ Trump က စဉ်းစားနေတယ်လို့ အမေရိကန် သတင်းမီဒီယာတွေက သတင်းထုတ်ပြန် နေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကျွန်ဇာတ်ကားသွားကြည့်တယ်။


ကျွန်ဇာတ်ကားသွားကြည့်တယ်။

ဇာတ်ကားမှာ ဇာတ်ဆောင် ၉ ယောက်ပါတယ်( ၂ နာရီကျော် ဇာတ်ကားတကားကို လူ၉ ယောက်နဲ့ ဖွဲ့တာ အံ့သြစရာ။

၁။ နေတိုး (ပုဂံဟိုတယ်ပိုင်ရှင်၊ရန်ကုန်သား ဟုယူဆသည်)

၂။ မြင့်မြတ်( စာရေးဆရာ၊ ရန်ကုန်သား ဟုယူဆသည်)

၃။ စိုးမြတ်သူဇာ (မူးကြီးမတ်ရာအမျိုး၊ နေတိုးရဲ့အမေ၊ မျိုးရိုးခွဲခြားတတ်သူ၊ရန်ကုန်သူဟုယူဆသည်)

၎။ ရဲအောင် ( နေတိုးအဖေ၊ အလုပ်အကိုင်မသိ၊ရန်ကုန်သားဟုယူဆသည်)

၅။ ဇော်ဦး ( ဝတ်မှုံရွှေရည် ရဲ့မွေးစားဖခင်၊ ဆရာဝန်ကြီး၊ ရန်ကုန်သားဟုယူဆသည်)

-----------------------------------------------

၆။ ဝတ်မှုံရွှေရည် ( ညောင်ဦး၊မင်္ဂလာသာစည်ရွာ မွေး၊ ဘုရားကျွန် အနူမျိုး က ဆင်းသက်လာပြီး ဆရာဝန်ဇော်ဦးမွေးစားပြီး ကိုယ့်မိဘအရင်းကိုမသိတဲ့ ခရီးသွားလုပ်ငန်းပိုင်ရှင် )

၇။ ထူးမွန်၊ ( ဝတ်မှုံရွှေရည့်အမေ၊ မင်္ဂလာသာစည်သူ၊ဘုရားကျွန် အနူသည်၊ ပုဂံဒေသခံဟုယူဆသည်)

၈။ ဟိန်းမင်း ( အပါယ်ရတနာဘုရားမှာ တောင်းစားသောဘုရားကျွန်၊ ညောင်ဦး၊ မင်္ဂလာသာစည်ရွာသား ဟု ယူဆသည်)

၉။ သီရတီ ( ဟိန်းမင်း၏သမီး၊ ညောင်ဦး မင်္ဂလာသာစည်ရွာသူ၊ ဘုရားကျွန်၊ စိုးမြတ်သူဇာရဲ့ အိမ်ဖေါ် အဖြစ်မှ ဇာတ်နိမ့်လို့ နှင်ထုတ်ခံရပြီး ကျောက်ပန်းတောင်းလမ်းပေါ်က ထန်းလျက်ရောင်းတဲ့ "ဝိုင်း" လား "ပိုင်" ထန်းလျက်ဆိုင်လား မသိ... ထန်းတဲ မှာ အလုပ်လုပ်နေသူ)

သရုပ်ခွဲလိုက်တော့.....

ပုဂံဒေသ ကမဟုတ်သူ ၅ ဦး. လူချမ်းသာမျိုးရိုးသန့်များ ....

ကျန် ၄ ဦး က ဟိန်းမင်းစကားအရ ညောင်ဦးမင်္ဂလာသာစည်ရွာသူရွာသား ဒေသခံများ မနူသောဘုရားကျွန်နှင့်နူနေသောဘုရားကျွန်မျိုး...

စိုးမြတ်သူဇာ က သူ့သားနေတိုး ဘုရားကျွန်နဲ့ ကြိုက်လို့ စိတ်ဆင်းရဲပြီးသေတယ်။

ထူးမွန်က သူ့မျိုးရိုးက ဘုရားကျွန်မို့လို့ သူ့သမီးဒုက္ခရောက်တယ်ဆိုပြီး နတ်သမီးကမ်းပါးက ခုန်ချသေတယ်။

ဝတ်မှုံရွှေရည်က နေတိုးလိုက်လာတာ စိတ်နာပြီး စေတနာကြီးဘုရားပေါ်က ပြေးအဆင်း လိမ့်ကျသေတယ်။

မြင့်မြတ်က အမျိုး ကိုမမေ့ကောင်းဘူး လည်းပြောတယ်၊ ဘာညာ ဘာညာ ဘုရားကျွန်ဆိုတာ မြင့်မြတ်တယ် ဆိုပြီးလိုက်ဖာတယ်။

