မင်းပြား မီးလောင်ဒဏ်ရာရ လူနာ၅ ဦးအား ရွှေပြည်တန် အမြန်ရေယာဉ်ဖြင့် စစ်တွေသို့ အခမဲ့ ပို့ဆောင်ပေး



မင်းပြား (Nov 25, 2016)
ယနေ့ နံနက်ပိုင်းက မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက် မီးလောင်မှုကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့် လူနာ ၅ ဦးအား မင်းပြားပြည်သူ့ဆေးရုံမှ စစ်တွေဆေးရုံကြီးသို့ ရွှေပြည်တန် အမြန်ရေယာဉ်ဖြင့် အခမဲ့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
" လူနာတွေကို စစ်တွေကို အချိန်မီ ပို့ပေးနိုင်ဖို့အတွက် ပထမ မလိခ အမြန်ရေယာဉ်နဲ့ ချိတ်ဆက်ခဲ့တယ်။ ညည့်သွားရမယ့်ခရီးဆိုတော့ မီးက သိပ်အဆင်မပြေတာနဲ့ စပီးဘုတ် ၂ စီးကို စစ်တွေက ခေါ်ယူခဲ့တယ်။ စပီးဘုတ်တွေ မင်းပြားကိုတော့ ရောက်လာတယ်။ ဒါပေမယ့် လူနာတင်ဖို့ သိပ်အဆင်မပြေဘူး။ စပီးဘုတ်တွေမှာ ထိုက်ခုံတွေပါနေတာကြောင့် လူနာတွေကို ပက်လက်အနေအထားနဲ့ သယ်ရမှာဆို​တော့ အဆင်မပြေဘူး ဖြစ်သွားလို့။ ကံကောင်းချင်တော့ ရွှေပြည်တန် အမြန်ရေယာဉ် စစ်တွေကနေ မင်းပြားကို ဆိုက်ကပ်လာတော့ မင်းပြား ရွှေပြည်တန် ကိုယ်စားလှယ် ဦးစံလှမောင်ကို ကျွန်တော် အကူအညီ သွားတောင်းတယ်။ ဒီကိစ္စအတွက် ရွှေပြည်တန်က အခမဲ့ ကူညီပို့ဆောင်ပေးမယ်ဆိုလို့ အဆင်ပြေသွားပါတယ်။" ဟု ဦးခင်ဇော်ဝင်း က ဆိုသည်။
အဆိုပါ လူနာ ၅ ဦးကို ရွှေပြည်တန် အမြန်ရေယာဉ်ဖြင့် ယနေ့ ညနေ ၆ နာရီအချိန်ခန့်က မင်းပြားမှ စစ်တွေသို့ ယူဆောင်သွားပြီ ဖြစ်သည်။
လူနာများနှင့်အတူ မိသားစုဝင်များ၊ မင်းပြား ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် မင်းပြား လူမှုအဖွဲ့အစည်းများဖြစ်သည့် ကျိန်းရိပ်ကရုဏာ လူမှုကူညီရေးအဖွဲ့မှ ဦးသန်းထွန်းနှင့်​ ဦးသိန်းထွန်း၊ ဇ-ဖောင်ဒေးရှင်းမှ ကိုမြတ်စိုးကျော်နှင့် ကိုကောင်းမြတ်ကျော်တို့ လိုက်ပါသွားခဲ့ကြောင်း ကိုမြတ်စိုးကျော် က ပြောသည်။
မင်းပြား ဦးစိုးတင့်ရပ်ကွက် မီးလောင်မှုကြောင့် ဦးအောင်သန်း (၂၅နှစ်) ဦးစိုးတင့်ရပ်ကွက် ၊ ဦးထွန်းအောင်ကျော် (၅၅နှစ်) ဥက္ကာပျံရပ်ကွက်၊ ဦးအောင်မျိုးသန့် (၂၇နှစ်) အလယ်ပိုင်းရပ်ကွက် ၊ ဒေါ်လှမြသန်း (၃၅နှစ်) ပန်ဇင်းမော်ကျေးရွာနှင့် ဒေါ်စိုးစိုး (၃၅နှစ်) ကေသလာချောင်းဝ တို့တွင် မီးလောင် ပြင်းထန်ဒဏ်ရာ အသီးသီး ရှိခဲ့ကြသည်။
အဆိုပါ လူနာများအား ကူညီရန်အတွက် မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးမှ ငွေကျပ် ၂ သိန်း၊ ကျိန်းရိပ်ကရုဏာ လူမှုကူညီရေးအသင်းမှ ငွေကျပ် ၂ သိန်း၊ ဇ - ဖောင်ဒေးရှင်းမှ ငွေကျပ် ၂ သိန်း၊ မင်းပြားလူငယ်များအဖွဲ့အစည်း (MBYA) မှ ငွေကျပ် ၂ သိန်း၊ မာရမာကြီးလူငယ်အဖွဲ့မှ ငွေကျပ် ၃ သိန်း၊ ဥာတကာနိစ္စ ဖောင်ဒေးရှင်းမှ ငွေကျပ် ၂ သိန်း ၅ သောင်း၊ ဓမ္မပီယ ဖောင်ဒေးရှင်းမှ ငွေကျပ် ၅ သောင်း၊ စည်းထိန်းသံဃာတော်များအဖွဲ့မှ ငွေကျပ် ၅ သောင်းနှင့် ကိုအောင်ကြည်လင်း (မေတ္တာမွန် - အိမ်ဆောက်ပစ္စည်းဆိုင်) မှ ငွေကျပ် ၂ သောင်း အသီးသီး အရေးပေါ်ထည့်ဝင်ကာ လူနာများအား ကူညီနိုင်ရန် ဆောက်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
မင်းပြား - သတင်း
25 . 11 . 2016
Photo: Myat Soe Kya
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)