လမ်းဘေးမှာရပ်နေတဲ့ မိသားစုဝင်လေးဦးကို ကားဝင်တိုက်လို့ ကလေးငယ်တစ်ဦးသေဆုံး


ကနီမြို့နယ် ကနီ-မင်းကင်းကားလမ်းဘေးတွင် ရပ်နေသည့် မိသားစုဝင်လေးဦးအား ကားနှင့်ဝင်တိုက်မိသဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ကားသမားက အရက်မူးနေချိန်မောင်းလာရင်းတိုက်မိတာ ဖြစ်ကြောင်း ကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းအောင်က ပြောသည်။
ဧပြီလ ၁၈ရက် ည၇နာရီအချိန်ခန့်ကဖြစ်ပွားခဲ့ကာ ၅နှစ်အရွယ်အမျိုးသမီး ကလေးငယ်သေဆုံးခဲ့ပြီး အသက်၃၀အရွယ် ဖခင်ဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဆေးဝါးကုသမှုခံယူရန်ပို့ဆောင်လျက်ရှိကြောင်း ဦးဇော်ဝင်းအောင်က ပြောသည်။

' အရက်မူးနေတဲ့ကားသမားက ကားနဲ့ဝင်တိုက်တာပါ။ မိသားစုမှာ အမျိုးသားက ၃၀ ဝန်းကျင် အမျိုးသမီးက ၂၇နှစ်နဲ့ ၅နှစ်အရွယ်သမီးတစ်ဦး ၅လအရွယ်ရင်ခွင်ပိုက်သမီး တစ်ဦးကိုဝင်တိုက်တာပါ။ ၅နှစ်သမီးလေးကတော့ဆုံးသွားပြီ။ အသက်၃၀အရွယ်အမျိုးသားက ဒဏ်ရာပြင်းထန်လို့ မန္တလေးဆေးရုံပို့နေတယ်။ကျန်တဲ့အမျိုးသမီးနဲ့ကလေးကတော့ ဘာမှမဖြစ်ပါဘူး။ ကားကတော့ လမ်းဘေးမြောင်းထဲကျနေတယ်။ ကားသမားလည်း နဖူးပေါက်ပြဲဒဏ်ရာအနည်းငယ်ရရှိထားတယ်။ ရဲစခန်းမှာ ဖမ်းပြီးစစ်ဆေးနေတယ်' ဟု ဦးဇော်ဝင်းအောင်ကပြောသည်။
ယာဉ်မောင်းအမျိုးသားကို ယာဉ်မဆင်မခြင်မောင်းနှင်မှု အရက်သောက်စားယာဉ်မောင်းနှင်မှု ယာဉ်မောင်းလိုင်စင်မရှိဘဲ ယာဉ်မောင်းနှင်မှုတို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းထောက်-မျိုးမင်းဦး
7Day News Journal
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)