ဇာတ်လမ်းတခုလုံး လူ ၉ ဦးပဲပါပါတယ်။ဇာတ်လမ်းရဲ့ ၃ပုံ ၂ ပုံ က နေတိုး၊မြင့်မြတ်၊ဝတ်မှုံရွှေရည် တို့ ၁ နာရီခွဲခန့် ၃ ယောက်(သို့မဟုတ် )၂ ယောက် သရုပ်ဆောင်တယ် ဘယ်သူမှမပါဘူး။ ကျန်တာက အနူကိစ္စ၊ဘုရားကျွန်ကိစ္စ။

ဇာတ်အိမ် ဇီးရိုး၊ ဇာတ်လမ်း ဇီးရိုး။ ဒေသကကန့်ကွက်ဖို့တောင်ဒီလောက်ညံ့တဲ့ဇာတ်ကား ဘယ်လိုကန့်ကွက်ရမှန်းမသိ.. ဇာတ်ကားမကောင်း ဇာတ်အိမ်မခိုင်ပဲ သိက္ခာကျရတာ မတန်လိုက်တာ... တော်တော်သီးခံပြီးကြည့်ရပါတယ်။

နေတိုး ဆူးစူးခန်း ၄ ခါပြန်ပြတယ်။ ပုဂံ ဒရုန်းရှော့ တွေ ၄-၅ ခါပြန်ပြတယ်။ အနုပညာဖန်တီး ထုတ်လုပ်သူတွေ လူ့ဂုဏ်သိက္ခာ နဲ့ သံသယရဲ့ အကျိုးဆက်ကြောင့်အပြစ်မဲ့သူတွေနဲ့ ဒေသ ကို အထင်သေးခံရသွားတာထည့်မတွက်တတ်ကြသေး.. အခြေခံဒီမိုကရေစီစံ များနားမလည်သေး..

မြင့်မြတ်က ဘုရားကျွန်မြင့်မြတ်တယ်လို့ ဇာတ်ကို ပြန်ဖြေထုတ်ဖို့ကြိုးစားပေမဲ့ ဇာတ်လမ်းထဲမှာ ဘုရားကျွန်တွေဟာ နူ၊တောင်းစား၊နိမ့်ကျတယ်ဆိုပြီးအစေခံအဖြစ်တောင်မသုံးတဲ့ လူတွေအဖြစ်ဇာတ်အိမ်ဖွဲ့ထားတော့ ဘယ်လိုမှဖြေထုတ်လို့မရဘူး... ဆိုးတာက ပုဂံမှာ ဇာတ်အိမ်အခန့်တွေထောင်ချီရိုက်လို့ရတာ ဒီဘုရားကျွန် နဲ့အရည်ကြီး ပဲ ခလုပ်တိုက်တာ ပြဿနာ.. ကျွန်တော်တို့အတွက်တော့ ဇာတ်မကောင်းပဲ မြို့နာတာ မတန်ဘူး ... အီလည်လည်ကြီး..

မင်း ဆက်ပေါင်း၅၀ ကျော်စိုးစံသွားတဲ့မြို့မှာ မင်းမျိုးမင်းနွယ်တွေအကြောင်း ရိုက်စရာမရှိဘူးလား?

ကောင်းတာဘာပါလဲ? ဝတ်မှုံရွှေရည် လှတယ် အင်္ကျီလေးတွေလှတယ်၊ scene တချို့လှတယ်၊ ဒရုန်းရှော့တွေကောင်းတယ်၊ နေတိုး က ဘုရားကျွန်ဆိုတဲ့စကား မပြောဖြစ်အောင်သိသိသာသာ ရှောင်ပြောတာ သတိထားမိတယ်။

မကောင်းတာ သမိုင်းတွေမှားတယ်၊ အနုပညာ ကိုအနုပညာလို ပဲ ပေါ့ပေါ့လေး ခံစားပေးချင်ပေမဲ့ ကိုယ့်မြို့ ကို ကလော်ဆဲနေသလိုမျိုး ဆိုတော့ ရေးမိတယ်။ တခုခံသာတာက ဇာတ်ညံ့တော့ ပေးချင်တဲ့ message အဆုံးမရောက်ဘူး။မင်္ဂလာသာစည်ရွာလို့ ခပ်တိုတိုပြောထားတော့ နယ်ခံမဟုတ်ရင် ဘာမှန်းမသိနိုင်ဘူး။ ပြောရရင် ဘုရားကျွန်ဆိုတာ မျိုးရိုးညံ့တယ် ဆိုတာကလွဲလို့ ဇာတ်အရ ဘာတွေမှန်း မသိဖြစ်နေတယ်။

