ဆန္ဒပြတာအစိုးရအလုပ်မဟုတ်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်းမဟာသီယာပြောကြား


ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၅

မြန်မာနိုင်ငံမှ ဘင်္ဂါလီ အရေးကိစ္စနှင့် ပတ်သက်၍ လက်ရှိမလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ် အနေနှင့် လူထုဆန္ဒပြပွဲကြီးကို ဦးဆောင်ပြုလုပ်နေမည့်အစား သံတမန်ရေးရာ နည်းလမ်းဖြင့် ချဉ်းကပ်လုပ်ဆောင်သင့်သည်ဟု တစ်ချိန်က အာဆီယံတွင် သြဇာကြီးမားသည့် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ဖူးသူ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က ထောက်ပြဝေဖန်လိုက်ကြောင်း Free Malaysia Today (FMT) သတင်းစာက ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံရှိ ဘင်္ဂါလီလူမျိုး ပြဿနာများ ပြေလည်စေရန် သံတမန် နည်းလမ်းများ ကျင့်သုံးကာ ဖြေရှင်းပေးနိုင်သည့် လုပ်ပိုင်ခွင့်အာဏာ ဝန်ကြီးချုပ် နာဂျစ်ရာဇတ်ထံတွင် ရှိနေပါလျက် အဘယ့်ကြောင့် ဆန္ဒပြမှုများကို ဦးဆောင်ခဲ့ရသနည်း ဟူသော အချက်ကို မဟာသီယာမိုဟာမက်က မေးခွန်းထုတ်လိုက်သည်။

“ကျွန်တော် ဝန်ကြီးချုပ် ဖြစ်ခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ဖမ်းဆီးချုပ်နှောင် ခံနေခဲ့ရတာ။ အဲဒီတုန်းက ကျွန်တော် စာတစ်စောင် ရေးလိုက်တယ်၊ ပြီးတော့ တစ်စုံတစ်ယောက်ကို သူမနဲ့တွေ့ဖို့ လွှတ်လိုက်တယ်။ မြန်မာနိုင်ငံက သံတမန်တစ်ယောက်နဲ့ ကျွန်တော် နှစ်ကိုယ်ခြား တွေ့ဆုံခဲ့တယ်။ ဒီမိုကရေစီဆိုတာ ဘယ်လိုအလုပ်ဖြစ်တယ် ဆိုတာကို ပြဖို့ သူ့ကို (ယင်းသံတမန်) ခေါ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအဆင့်မှာ ကျွန်တော်တို့ အနေနဲ့ ကန့်ကွက်ဆန္ဒပြတာတွေ လုပ်လို့မရလို့ပဲ” ဟု ဒီဇင်ဘာလ ၄ ရက်နေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မဟာသီယာမိုဟာမက်က ပြောကြားသည်။

ကန့်ကွက်ဆန္ဒပြမှုများ ဟူသည်မှာ အစိုးရကို ဆန့်ကျင်သူ အတိုက်အခံများ အတွက်သာ ဖြစ်ပြီး အစိုးရကိုယ်တိုင် လုပ်ဆောင်ရမည့်ကိစ္စ မဟုတ်ဟု မဟာသီယာမိုဟာမက်က ထောက်ပြပြောဆိုသည်။

“ကျွန်တော် အခုဆန္ဒပြမယ်ဆိုရင် ရတယ်၊ ဒါပေမဲ့ ဒါဟာ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်ဟာ အစိုးရထဲက ပုဂ္ဂိုလ်တစ်ယောက် မဟုတ်တော့လို့ပဲ” ဟု ဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ အာဏာရ UMNO ပါတီနှင့် အခြားအစ္စလာမ္မစ်ပါတီတို့ ဦးဆောင်နေသည့် မြန်မာနိုင်ငံအပေါ် ကန့်ကွက်ဆန္ဒပြမှုများတွင် PPBM ပါတီ (မဟာသီယာမိုဟာမက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ပါတီ) အနေနှင့် ဝင်ရောက် ပူးပေါင်းပါဝင်ရန် ဖိတ်ကြားခံရခြင်း ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းချက်ကို မဟာသီယာက အထက်ပါအတိုင်း တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ယင်းသတင်းစာရှင်းလင်းပွဲသို့ PKR ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဝမ်အဇီဇာဝမ်အစ္စမေးလ်လည်း တက်ရောက်ခဲ့သည်။

ယင်းပါတီနှစ်ခု၏ ခေါင်းဆောင်များက မြန်မာနိုင်ငံရှိ ဘင်္ဂါလီအရေးကိစ္စအပေါ် ဆန့်ကျင်ဆန္ဒပြမှု ၎င်းပူးပေါင်းရန် ဖိတ်ကြားချက် တစ်စုံတရာ မရရှိကြောင်း ပြောကြားသည်။
“ကျွန်မတို့ PKR ပါတီ အနေနဲ့ ဖိတ်ကြားခံရတာ လုံးဝမရှိခဲ့ပါဘူး။ အဲဒီဆန္ဒပြတဲ့ ကိစ္စကို ကျွန်မတို့ သိထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ ပွင့်ပွင့်လင်းလင်းပဲ အမေးခံရလို့ပါ” ဟု ဒေါက်တာ ဝမ်အဇီဇာဝမ်အစ္စမေးလ်က ပြောကြားသည်။

ထို့ပြင် ဝန်ကြီးချုပ်တစ်ဦး အနေနှင့် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ရန် မလိုအပ်ဟူသော မဟာသီယာမိုဟာမက်၏ အဆိုကို သဘောတူကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“သူဟာ အစိုးရ အကြီးအကဲတစ်ဦး ဖြစ်တဲ့အတွက် သူ့မှာ လုပ်ပိုင်ခွင့်ဆိုတဲ့ အာဏာ ရှိတယ်။ သူ့အနေနဲ့ ကြေညာချက် ထုတ်ပြန်ပြီး အစိုးရ အချင်းချင်း ပူးပေါင်းဖြေရှင်းတဲ့ နည်းလမ်းကို ချဉ်းကပ်သင့်တယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
The Voice

Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)