အောင်လံမြို့မှ အရက်ချက်စက်ရုံပိတ်သိမ်းရန်ကိစ္စ


အောင်လံမြို့ရှိ UKTအ ရက်ချက်စက်ရုံ ပိတ်သိမ်းရန် တိုင်းဒေသကြီးအစိုးရ ဆုံးဖြတ်
-
ဇွန်လ ၃၀ ရက်
မကွေးတိုင်း ဒေသကြီး သရက်ခရိုင် အောင်လံမြို့ရှိ UKT အရက်ချက်စက်ရုံ လည်ပတ်ခြင်းအား ပိတ်သိမ်းရန် ဇွန် ၂၂ ရက်နေ့တွင် တိုင်းဒေသကြီး အစိုးရမှ ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
-
အဆိုပါစက်ရုံ ပိတ်သိမ်းရန် မှတ်ချက်ကို ဇွန် ၁၄ ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်မှ ပေးခဲ့ခြင်းဖြစ်ပြီး လုပ်ထုံးလုပ်နည်းအရ ကက်ဘိနက်အစည်း အဝေးပြုလုပ်ခဲ့ကာ အစည်းအဝေး အပိုဒ် ၅၂ အရ ပိတ်သိမ်းရန် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်ဟု အလုပ်သမား အလုပ်အကိုင်
နှင့် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဦးမြင့်ဇော်က ပြောကြားသည်။
-
“ဧပြီ ၃၀ ရက်မှ ကျွန်တော်တို့ သရက်ခရိုင် အောင်လံမြို့ကိုသွားခဲ့တယ်။ အဲဒီမှာ မြို့ခံတွေက ဒီစက်ရုံကြီး၊ ဒီရပ်ကွက်မှာ ရှိပါတယ်ခေါ်ပြတယ်။ အဲဒီစက်ရုံကြီးက ပတ်ဝန်းကျင်မှာ အနံ့တွေ ထွက်တယ်၊ မီးခိုးပြာတွေ
ထွက်တယ်၊ အိမ်ခေါင်မိုးတွေပေါ်မှာ ကျနေတယ်၊ အ၀တ်အစားတွေ လှန်းလို့ အဆင်မပြေဘူးဆိုပြီး ခေါ်ပြကြတယ်။ နောက်ပြီး ဧရာဝတီမြစ်အတွင်းက အောင်လံနဲ့သရက် ကူးနေတဲ့ မော်တော်တွေဆီကတောင် နံတယ်လို့
ပြောကြတယ်။ ကျွန်တော် ပတ်ဝန်းကျင်ကို လေ့ လာတော့ အဲဒီအတိုင်း တွေ့ရတယ်။ ဒါနဲ့ပဲ မေ ၁၀ ရက် ကက်ဘိနက် အစည်းအဝေးမှာ ကျွန်တော်က တင်ပြတယ်။ တင်ပြတော့ ဒီအတိုင်းလုပ်လို့ မရပါဘူး စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးပါလို့ ပြောတယ်။ ကျွန်တော်က စစ်ဆေးရေးအဖွဲ့ ဖွဲ့ခိုင်းလိုက်တယ်။
-
စစ်ဆေးတွေ့ရှိချက်ကို မေ ၂၇ ရက်နေ့မှာ တင်ပါလို့ စာထွက်လိုက်တယ်။ ဒါပေမဲ့ ၂၇ ရက်နေ့မှာ အစီအရင်ခံစာကို စစ်ဆေးရေး အဖွဲ့က မတင်ခင်မှာ UKT စက်ရုံပိုင်ရှင် ဦးကံထွန်းကိုယ်တိုင် အသနားခံစာ လာတင်တယ်။ လာတင်တဲ့ အသနားခံစာနဲ့ စစ်ဆေးတွေ့ရှိချက်က ကွဲလွဲမှုရှိနေတယ်။
-
ထူးခြားချက် အနေနဲ့က ဒါကို လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကလည်း စစ်ဆေးရေး ကော်မတီဖွဲ့ပြီး သွားစစ်ဆေးတယ်။ ပြည်သူတွေဘက်က အသံကိုနားထောင်တယ်။ ၁၄ ရက်နေ့မှာပဲ ၀န်ကြီးချုပ်နဲ့ ကျွန်တော်က ပြည်သူတွေရဲ့ ဆန္ဒကို အလေးထား ပြီးတော့ ပိတ်သိမ်းမယ်လို့ ဆွေးနွေး ခဲ့ပါတယ်”ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ဇော်က ဆက်လက် ပြောကြားသည်။
-
အဆိုပါစက်ရုံ စစ်ဆေးရေး အဖွဲ့ကို မေ ၁၁ ရက်နေ့တွင် သရက်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦး တိုင်းစက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန အဖွဲ့ဝင်တစ်ဦး၊ ဘွိုင်လာစစ်ဆေးရေးမှ အဖွဲ့ဝင်တစ်ဦး၊ သဘာဝပတ်ဝန်း
ကျင် ထိန်းသိမ်းရေးမှ အဖွဲ့ဝင်တစ်ဦး၊ အောင်လံစည်ပင် သာယာရေး ကော်မတီမှ အဖွဲ့ဝင်တစ်ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ပြီးစစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
-
အဆိုပါ အဖွဲ့မှ စစ်ဆေးတွေ့ရှိချက်တွင် စက်ရုံမှ စွန့်ပစ်ရည်များကို ဧရာဝတီမြစ်ထဲသို့ စွန့်ပစ်ခြင်း၊ ဘွိုင်လာများမှ မီးခိုးမည်းများ၊ ပြာမှုန့်များ ထွက်ရှိပြီး အနီးပတ်ဝန်းကျင်ရှိ အိမ်များပေါ်သို့ ကျရောက်ခြင်းတို့ ရှိနေသည်ဟု သိရပြီး ယင်းတို့အား စနစ်တကျ ပြုလုပ်စေ၍ တစ်နှစ် အချိန်ပေးသင့်ကြောင်း အစီအရင်ခံစာ တင်ပြခဲ့သည်ဟု သိရှိရသည်။
-
ယင်းစက်ရုံတွင် အမြဲတမ်းဝန်ထမ်း ၅၀ ဦးနှင့် နေ့စားဝန်ထမ်း ၈၀ ဦးတို့ ရှိနေသည်ကို နားလည်သော်လည်း ယင်းစက်ရုံကြောင့် နှစ်၂၀ကျော် ဒုက္ခခံစား နစ်နာလာခဲ့ရသည့် ပြည်သူအများကို ထည့်တွက်ရမည်ဖြစ်သည့်
အပြင် အရက်ကြောင့် လူငယ်များ သေဆုံးနေမှုများ ရှိနေခြင်းကြောင့် စက်ရုံလည်ပတ်ခြင်းအား ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။
-
စက်ရုံသည် စက်မှု ၁ တွင် မှတ်ပုံတင်ထားပြီး ကျန်းမာရေးဌာန၊ စည်ပင်
သာယာဌာနတို့မှ စစ်ဆေးခဲ့ဖူးပြီး သက်တမ်းတိုး ဆောင်ရွက်ထားခြင်းဖြစ်ကာ ၂၀၁၆ ခုနှစ် ၉ လပိုင်းတွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ကြောင်း သိရှိရသည်။
=======
tomorrow
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)