ဒီခေတ်မှာ ကလေးတွေက အနူလည်းမမြင်ဖူး၊ကျွန်အဓိပ္ပါယ်လည်းမသိတော့ အဲ့ဒါဘာရောဂါလဲ? ကျွန်ဆိုတာဘာလဲ? ဆိုတဲ့မေးခွန်း နဲ့ ပြီးနိုင်တာဆိုတော့ နည်းနည်းခံသာသေးတယ်၊ ကျွန်တော်တို့လို လူကြီးတွေကသာ ၁၉၆၈ အပယ်ရတနာ ဇာတ်ကားကပေးတဲ့ဒဏ်မပျောက်သေးတော့ ကေဝဋ်ပုဏ္ဏား လို နှဖူးအမာရွတ် မှန်ထဲမြင်ဆဲ မို့စိတ်ဆိုးကြတယ်။

ဒီလို ကားက အကယ်ဒမီမှန်းတယ်ဆိုတော့ စိတ်ဓါတ်တွေ တိုက်ချွတ်ဖို့ အကယ်ဒမီကြွေဂျီးချွတ်ဆေး ဝယ်ပို့ပေးသင့်တယ်.. ဒီကား ကို ဆုပေးရင်တော့ ဒီမိုကရေစီစံအပေါ် နိုင်ငံသားတွေ နားလည်မှု နောက်ပြန်လိမ့်တာပဲ...

ဒီလိုကားမျိုး ဆင်ဆာက လွတ်တယ် ဆိုတော့ ဆင်ဆာလူကြီး တွေရဲ့ ဒီမိုကရေစီအပေါ်နားလည်သဘောပေါက်မှု IQ, EQ level တွေကို ရင်လေးလှတယ်။

ကားရိုက်တဲ့သူတွေကကျွန်တော့်ကို negative ဘက်ကပဲ မြင်တယ်လို့ပြောကြတယ်... ခင်ဗျားတို့ ကျွန်တော်လို အဲ့ဒီမြို့မှာနေဖူးရင်ခံစားတတ်ကြပါလိမ့်မယ် ။ ပေါ့ပေါ့ပါးပါးတွေးလို့မရတဲ့ ကိစ္စတွေလောကမှာအများကြီးပဲ..

ရိုက်တဲ့လူတွေဘက် က မြို့ က ဒီလောက်ထိလွယ်ရှလွယ်ခံစားကြမယ်မတွက်လောက်ကြဘူး..နစ်နာလိုစိတ်နဲ့ ရိုက်တာမဟုတ်ဘူးဆိုတာယုံကြည်ပါတယ် ဒါပေမဲ့ဗျာ နောင်ကျရင် အမြဲထည့်စဉ်းစားဖို့ တခုပဲတောင်းဆိုချင်ပါတယ်..

သင့်ကြောင့် သင်မသိသော ကျွနုပ်တို့ မထိခိုက်ပါစေနှင့်.... လို့..

ကျွန်တော်ခင်ဗျားတို့ကျွန် ရိုက်သွားတဲ့မြို့ကတက်လာတဲ့ ဒီမိုကျွန်တယောက်ပါ...ု
Kyaw Swa Min
https://www.facebook.com/ksmbgn/posts/1941150159449427

စကားများရန်ဖြစ်ရာက မရီးတော်စပ်သူက ဓားဦးချွန်နှင့် ထိုးသတ်မှုဖြစ်ပွား


နေပြည်တော်၊ မေ ၃၀

 စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် (၇)ရပ်ကွက်တွင် ၂၀၁၇ ခုနှစ်၊ မေလ ၂၉ ရက်နေ့ ည ၇ နာရီအချိန်ခန့် က စကားများရန်ဖြစ်ရာက လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရပါသည်။ အသက် ၂၃ နှစ်အရွယ် မရီးတော်စပ်သူက ညီမယောက်ျားကို ဓားဦးချွန်နှင့် ထိုးသတ်လိုက်ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ရွှေဘိုမြို့၊ အမှတ် (၇)ရပ်ကွက်နေ ဦးကျော်စိုး(၄၀)နှစ်သည် နေအိမ်၌ရှိနေစဉ် သားဖြစ်သူ ဇင်ဝေထွန်း(၁၈)နှစ်သည် ၎င်း၏ဇနီး မဝိုင်းအိကျော် ၏ အစ်မဖြစ်သည့် မရီးတော်စပ်သူ မသီရိကျော်(၂၃)နှစ်နှင့် စကားများ ရန်ဖြစ်ရာက နေအိမ်ရှေ့လမ်းမပေါ်တွင် ဒဏ်ရာများရရှိကာ လဲကျနေကြောင်းသတင်းအရ သွားရောက်ကြည့်ရှု မေးမြန်းရာ ဇင်ဝေထွန်း၏ ဇနီးဖြစ်သူ မဝိုင်းအိကျော်မှ မသီရိကျော်၏ နေအိမ်သို့ သွားရောက်လည်ပတ်နေသည်ကို လိုက်ခေါ်သည့်ကိစ္စနှင့်ပတ်သက်၍ စကားများရန် ဖြစ်စဉ် မသီရိကျော်က ဇင်ဝေထွန်းအား အရိုးအသွား(၈)လက်မခန့်ရှိ စတီးဓားဦးချွန် ဖြင့်ထိုးရာ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓားထိုးခံရတဲ့ ဇင်ဝေထွန်းကို ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားသောကြောင့် အရေးယူပေးရန်တိုင်တန်းချက် အရ မသီရိကျော်အား ရွှေဘိုမြို့မရဲစခန်း(ပ)၃၂၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

အစိုးရကတိတွေကို သေချာစိစစ် သင့်တယ်လို့ဆို


တန့်ဆည်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း ကို မေလ ၃ဝ ရက်နေ့က ပြည်သူ့လွှတ်တော်မှာတွေ့ရစဉ်။ Photo: RFA
သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေအနေနဲ့ လွှတ်တော်မှာ ကတိပေးသွားပြီး အကောင်အထည်ဖော်ရမယ့် လုပ်ငန်းတွေမှာ အကြောင်းပြချက်မခိုင်လုံဘဲ ဆောင်ရွက်ဆဲလို့ ဖော်ပြထားတာကြောင့် လွှတ်တော် ကတိ ကဝတ်ကော်မတီအနေနဲ့ သေချာစိစစ်သင့်ကြောင်း တန့်ဆည်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း က ပြောပါတယ်။

ပြည်သူ့လွှတ်တော်အစိုးရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ ဆွေးနွေးရာမှာ ဦးမြင့်ထွန်း က အဲဒီလိုပြောတာပါ။

ဒါ့အပြင် အခုကျင်းပနေတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးအထိ ကတိကဝတ်ဖြစ်ခဲ့ တဲ့ မေးခွန်းလေးရာကျော်မှာ ကိုးဆယ်နီးပါးလောက်ပဲ အကောင်အတည်ဖော်နိုင်ခဲ့ကြောင်းနဲ့ အစိုးရအဖွဲ့အစည်း အသီးသီးက တာဝန်ယူဖြေရှင်းနိုင်တဲ့ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးတွေကို ကော်မတီထံ ဖိတ်ကြား ပြီး ဆွေးနွေးသင့်ကြောင်းလည်း အကြံပြုဆွေးနွေးသွားပါတယ်။

မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း လွှတ်တော်မှာ မေးခွန်းတွေကို လာရောက်ဖြေဆိုရာမှာ တိုက်ရိုက်မသက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေက ဖြေနေလို့ ကတိမဖြစ်တာကြောင့် သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေသာ လာရောက်ဖြေဆိုသင့်တယ်လို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော် အစိုးရဲ့အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များစိစစ်ရေးကော်မတီဟာ လွှတ်တော်မှာ ဝန်ကြီးဌာနတွေက လာရောက်ဖြေဆိုပြီး ကတိဖြစ်သွားတဲ့ မေးခွန်းနဲ့အဆိုတွေကို အကောင်အထည်ဖော် လုပ်ဆောင်ခြင်းရှိ မရှိ စိစစ်ရတာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်အစိုးရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မြေပုံမဲဆန္ဒနယ်က ဦးဖေသန်းနဲ့ တန့်ဆည်မဲဆန္ဒနယ်က ဦးမြင့်ထွန်း တို့က ဆွေးနွေးပြီး ကန့်ကွက်တဲ့သူမရှိတဲ့အတွက် အတည်ပြုလိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရခိုင်အရေး ကုလစုံစမ်းရေးအဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ပြုမည်မဟုတ်


မောင်တောက မီးလောင်ခံထားရတဲ့ဈေးတခု၊ ၂၇ အောက်တိုဘာ၊ ၂၀၁၆။
ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် အချက်အလက် ရှာဖွေရေးအဖွဲ့ကို နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တချို့နဲ့ ကုလသမဂ္ဂက ဖွဲ့စည်းလိုက်ပါပြီ။ ဒီအပေါ် မြန်မာအစိုးရဘက်က သဘောထား၊ လူ့အခွင့်အရေးအဖွဲ့တချို့ရဲ့ အမြင်တွေကို မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့အတွက် အချက်အလက်ရှာဖွေရေးအဖွဲ့ စေလွှတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြီးခဲ့တဲ့မတ်လ ၂၄ ရက်နေ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ နိုင်ငံတကာ ကျွမ်းကျင်သူပုဂ္ဂိုလ် ၃ ယောက်ပါဝင်တဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သဘောမတူတဲ့အတွက် ပူးပေါင်း ဆောင်ရွက်မှာ မဟုတ်တဲ့အကြောင်းကို အဲဒီအချိန်ကတည်းက အတိအလင်း ပြောဆိုခဲ့ပြီးဖြစ်သလို၊ အခုလည်း ဒီအတိုင်းပဲ ဆက်လက် ရပ်တည်မှာ ဖြစ်တယ်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

“ဒါနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတော်အစိုးရရဲ့ ရပ်တည်ချက်သဘောထားကိုး ၂၀၁၇ မတ်လ ၂၄ ရက်နေ့မှာ ကျနော်တို့ သတင်းထုတ်ပြန်ချက်ထုတ်ပြန်ထားပြီးဖြစ်တယ်။ အခု လူ့အခွင့်အရေးကောင်စီက Fact-Finding Mission သူ့ Resolutionအရ သူတို့ဆက်လုပ်တယ်ပေါ့နော်။ လုပ်ပေမယ့်လို့လည်း ကျနော်တို့က ကျနော်တို့နိုင်ငံရပ်တည်ချက်အရ မတ်လ ၂၄ ရက်နေ့မှာထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်မှာ သူတို့က Resolutionအရလုပ်သလို ကျနော်တို့က ကျနော်တို့နိုင်ငံရပ်တည်ချက်အရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်။”

နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကတော့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂဦးဆောင်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်တာဟာ မြန်မာအစိုးရအတွက် တိုင်းပြည်အတွက် အကျိုးရှိစေမယ့်နည်းလမ်း ဖြစ်တယ်လို့ ထောက်ပြ တိုက်တွန်း နေကြပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights အဖွဲ့က အမှုဆောင်အရာရှိချုပ် Matthew Smith က အခုလို မှတ်ချက်ပေးပါတယ်။

“ဒါဟာ သိပ်ကို အရေးကြီးတဲ့ တာဝန်ပေးမှု၊ လုပ်ငန်းတရပ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တခုတည်းမှာတင် မဟုတ်ပါဘူး။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ခဲ့တဲ့ ရာဇ၀တ်ပြစ်မှုတွေဟာ သိပ်ကို ဆိုးရွားပါတယ်။ အပြစ်ကျူးလွန်သူတွေဟာလည်း အပြစ်ကလည်း ကင်းလွတ်ခွင့်ရနေပါတယ်။ ဒါကြောင့် အခု နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ အနေနဲ့ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အနီးကပ် လေ့လာပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ တိုက်ခိုက်ခံရတဲ့ လူမှုအသိုင်းအ၀ိုင်းတွေ အတွက်တင်မဟုတ်ပါဘူး။ တိုင်းပြည်တခုလုံးအတွက် အလွန်ကို အရေးပါတဲ့ကိစ္စ ဖြစ်ပါတယ်။”

အခုဖွဲ့စည်းလိုက်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ အနေနဲ့ နိုင်ငံထဲ ၀င်ရောက်ခွင့် တောင်းခံတဲ့အခါ မြန်မာအစိုးရဘက်က လိုက်လျော ခွင့်ပြုပြီး ပူးပေါင်းဆောင်ရွက်လာဖို့ မျှော်လင့်တဲ့အကြောင်းလည်း Matthew Smith က ပြောပါတယ်။ တကယ်လို့ မြန်မာအစိုးရဘက်က ဆက်ပြီး ငြင်းဆန်နေမယ်ဆိုရင်လည်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ကတော့ တခြား ဖြစ်နိုင်ချေ လမ်းကြောင်းတွေကနေဆင့် စုံစမ်းစစ်ဆေးမှုတွေ ဆက်ပြီးတော့ လုပ်သွားနိုင်တယ်လို့Matthew Smith က ထောက်ပြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင် အပါအ၀င် အစိုးရက ဖွဲ့စည်းထားတဲ့ ကော်မရှင်တွေကတော့ ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခဖြစ်ပွားနေတဲ့ လူမှုအသိုင်းအ၀ိုင်းတွေ သာမက ဒေသခံအစိုးရ တာဝန်ရှိသူတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး အစိုးရကို အပြီးသတ်အစီရင်ခံစာ တင်ပြနိုင်ဖို့ ကြိုးပမ်းနေတာပါ။ ရခိုင်အကြံပေး ကော်မရှင်အနေနဲ့ ကြားဖြတ် အစီရင်ခံစာ ထုတ်ပြန်ချိန်တုန်းကတော့ - ဘယ်သူဘယ်ဝါတွေ ပါဝင်ပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ ထည့်သွင်း ပြောမထားပေမဲ့ လွတ်လပ် တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှု လိုအပ်တယ်ဆိုတာကို ထောက်ပြ အကြံပြုထားတဲ့အကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။

“ကျနော်တို့ကတော့ ကော်မရှင်ရဲ့ သဘောထားပဲပြောချင်တာပေါ့နော် ၊ ကော်မရှင်ကြားဖြတ် အစီရင်ခံစာမှာ ကျနော်တို့က ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ လွတ်လပ်တဲ့၊ တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှုတခု လိုအပ်တယ်။ အဲဒီက အဖြေကို ကျနော်တို့ တရားဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့လုပ်သင့်ပါတယ်ဆိုတဲ့ အကြံပေးထားပါတယ်။ အဲဒီတော့ တရားမျှတတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုကို ဘယ်လိုလုပ်ရမယ် ၊ ဘယ်မှာလုပ်ရမယ်။ ပြည်တွင်းပြည်ပ ကျနော်တို့ ဘာမှမပြောထားပါဘူး။ အဲဒီတော့ အဲဒီအတိုင်းလေးပဲ ကျနော်မှတ်ချက်ပေးချင်ပါတယ်။”

ပြီးခဲ့တဲ့နှစ်ထဲ ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်တပ်စခန်းတချို့ တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း လုံခြုံရေးအဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေ အတွင်း ရိုဟင်ဂျာ မူစလင်တွေ အများအပြား သတ်ဖြတ်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် သုံးဦးရဲ့ အမည်ကိုတော့ ကုလသမဂ္ဂ ဒီကနေ့ပဲ ကြေညာလိုက်တာပါ။ အိန္ဒိယနိုင်ငံက တရားရုံးချုပ်ရှေ့နေ Indira Jaising က ဒီအဖွဲ့ကို ဦးဆောင်မှာ ဖြစ်ပြီး သီရိလင်္ကာနိုင်ငံက လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဟောင်း Radhika Coomaraswamy သြစတြေးလျနိုင်ငံက နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် Christopher Dominic Sidoti တို့လည်း အဖွဲ့ဝင်တွေအဖြစ် တာဝန်ယူမှာ ဖြစ်တဲ့အကြောင်းကို ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ဥက္ကဋ္ဌက ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ မတ်လတုန်းက လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်နဲ့အညီ ဆောင်ရွက်တဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပြီး မြန်မာအစိုးရအနေနဲ့လည်း ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့နဲ့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်ဖို့ ထပ်မံ တိုက်တွန်းထားပါတယ်။

 မခင်ဖြူထွေး  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အမုန်းစကားမပြန့်ပွားရေး IT ကျွမ်းကျင်နားလည်သူများအဖွဲ့ ဖွဲ့စည်းရေး ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း


မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက နိုင်ငံတွင်း လူတော်တော်များများ လူသုံးများလာတဲ့ Facebook လူမှုကွန်ယက်ပေါ်မှာ ကုလားဆိုတဲ့ အသုံးအနှုန်းပါဝင်တဲ့ Post တွေ ဖယ်ရှားခံခဲ့ရသလို အဲဒီ Post တွေတင်ခဲ့တဲ့ Account တချို့ အပိတ်ခံခဲ့ရပါတယ်။ ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ယက်တွေပေါ်မှာ အမုန်းစကား ဖြန့်ဝေနေတာတွေကို တားဆီးဖို့ နိုင်ငံတကာအစိုးရတွေရဲ့ ဖိအားတွေရှိနေချိန်မှာ ကမ္ဘာတဝန်း ဘာသာစကား ၇၀ ကျော်နဲ့ သုံးစွဲသူ သန်း ၂ ထောင်နီးပါးရှိနေတဲ့ Facebook က မြန်မာနိုင်ငံမှာ ကုလားဆိုတဲ့ အသုံးအနှုန်းကိုပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာဘာသာမှာ ကုလားပဲ၊ ကုလားထိုင်စတဲ့ ကုလားကိုအခြေခံတဲ့ အသုံးအနှုန်းတွေ အများအပြား ရှိနေတာကြောင့် ကုလား ဆိုတဲ့ စာလုံးပါသမျှ ပိတ်ပင်ခဲ့တဲ့အပေါ် Facebook သုံးသူတော်တော်များများက ဝေဖန်ခဲ့ကြပါတယ်။မြန်မာနိုင်ငံထဲက လူမှုအသိုင်းအဝိုင်းတွေ၊ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူတွေနဲ့ NGO အဖွဲ့တွေရဲ့အကြံပြုချက်တွေအတိုင်း လိုက်နာပြီး ခုလို တားဆီးပိတ်ပင်မှုလုပ်ခဲ့တာလို့ ပြောတယ်ဆိုတာကို Facebookက ပြောကြောင်း Online media ကုမ္ပဏီတခုဖြစ်တဲ့ Mashable ရဲ့သတင်းထဲမှာ ဖော်ပြထားပါတယ်။

ဒီအပေါ်မှာ မြန်မာနိုင်ငံတွင်း အင်တာနက်အွန်လိုင်းစာမျက်နှာ လူမှုကွန်ယက်တွေပေါ်မှာ အမုန်းစကားမပြန့်ပွားရေး ဦးဆောင် လှုပ်ရှားခဲ့သူလည်းဖြစ် လက်ရှိရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ကိုနေဘုန်းလတ်ကို အခုလို ကုလားဆိုတဲ့အသုံးအနှုန်း FB က ပိတ်ပင်ခဲ့တဲ့အပေါ် သူ့အမြင်မေးကြည့်တဲ့အခါ သူက အခုလိုစဖြေပါတယ်။

“ကိုနေဘုန်းလတ်။ ။ စကားလုံးတွေအပေါ်မှာတော့ မြန်မာစကားလုံးက အရမ်းကျယ်ပြန့်တယ်လေ။ ဒီကုလားဆိုတဲ့စကားလုံးကို ဒီစကားလုံးတလုံးထဲမှာကိုပဲ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ပြောတာရှိတယ်၊ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ သုံးနေတာရှိတယ်။ ကုလားထိုင် တို့၊ ကုလားဟင်းတို့ အဲလိုဟာတွေလည်းရှိတယ်။ ဆိုတော့ ဒီ Wording စကားလုံးတလုံးအပေါ်မှာအခြေခံပြီးတော့ အကောင့်တွေကို ပိတ်တယ်လို့၊ ban တယ်ဆိုတာကြီးက ဘယ်လိုမှ အဆင်မပြေနိုင်ဘူး မြန်မာနိုင်ငံမှာကလေ။ စကားလုံးအပေါ်မှာမူတည်ပြီးတော့ ဖျက်တာတွေကို အားမပေးခဲ့ဘူး ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေက မထိရောက်ဘူး။ အခုဆိုရင်လည်း ဒီဟာတွေဆိုရင်လည်း ကုလားဆိုပြီးတော့လုပ်တဲ့ဟာတွေက အမှန်အတိုင်းပြောရင် ဘာမှထိရောက်မှုမရှိဘူးလေ။

မဆုမွန်။ ။ အဓိက မြန်မာပြည်မှာဒီလိုမျိုး အမုန်းပွားစေမယ့် စကားလုံးတွေလုပ်တဲ့အပေါ်မှာ Facebook ကနေပြီးတော့ တချို့ဟာတွေ report လုပ်ခိုင်းတာတွေရှိတယ်။ နောက်ပြီး ban ခိုင်းတာတွေရှိတယ်ပေါ့နော်။ ဆိုတော့ Facebook အပေါ်မှာ အခြေခံပြီးတော့မှ ဒီလိုပြဿနာ တချို့ဟာတွေက ပိုပြီးပြန့်တာမြန်သွားတော့ ထိန်းချုပ်ဖို့ လိုတယ်လို့ထင်သလား။ ဘယ်လိုပုံစံမျိုးနဲ့လုပ်မယ်ဆိုရင် အကောင်းဆုံးဖြစ်မယ်လို့ထင်သလဲ။

ကိုနေဘုန်းလတ်။ ။ဖြစ်စေချင်တာက ဒီလိုမျိုး စကားလုံးတွေနဲ့ လုပ်မယ့်အစား တချို့အရမ်းကို ဆိုးဆိုးဝါးဝါးဖြစ်နေတာမျိုးကို ဖျက်ချ Reporting system ကို ပိုကောင်းအောင်လုပ်စေချင်တယ်။ နောက်ပြီးတော့ လိုအပ်ရင် Myanmar Team ဆိုတဲ့ ပုံစံမျိုးကို ဖွဲ့စေချင်တယ်။ တယောက်တည်း ဆင်ခြင်တုံတရားနဲ့ မဟုတ်ပဲနဲ့။ တကယ့်နည်းပညာကျွမ်းကျင်သူတွေ မြန်မာ့နိုင်ငံရေးကို နားလည်တဲ့သူတွေ ပါဝင်တဲ့ အစုအဖွဲ့မျိုးဖွဲ့ပြီးတော့ အဲဒီအစုအဖွဲ့ကနေပြီးတော့ ဒီအပေါ်မှာ Report တွေအပေါ်မှာ လေ့လာပြီးတော့ ဖြုတ်သင့်မဖြုတ်သင့်ဆိုတာကို သုံးသပ်တာမျိုးပေါ့နော်။ အခုက ကုလားဆိုတဲ့စာကားလုံးမျိုးကို လုပ်တာဆိုရင်လည်းမထိရောက်ဘူး။ နောက်ပြီးတော့ Report လုပ်တဲ့ဟာတွေကလည်း သိပ်မထိရောက်ဘူး။

မဆုမွန်။ ။အရင်တုန်းကရော လူမှုအဖွဲ့အစည်းတွေ MIDO (Myanmar ICT for Development Organization) တို့လိုမျိုး Facebook တာဝန်ရှိတဲ့လူတွေနဲ့ ပူးပေါင်းပြီးတော့ဆွေးနွေးတာမျိုး ဒီအမုန်းပွားစေတဲ့ဟာမျိုးတွေ တားဆီးနိုင်ဖို့အတွက်ကို ၀ိုင်းပြီးတော့ ဆောင်ရွက်ကြမယ်ဆိုပြီးဆွေးနွေးတာမျိုးရော ရှိပါသလား အလွတ်သဘောမျိုးပေါ့နော်။

ကိုနေဘုန်းလတ်။ ။ရှိတယ် အဲဒါတွေကတော့ Civil society နဲ့တွေ့ပြီးတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကို Facebook တာဝန်ရှိတဲ့လူတွေလာပြီးတော့ အဲဒီလိုပွဲတွေလုပ်ပြီးတော့ ဆွေးနွေးတာမျိုး ရှိတယ်။ ဘန်းစကားနဲ့ ဆိုရင်လည်း အဲဒီလိုချိတ်ပြီးတော့ လုပ်ဖြစ်တာတွေရှိတယ်။ နောက်ပြီးတော့ Community တွေကို စာအုပ်တွေထုတ်တာတွေရှိတယ်။

မဆုမွန်။ ။ကိုနေဘုန်းလတ်အနေနဲ့ပေါ့နော် မြန်မာပြည်မှာ အခုဆိုရင် Social Media ကိုအသုံးပြုသူလည်းများလာတယ်၊ နောက် Social Media ကိုအသုံးပြုပြီးတော့မှ ဒီလိုလူမျိုး ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားဖို့အတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေမယ့်အနေအထားမျိုးနဲ့ Social Media ကိုအသုံးပြုလာတဲ့ အနေအထားလည်း ရှိတော့Facebookအနေနဲ့ ဘယ်လိုမျိုးပုံစံမျိုးနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တာဝန်ရှိတဲ့သူတွေနဲ့ရော ပူးပေါင်းပြီးတော့ ဆောင်ရွက်သင့်တယ်လို့ အကြံပြုချင်တာရှိပါသလဲရှင့်။

ကိုနေဘုန်းလတ်။ ။ Facebook အနေအထားကတော့ Community way လူထုနည်းနဲ့ ဖြစ်တာမျိုးတော့ လူထုလှုပ်ရှားမှုတွေလည်း Facebookက ဒီထက်ပိုပြီးတော့ လုပ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တခါတုန်းက ဘန်းစကားနဲ့ Facebook sticker လေးတွေလုပ်တဲ့ဟာမျိုးအပြင်ကို အခြားလူထုကို အသိပညာပေး တဲ့လှုပ်ရှားမှုကိုလည်း လုပ်သင့်တယ်ပေါ့နော် ဒါကတော့ တပိုင်းပေါ့နော်။ Campaign တွေလုပ်တော့ အဲဒီလုပ်တဲ့အထဲမှာ Facebook အနေနဲ့ ဒီထက်ပိုပြီးပါဝင်သင့်တယ်ပေါ့နော်။ နောက်တခုကတော့ Facebook မှာရှိပြီးသား Community standard တွေရှိပြီးသား ၊ နောက်ပြီးတော့ Report လုပ်လို့ရတဲ့ဟာမျိုးတွေရှိပြီးသား အဲဒါတွေကို Effective ဖြစ်အောင်ဘယ်လိုစဉ်းစားမလဲပေါ့နော်။ Community standard တွေကို လူတွေများများသိအောင် နောက်တခါ Reporting System ကို ဒီထက်ပိုပြီးချောမွေ့အောင်ပေါ့နော်။ အဲဒီဟာကို ပညာရှင်တွေနဲ့ တိုင်ပင်ပြီး လုပ်သင့်တယ်။ နောက်ပြီးတော့ နောက်တခုလုပ်လို့ရတာက မြန်မာ Team ဆိုတာမျိုးဖွဲ့တာအပြင်ကို တကယ့် ယုံကြည်စိတ်ချရမယ့်သူတွေကို appoint သဘောမျိုးသတ်မှတ်ထားပြီးတော့ လှမ်းပြီးတော့ ပို့တဲ့ဟာမျိုးဆိုရင် အဲဒီ Report ကိုသေချာစစ်တာမျိုးပေါ့နော် အဲဒါမျိုးလုပ်နိုင်ရင်လည်းမဆိုးဘူး။

မဆုမွန်။ ။ဟုတ်ကဲ့ ကိုနေဘုန်းလတ် ဖြေပေးတာကျေးဇူးအများကြီးတင်ပါတယ်။

ကိုနေဘုန်းလတ်။ ။ဟုတ်ကဲ့ပါခင်ဗျ။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ကိုနေဘုန်းလတ်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com